ဝိဃာသာဒဇာတ်

ဝီကီပီးဒီးယား မှ

ဆက္ကနိပါတ် - ၂။ ခရပုတ္တဝဂ် -(၃၉၃) - ဝိဃာသာဒဇာတ် တော၌ နေသော ပျော်ပါးနေသော ရသေ့ညီနောင်တို့အား စွားကြွင်းစား စကားဖြင့် အရှက်ရစေသော အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ကစားပျော်ပါး ရဟန်းများ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ကစားလေ့ရှိသော ရဟန်းတို့ကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

တောလယ်ပျော်ပါး ရသေ့များ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိကြားမင်း ဖြစ်လေ၏။ ထိုအခါ မထင်ရှားသော ကာသိကရွာဝယ် ညီနောင် ခုနစ်ယောက်တို့သည် ကာမဂုဏ်၌ အပြစ်ကိုမြင်၍ တောထွက်ကာ ရသေ့ရဟန်း ပြုကြကုန်လျက် တောအလယ်၌ ကမ္မဋ္ဌာန်းကို အားမထုတ်ကြဘဲ အများအားဖြင့် ကိုယ်လက်ကျန်းမာ ဆူဖြိုးအောင် အားထုတ်ကုန်လျက် ကစားနည်း အမျိုးမျိုးတို့ဖြင့် ကစားကာ နေကြကုန်၏။

ထိတ်လန့်စကား ကျေးပြောကြား[ပြင်ဆင်ရန်]

ထိုအခါ သိကြားမင်းသည် ရသေ့ညီနောင်တို့ကို ထိတ်လန့်စေမည်ဟု ကြံစည်လျက် ကျေးသားအဟန် ဖန်ဆင်းပြီးလျှင် ထိုအရပ်သို့သွား၍ သစ်ပင်တစ်ခု၌ နားနေလျက် -

“အချင်းတို့ … စားကြွင်းစား ဖြစ်ကုန်သော သူတို့သည် ချမ်းသာစွာ အသက်မွေးရကုန်၏၊ ထိုသူတို့သည် ယခုဘဝ၌ လည်း ချီးမွမ်းထိုက်ကုန်၏၊ တမလွန် ဘဝ၌ လည်း နတ်ပြည်၌ ဖြစ်ရကုန်၏” –

ဟု ပြောဆိုကာ ရသေ့တို့ကို ထိတ်လန့်စေ၏။

ထိုအခါ ရသေ့တို့တွင် ရသေ့တစ်ပါးသည် ကျေးသား၏ စကာကိုကြား၍ ကြွင်းသော ရသေ့တို့ကို ခေါ်ကာ -

“တစ်မိဝမ်းမှ ပေါက်ဖွားကုန်သော ပညာရှိတို့ … လူတို့ ဘာသာစကားဖြင့် ပြောဆိုသော ကျေးသား၏ စကားကို မကြားကြကုန်သလော၊ နားထောင်ကြကုန်လော့၊ ဤကျေးသားကား ငါတို့ကို ချီးမွမ်းဘိ၏” –

ဟု ပြောဆိုလေ၏။

ရသေ့များ ကျင့်ကို ကဲ့ရဲ့သို့[ပြင်ဆင်ရန်]

ထိုအခါ ကျေးသားသည် ရသေ့တို့ကို ပယ်လိုသည်ဖြစ်၍ -

“အို-ရသေ့တို့ … အကျွန်ုပ်သည် သင်တို့ကို မချီးမွမ်း၊ သားကောင်ပုပ်ကို စားသော သင်တို့သည် အကျွန်ုပ် စကားကို နားထောင်ကြကုန်၊ သင်တို့ကား တစ်ပါးသော သတ္တဝါတို့ စားကြွင်းကို စားကုန်၏၊ စားကြွင်းစား မဟုတ်ကုန်” –

ဟု ပြောဆိုပြန်၏။ အလုံးစုံသော ရသေ့တို့သည် ကျေးသား စကားကို ပြန်ကြားမေးမြန်းလို၍ -

“ကျေးသား … ရဟန်းပြု၍ ခုနစ်နှစ် ရှိပြီ၊ ဦးစွန်းရှိသော ငါတို့ကား တောအလယ်၌ ခြင်္သေ့စားကြွင်း, ကျားစားကြွင်းတို့ဖြင့်သာ မျှတကာ နေကြပါလျက် အမောင်ကျေးသားသည် ငါတို့ကို ကဲ့ရဲ့ကုန်ငြားအံ့၊ အဘယ်သူတို့ကို ချီးမွမ်းသနည်း” –

ဟု ကျေးသားအား မေးကြကုန်၏။

ရသေ့များရှက်ဖွယ် ကျေးငြင်းပယ်[ပြင်ဆင်ရန်]

ကျေးသားသည် ရသေ့တို့ကို ရှက်စေလိုသည်ဖြစ်၍ -

“အို-ရသေ့တို့ … သင်တို့သည် ခြင်္သေ့, ကျား သားရဲတို့၏ စားကြွင်းကိုစားကုန်လျက် သုံးအပ်ပြီးသော အစာဖြင့် မျှတကာ နေကြကုန်သော်လည်း စားကြွင်းစားဟု မမှတ်ကြကုန်လင့်” –

ဟု ရသေ့တို့အား ဖြေဆိုပြန်၏။ ထိုအခါ ရသေ့တို့သည် တစ်ဖန် ငါတို့ စားကြွင်းစား မဟုတ်ကုန်သော် အဘယ်သူတို့သည် စားကြွင်းစား ဖြစ်ကုန်သနည်းဟု မေးကြပြန်ကုန်၏။ ထိုအခါ ကျေးသားသည် -

“အို-ရသေ့တို့ … ရဟန်းအား လည်းကောင်း၊ ပုဏ္ဏားအား လည်းကောင်း၊ တစ်ပါးသော သူတောင်းစားအား လည်းကောင်း ပေးလှူ၍ အကြွင်းကိုစားသော သူတို့သည်သာ စားကြွင်းစား မည်ကုန်၏” –

ဟု အကြောင်းပြ၍ ဖြေဆိုလျက် ရသေ့တို့အား ရှက်စေပြီးလျှင် မိမိနေရာ တာဝတိံသာသို့ သွားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့ညီနောင် ခုနစ်ယောက်သည် - ယခုအခါ ကစားတတ်သော ရဟန်းများ။

သိကြားမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ရသေ့ရဟန်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပွားများရာ။

(၂) စား, သောက်, အိပ်လျက်၊ မြူးထူးလျက်၊ နေ့ရက် မဖြုန်းရာ။

ဝိဃာသာဒဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ