သန္နိဓိကာရကသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ဆွမ်းကို ချန်ထား၍ နောက်ရက်၌စားမှု

အမှုသည်—အရှင်ဗေလဋ္ဌသီသ


သမာပတ် ဝင်စားခြင်း[ပြင်ဆင်ရန်]

အရှင်ဗေလဋ္ဌသီသသည် (ရှင်ကြီးတထောင်ဟု အများ သိကြသော) ရသေ့ တထောင်တွင် ပါဝင်သော မထေရ်ကြီးတပါးတည်း၊ အရှင်အာနန္ဒာ၏ ဥပဇ္ဈာယ် ဆရာကြီးလည်း ဖြစ်၏၊ ထိုအရှင်မြတ်သည် ဇေတဝန် ကျောင်းတိုက်၏ အနီးဖြစ်သော ကမ္မဋ္ဌာန်းကျောင်း၌ သီတင်းသုံးကာ ဖလသမာပတ်ကို ဝင်စားတော်မူလေ့ရှိ၏၊ ထိုကြောင့် ဟင်းမပါသောဆွမ်းကို အခြောက်လှမ်းပြီးလျှင် ၇ ရက်လောက်ကြာမှ သမာပတ်ကထ၍ ထိုထမင်းခြောက်ကို ရေဖြင့်နှူးကာ ဘုဉ်းပေးတော်မူ၏။ ထို့နောက် သမာပတ်ဝင်စားပြန်၏၊ ဤနည်းဖြင့် ထမင်းခြောက်ကို ဘုဉ်းပေးကာ ရက်သတ္တပတ် အတော် များများကြာမှ ဆွမ်းခံဝင်လေ့ရှိသည်။ အခြားရဟန်းများက ကြာလှမှ တခါတခါ ဆွမ်းခံဝင်ခြင်း၏ အကြောင်း”ကို မေးလျှောက်ကြသောအခါ ဆွမ်းအခြောက်ကို သိုမှီး၍ စားကြောင်း အမိန့်ရှိလေသော် အချို့ရဟန်းများက ကဲ့ရဲ့၍ ဘုရားအားလျှောက်ကြသဖြင့် ဘုရားရှင်လည်း “ဤကိစ္စသည် သန္တုဋ္ဌိ သလ္လေခ (ရသမျှနှင့် မျှတရောင့်ရဲသော ခြိုးခြံသောအကျင့်) ဖြစ်၍ အပြစ်မရှိသော်လည်း လူများသိလျှင် အပြစ်တင်စရာ ဖြစ်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။[၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယော ပန ဘိက္ခု သန္နိဓိကာရကံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပါစိတ္တိယံ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ရဟန်းသည် သိုမှီးသိမ်းဆည်းမှုကို ပြုခြင်းရှိသော ခဲဘွယ်ကိုသော်၎င်း ဘောဇဉ်ကိုသော်၎င်း ခဲမူလည်းခဲအံ့၊ စားမူလည်း စားအံ့၊ ပါစိတ်အာပတ်သင့်၏။ [၁]

စွန့်လွှတ်လျှင် သန္နိဓိမဖြစ်[ပြင်ဆင်ရန်]

အကပ်ခံပြီးနောက် ခဲဘွယ်ဘောဇဉ်များကို လူသာမဏေတို့အား စွန့်ပေးလိုက်လျှင် သန္နိဓိသိုမှီးမှုမဖြစ်၊ နက်ဖြန်နံနက်၌ ထိုတို့သိမ်းထားသော အာမိသကို သူတို့ထံမှတဖန် အကပ်ခံ၍ စားကောင်း၏၊ သို့သော် စွန့်သည့်အခါ၌ကား “အနပေက္ခဝိသဇ္ဇန”ခေါ် “ထိုအာမိသကို မစားတော့ပြီ”ဟု မငဲ့မကွက် စွန့်လိုက် ပေးလိုက်မှသာ စွန့်ရာ ရောက်သည်။ [၁]

မှတ်ချက်[ပြင်ဆင်ရန်]

ပြောင်အောင် မဆေးအပ်သော သပိတ် ပုဂံ ခွက်ကို “ဒုဒ္ဓေါတ”ဟု ခေါ်၏၊ သန္နိဓိနှင့်စပ်၍ ဒုဒ္ဓေါတ သပိတ်ခွက်များနှင့် အနပေက္ခဝိသဇ္ဇနတို့ကို ကောက်ချက်ချလိုက်သည့်အခါ အောက်ပါအချက်များ ပေါ်ထွက်လာ၏။ သပိတ် ပုဂံ ခွက် လဘက်ရည်ကရား စသည်များ၌ ထည့်၍ စားသောက်ပြီးနောက် ထိုသပိတ်စသည်နှင့်တကွ အကြွင်းအကျန်ကို လူသာမဏေတို့အား မပေးမစွန့်ဘဲ သပိတ်စသည်ကို ကိုယ်တိုင် ဆေးရာဝယ် မစင်ကြယ်၍ အာမိသကပ်ကျန်နေလျှင် နက်ဖြန်နံနက်၌ အခြားအာမိသနှင့် ရေနှော၍ ဝမ်းတွင်းသို့ ပါသွားက ဤသိက္ခာပုဒ်အရ အာပတ်သင့်၏။[၁]

ထိုသပိတ်စသည်၌ရှိသော အာမိသကို လူသာမဏေအား ပေးလိုက်လျှင် လူသာမဏေတို့က ထိုသပိတ်စသည်ကို ဆေးရာဝယ် မစင်ကြယ် သော်လည်း ထိုအာမိသအဆီအကပ်တို့ သန္နိဓိမဖြစ်၊ သို့ရာဝယ် ထိုအာမိသ အဆီအကပ် ကျန်ရှိနေသော သပိတ် ပုဂံ လဘက်ရည်ကား များ၌ ထည့်၍ နက်ဖြန်နံနက် စားသောက်လိုလျှင် ရဟန်းကိုယ်တိုင် စ၍မကိုင်ရ၊ လူသာမဏေတို့ထံ အကပ်ခံရဥုးမည်။ ထိုသို့အကပ်မခံဘဲ ကိုင်လျှင် ကိုင်သည့်အတွက် ဥဂ္ဂဟိတ (ကောက်ယူမှု) ဒုက္ကဋ်နှင့် ထိုအာမိသကို အကပ်မခံဘဲ စားရာရောက်သဖြင့် လာလတံ့ ဒန္တပေါဏသိက္ခာပုဒ်အတွက် ပါစိတ်အာပတ်သင့်လိမ့်မည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး