ဝါရုဏိဒူသကဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၅။ အတ္ထကာမဝဂ် -၄၇- ဝါရုဏိဒူသကဇာတ်။ ။ သေရည်ကိုဆားခတ် ရောင်းသဖြင့် သေရည် ဖျက်ဆီးသော တပည့်မိုက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

သေရည်ဆားခတ် အကြောင်းစပ်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေး၏ အဆွေခင်ပွန်းဖြစ်သော သေရည်ကုန်သည် တစ်ယောက်သည် ရှိသတတ်။ ထိုသေရည်ကုန်သည်ထက်စွာသော သေရည်ကို စီရင်၍ တပည့်တစ်ယောက်ကို အရောင်းခိုင်းကာ မိမိကား ရေချိုးရန်သွားလေ၏။

တပည့်လည်းသေရည်ရောင်းစဉ် သေအိုးတွင် ဆားတစ်ကွမ်းစားခတ်၍ သေရည်ကို ဖျက်ဆီးလေ၏။ သေရည်ကုန်သည်လာလတ်၍ ထိုအကြောင်းကိုသိလျှင် တပည့်အား “ဟယ် လူမိုက် ... သင်ကား သေရည်ကို ဆားခတ်၍ဖျက်ဆီးလေပြီ” ဟု အပြစ်တင်ကာ အနာထပိဏ် သူဌေးအား ထိုအကြောင်းကို စကားစပ်မိ၍ပြောကြားလေ၏။

အနာထပိဏ်သူဌေးလည်း စကားလက်ဆောင် ရပြီဟု နှလုံးသွင်းကာ မြတ်စွာဘုရားထံသို့သွား၍ထိုအကြောင်းကို လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “သူဌေးကြီး ... ဤသူကား ယခုအခါမှသာ သေရည်ကိုဖျက်ဆီးသည် မဟုတ်၊ ရှေးအခါကလည်း သေရည်ကို ဖျက်ဆီးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

တပည့်မိုက်ချက်သေရည်ပျက်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗာရာဏသီပြည်မှာပင် သူဌေး ဖြစ်လေ၏။ သေရည်ကုန်သည် တစ်ယောက်သည် ထိုသူဌေးကိုမှီ၍ အသက်မွေး၏။ထိုသေရည်ကုန်သည်ကား ထက်စွာသော သေရည်ကို စီရင်၍ တပည့်တစ်ယောက်ကို အရောင်းခိုင်းကာမိမိကား ရေချိုးရန် သွားလေ၏။ တပည့်လည်း သေရည် ရောင်းနေစဉ် သေရည်ဝယ်၍သောက်သောသူတို့သည် သောက်နေသော အကြားဝယ် အိမ်ဈေးမှ ဆားကိုယူစေ၍ လျက်ကြသည်ကိုမြင်လေ၏။

ထိုအခါသေရည်ရောင်းသော တပည့်သည် ဤသေရည်ဝယ် ဆားပါဟန် မတူ၊ ဆားမပါသည့်အတွက် အိမ်ဈေးမှဆားကို ယူစေ၍ လျက်ကြသည် ဖြစ်လိမ့်မည်ဟု ကြံစည်ကာ သေရည်အိုးတွင် ဆားတစ်ကွမ်းစားခတ်၍ ရောင်းလေ၏။

နောက်အခါသေရည်ဝယ်၍ သောက်သောသူတို့သည် အလွန် ဆားငန်သဖြင့် ခံတွင်း၌ရှိသော သေရည်တို့ကိုထွေးအန်ကာ ထသွားကြသဖြင့် ဝယ်သူ တစ်ဦး တစ်ယောက်မျှ မရှိလေ။

ကျိုးကြောင်းညံ့လှကဲ့ရဲ့ကြ[ပြင်ဆင်ရန်]

သေရည်ကုန်သည်သည် လာလတ်၍သေရည် ဝယ်သောက်သူ တစ်ဦးတစ်ယောက်မျှ မမြင်လျှင် တပည့်အား “အမောင် ... သေရည်ဝယ်သောက်သူတို့ ဘယ်သွားကုန်သနည်း ” ဟု မေး၏။ ထိုအခါ တပည့်က “အရှင် ... သေရည်တွင်ဆားခတ်၍ ရောင်းသည့်အတွက် အလွန် ဆားငန်နေသဖြင့် မသောက်နိုင်၍ သွားကြပြီ” ဟုအကြောင်းစုံ ပြောကြားလေ၏။ သေရည်ကုန်သည်လည်း ထိုအကြောင်းသိလျှင် ဘုရားအလောင်းသူဌေးအား ပြောကြားလေ၏။ ထိုအခါ သူဌေးသည် လူအပေါင်းအား -

“အမောင်တို့... သေရည်ကို ဆားခတ်၍ ဖျက်ဆီးသော သေရည်ကုန်သည် တပည့်ကို ကြည့်ရှုကြကုန်လော့၊အကျိုးရှိသည်၊ မရှိသည်၌ မသိ မလိမ္မာသော သူမိုက်သည် အကျိုးစီးပွား ဖြစ်ထွန်းအောင်ဆောင်ရွက်သော်လည်း အကျိုးစီးပွား မဖြစ်ထွန်းနိုင်၊ ဆုတ်ယုတ် ပျက်ဆီးခြင်းသာဖြစ်ရသည် -

ဟု သေရည်ကို ဆားခတ်၍ ဖျက်ဆီးသောသေရည်ကုန်သည် တပည့်ကို ပြစ်တင်ကဲ့ရဲ့ကာ အဆုံးအမစကား ပြောကြားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သေရည်ကို ဖျက်ဆီးသူသည် - ယခုအခါလည်း သေရည်ကို ဖျက်ဆီးသူ။

သူဌေးသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

[ပစ္စုပ္ပန်နှင့် အတိတ် ဝတ္ထုသွားချင်း တူနေ၍ အတိတ်မှာ ချုံးလိုက်သည်။]

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) အကျိုးရှိမှု၊ မရှိမှု၊ သိမှု အရင်းတည်။

(၂) သူမိုက်အားခဲ၊ ကျိုးပြုလဲ၊ ကျိုးနဲပျက်စီးသည်။

(၃) သေကိုဆားစွက်၊ အကျိုးဖျက်၊ မှတ်ချက် ထုံးတစ်မည်။

ဝါရုဏိဒူကဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ