အပ္ပမာဒ

ဝီကီပီးဒီးယား မှ

အပ္ပမာဒ ဟူသည် သတိအဝိပ္ပဝါသ (သတိ-၏-နှင့်-မကင်းခြင်း)ပင် ဖြစ်၍ ယင်း၏အရကိုလည်း အမြဲကပ်၍ တည်သော သတိ, ဉာဏ်နှင့်ယှဉ်သော သတိကို ကောက်ရသည်။ [၁] အချို့သော အရာကို၌ကား ဝီရိယ[၂]ကို၎င်း, သတိသမ္ဗဇည နှင့် ယှဉ်သော နာမက္ခန္ဓာ ၄-ပါး ([၃]ကို၎င်း, သတိပြဓာန်းသော နာမက္ခန္ဓာ ၄-ပါး [၄]ကို၎င်း ကောက်သည်ကို တွေ့ရသည်။ ဤ အပ္ပမာဒတရားသည် သာသနာတော်၌ အလွန် အရေးကြီးသော တရားဖြစ်သည်။ ဘုရားရှင်သည် ရဟန်းတို့အား အပ္ပမာဒ တရားဖြင့် အလုံးစုံသော ကိစ္စတို့ကို ပြည့်စုံကြစေရန် “အပ္ပမာဒေန သမ္ပာဒေထ”ဟု နေ့စဉ် ဆုံးမတော်မူသည်။ [၅] အာယုသင်္ခါရ လွှတ်တော်မူပြီးနောက် ပရိနိဗ္ဗာန်စံတော်မူမည့် အကြောင်းကို ရဟန်းတို့အား မိန့်ကြားရာ၌လည်း ဘုရားရှင်သည် ဤစကားကို ထည့်သွင်း မိန့်ကြားတော်မူသည်။ [၆] ပရိနိဗ္ဗာန်စံတော်မူခါနီး၌လည်း နောက်ဆုံး မိန့်ခွန်းတော်အနေဖြင့် ဤစကားအပါအဝင် ဖြစ်သော “ဟန္ဒ ဒါနိ” စသည်ကိုပင် မိန့်ကြားတော်မူသည်။ [၇] အချို့ သာဝကတို့လည်း ပရိနိဗ္ဗာန်စံခါနီး၌ “အပ္ပမာဒေန သမ္ပာဒေထ” ဟူသော စကားကိုပင် မိန့်တော်မူကြသည်။ [၈] အပ္ပမာဒတရားသည် ကုသိုလ်တရားတို့တွင် အမြတ်ဆုံး ဖြစ်သည်။ [၉] ကျေးဇူးများသာ တခုသော တရားဖြစ်သည်။ [၁၀] များစွာသောအကျိုးအလို့ငှါ ဖြစ်သည်။ [၁၁] မေ့လျော့သူတို့အဖို့ ပမာဒကိုရှောင်လွှဲကြောင်းတရား ဖြစ်သည်။ [၁၂] မဖြစ်သေးသော ကုသိုလ်ဖြစ်ကြောင်း, ဖြစ်ပြီးအကုသိုလ် ဆုတ်ယုတ်ကြောင်း ဖြစ်သည်။ [၁၃] သဒ္ဓမ္မ ကြာမြင့်စွာတည်ကြောင်း ဖြစ်သည်။ [၁၄] ပစ္စုပ္ပန်, တမလွန် ၂-တန်သော အကျိုးတို့ကို လွှမ်းမိုးယူလျက် တည်သည်။ [၁၅] နိဗ္ဗာန်ခြင်း၏ အကြောင်းဖြစ်သည်။ [၁၆] မင်္ဂလာတပါးဖြစ်သည်။ [၁၇] ဘေးကင်းသည်။ [၁၈] ချမ်းသာကိုဆောင်နိုင်သည်။ [၁၉] အပ္ပမာဒကို ပညာရှိသည် အမြတ်ဆုံး ဥစ္စာကဲ့သို့ စောင့်ရှောက်သည်။ [၂၀] ဇရာမရဏကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်အလို့ငှါ ယင်းကို ပြုအပ်သည်။ [၂၁] မိမိအစီးအပွားကို လိုလားသူသည် ကာမဂုဏ်တို့၌ စိတ်ကို မလွှတ်ခြင်းဟူသော အပ္ပမာဒတရားကို ပြုသင့်သည်။ [၂၂] ကာယဒုစရိုက်ကိုပယ်၍ ကာယသုစရိုက်ကိုပွားခြင်း, ဝစီ..., မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွားခြင်း မိစ္ဆာဒိဋ္ဌိကိုပယ်၍ သမ္မာဒိဋ္ဌိကိုပွားခြင်း ဤ ၄-ဌာနတို့ဖြင့် အပ္ပမာဒကို ပြုအပ်သည်။ [၂၃] အပ္ပမာဒတရားကို အရိုအသေ ပြု၍, အလေးအမြတ်ပြု၍ အမှီပြု၍နေလျှင် အကုသိုလ်ကို ပယ်၍, ကုသိုလ်ကိုပွားစေနိုင်သည်။ [၂၄] တပ်မက်ဖွယ်အာရုံတို့၌ မတပ်မက်ရန် အမျက်ထွက်ဖွယ် အာရုံတို့၌ အမျက်မထွက်ရန် တွေဝေဖွယ် အာရုံတို့၌ မတွေဝေရန်, မာန်ယစ်ဖွယ် အာရုံတို့၌ မာန် မယစ်ရန် အပ္ပမာဒကိုပြုသင့်သည်။ [၂၅] ပမာဒကို ပယ်ခြင်းငှါ အပ္ပမာကို ပြုသင့်သည်။ [၂၆] ကောင်းမှုတို့၌ မမေ့မလျော့မှု အပ္ပမာဒတရားကို ပညာရှိတို့ ချီးမွမ်းသည်။ [၂၇] အပ္ပမာဒကို ပွားလျှင် ပစ္စုပ္ပန် တမလွန် ၂-တန်သော အကျိုးတို့ကို ရနိုင်သည်။ [၂၈] ရဟန္တာမှ တပါး ခပ်သိမ်းသော ပုဂ္ဂိုလ်တို့သည် အပ္ပမာဒဖြင့် ပြုဖွယ်ကိစ္စတို့ကို ပြုသင့်ကြသည်။ [၂၉] အပ္ပမာဒဖြင့် ဘဝဟူသော ရေအစုကို ကူးမြောက်နိုင်သည်။ [၃၀] မိမိ အကျိုး သူတပါးအကျိုး မိမိသူတပါး အကျိုးတို့ကို ကောင်းစွာ မြင်သိသူသည် အပ္ပမာဒဖြင့် ပြုဖွယ်ကိစ္စတို့ကိုပြုသင့်သည်။ [၃၁] အပ္ပမာဒတရား (စသည်)ဖြင့် ပညာရှိသည် မှီခိုရာကို ပြုရာသည်။ အပ္ပမာဒ (မမေ့လျော့ခြင်း)ကြောင့် မာဃလုလင်သည် နတ်တို့၏ အထွတ်အထိပ်သို့ ရောက်သည်။ ပညာရှိသည် အပ္ပမာဒဖြင့် ပမာဒကို ပယ်ဖျောက်သည်။ [၃၂] အပ္ပမာဒဖြင့်၎င်း, အာသဝက္ခယ ဉာဏ်ဖြင့်၎င်း, ပညာရှိသည် မိမိရင်၌ စူးဝင်နေသော ရာဂ စသောငြောင့် ၅-ပါးကို နုတ်ရာသည်။ [၃၃] အပ္ပမာဒ၌ လေးစားခြင်း မလေးစားခြင်းသည် လေးစားခြင်း ၆-ပါး, မလေးစားခြင်း ၆-ပါးတို့တွင် အပါအဝင်ဖြစ်သည်။ [၃၄] ယင်း၌ လေးစားခြင်း မလေးစားခြင်းသည် သဒ္ဓမ္မ ကြာမြင့်စွာ တည်ခြင်း မတည်ခြင်း၏ အကြောင်းတပါး ဖြစ်သည်။ [၃၅] အပ္ပမာဒ၌ တည်သောသူအား သဒ္ဓါစသော ဣန္ဒြေတို့ တိုးပွားသည်။ [၃၆] ကုသိုလ်တရားတို့၌ အပ္ပမာဒရှိသူ၏ တိုးပွားခြင်းကိုသာ အလိုရှိအပ်သည်။ [၃၇] အပ္ပမာဒ၌ မွေ့လျော်သော ရဟန်းသည် သံယောဇဉ် အားလုံးကို လောင်ကျွမ်းစေလျက် နိဗ္ဗာန်သို့သွားသည်။ ယင်းရဟန်းသည် ဆုတ်ယုတ်ခြင်းငှာ မထိုက်။ [၃၈][၃၉]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒီ၊ဋ္ဌ၊၁၊၉၇၊ ဒီ၊ဋ္ဌ၊၂၊၁၈၅။ ဒီ၊ဋ္ဌ၊၃၊၇၁။ သံ၊ဋ္ဌ၊၁၊၂၀၄။ အံ၊ဋ္ဌ၊၃၊၁၀၅။ ဓမ္မ၊ဋ္ဌ၊၁၊၁၄၅။ ဇာ၊ဋ္ဌ၊၅၊၁၀၄။ ခုဒ္ဒက၊ဋ္ဌ၊၁၂၀။ ဣတိဝုတ်၊ဋ္ဌ၊၇၆။ သုတ္တနိ၊ဋ္ဌ၊၂၊၂၆၊၇၃။ ထေရ၊ဋ္ဌ၊၂၊၃၆၉။ မဟာနိ၊ဋ္ဌ၊၁၆၄။ သာရတ္ထ၊၁၊၁၃၁။ မ၊ဋီ၊၃၊၃၇၉။ သံ၊ဋီ၊၁၊၂၅၁။ အံ၊ဋီ၊၁၊၁၁၁၊
  2. (မ၊ဋ္ဌ၊၄၊၁၈၃)
  3. ဣတိဝုတ်၊ဋ္ဌ၊၇၆။ အပရေ)
  4. (သီ၊ဋီ၊သစ်၊၁၊၃၉၄)
  5. ဒီ၊ဋ္ဌ၊၁၊၄၇၊ အံ၊ဋ္ဌ၊၁၊၄၉။ သုတ္တနိ၊ဋ္ဌ၊၁၊၁၂၀။
  6. ဒီ၊၂၊၁၀၀။
  7. ဒီ၊၂၊၁၂၈။ သံ၊၁၊၁၅၉။ ဝိ၊ဋ္ဌ၊၁၊၁၄။ ဒီ၊ဋ္ဌ၊၁၊၁၇။ အဘိ၊ဋ္ဌ၊၁၊၁၉။ ဣတိဝုတ်၊ဋ္ဌ၊၇၇။
  8. ထေရ၊၃၁၅၊ ၃၄၆။ ဝိ၊ဋ္ဌ၊၁၊၃၉။
  9. သံ၊၃၊၃၈-၄၁၊ ၈၁။ အံ၊၃၊၂၇၃။
  10. ဒီ၊၃၊၂၂၇။
  11. အံ၊၁၊၁၆။
  12. မ၊၁၊၅၄။
  13. အံ၊၁၊၁၀။
  14. အံ၊၁၊၁၇။
  15. သံ၊၁၊၈၇။ အံ၊၂၊၃၂၀။
  16. ဓမ္မ၊၁၆။ ဇာ၊၁၊၃၉၇။ (ဝိ၊ဋ္ဌ၊၁၊၃၆။ ဒီ၊ဋ္ဌ၊၃၊၂၄၀။ ခုဒ္ဒက၊ဋ္ဌ၊၁၂၁။ ဣတိဝုတ်၊ဋ္ဌ၊၇၇။ သုတ္တနိ၊ဋ္ဌ၊၂၊၂၆။ ဇာ၊ဋ္ဌ၊၅၊၆၈-တို့လည်း ကြည့်။)
  17. ခုဒ္ဒက၊၄။ သုတ္တနိ၊၃၁၉။
  18. ထေရ၊၃၄၈။ အပ၊၁၊၇။ စရိယာ၊၄၂၀။
  19. အပ၊၁၊၁၇၉၊
  20. မ၊၂၊၃၀၈။ သံ၊၁၊၂၄။ ဓမ္မ၊၁၇။ ဣတိဝုတ်၊၂၀၆။ ထေရ၊၃၃၅။
  21. သံ၊၁၊၃၅၁။
  22. သံ၊၂၊၃၁၇။
  23. အံ၊၁၊၄၃၄။
  24. အံ၊၂၊၄၉၀။
  25. အံ၊၃၊၄၃၅။
  26. အံ၊၂၊၃၉၀။
  27. ဓမ္မ၊၁၇။ ဣတိဝုတ်၊၂၀၆။
  28. ဣတိဝုတ်၊၂၀၆။
  29. မ၊၂၊၁၄၂-၅။ သံ၊၂၊၃၄၀။
  30. သံ၊၁၊၂၇။ သုတ္တနိ၊၃၀၆။ မိလိန္ဒ၊ ၃၅။
  31. သံ၊၁၊၂၆၇။ အံ၊၂၊၅၀၀။
  32. ဓမ္မ၊၁၇။
  33. သုတ္တနိ၊၃၂၈။ ထေရ၊၂၈၄။
  34. ဒီ၊၃၊၂၀၂။
  35. အံ၊၂၊၄၆၁။
  36. သံ၊၃၊၂၀၃။
  37. အံ၊၃၊၃၅၆။
  38. ဓမ္မ၊၁၇။
  39. တိပိဋကအဘိဓာန် အတွဲ-၂