အဏ္ဍဘူတဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၇။ ဣတ္ထိဝဂ် -၆၂ - အဏ္ဍဘူတဇာတ်။ ။ ကိုယ်ဝန်တွင်းမှစ၍ စောင့်ရှောက်ထားပါသော်လည်း စောင့်ရှောက်မရ ဖောက်ပြားသော မိန်းမကြောင့် ကြွေအန်ရှုံးသော ပုဏ္ဏားအကြောင်း

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

မိန်းမဟူသမျှ ထိန်းမရ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မိန်းမကို အမှီပြု၍ သာသနာတော်မှ လူထွက်လိုသော ရဟန်းတစ်ပါး ရှိလေ၏။ ထိုရဟန်းကို မြတ်စွာဘုရားသည် “ချစ်သားရဟန်း ... မိန်းမတို့မှာ အမိဝမ်းခေါင်း အောင်းသည်မှစ၍ စောင့်ရှောက်ထားသော်လည်း မစောင့်ရှောက်နိုင်ကြောင်းကို မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်းကြီး၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေတည်နေ၍ ဖွားမြင်ပြီးနောက် အရွယ်ရောက်လတ်သော် အတတ်ပညာ သင်ကြားပြီးလျှင် အဖမင်းကြီး နတ်ရွာစံသောအခါ မင်းအဖြစ်ကို ရလေ၏။ ထိုမင်းသည် ပုရောဟိတ်ပုဏ္ဏားကြီးနှင့် အမြဲ ကြွေအန်ကစားလေ့ရှိ၏။ ကြွေအန်ကစားသော အခါတိုင်းပင် -

မြစ် ဟူသမျှ အကောက်သာ ဖြစ်၏။

တော ဟူသမျှ ထင်းသာ ဖြစ်၏။

မိန်းမ သူသမျှ ဆိတ်ကွယ်ရာရမူ မကောင်းမှုကို ပြုသည်သာ ဖြစ်၏။

ဟု ကြွေအန်သီချင်းကို သီဆိုလေ့ရှိ၏။ ပုရောဟိတ်ပုဏ္ဏားကြီးသည် အမြဲရှုံး၍ မင်းကြီးသည် အမြဲနိုင်လေ၏။

ပုဏ္ဏားဉာဏ်ဆင် တစ်နည်းထွင်[ပြင်ဆင်ရန်]

ထိုအခါ ပုရောဟိတ် ပုဏ္ဏားကြီးသည် “ငါကား အမြဲရှုံးနေသည်၊ သည်လိုသာ ရှုံးနေပါလျှင် ငါ့အိမ်ရှိ ဥစ္စာပစ္စည်းကုန်တော့မည်၊ ငါသည် သူငယ်မတစ်ယောက်ကို အမိဝမ်းခေါင်း အောင်းသည်မှစ၍ စောင့်ရှောက်ကာ မယားပြုမည်၊ ငါ့ကိစ္စ မပြီးမချင်း ကြွေအန်မကစားသေး” ဟု ကြံစည်၍ မိန်းမ ယောကျ်ားတို့ လက္ခဏာ၌ ကျွမ်းကျင်ပြီး ဖြစ်သည့် အတိုင်း သမီးမွေးမည့် ဆင်းရဲသော ကိုယ်ဝန်ဆောင် မိန်းမတစ်ယောက်ကို ရှာပြီးလျှင် ကျွေးမွေး၍ အိမ်မှာထားလေ၏။ သမီးငယ် ဖွားမြင်သောအခါ အမိကို ကျေနပ်လောက်အောင် ဥစ္စာပေးကာ လွှတ်လိုက်ပြီးလျှင် သမီးငယ်ကိုယူ၍ ယောကျ်ားတစ်ပါးကို မမြင်စေဘဲ မိန်းမ အလုပ်အကျွေးဖြင့်သာ မွေးမြူစေ၏။

အကျင့်မှန်ကန် နိုင်မြဲမှန်[ပြင်ဆင်ရန်]

အရွယ်ရောက်သောအခါ မယားပြုကာ မိမိ အလိုအတိုင်း ဖြစ်စေပြီးလျှင် မင်းကြီးထံသွား၍ “အရှင်မင်းကြီး ... ကြွေအန် ကစားမည်” ဟု ဆိုလေ၏။ မင်းကြီးလည်း ကောင်းပြီဟု ဆိုကာ ကစားပြန်၏။ မင်းကြီးသည် သီဆိုနေကြဖြစ်သော ကြွေအန်သီချင်းကိုသာ သီဆို၍ ကစားလေ၏။ ပုရောဟိတ်န ပုဏ္ဏားကြီးက မာဏဝီ ပုဏ္ဏေးမကို ချန်ထား၍ မိန်းမ ဟူသမျှ ဆိတ်ကွယ်ရာရမူ မကောင်းမှုကို ပြုသည်သာ ဖြစ်၏ဟု သီချင်းကို သီဆိုကာ ကစားလေ၏။ ထိုအခါမှ စ၍ မင်းကြီး အမြဲရှုံး၍ ပုရောဟိတ်ပုဏ္ဏား အမြဲနိုင်ပြန်၏။

ပုဏ္ဏေးမဖျက်ရန် သေသောက်ကြံ[ပြင်ဆင်ရန်]

ထိုအခါ မင်းကြီးသည် ငါ့သီချင်း အစွမ်းမရှိ၊ ငါ အမြဲရှုံးနေသည်၊ ပုရောဟိတ် ပုဏ္ဏားကြီးမှာ စောင့်ရှောက်ထားသော မယားရှိဟန်တူသည်၊ ငါ သူ့မယား သီလကို ဖျက်ဆီးစေမည်ဟု ကြံစည်ပြီးလျှင် သေသောက်ကြူးတစ်ယောက်ကို ခေါ်စေ၍ “အမောင် ... သင့်အား ဥစ္စာ လိုသလောက် ပေးမည်၊ ပုရောဟိတ် မယားကို သီလပျက်အောင် တတ်နိုင်ပါမည်လော” ဟု မေးလေ၏။ သေသောက်ကြူးက “မှန်လှပါ၊ တတ်နိုင်ပါသည်” ဟု လျှောက်လျှင် သေသောက်ကြူးအား ဥစ္စာများစွာပေး၍ စေခိုင်းလေ၏။

သေသောက်ကြူးလည်း ပုရောဟိတ် ပုဏ္ဏားကြီးအိမ် အနီးဝယ် ပန်းနံ့သာဈေး ခင်းကျင်းလျက် ရောင်းချကာ နေလေ၏။ ပုရောဟိတ် ပုဏ္ဏားကြီး အိမ်မှာလည်း ဘုံခုနစ်ဆင့် ရှိ၍ အစောင့်အရှောက်လည်း ခုနစ်ဆင့်ပင် ထား၏။မိန်းမ အစောင့်အရှောက်သာ ရှိ၏။ ပုဏ္ဏေးမငယ်ထံသို့ အစေခံ မိန်းမကြီး တစ်ဦးသာ ဝင်နိုင်၊ ထွက်နိုင်၏။ ထိုအစေခံ မိန်းမကြီးလည်း ပုရောဟိတ် ပုဏ္ဏားကြီးထံမှ အဖိုးငွေတို့ကို ယူကာ ပန်းနံ့သာဝယ်၍ ပုဏ္ဏေးမငယ်ထံ နေ့စဉ်ပို့ရ၏။

လုံ့ခြုံစောင့်ရှောက် အကျင့်ဖောက်[ပြင်ဆင်ရန်]

အချက်ကောင်း စောင့်နေသော သေသောက်ကြူးလည်း တစ်နေ့သ၌ အစေခံ မိန်းမကြီး ပန်းဝယ်လာရာ “အမေ ... သည်လောက်ကြာအောင် ဘယ်မှာ သွားနေသနည်း” ဟု ခြေကိုဖက်၍ ငိုကြွေးလေ၏။ ထိုအခါ အစေခံ မိန်းမကြီးလည်း သေသောက်ကြူးကို သားအမှတ်ထားကာ အလွန် ချစ်လေ၏။ သေသောက်ကြူးကို သားအမှတ်ထားကာ အလွန် ချစ်လေ၏။ သေသောက်ကြူးသည ပန်းတို့ကို အလကား ပေး၏။ အစေခံ မိန်းမကြီးသည် နေ့စဉ် ပုရောဟိတ် ပုဏ္ဏားထံမှ ငွေကိုယူ၍ မိမိ သုံးစွဲပြီးလျှင် ပန်းတို့ကို အလကား ရလေ၏။ ပုဏ္ဏေးမထံ၌လည်း ပန်းတို့ကို မိမိသားထံမှ ရခဲ့သည် စသည်ဖြင့် သေသောက်ကြူး၏ ဂုဏ်ကျေးဇူးကို ခဏ ခဏ ပြောလေ၏။ ပုဏ္ဏေးမလည်း အစေခံ မိန်းမကြီးဝယ် သားရှိသည်ဟု မှတ်ထင်နေတော့၏။

သေသောက်ကြူးသည် နှစ်ရက်၊ သုးရက် လွန်သောအခါ မကျန်းမာဟန်ပြုကာ အစေခံ မိန်းမကြီးအား “အမေ ... ကျွန်တော် ပုဏ္ဏေးမကို ကြားရရုံနှင့် အလွန်မေတ္တာရှိသည်၊ မရလျှင် အသေခံတော့မည်” ဟု ပြောရာ “ချစ်သား ... မစိုးရိမ်နှင့်၊ အမေ ရအောင် ဆောင်ကြဉ်းပေးမည်” ဟု ဝန်ခံကာ ပုဏ္ဏေးမငယ်အား အကြောင်းကြားလျှင် ပုဏ္ဏေးမငယ်အား အကြောင်းကြားလျှင် ပုဏ္ဏေးမငယ်လည်း “ကျွန်မ ခွင့်ပြုပါသည် မိခင်၊ ရောက်အောင်သာ ကြံဆောင်ပြီး ပို့ပါ” ဟု ပြောလေ၏။

မိန်းမပရိယာယ် လိမ်ဉာဏ်ဆယ်[ပြင်ဆင်ရန်]

ထိုအခါ အစေခံ မိန်းမကြီးသည် သေသောက်ကြူးကို ပန်းတောင်းတွင်ထည့်ကာ အထက်က ပန်းတို့ကို ဖုံးလွှမ်းပြီး ပုဏ္ဏေးမထံ ပို့လေ၏။ ရောက်လျှင် ပုဏ္ဏားကြီးလစ်၍ အခွင့်အရတိုင်း ရတိုင်း ပျော်ပါးကာ နေကြ၏။ ပုရောဟိတ်လာသောအခါ တစ်နေရာတွင် ပုန်းအောင်းနေ၏။ တစ်ရက်၊ နှစ်ရက် ရှိသောအခါ ပုဏ္ဏေးမသည် သေသောက်ကြူးအား “အရှင် ပြန်တော့၊ ပုရောဟိတ် ပုဏ္ဏားကြီး သိလျှင် ဒုက္ခရောက်လိမ့်မည်” ဟု ပြောလေ၏။ သေသောက်ကြူးက “ကောင်းပြီ ပြန်တော့မည်၊ ငါ ပုဏ္ဏားကြီး ဦးခေါင်းကို ထောင်းချင်သေးသည်” ဟု ပြောလေ၏။

ပုဏ္ဏေးမလည်း ပုရောဟိတ် ပုဏ္ဏားကြီးအား “အရှင် ... စောင်းတီးပါ ကျွန်မ ကမည်” ဟု ပြောရာ ပုရောဟိတ် ပုဏ္ဏားကြီးသည် စောင်းကို တီးလေ၏။ ပုဏ္ဏေးမလည်း “အရှင် ကြည့်နေလျှင် ကျွန်မ ရှက်သည်” ဆို၍ အဝတ်ထူထူဖြင့် ပုရောဟိတ် ပုဏ္ဏားကြီး မျက်နှာကို စည်းပြီးလျှင် ကဟန်ပြုလျက် “ကျွန်မ ရှင့်ဦးခေါင်းကို ထောင်းလိုသည်” ဟု ပြောပြန်၏။ ပုရောဟိတ် ပုဏ္ဏားကြီးလည်း အကြံကို မသိသဖြင့် ထောင်းခွင့်ပြုသောအခါ ပုရောဟိတ် ပုဏ္ဏားကြီး ဦးခေါင်းကို တံတောင်ဖြင့် ထောင်းပြီးလျှင် ပုန်းမြဲပုန်းနေ၏။

မိန်းမကျင့်ဆိုး ဖောက်ပြန်မျိုး[ပြင်ဆင်ရန်]

ပုရောဟိတ် ပုဏ္ဏားကြီး မရှိသောအခါ သေသောက်ကြူးလည်း ပုဏ္ဏေးမထံမှ ထွက်ပြီးလျှင် မင်းကြီးထံသွား၍ အကြောင်စုံ လျှောက်ထားလေ၏။ မင်းကြီးလည်း ပုဏ္ဏေးမ သီလပျက်ကြောင်း သိလေလျှင် ပုရောဟိတ် ပုဏ္ဏားကြီး အခစားလာသောအခါ သီဆိုမြဲ သီချင်းကိုပင် သီဆိုကာ ကြွေအန် ကစားပြန်၏။ ပုရောဟိတ် ပုဏ္ဏားကြီးလည်း မိမိနိုင်နေကျ သီချင်းကိုပင် သီဆိုကာ ကစားပြန်၏။ ထိုအခါ မင်းကြီးက နိုင်၍ ပုရောဟိတ် ပုဏ္ဏားကြီး ရှုံးပြန်၏။

ထိုအခါ မင်းကြီးသည် ပုရောဟိတ် ပုဏ္ဏားကြီး အား -

“အသင် ပုဏ္ဏားကြီး . . . အသင် နိုင်တော့မည် မဟုတ်၊ ပုဏ္ဏေးမ သီလပျက်ပြီ၊ ပုဏ္ဏေးမ သယောက်လင်သည် သင့်ဦးခေါင်းကို ထောင်းသွားသေးသည် မဟုတ်လော၊ မိန်းမတို့ မည်သည်မှာ အမိဝမ်းခေါင်း အောင်းသည်မှစ၍ စောင့်ရှောက်သော်လည်း လုံခြုံအောင် မစောင့်ရှောက်နိုင်” –

ဟု မိန်းမတို့ အပြစ်ကိုပြကာ တရားဟောလေ၏။

ပုရောဟိတ် ပုဏ္ဏားကြီးလည်း အိမ်သို့ပြန်၍ ပုဏ္ဏေးမအား “သင်သည် သယောက်လင်ထားပြီး ငါ့ကို အမျိုးမျိုး လှည့်စားသည်” ဟု ပြောဆိုမောင်းမဲကာ ရိုက်ပုတ်၍ အိမ်မှ နှင်ထုတ်လေ၏။

ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်မှ လူထွက်လိုသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) မြစ်ဟူသည်လည်း၊ အကောက်ချည်း၊ တောလည်း ထင်းတို့သာ။

(၂) မိန်းမဟူသရွေ့၊ ဆိတ်ကွယ်တွေ့၊ မွေ့ကြမကောင်းမှာ။

(၃) လင်ငယ်နှင့်ပေါင်း၊ လင်းကြီးခေါင်း၊ ထောင်းစေနိပါတ်လာ။

အဏ္ဍဘူတဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ