ဝေလုကဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၅။ အတ္ထကာမဝဂ် -၄၃- ဝေဠုကဇာတ်။ ။ ဆရာ့စကားနားမထောင်ဘဲ ဝါးဆစ်ကျည်တောက်တွင် မြွေကိုထည့်၍ မွေးစားသဖြင့် ပျက်စီးရသောရသေ့မိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ပြောဆိုဆုံးမ လွန်ခက်လှ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးအမခက်သောရဟန်းတစ်ပါး ရှိသတတ်။ ရဟန်းတို့သည် ဆုံးမခက်သော ရဟန်းကို မြတ်စွာဘုရားထံခေါ်ဆောင်လာကြရာ မြတ်စွာဘုရားသည် “ ချစ်သား ရဟန်း ... သင်သည် ယခုအခါမှသာ အဆုံးမခက်သည်မဟုတ်၊ ရှေးအခါကလည်း အဆုံးမခက်သဖြင့် ပညာရှိတို့ ဆုံးမသော စကားကို မနာယူသည့်အတွက်မြွေကိုက်၍ သေဆုံးခြင်းသို့ ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဗုဒ္ဓလောင်းလျာဂိုဏ်းဆရာ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိတိုင်းဝယ် စည်းဥစ္စာကြွယ်ဝချမ်းသာသော အမျိုး၌ ဖြစ်၍ လိမ္မာရေးခြားသော အရွယ်သို့ ရောက်လျှင် ကာမဂုဏ်ခံးစားခြင်း၏ အပြစ်ကိုလည်းကောင်း၊ ရသေ့ရဟန်းပြုခြင်း၏ အကျိုးထူးကို လည်းကောင်းမြင်သဖြင့် ရသေ့ရဟန်း ပြုပြီးလျှင် ဟိမဝန္တာတွင် နေလေ၏။

ကသိုဏ်းပရိကံကိုလည်းစီးဖြန်းအားထုတ်၏။ မကြာမီ ဈာန် အဘိညာဉ်ကိုရ၍ ရသေ့ငါးရာ အခြံအရံရှိလျက်ဂိုဏ်းဆရာကြီး အဖြစ်သို့ ရောက်လေ၏။

ရသေ့တစ်ပါးမြွေမွေးထား[ပြင်ဆင်ရန်]

အဆိပ်ထန်သော မြွေဟောက်ငယ်တစ်ကောင်သည် မိမိ အလိုအလျော်က ကျက်စားသွားလာရာ ရသေ့တစ်ဦး ကျောင်းသို့ ရောက်လာလေ၏။ရသေ့လည်း မြွေဟောက်ငယ်ကို အလွန်ကြင်နာစွာ သားအမှတ်ဖြင့် မွေးမြူလျက် အစာကျွေး၍ဝါးလုံး ဝါးလုံးခေါင်းတစ်ခုတွင် ထားလေ၏။ ဝါးလုံးကို အစွဲပြုကာ မြွေဟောက်ကို ဝေဠုက၊ရသေ့ကိုလည်း ဝေဠုကပိတာ ဟု ခေါ်စမှတ်ပြုကြကုန်၏။

ဆုံးမပေးမူမနာယူ[ပြင်ဆင်ရန်]

ဂိုဏ်းဆရာ ရသေ့ကြီးလည်းထိုအကြောင်းကို ကြားလေလျှင် ဝေဠုကပိတာကို ခေါ်၍ “ငါ့ရှင် ... သင် မြွေဟောက်ကိုမွေးစားသည်ဆိုရာ မှန်သလော” ဟု မေးရာ၊ မှန်ပါသည် ဟု ဆိုလေလျှင် “မမွေးစားလေနှင့်၊အဆိပ်ထန်သော သတ္တဝါနှင့် အကျွမ်းမဝင်သင့်၊ တစ်နေ့နေ့တွင် သင် ဒုက္ခရောက်လိမ့်မည်” ဟုဆိုဆုံးမသော်လည်း မနာယူဘဲ မွေးစားမြဲ မွေးစားထားလေ၏။

နှစ်ရက်၊ သုံးရက်လွန်လျှင် ရသေ့တို့သည် သစ်သီးကြီး၊ ငယ် ရှာဖွေရန် တော်သို့ သွားကြကုန်၏။ဝေဠုကပိတာလည်း သားမြွေဟောက်ကို ဝါးလုံးခေါင်းတွင် ထည့်၍ လုံစွာပိတ်ထားခဲ့ပြီးလျှင် ရသေ့တို့နှင့်အတူ လိုက်လေ၏။ ရသေ့ တို့သည် နှစ်ရက်၊ သုံးရက်သစ်သီး စုဆောင်းရှာဖွေပြီးလျှင် ပြန်လာကြကုန်၏။

သာဓကပြဆိုဆုံးမ[ပြင်ဆင်ရန်]

ဝေဠုကပိတာသည်သားမြွေဟောက်ကို အစာကျွေးရန် ဝါးလုံးကို ဖွင့်၍ “ချစ်သား ... ဆာမွတ်လှပြီကော” ဟုနှုတ်ဆက်လျက် လက်ကို ဖြန့်၏။ မြွေဟောက်ငယ်လည်း နှစ်ရက်၊ သုံးရက် အစာမစားရသည့်အတွက်အမျက်ထွက်ကာ ဖြန့်ထားသော လက်ကို ကိုက်လေ၏။ ထိုအခါ ဝေဠုကပိတာသည် အသက်ဆုံးခြင်းသို့ရောက်လေ၏။ မြွေဟောက်ငယ်လည်း တောသို့ ဝင်လေ၏။

ရသေ့တို့လည်းဂိုဏ်းဆရာ ရသေ့ကြီးအား ဝေဠုကပိတာ သေကြောင်းကို ပြောကြားသဖြင့် လိုက်ခဲ့၍ ဝေဠုကပိတာ၏အလောင်းကို ဖုတ်ကြည်း သင်္ဂြိုဟ်ပြီးလျှင် တပည့် ရသေ့ အပေါင်းအား -

“ငါ့ရှင်တို့... အကျိုးစီးပွားကို လိုလားသော ဆရာသမားတို့ အဆုံးအမ ဩဝါဒစကားကို မနာယူသော သူကားဝေဠုကပိတာကဲ့သို့ သေခြင်းအဆုံးရှိသော ဒုက္ခကို ခံစားကြရမည်” –

ဟု အကြောင်းပြကာ ဆုံးမ၍ ဗြဟ္မဝိဟာရ တရားကို ပွးများလျက် သေလွန်သည့်အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဝေဠုကပိတာသည် - ယခုအခါ အဆုံးမ ခက်သော ရဟန်း။

ကြွင်းသော ပရိသတ်သည် - ဘုရားပရိသတ်။

ဂိုဏ်းဆရာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကျိုးလိုဆုံးမ၊ မနာက၊ မုချပျက်စီးမြဲ။

(၂) မြွေဟောက်ချမ်ကျွမ်း၊ ရသေ့သွမ်း၊ သေလမ်းဝင်ရန်။

ဝေဠုကဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ