အဋ္ဌာနဇာတ်

ဝီကီပီးဒီးယား မှ

အဋ္ဌကနိပါတ် - (၄၂၅) - အဋ္ဌာနဇာတ် လောက၌ မဖြစ်နိုင်သော အကြောင်းအရာ များစွာကို ပမာဆောင်လျက် ပြည့်တန်ဆာမနှင့် ပေါင်းဖော်ရန် ငြင်းပယ်သော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ကျေးဇူးပြစ်မှား မိန်းမများ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် မိန်းမ၌ စွန်းငြိခြင်း ကိလေသာ၏ အလိုသို့လိုက်၍ သာသနာတော်၌ ငြီးငွေ့လေ၏။

မြတ်စွာဘုရား သိတော်မူလျှင် “ချစ်သား ရဟန်း … မိန်းမတို့ မည်သည်ကား အကျွမ်းမဝင်အပ်၊ ကျေးဇူးကို မသိတတ်၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်၏။ ရှေးပညာရှိတို့သည် နေ့တိုင်း နေ့တိုင်း အသပြာတစ်ထောင် ပေးငြားသော်လည်း မိန်းမတို့ကို မနှစ်သက်စေနိုင်ကုန်။ တစ်နေ့သောအခါ အသပြာတစ်ထောင်ကို မရ၍ လည်ပင်း၌ ကိုင်ကာ ငင်ထုတ်စေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

တစ်ထောင်ပေးပျော်ပါး သူဌေးသား[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထို ဗြဟ္မဒတ်မင်း၏ သားတော်ကား ဗြဟ္မဒတ္တ သတို့သား မည်၏။ ဗာရာဏသီ သူဌေး၏သားကား မဟာဓန မည်၏။ ထိုသူငယ် နှစ်ယောက်တိုပသည် မြူမှုန်ကစားဘက် အဆွေခင်ပွန်း ဖြစ်ကြကုန်၏။ ဆရာတစ်ဦးတည်း၌ အတတ်ပညာ သင်ကြားကြကုန်၏။

မင်းသားသည် အဘ သေလွန်လျှင် မင်းအဖြစ်ကို ရ၏။ သူဌေးသားသည် ထိုမင်းအထံမှာပင် နေ၏။ သူဌေးကြီး သေလွန်လျှင် သူဌေးရာထူးကိုရ၏။ ဗာရာဏသီပြည်၌ လည်း အလွန်အဆင်းလှသော ပြည့်တန်ဆာမ တစ်ယောက်ရှိ၏။ တစ်ညလျှင် အသပြာတစ်ထောင်ပေး၍ သွားလာရ၏။ ထိုသူဌေးသည် သူဌေသားအဖြစ်မှစ၍ သူဌေးကြီးဖြစ်သည်တိုင်အောင် နေ့တိုင်း နေ့တိုင်း အသပြာတစ်ထောင်ပေး၍ ထိုပြည့်တန်ဆာမနှင့် မွေ့လျော် ပျော်ပါးကာနေ၏။

အသပြာ ခုမရ ဆွဲထုတ်ကြ[ပြင်ဆင်ရန်]

ထိုသူဌေးကြီးသည် တစ်နေ့ သုံးကြိမ် မင်းကြီးထံ ခစားသွားလေ့ရှိ၏။ တစ်နနေ့သ၌ မင်းကြီးထံမှ အပြန်တွင် ညဉ့်မိုက်၍ နေသဖြင့် အိမ်သို့ပြန်၍ အသပြာ တစ်ထောင်ကို မယူတော့ဘဲ အလုပ်အကျွေးတို့ကို အိမ်သို့လွှတ်လိုက်၍ မိမိမူကား ပြည့်တန်ဆာအိမ်သို့ သွား၏။ ပြန်တန်ဆာမမြင်လျှင် “အရှင့်သား … အသပြာတစ်ထောင် ပါ၏လော” ဟု မေး၏။ “ရှင်မ … ယနေ့ မိုးချုပ်သဖြင့် အိမ်သို့သွားကာ မယူနိုင်၍ မပါခဲ့ပါ၊ နက်ဖြန်မှ နှစ်ထောင်ပေးပါမည်” ဟု ပြောလေ၏။

ထိုအခါ ပြည့်တန်ဆာမသည် ယနေ့ ငါသည် အကယ်၍ ခွင့်ပြုငြားအံ့၊ နောက်နေ့တိုင်း၌ လည်း လက်ချည်းသာ လာခဲ့ရာ၏၊ ထိုသို့လာခဲ့သော် ငါ့အား လာဘ်လာဘ ဆုတ်ယုတ်လတ္တံ့၊ ခွင့်ပြုခြင်းငှာ မသင့်ဟု ကြံစည်၍ “အရှင့်သား … အကျွန်ုပ်တို့ ပြည့်တန်ဆာမ မည်သည်ကား အသပြာ တစ်ထောင်ကို မပေးမူ၍ မွေ့လျောရခြင်းမည်သည် မရှိ၊ အသပြာ တစ်ထောင်ကို ဆောင်ယူချေလော့” ဟု ဆို၏။ သူဌေးကြီးသည် အဖန်တလဲလဲ တောင်းပန်၏။

မိန်းမပြစ်မြင်ကာ တောထွက်ရှာ[ပြင်ဆင်ရန်]

ထိုအခါ ပြည့်တန်ဆာမသည် နေ့တိုင်း ပေးနေသော ကျေးဇူးကို မထောက်ထားဘဲ ကျွန်မတို့အား “လည်ပင်းကို ကိုင်၍ ငင်ထုတ်ပြီးလျှင် တံါးပိတ်ကြလော့” ဟု အမိန့်ပေးလေ၏။ ကျွန်မတို့လည်း ပြည့်တန်ဆာမ စေခိုင်းသောအတိုင်း သူဌေးကြီးကို လည်ကိုကိုင်၍ ငင်ထုတ်ပြီးလျှင် တံခါးကို ပိတ်ကြကုန်၏။

သူဌေးကြီးလည်း ငါကား ဤမိန်းမနှင့်သာ ကုဋေရှစ်ဆယ်ဥစ္စာကို ခံစားခဲ့၏။ တစ်နေ့မျှ လက်ချည်းလာသည်ကိုမြင်၍ လည်ပင်းကိုကိုင်၍ နှင်ထုတ်စေ၏၊ ဤမိန်းမကား အရှက်မရှိ, ကျေးဇူးမသိ, အဆွေခင်ပွန်းကို ပြစ်မှားတတ်၏ဟု ကြံစည်ကာ တပ်စွန်းခြင်းကင်းလျက် စက်ဆုပ်ရွံရှာဖွယ် ဟူသော သညာကိုရ၍ အိမ်ရာထောင်ခြင်း၌ ငြီးငွေ့လျက် အိမ်သို့လည်း မပြန်၊ မင်းကြီးကိုလည်း မပန်ကြားတော့ဘဲ တောထွက်၍ ရသေ့ရဟန်းပြုပြီးလျှင် ဈာန်အဘိညာဉ် ဖြစ်စေလျက် ဂင်္ဂါမြစ်နား၌ သစ်သီးကြီးငယ်တို့ဖြင့် မျှတကာနေ၏။

ကျေးဇူးချေလျက် မိန်းမပျက်[ပြင်ဆင်ရန်]

မင်းကြီးလည်း သူဌေးကြီးကို မမြင်လတ်သော် မေးတော်မူ၏။ ပြည့်တန်ဆာမသည် လည်ကိုကိုင်၍ နှင်ထုတ်ခြင်း အကြောင်းကား တစ်မြို့လုံး ထင်ရှားနေသဖြင့် လူတိုင်းသိကြ၍ ရှင်ခြင်းကြောင့် အိမ်သို့မပြန်တော့ဘဲ တောထွက်၍ ရသေ့ရဟန်း ပြုလိမ့်မည်ဟု လျှောက်ထားကြကုန်၏။ ထိုအခါ မင်းကြီးသည် ပြည့်တန်ဆာမကို ခေါ်စေ၍ မေးရာ ဟုတ်မှန်ကြောင်း လျှောက်ထားသဖြင့် အကြောင်းမှန်ကို သိတော်မူလျှင် “ဟယ် - ကျွန်ယုတ်မ … သင်သည် ခု အမြန်သွား၍ ငါ့အဆွေခင်ပွန်းကို ခေါ်ဆောင်လာရမည်၊ ခေါ်ဆောင်မလာနိုင်လျှင် သင့်အသက်ကို သုတ်မည်” ဟု ကြိမ်းမောင်း၍ တစ်ချက်လွှတ် အမိန့်ပေးလေ၏။

သေဘေးကြောက်လျက် ပင့်ဆောင်ထွက်[ပြင်ဆင်ရန်]

ပြည့်တန်ဆာမလည်း သေဘေးမှ ကြောက်သဖြင့် ရထားစီးလျက် အခြံအရံ များစွာဖြင့် မြို့မှထွက်၍ သတင်းကို မေးမြန်း၍ လိုက်လံရှာဖွေရာ ရသေ့အထံသို့ရောက်လျှင် ရှိခိုး၍ “အရှင်ဘုရား … အကျွန်ုပ် အပြစ်ကို သည်းခံတော်မူပါ” ဟု လျှောက်၏။ “ရှင်မ … ငါသည် သည်းခံပါ၏၊ သင်နှင့်ကပါ ရန်ငြိုးဖွဲ့ခြင်း မရှိ” ဟု ပြောကြား၏။ “အရှင်ဘုရား … သည်းခံတော်မူပါ၊ အကျွန်ုပ်နှင့်အတူ ရထားစီး၍ လိုက်တော်မူပါ၊ အကျွန်ုပ်အိမ်သို့ ရောက်လျှင် အလုံးစုံသော ပစ္စည်းဥစ္စာတို့ကို အရှင်ဘုရားအား ပေးပါမည်” ဟု တောင်းပန် လျှောက်ထားလေ၏။

လိပ်မွေးစောင်ဖြစ် ပေါင်းဖော်သင့်[ပြင်ဆင်ရန်]

ထိုအခါ ရသေ့သည် ပြန်တန်ဆာမ စကားကို ကြားလျှင် -

“နှမ … ဂင်္ဂါမြစ်တို့သည် ကုမုဒြာကြာတို့ဖြင့် ဖုံးလွှမ်းလျက် မစီးသွားဘဲ ငြိမ်သက်စွာ တည်နေကုန်ရာ၏၊ ဥဩငှက်တို့သည် ခရုသင်းကဲ့သို့ ဖြူဖွေးသော အဆင်းရှိကုန်ရာ၏၊ သပြေပင်တို့သည် ထန်းသီးကို သီးကုန်ရာ၏၊ ထိုအခါ သင်နှင့်ငါ ပေါင်းဖော်ခြင်း ဖြစ်နိုင်မည် မသိ” ။

“နှမ … လိမ်မွေး ပန်းပွင့်ဖြင့် ရက်အပ်သော ခြုံစောင်၊ လိမ်မွေးသက်သက်ဖြင့် ရက်အပ်သော ခြုံစောင်၊ နှစ်ပါးစုံဖြင့် ရက်အပ်သော ခြုံစောင်၊ ဤသို့ သုံးပါးသော ခြုံစောင်တို့ ဖြစ်ကုန်ရာ၏၊ ဆောင်းလ အခါ ခြုံကောင်းကုန်ရာ၏၊ ထိုအခါ သင်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်း ဖြစ်တန်ရာ၏” ။

ယုန်ချိုအိမ်ဖြစ် ပေါင်းဖော်သင့်[ပြင်ဆင်ရန်]

“နှမ … မှက်ခြင်းတို့ ခြေထောက်ဖြင့် ကောင်းစွာပြုလုပ်အပ်သော ပြအိုး ပစ္စင်သည် လူတစ်ရာတက်၍ စစ်ထိုးနိုင်လောက်အောင် မတုန်မလှုပ် ခိုင်ခံ့သည်ဖြစ်ရာ၏၊ ထိုအခါ သင်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်း ဖြစ်တန်ရာ၏” ။

“နှမ … ကြွက်တို့သည် ယုန်ချို စောင်းတန်းလှေကားဖြင့် တက်ကုန်လျက် လမင်းကို ခဲစားကုန်ရာ၏၊ ရာဟု အသုရိန်ကိုလည်း ပြေးစေကုန်ရာ၏၊ ထိုအခါ သင်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်းဖြစ်တန်ရာ၏” ။

ယင်ပေါင်းမီးဆင်း ပေါင်းသင့်ခြင်း[ပြင်ဆင်ရန်]

“နှမ … တစ်ပေါင်းတစ်စုတည်း ကျက်စားလေ့ရှိကုန်သော ယင်တို့သည် သေရည်အိုး တစ်လုံးစီ သောက်ပြီးလျှင် မူးယစ်ကုန်လျက် မီးကျီးထဲ၌ နေခြင်းကို ပြုလုပ်နိုင်ကုန်၏၊ ထိုအခါ သင်နှင့်ငါ စင်စစ်ပေါင်းဖော်ခြင်း ဖြစ်တန်ရာ၏” ။

“နှမ … ကျီးအာသီမှည့်ကဲ့သို့ နီမြန်းသော နှုတ်သီးရှိလျက် ကောင်းသော မျက်နှာရှိသော မြည်းတို့သည် ကခြင်း သီခြင်း၌ လိမ္မာကုန်ရာ၏၊ ထိုအခါ သင့်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်း ဖြစ်တန်ရာ၏” ။

တောင်ကိုငှက်ချီ ပေါင်းသင့်ပြီ[ပြင်ဆင်ရန်]

“နှမ … ကျီးငှက်တို့နှင့် ခင်ပုပ်ငှက်တို့သည် ဆိတ်ကွယ်ရာ အရပ်သို့ ကပ်ကုန်လျက် အချင်းချင်း တိုင်ပင်ကုန်ရာ၏၊ ချစ်ခင်ကုန်ရာ၏၊ ထိုအခါ သင်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်းဖြစ်တန်ရာ၏”။

“နှမ … မိုးကို ကာကွယ်ခြင်းငှာ ကြာရွက်တို့ဖြင့် ပြုလုပ်အပ်သော ထီးတို့သည် အလွန် ခိုင်ခံ့ကုန်ရာ၏၊ ထိုအခါ သင်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်းဖြစ်တန်ရာ၏” ။

မိန်းမယုတ်ညစ် ပယ်စွန့်ပစ်[ပြင်ဆင်ရန်]

“နှမ … သူငယ်သည် သမုဒ္ဒရာ၌ ပြေးသွားနိုင်သော ယန္တရားစက် တပ်ဆင်ကာ အလံတံခွန်နှင့်တကွ အလုံးစုံသော အဆောက်အဦနှင့် ပြည့်စုံသော သင်္ဘော လှေကြီးကို လက်ဖြင့်ယူ၍ သွားနိုင်ရာ၏၊ ထိုအခါ သင်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်းဖြစ်တန်ရာ၏” –

ဟု ပြည့်တန်ဆာမအား လောက၌ မဖြစ်နိုင်ကောင်းသော အကြောင်းအရာတို့ကို ကြံစည်၍ ဥပမာပြုကာ ပြောဆို ဆုံးမလေ၏။ ပြည့်တန်ဆာမလည်း ရသေ့၏စကားကို ကြားလျှင် ရှိခိုးကန်တော့ပြီးလျှင် မြို့သို့ပြန်၍ မင်းကြီးအား အကြောင်းစုံ လျှောက်ကြားထားလျက် အသက်ကို ချမ်းသာပေးရန် တောင်းပန်လေ၏။

ဤဒေသနတော်ကိုဆောင်၍ သစ္စာကို ပြသည်အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

• ရသေ့သည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ဂုဏ်ကျေးဇူးနည်း၊ ဖြစ်လွန်ကဲ၊ မိညဲဓမ္မတာ။

(၂) အသက်ရကြောင်း၊ ခေါ်ဖြားယောင်း၊ ညစ်လှောင်းပြည့်တန်ဆာ။

(၃) မဖြစ်နိုင်ငြား၊ အကြောင်းများ၊ ကြား၍ မြစ်ပယ်ရှာ။

အဋ္ဌာနဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ