ဝေရိဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၁၁။ ပရောသတဝဂ် -၁၀၃ - ဝေရိဇာတ်။ ။ မိမိ ပိုင်စားသော ရွာငယ်တစ်ခုသို့ သွားသဖြင့် ခရီးအကြားတွင် ရန်သူ ခိုးသားဘေးမှ လွတ်မြောက်လာသော သူဌေးအကြောင်း။

ခိုးသားဘေးမှ လွတ်ခဲ့ရ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ် သူဌေးကြီးသည် မိမိစားရသော ရွာသို့ လှည်းယာဉ်ဖြင့် သွားလတ်သော် အပြန်တွင် ခရီးအကြား၌ သူခိုးတို့ကို မြင်လေ၏။

ထိုအခါ သူဌေးကြီးသည် ခရီးအကြား၌ တည်းခိုနေထိုင်ရန် မသင့်၊ သာဝတ္ထိမြို့တော် နေအိမ်သို့ အရောက် ပြန်မည်ဟု နွားတို့ကို အတင်းမောင်းနှင်ကာ ပြန်ခဲ့ရ၏။

အိမ်သို့ရောက်၍ နံနက်အခါ မြတ်စွာဘုရားထံ အဖူးမြော်သွားရင်း ထိုအကြောင်းကို လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “သူဌေးကြီး ... ရှေးအခါ၌လည်း သူခိုးတို့သည် ခရီးအကြားဝယ် ပညာရှိတို့ကိုမြင်၍ မလုယက်ဘဲ မိမိနေရာသို့သာ ပြန်လာကုန်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဘေးရန်ကင်းရ ဝမ်းမြောက်လှ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စည်းစိမ် ဥစ္စာ များစွာကြွယ်ဝသော သူဌေးကြီး တစ်ဦး ဖြစ်လေ၏။

တစ်နေ့သ၌ သူဌေးကြီးသည် မွန်မြတ်သောဘောဇဉ်ကို သုံးဆောင်ရန် ပင့်ဖိတ်သဖြင့် ရွာငယ်တစ်ခုသို့ လှည်းယာဉ်ဖြင့်သွားရာ အပြန်တွင် ခရီးအကြား၌ သူခိုးတို့ကို မြင်၍ တည်းခိုနေထိုင်ရန် မသင့်ဟု နွားတို့ကို အမြန်မောင်းနှင်ကာ အိမ်သို့ အရောက်ပြန်လေ၏။

အိမ်သို့ရောက်လျှင် မွန်မြတ်သော ဘောဇဉ်တို့ကို သုံးဆောင်ပြီး၍ မွန်မြတ်သော အိမ်ရာ၌ လျောင်းစက်ကာ ငါ့မှာ သူခိုးတို့လက်မှ လွတ်မြောက်လျက် ဘေးမရှိရာ၊ မိမိအိမ်သို့ ပြန်လာပေသည်ဟု ဆင်ခြင်အောက်မေ့သဖြင့် -

“ရန်သူတို့နေရာ၌ တစ်ရက်၊ နှစ်ရက်မျှ နေရခြင်းပင် ဆင်းရဲလှ၏။ သို့အတွက် ပညာရှိသောသူသည် ရန်သူတို့နေရာ၌ မနေထိုင်ရာ” –

ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းစကား မြွတ်ကြားလေ၏။ နောက်အခါ အသက်ထက်ဆုံး အလှူ အစရှိသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ သေလွန်သောအခါ ကံအားလျှော်စွာ လားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီ သူဌေးသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ရန်သူ့နေရာ၊ နေသူမှာ၊ လွန်စွာဆင်းရဲရ။

(၂) ပညာရှင်များ၊ သတိပွား၊ ပြောင်းသွားမနေကြ။

ဝေရိဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ