သီလဝီမံသဇာတ်

ဝီကီပီးဒီးယား မှ

(၃)ဇာတ် ရှိပါသည်။ ဧကကနိပါတ် - ၉။ အပါယိမှဝဂ် -၈၆ - သီလဝီမံသဇာတ်။ ။ မင်းကြီး မြတ်နိုးသည်ကို သိလို၍ သီလကို စုံစမ်းသောအနေဖြင့် မင်းဘဏ္ဍာ ခိုးယူသဖြင့် အဖမ်းခံရသောပုဏ္ဏား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

သီလစုံစမ်း သူခိုးဖမ်း[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၍ သီတင်းသုံးတော်မူစဉ် သီလကို စုံစမ်းတတ်သော ပုဏ္ဏားတစ်ယောက် ရှိလေ၏။ ထိုပုဏ္ဏားသည် ကောသလမင်းကြီးကို မှီ၍ အသက်မွေး၏။ ရတနာသုံးပါး၌ ကြည်ညို၏။ မကျိုးမပျက်သော သီလရှိ၏။ ဗေဒင်သုံးပုံ၌ တစ်ဖက်ကမ်းရောက် တတ်မြောက်၏။ ထိုပုဏ္ဏားကို မင်းကြီးသည် အလွန်မြတ်နိုးတော်မူ၏။

ထိုအခါ ပုဏ္ဏားသည် မင်းကြီးအား ငါ့ကို တခြား ပုဏ္ဏားတို့ထက် မြတ်နိုးတော်မူ၏။ အမျိုးဇာတ် အတတ်ပညာကို မှီ၍ မြတ်နိုးလေသလော၊ အကျင့်သီလကို မှီ၍ မြတ်နိုးလေသလော ငါ သိရအောင် စုံစမ်းမည်ဟု ကြံစည်ကာ မင်းခစားရာမှအပြန် ရွှေပန်းထိမ်သည်ထံသို့သွား၍ မပန်ကြားဘဲ တစ်သပြာ ယူသွား၏။ ရွှေပန်းထိမ်သည်သည် ပုဏ္ဏားကို ရိုသေသဖြင့် ဘာစကားကိုမျှ မပြောကြားလေ။ နက်ဖြန် နှစ်သပြာ ယူသွားပြန်၏။ ဘာစကားကိုမျှ မပြောကြားလေ။ သန်ဘက်ခါ အသပြာ လက်တစ်ဆုပ် ယူသွားပြန်၏။ ထိုအခါ ရွှေပန်းထိမ်သည်သည် သည်းမခံနိုင်တော့ဘဲ သူခိုး သူခိုးဟု အော်ဟစ်ကာ ဖမ်းဆီးတုတ်နှောင်၍ နှစ်ချက် သုံးချက် ရိုက်နှက်ပြီး မင်းကြီးထံ ပို့လေ၏။

သီလဖိုးထိုက် မဂ်ဖိုလ်ဆိုက်[ပြင်ဆင်ရန်]

မင်းကြီးလည်း ပုဏ္ဏားကို မြင်လျှင် နှလုံးမသာမယာဖြစ်၍ “ပုဏ္ဏား ... အဘယ်ကြောင့် ခိုးသနည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး ... အကျွန်ုပ် သူခိုး မဟုတ်ပါ” ဟု လျှောက်ထား၏။ “ပုဏ္ဏား ... သူခိုး မဟုတ်လျှင် အဘယ်ကြောင့် အသပြာတို့ကို ယူသနည်း” ဟု မေးသောအခါ “အရှင်မင်းကြီး ... မင်းကြီးသည် အကျွန်ုပ်ကို အလွန် မြတ်နိုးတော်မူ၏၊ ဘာ့ကြောင့် မြတ်နိုးသည်ကို အသေအချာသိလို၍ စုံးစမ်းခြင်း ဖြစ်ပါသည်၊ ယခုမူ စင်စစ် သီလကိုမှီ၍သာ မြတ်နိုးသည်ကို သိရပါပြီ၊ အရှင်မင်းကြီးသည် အကျွန်ုပ်အပေါ်၌လည်း မင်းအာဏာကို ပြုစေ၏၊ သီလသည် မြတ်၏၊ အကြီးအမှူး ဖြစ်၏၊ သို့အတွက် အကျွန်ုပ်ကို ခွင့်ပြုမူပါ၊ လူ့ဘောင်မှာနေ၍ သီလဖြည့်ကျင့်ခြင်းကို မပြုလိုပါ၊ ရဟန်းဘောင်မှာနေ၍ ဖြည့်ကျင့်ပါတော့မည်၊ ယနေ့ပင် ရဟန်းပြုပါတော့မည်” ဟု ခွင့်တောင်းပြီးလျှင် မြတ်စွာဘုရားထံသွား၍ ရဟန်းပြုလေ၏။ မကြာမီ ဝိပဿနာကို ပွားများကာ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ထိုရဟန်းအကြောင်း ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ ရဟန်းတို့ ... ဤပုဏ္ဏားသာ မိမိ သီလကို စုံစမ်း၍ ရဟန်းပြုကာ မိမိ၏ ကိုးကွယ်ရာကို ပြုသည် မဟုတ်၊ ရှေးပညာရှိတို့လည်း မိမိသီလကို စုံစမ်း၍ ရဟန်းပြုကာ မိမိ ကိုးကွယ်ရာကို ပြုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

အကျင့်လုံခြုံ စုံစမ်းရုံ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်လေ၏။ ထိုပုဏ္ဏားသည် အလှူ၌ မွေ့လျော်၏။ မကျိုးမပျက်သော ငါးပါးသီလရှိ၏။ မင်းကြီးသည် တခြား ပုရောဟိတ် ပုဏ္ဏားတို့ထက် မြတ်နိုးတော်မူ၏။ [တခြား စကားစုသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူပြီ။]

တစ်နေ့သ၌ မင်းကြီး မြတ်နိုးခြင်း အကြောင်းရင်းကို သိရအောင် စုံစမ်းမည်ဟု သုံးကြိမ်တိုင်အောင် မင်းကြီးဥစ္စာကို ခိုးယူလေ၏။ ထိုအခါ မင်းချင်းတို့သည် ပုဏ္ဏားကို ဖမ်းဆီး၍ မင်းကြီးထံ ပို့သည်ရှိသော် ခရီးလမ်းမတွင် မြွေအလမ္ပာယ်သမားကို မြင်၍ “အမောင်တို့ ... မြွေကို မြီးတူးမှာ မကိုက်ကြနှင့်၊ လည်ပင်းမှာ မရစ်ကြနှင့်၊ သင်တို့ကို ကိုက်သတ်လိမ့်မည်” ဟု ပြောဆိုလေ၏။ ထိုအခါ အလမ္ပာယ် သမားတို့က “ပုဏ္ဏားကြီး ... ဤမြွေကား အကျင့်သီလရှိ၏၊ သင်ကဲ့သို့ မဟုတ်၊ သင်ကား မင်းကြီးဥစ္စာကို ခိုးယူသဖြင့် သီလမရှိသည့်အတွက် အချုပ်အနှောင်ခံရသည် မဟုတ်လော” ဟု ပြောဆိုလေ၏။

သီလမြတ်ပုံ ချီးမွမ်းကုန်[ပြင်ဆင်ရန်]

ထိုအခါ ပုဏ္ဏားသည် တိရစ္ဆာန်မြွေ ဖြစ်လျက် မကိုက်မညှဉ်းဆဲသည့်အတွက် သီလရှိသည် ဟူသောအမည် ရပေသေးသည်။ လူဖြစ်လျှင် ဆိုဖွယ်ရာမရှိ။ သီလသာ မြတ်၏၊ သီလထက် မြတ်သောတရား မရှိပြီတကားဟု ကြံစည်လေ၏။

ပုဏ္ဏားသည် မင်းကြီးထံရောက်၍ မင်းကြီးမြင်လျှင် “အမောင်တို့ ... ဤပုဏ္ဏားကို ဘယ့်အတွက် ဖမ်းဆီးလာကြသနည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး ...ဥစ္စာကို ခိုးယူသည့်အတွက် ဖမ်းဆီးလာကြပါသည်” ဟု လျှောက်လေ၏။ “ခိုးသူဖြစ်လျှင် မင်းအာဏာကို ပြုကြကုန်လော့” ဟု ဆိုလေ၏။ ထိုအခါ ပုဏ္ဏားသည် “အရှင်မင်းကြီး ... အကျွန်ုပ် သူခိုးမဟုတ်ပါ” ဟု လျှောက်၏။ “ပုဏ္ဏား ... သင် သူခိုးမဟုတ်လျှင် အဘယ်ကြောင့် အသပြာတို့ကို ယူသနည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး ... အကျွန်ုပ် အပေါ်တွင် ဘယ်အတွက် သူတစ်ပါးထက်ပို၍ အလေးအမြတ်ပြုကြောင်းကို သိလို၍ စုံစမ်းခြင်း ဖြစ်ပါသည်။ အမျိုးဇာတ်အတွက် ပညာကိုမှီ၍ မြတ်နိုးခြင်းမဟုတ်၊ သီလကို မှီ၍ မြတ်နိုးခြင်းဖြစ်ကြောင်း ယခု သိရပါပြီ။ သို့အတွက် လောက၌ သီလသာ မြတ်၏၊ သီလသာ အကြီးအမှူး ဖြစ်၏၊ လူကိုထားဘိဦး တိရစ္ဆာန်မြွေကိုပင် မကိုက် မညှဉ်းဆဲသည်ရှိသော် ပြင်းထန်သော အဆိပ်ရှိသည် ဖြစ်လျက် သီလရှိသည် ဟူသောအမည်ကို ရပေသည်” ဟု မင်းကြီးကို တရားဟော၍ ခွင့်ပန်ပြီးလျှင် ဟိမဝန္တာတောသို့ ဝင်လေ၏။ ရှစ်ပါးသော သမာပတ်၊ ငါးပါးသော အဘိညာဉ်တို့ကို ဖြစ်စေလျက် သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

မင်းပရိသတ်သည် - ဘုရားပရိသတ်။

ပုရောဟိတ်ပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

သီလဝီမံသဇာတ်ပြီး၏။


စတုက္ကနိပါတ် - ၃။ ကုဋိဒူသကဝဂ် -(၃၃၀) သီလဝီမံသဇာတ်။ ။ သီလကို စုံစမ်းလို၍ ရွှေပန်းထိပ်သည်အိမ်မှ ဆက်ကာ ဆက်ကာ အသပြာ ခိုးယူသော ပုရောဟိတ်ပုဏ္ဏားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

သီလကြောင်းပြု စုံစမ်းမှု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီလကို စုံစမ်းသော ပုဏ္ဏားကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ ။ [ပစ္စုပ္ပန်၊ အတိတ်ဝတ္ထုတို့သည် အောက်၌ဆိုအပ်ပြီးသော ဇာတ်တို့နှင့် တူကုန်ပြီ။]

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ပုဏ္ဏားစုံစမ်း သီလစွမ်း[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်လေ၏။ ထိုပုရောဟိတ်ပုဏ္ဏားသည် တစ်နေ့သ၌ သီလကို စုံစမ်းလိုသည်ဖြစ်၍ နှစ်ရက်၊ သုံးရက်တို့ပတ်လုံး ရွှေပန်းထိမ်သည်၏ ပျဉ်ပြားမှ အသပြာတို့ကို ယူလေ၏။ ထိုအခါ ပုရောဟိတ်ပုဏ္ဏားကို သူခိုးဟု ဖမ်း၍ မင်းကြီးအား ပြကြကုန်၏။ မင်းကြီးထံသို့ရောက်လျှင် ပုရောဟိတ်ပုဏ္ဏားသည် - “အချင်းတို့ ... လောက၌ သီလသည်သာ ကောင်းသတတ်၊ သီလသည်သည် မွန်မြတ်သတတ်၊ ကြည့်ရှုကြကုန်၊ အဆိပ်ပြင်းသော မြွေကိုပင် သီလရှိသော မြွေဟူ၍ မညှဉ်းဆဲအပ်” –ဟု သီလ၏ ဂုဏ်ကကျေးဇူးကို ချီးမွမ်းပြီးလျှင် မင်းကြီးကို ရဟန်းပြုရန် ခွင့်ပန်ကာ သွားလေ၏။

သားတစ်ပမာ ယင်းတဏှာ[ပြင်ဆင်ရန်]

ထိုအခါ တစ်နေ့သ၌ စွန်တစ်ကောင်သည် အမဲဈေးမှ သားတစ်ကိုချီ၍ ကောင်းကင်၌ ပျံလေ၏။ အခြား စွန့်တို့သည် ဝန်းရံကာ ထိုးဆိတ်ကြကုန်၏။ ထိုသားတစ်ချီ၍ ပျံသော စွန်သည် သည်းမခံနိုင်သဖြင့် သားတစ်ကို စွန့်ချလေ၏။ စွန်တစ်ကောင်သည် ထိုသားတစ်ကိုချီ၍ ပျံပြန်၏။ အခြားစွန်တို့ ထိုးဆိတ်ကြပြန်လျှင် သည်းမခံနိုင်သဖြင့် စွန့်ချပြန်၏။ အခြားစွန်သည် ချီ၍ပျံပြန်၏။ ထိုးဆိတ်ကြပြန်သဖြင့် စွန့်ချရပြန်၏။ ဤသို့လျှင် သားတစ်ရှိသော ငှက်သည် ဆင်းရဲ၏။ သားတစ် မရှိသော ငှက်သည် ချမ်းသာ၏။ ဤကာမသည်ကား သားတစ်နှင့်တူ၏။ ထိုကာမကို ယူဆောင်သူတို့သည် ဆင်းရဲကုန်၏။ စွန့်ပစ်သူတို့သည် ချမ်းသာကုန်၏။ “အချင်းတို့ ... လောက၌ စွန်အား နှုတ်သီးဖြင့် ချီ၍ထားသော သားတစ်ရှိသမျှ ကာလပတ်လုံး ထိုစွန်ကို အခြား စွန်အပေါင်းတို့သည် ချဉ်းကပ်ကာ ထိုးဆိတ်ကုန်၏။ သားတစ်မရှိသော စွန်ကို အခြားစွန်အပေါင်းတို့သည် မထိုးဆိတ်ကြကုန်” –ဟု ကြံစည်တွေးတောလျက် သွားရာခရီးအကြားဝယ် ရွယ်ငယ်သို့ ညချမ်းသာအခါရောက်၍ အိမ်တစ်အိမ်တွင် အိပ်လေ၏။ ထိုအိမ်၌လည်း ပိင်္ဂလာမည်သော ကျွန်မသည် ညဉ့်အခါလာရန် ယောကျ်ားတစ်ယောက်နှင့် အချိ်န်းအချက်ပြုပြီးလျှင် အရှင်တို့ကို ဝတ်ကြီးဝတ်ငယ်ကိုပြု၍ အရှင်တို့ အိပ်လတ်သော် ထိုချိန်းချက်သော ယောကျ်ား လာလိမ့်မည်ဟု မျှော်မှန်းကာ တံခါးခုံ၌ မအိပ်ဘဲ ထိုင်လျက် စောင့်နေခဲ့ရာ မိုးလင်းသောအခါရောက်မှ မလာမှန်းသိ၍ လျောင်းကာ အိပ်ပျော်လေ၏။

အာသာစွန့်မှ ချမ်းသာရ[ပြင်ဆင်ရန်]

ထိုအခါ ပုရောဟိတ်သည် ထိုအကြောင်းကိုမြင်၍ ဤကျွန်မသည် ချိန်းချက်ထားသောယောကျ်ား လာလိမ့်မည်ဟူသော အမှတ်ဖြင့် ဤမျှလောက် ကာလပတ်လုံး ထိုင်လျက်နေ၏။ ယခုအခါ ထိုယောကျ်ား မလာမှန်းသိ၍ အာသာပြတ်ရကား ချမ်းသာစွာ အိပ်ရလေ၏။ ထိုကြောင့် ကိလေသာတို့၌ တောင့်တခြင်း အာသာရှိသောသူသည် ဆင်းရဲ၏၊ အာသာမရှိသောသူသည် ချမ်းသာ၏။ “အချင်တို့ ... အာသာပြတ်ခြင်းကြောင့် ချမ်းသာသွာ အိပ်ရ၏၊ အာသာအကျိုးကို ရခြင်းသည် ချမ်းသာ၏၊ ပိင်္ဂလာ မည်သော ကျွန်မသည် အာသာပြတ်ချင်းကိုပြု၍ ချမ်းသာသွာ အိပ်ရ၏” –ဟု ကြံစည်ပြန်၏။ ပုဏ္ဏားသည် နက်ဖြန် ထိုရွာမှထွက်၍ တောသို့ဝင်လတ်သော် ဈာန်ဝင်စားနေသော ရသေ့တစ်ပါးကို မြင်ပြန်လျှင် - “အချင်တို့ ... ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော လောက၌ သမာဓိထက် လွန်မြတ်သော သုခတရား မရှိ၊ တည်ကြည်သူကား သူတစ်ပါးကို လည်းကောင်း၊ မိမိကိုယ်ကို လည်းကောင်း မညှဉ်းဆဲပေ” –ဟု ကြံစည်ပြန်၏။ ဤသို့ ကြံစည်ပြီးလျှင် ပုရောဟိတ်သည် တော်သို့ဝင်၍ ရသေ့ရဟန်း ပြုပြီးလျှင် ဈာန်အဘိညာဉ်ကို ဖြစ်စေလျက် မယုတ်သောဈာန် ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုရောဟိတ်ပုဏ္ဏားသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကာမယူသူ၊ ဆင်းရဲပူ၊ စွန့်သူ ချမ်းသာသည်။

(၂) အာသာရှိသူ၊ ဆင်းရဲပူ၊ စွန့်သူ ချမ်းသာသည်။

(၃) သမာဓိသာ၊ မွန်မြတ်စွာ၊ ချမ်းသာယုခမည်။

(၄) ကိုယ်, သူတစ်ပါး၊ မညှဉ်းငြား၊ မှတ်သားတည်သူမည်။

သီလဝီမံသဇာတ် ပြီး၏။


ပဉ္စကနိပါတ် - ၂။ ဝဏ္ဏာရောဟဝဂ် -(၃၆၂) - သီလဝီမံသဇာတ် သီလ ရှိသောကြောင့် ငါ့အား မင်းကြီးချီးမြှောက်သလောဟု သီလကို စုံစမ်းလို၍ ရွှေပန်းထိမ်သည်၏ အသပြာကို ခိုးယူသော ပုရောဟိတ်ပုဏ္ဏား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

သီလစောင့်မှု ကျေးဇူးပြု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီလကို စုံစမ်းသောပုဏ္ဏားကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထုအား အောက်၌ ပြဆိုခဲ့ပြီးသော သီလဝီမံသဇာတ်တို့နှင့်တူပြီ။ ]

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

သံသယရှိမှု စုံစမ်းပြု[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် ဗာရာဏသီမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်လေ၏။ ပဉ္စသီလကို အမြဲစောင့်ရှောက်၏။ မင်းကြီးလည်း ပုရောဟိတ်အား သီလရှိသောသူ ဖြစ်သည်ဟု အလေးအမြတ်ပြုကာ ကြည့်ရှုချီးမြှောက်၏။

ထိုအခါ ပုရောဟိတ်သည် မင်းကြီးသည် ငါ့ကို သီလနှင့် ပြည့်စုံ၏ဟု ကြည့်ရှုချီးမြှောက်သလော၊ သို့မဟုတ် အကြားအမြင်ပညာရှိသူဟု ကြည့်ရှုချီးမြှောက်သလောဟု စုံစမ်းလိုသည်ဖြစ်၍ တစ်နေ့သ၌ ရွှေပန်းထိမ်သည်၏ အသပြာကို သုံးကြိမ်တိုင်အောင် ခိုးယူ၏။ သုံးကြိမ်စေ့သောအခါ ရွှေပန်းထိမ်သည်သည် သည်းမခံနိုင်တော့သဖြင့် သူခိုးတည်းဟု ဖမ်းစီးချုပ်နှောင်လျက် မင်းကြီးထံ ပို့လေ၏။

သီလဂုဏ်ထူး ပုဏ္ဏားချီးကျူး[ပြင်ဆင်ရန်]

မင်းကြီးသည် ပုရောဟိတ်အား “ပုဏ္ဏား … အဘယ်ကြောင့် ခိုးသနည်း” ဟု မေးသောအခါ ပုရောဟိတ်သည် “အရှင်မင်းကြီး … အကျွန်ုပ်သည် မခိုးယူပါ၊ သီလနှင့် အကြားအမြင်ပညာသည် ဘယ်တရားက မွန်မြတ်သည်ကို စုံစမ်းလို၍ ယူခြင်းဖြစ်ပါသည်” ဟု လျှောက်ထားပြီးလျှင်

တစ်ဖန် -

“မြတ်သောမင်းကြီး … အကျွန်ုပ်အား သီလသည် မွန်မြတ်သလော၊ အကြားအမြင်ပညာသည် မွန်မြတ်သလောဟု ယုံမှားသံသယဖြစ်ခဲ့ပြီ၊ ယခုအခါ အကြားအမြင်ပညာထက် သီလက မွန်မြတ်ကြောင်းကို သိရပါပြီ၊ ယုံမှားသံသယ မရှိတော့ပါ”

“မြတ်သောမင်းကြီး … အမျိုးဇာတ် အဆင်းသဏ္ဌာန်သည် အကျိုးမရှိပါ၊ သီလသာလျှင် မွန်မြတ်၏။ သီလနှင့် ပြည့်စုံသောသူအား အကြားအမြင်ပညာဖြင့် အကျိုးမရှိပါ”။

“တရားနှင့် မပြည့်စုံသောမင်း၊ တရားနှင့် မပြည့်စုံသော ကုန်သည်၊ ဤနှစ်ဦးတို့ကား လူ့ပြည် နတ်ပြည်တို့ကို စွန့်ခွာကာ ဒုဂ္ဂတိ၌ ဖြစ်ကြရကုန်၏”။

“မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲ၊ စဏ္ဍာလ ပန်းမှိုက်သွန် ဤသူတို့ကား ဤပစ္စုပ္ပန်ဘဝ၌ တရားကို ကျင့်ကုန်၍ နတ်ပြည်၌ အတူတကွ ဖြစ်ကြရကုန်၏”။

“ဗေဒင်တို့သည် တမလွန်ဘဝ၌ စည်းစိမ်ချမ်းသာကို မပေးနိုင်ကုန်၊ အမျိုးဇာတ်သည်လည်း တမလွန်ဘဝ၌ စည်းစိမ်ချမ်းသာကို မပေးနိုင်ကုန်၊ ဆွေမျိုးလည်း တမလွန်ဘဝ၌ စည်းစိမ်ချမ်းသာကို မပေးနိုင်ကုန်၊ စင်ကြယ်သော မိမိ၏ သီလသည်သာလျှင် တမလွန်ဘဝ၌ စည်းစိမ်ချမ်းသာကို ပေးနိုင်ကုန်၏”

ဟု မင်းကြီးအား သီလ၏ ဂုဏ်ကျေးဇူးကို ချီးကျူးလျက် လျှောက်ထားပြီး၍ ရသေ့ရဟန်းပြုရန် ခွင့်တောင်းပြီး ဟိမဝန္တာတောသို့ဝင်ကာ ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် သေလွန်သောအခါ ဗြဟ္မာပြည်သို့လားရ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သီလကို စုံစမ်း၍ ရသေ့ရဟန်းပြုသော ပုရောဟိတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) အဆင်းမျိုးဇာတ်၊ ပညာရပ်၊ မမြတ်မမွန်ပေ။

(၂) စည်းစိမ်ချမ်းသာ၊ မပေးရာ၊ နောက်ခါဘဝတွေ။

(၃) သီလမွန်မြတ်၊ စည်းစိမ်ရပ်၊ ပေးတတ်နောက်ဘဝေ။

သီလဝီမံသဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ