သင်္ဂါမဝစရဇာတ်

ဝီကီပီးဒီးယား မှ

ဒုကနိပါတ် - ၄။ အသဒိသဝဂ် -၁၈၂ - သင်္ဂါမာဝစရဇာတ်။ ။ ကြောက်ရွံ့၍ နောက်ဆုတ်ပြေးစဉ် တစ်ကြိမ်တည်း ဆုံးမအပ်သောစကားဖြင့် မြို့တံခါးကို ဖောက်ဝင်ကာ မြို့အလုံးကို သိမ်းကျုံးယူနိုင်သော မင်္ဂလာဆင်တော်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ကြင်ရာအောက်မေ့ မပျော်မွေ့[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရားညီတော် နန္ဒမထေရ်သည် ရဟန်းမပြုမီ နန်းတော်မှ သပိတ်ထမ်းကာ နောင်တော်ဘုရားနောက်သို့ လိုက်ပါသွားစဉ် ကြင်ယာတော် ဇနပဒကလျာဏီက “အရှင့်သားတော် ... လျင်မြန်စွာ ပြန်လာခဲ့ပါ” ဟု မှာထားလိုက်သော စကားကိုသာ တရေးရေးကြားကာ သာသနာတော်၌ မပျော်မွေ့ဘဲ ဇနပဒကလျာဏီကိုသာ အောက်မေ့လျက် လူထွက်လိုသော စိတ်ဖြင့်သာ နေလေ၏။ စိတ်ထောင်းတိုင်း ကိုယ်ကြေလျက် အသွေးအသား ခန်းခြောက် ပိန်ချုံးလေ၏။

ဟိမဝန္တာကြွ မျောက်မပြ[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူလျှင် နန္ဒမထေရ် နေသော ပရိဝုဏ်သို့ ကြွတော်မူကာ နန္ဒမထေရ်ကိုခေါ်၍ “ညီတော်နန္ဒ ... သာသနာတော်၌ ပျော်မွေ့ပါ၏လော” ဟု မေး၏။ “အရှင်ဘုရား .... မပျော်မွေ့ပါ၊ ဇနပဒကလျာဏီကိုသာ အောက်မေ့၍ နေပါသည်” ဟု လျှောက်ထားလေ၏။ “ညီတော်နန္ဒ ... ဟိမဝန္တာသို့ လှည့်လည်သွားလာဖူးသလော” ဟု မေး၏။ “အရှင်ဘုရား ... မသွားလာဖူးပါ” ဟု လျှောက်ထားလေလျှင် တန်ခိုးတော်ဖြင့် လက်ကိုကိုင်လျက် ခေါ်ဆောင်သွားရာ လမ်းခရီးအကြားတွင် တစ်ခုသော မီးလောင်ယာပြင်အလယ် မီးလောင်ငုတ်တိုပေါ်တွင် ထိုင်နေသော နားရွက်၊ နှာခေါင်း၊ မီးထူးစုတ်ပြတ်လျက် အမွေးအရေတွင်လည်း မီးလောင်ထားသဖြင့် ကြည့်ရှု၍မတင့်တယ်သည့် မျောက်အိုမကို မြင်တော်လူလျှင် “နန္ဒ ... မျောက်အိုမကို မြင်၏လော၊ သေသေချာချာကြည့်ထား” ဟု မိန့်တော်မူပြီးလျှင် ဟိမဝန္တာတွင် စုံလင်စွာ ပြသလေ။

နောက်တာဝတိံသာ နတ်ပြည်သို့ ခေါ်ဆောင်ကာ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ သီတင်းသုံးတော်မူလေသော် သိကြားမင်းနှင့်တကွ နှစ်ကုဋေငါးသန်း အခြံအရံရှိသော ခိုခြေအဆင်းနှင့်တူသော နတ်သမီး ငါးရာတို့သည် မြတ်စွာဘုရားအား ဖူးမြော်ရန် လာကြကုန်၏။

တာဝတိံသာကြွ နတ်သမီးပြ[ပြင်ဆင်ရန်]

ထိုအခါ မြတ်စွာဘုရားသည် နန္ဒကို နတ်သမီး ငါးရာတို့ကို ကိလေသာ၏ အစွမ်းဖြင့် အဖန်တလဲလဲ ကြည့်စေပြီးမှ “နန္ဒ ... နတ်သမီးငါးရာတို့ကို မြင်၏လော” ဟု မေး၏။ “အရှင်ဘုရား ... မြင်ပါသည်” ဟု လျှောက်၏။ “နန္ဒ ... နတ်သမီးငါးရာတို့သည် လှပတင့်တယ်ကြသလော၊ သို့မဟုတ် ဇနပဒကလျာဏီသည် လှပတင့်တယ်သလော” ဟု မေး၏။ “အရှင်ဘုရား ... ဤနတ်သမီးငါးတို့မှာ အလွန် လှပတင့်တယ်ပါသည်။ ဤနတ်သမီးငါးရာနှင့် နှိုင်းစာလျှင် ဇနပဒကလျာဏီမှာ ခရီးလမ်းကြားတွင် မြင်ခဲ့သော မျောက်အိုမနှင့် တူပါသည်” ဟု လျှောက်၏။ “နန္ဒ ... ယခုအခါ ဘယ်လိုပြုရမည်နည်း” ဟု မေး၏။ “အရှင်ဘုရား ...နတ်သမီးတို့ရအောင် ဘယ်ကောင်းမှုကို ပြုရပါသနည်း” ဟု လျှောက်ပြန်၏။ “နန္ဒ ... ရဟန်းတရားကို အားထုတ်လျှင် ရနိုင်သည်” ဟု ပြော၏။ “အရှင်ဘုရား ... မုချရမည်ဟု ဝန်ခံတော်မူလျှင် ရဟန်းတရားကို အားထုတ်ပါမည်” ဟု လျှောက်၏။ “နန္ဒ ... သင်နတ်သမီးတို့ကိုရဖို့ ငါဘုရား ဝန်ခံတော်မူမည်” ဟု မိန့်တော်မူကာ နန္ဒမထေရ်နှင့်တကွ ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူ၏။

နန္ဒမေးကာ ကဲ့ရဲ့ရှာ[ပြင်ဆင်ရန်]

နန္ဒမထေရ်သည် ဇေတဝန်ကျောင်းတော်သို့ ရောက်လျှင် ရဟန်းတရားကို အားထုတ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာကို ခေါ်တော်မူ၍ “ချစ်သား သာရိပုတ္တရာ ... ငါ့ညီတော် နန္ဒကား တာဝတိံသာနတ်ပြည် နတ်တို့အလယ်တွင် ရဟန်းတရားကို အားထုတ်လျှင် နတ်သမီးတို့ကို ရပါစေမည် ဝန်ခံခဲ့ရသည်” ဟု မိန့်တော်မူ၏။ နောက်ရှင်မောဂ္ဂလာန်၊ ရှင်မဟာကဿပ၊ ရှင်အာနန္ဒာ စသော အသီတိသာဝကတို့ကိုလည်း မိန့်တော်မူ၏။ တဖြည်းဖြည်း သံဃာ့ဘောင်ဝယ် ထိုသတင်းသည် ပျံ့နှံ့လေ၏။

ထိုအခါ ရှင်သာရိပုတ္တရာမထေရ်သည် နန္ဒမထေရ်ထံသွား၍ “ငါ့ရှင်နန္ဒ ... သင်ကား တာဝတိံသာနတ်ပြည် နတ်တို့အလယ်တွင် ရဟန်းတရားကို အားထုတ်လျှင် နတ်သမီးတို့ကို ရပါစေမည်။ မြတ်စွဘုရားကို ဝန်ခံခိုင်းသည်ဟု ကြားရသည် မှန်သလော၊ သင်နတ်သမီးတို့ကို လိုချင်၍ ရဟန်းတရားကို အားထုတ်သည်ဖြစ်ခဲ့လျှင် သင်၏မြတ်သော သီတင်းသုံးခြင်းမှာ မိန်းမနှင့်စပ်၍ ကိလေသာမှီသည် မဟုတ်ပါလော၊ သင်ကား မိန်းမကိုလိုချင်၍ အခစားပြုလုပ်နေသူနှင့် တူသည်” ဟု ပြောဆိုကာ ရှက်စေ၏။ ရှင်သာရိပုတ္တရာနည်းတူ အသီတိသာဝကတို့ကလည်း ရှက်စေကုန်၏။

ကိလေပြစ်မြင် လမ်းမှန်ထင်[ပြင်ဆင်ရန်]

နန္ဒမထေရ်လည်း မသင့်သည်ကို ငါပြုလုပ်မိသည်ဟု ရှက်ကြောက် ထိတ်လန့်ခြင်းကြောင့် ရဟန်းတရားကို အလွန်အားထုတ်ကာ ဝိပဿနာကို ပွားစေပြီးလျှင် အရဟတ္တဖိုလ်သို့ရောက်လျက် ရဟန္တာဖြစ်လေ၏။ ထိုအခါ မြတ်စွာဘုရားထံသို့သွား၍ “အရှင်ဘုရား ... အကျွန်ုပ်သည် အရှင်ဘုရားတို့ ဝန်ခံတော်မူခြင်းကို ဖြေလွှတ်ပါ၏” ဟု လျှောက်လေ၏။ “ညီတော်နန္ဒ ... သင် အရဟတ္တဖိုလ် ရောက်သောအခါ၌လျှင် ငါဘုရားသည် ဝန်ခံခြင်းမှ လွတ်၏” ဟု မိန့်တော်မူ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... နန္ဒမထေရ်ကား ဆုံးမခြင်းငှာခံ့၏။ တစ်ကြိမ်တည်းသာ ဆုံးမသဖြင့် အရှက်အကြောက်ကို ဖြစ်စေလျက် ရဟန်းတရားကို အားထုတ်ကာ အရဟတ္တဖိုလ်သို့ ရောက်စေ၏” ဟု နန္ဒမထေရ် အကြောင်းကို စကာစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူပြီးလျှင် “ရဟန်းတို့ ... နန္ဒမထေရ်သည် ယခုအခါ၌သာ ဆုံးမခြင်းငှာ ခံ့သည်မဟုတ်၊ ရှေးအခါ၌လ်း ဆုံးမခြင်းငှာ ခံ့ခဲပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

တိုင်းပြည်ယူရန် ဝိုင်းထားပြန်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဆင်းဆရာမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် ဆင်ဆရာတို့ အတတ်၌ အပြီးတတ်မြောက်ကာ ဗာရာဏသီမင်း၏ ပြည်နီးချင်းဖြစ်သော မင်းတစ်ပါးထံ ခစားလေ၏။ ထိုမင်း၏ မင်္ဂလာဆင်တော်ကို ကောင်းစွာ တတ်မြောက်အောင် သင်ကြားပေးရ၏။

တစ်နေ့သ၌ ထိုမင်းသည် မင်္ဂလာဆင်တော်ကိုစီး၍ ဆင်ဆရာနှင့်တကွ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံကာ ဗာရာဏသီပြည်ကို ယူရန်သွား၍ မြို့တော်ကို ခိုင်လုံစွာ ဝန်းရံလျက် တိုင်းပြည်ကိုပေးမည်လော၊ သို့မဟုတ် စစ်ထိုးမည်လောဟု ဗာရာဏသီမင်းထံ ရာဇသံပေးပို့လိုက်၏။

ချပ်ဝတ်ပြင်ဆင် တိုက်ပွဲဝင်[ပြင်ဆင်ရန်]

ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလည်း ရာဇသံကိုကြားလျှင် စစ်ထိုးမည်ဟု တံတိုင်း၊ ပစ္စင်၊ ရင်တား၊ တံခါး၊ တံခါးမုခ်တို့၌ စစ်သည်ဗိုလ်ပါတို့ကို တက်စေ၍ စစ်ထိုးလေ၏။

ပြည်နီးချင်းမင်းလည်း မင်္ဂလာဆင်တော်ကို ချပ်ဝတ်တန်ဆာဝတ်ဆင်စေလျက် မိမိကိုယ်တိုင်လည်း ချပ်ဝတ်တန်ဆာဝတ်ဆင်ကာ ဆင်ကျောကုန်းတွင် စီးနင်းလျက် ထက်စွာသော ချွန်းတောင်းကို ကိုင်စွဲကာ မြို့ရိုးကို ဖြိုပြီးလျှင် ရန်သူတို့ကို သတ်ဖြတ်သုတ်သင်၍ ပြည်အလုံးကို အရယူမည်ဟု မင်္ဂလာဆင်တော်ကို မြို့တော်သို့ ရှေးရှုလွှတ်တော်မူ၏။

ဆင်ကိုဆုံးမ အောင်မြင်ရ[ပြင်ဆင်ရန်]

မင်္ဂလာဆင်တော်လည်း ပွက်ရည်ပူတို့ကို လည်းကောင်း၊ ပစ်လွှတ်ထိုးခုတ်အပ်သော အထူးထူးအပြားပြား များစွာသော လက်နက်တို့ကို လည်းကောင်း မြင်လျှင် သေဘေးမှ ကြောက်ရွံ့သဖြင့် ရန်သူတို့ အနားသို့မကပ်ဝံ့ဘဲ အတင်းနောက်သို့ ဆုတ်လေ၏။ ထိုအခါ ဆင်ဆရာသည် မင်္ဂလာဆင်တော်ကို ကပ်၍ -

“အို - ဆင်မြတ် ... သင်ကား စစ်မြေပြင်ဝယ် နှိမ်နင်း၍ သွားတတ်သော ဆင်တည်း၊ ရဲရင့်သောဆင်တည်း၊ ခွန်အားကြီးသော ဆင်တည်း၊ ကျော်စောထင်ရှားသော ဆင်တည်း၊ တံခါးပေါင်သို့ရောက်မှ အဘယ်ကြောင့် နောက်သို့ ဆုတ်ဘိသနည်း၊ တံခါးကျည်ကို အောက်သို့ချလော့၊ တံခါးတိုင်ကို နုတ်လော့၊ တံခါးပေါင်ကို နင်း၍ လျင်စွာ မြို့တွင်းသို့ဝင်လော့” –

ဟု အားပေးဆုံးမလေ၏။ မင်္ဂလာဆင်တော်သည် ထိုစကားကိုကြားလျှင် တစ်ကြိမ်တည်း ဆုံးမအပ်သောစကားဖြင့် ပြန်လည်၍ တံခါးတိုင်းကို နှာမောင်းဖြင့်ရစ်ကာ မှိုကိုနုတ်သကဲ့သို့ နုတ်ပြီးလျှင် တံခါးပေါင်ကိုနင်းလျက် တံခါးကျည်ကိုချ၍ မြို့တံခါးကို ဖောက်ဝင်ကာ မြို့အလုံးကို သိမ်းကျုံးယူငင်၍ ပေးလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ထိုအခါ မင်္ဂလာဆင်သည် - ယခုအခါ နန္ဒ။

တိုင်းတစ်ပါးမင်းသည် - အာနန္ဒာ။

ဆင်ဆရာသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) တစ်ကြိမ်တည်းသာ၊ ဆုံးမရာ၊ လိုက်နာသူတော်စင်။

(၂) ဆုံးမလွယ်ရာ၊ မင်္ဂလာ၊ လွန်စွာကျိုးများဖြင်

သင်္ဂါမာဝစရဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ