ဝရုဏဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၈။ ဝရုဏဝဂ် -၇၁ - ဝရုဏဇာတ်။ ။ ပျင်းရိ၍ လုံ့လနည်းသဖြင့် သစ်ပင် အစိုကို ထင်းချိုးမှား၍ မျက်စိ ပျက်စီး ရသော လုလင်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ကျေးဇူးမသိတတ် ဒေဝဒတ်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့နေ အဆွေခင်ပွန်း သုံးကျိပ်တို့သည် မြတ်စွာဘုရားထံ တရားတော်နာ၍ အကျွတ်တရားရကာ သာသနာတော်၌ ရဟန်းပြုကြကုန်၏။ ထိုသုံးကျိပ် အဝင်အပါ ကုဋမ္ဗိကပုတတိဿ မထေရ်ကား ပျင်းရိ၏။ ရသရုံ၌ တပ်စွန်း၏။

ထိုသုံးကျိပ်သော ရဟန်းတို့သည် ဆရာဥပဇ္ဈာယ်တို့ထံ ငါးနှစ် လုပ်ကျွေးပြီးလျှင် ခွင့်ပန်ကာ ရဟန်းတရား အားထုတ်ကြရန် မြတ်စွာဘုရားထံ ကမ္မဋ္ဌာန်းယူ၍ သွားကြရာ ကောသလတိုင်း ပစ္စန္တရာဇ်ရွာတစ်ခု၌ ဝါကပ်လျက် ကမ္မဋ္ဌာန်းကို အားထုတ်ကြကုန်၏။ ကုဋမ္ဗိကပုတတိဿ မထေရ်ကား ပျင်းရိ၍ ကမ္မဋ္ဌာန်းကို အားမထုတ်လိုသဖြင့် ရဟန်းတို့ကို ပို့ပြီးလျှင် ဇေတဝန်ကျောင်းသို့ ပြန်လာခဲ့၏။

လုံ့လမရှိ ကုဋမ္ဗိ[ပြင်ဆင်ရန်]

ကြွင်းသော မထေရ်တို့သည် ဝါတွင်း၌ ကြိုးကြိုးစားစား ကမ္မဋ္ဌာန်း တရားကို အားထုတ်ကြသည် ဖြစ်၍ အရဟတ္တဖိုလ်သို့ ရောက်ကာ ရဟန္တာ ဖြစ်ကြကုန်၏။ ဝါကျွတ်သောအခါ မြတ်စွာဘုရားထံ အဖူးမြော်လာကြ၍ မိမိတို့ ရအပ်သော ဂုဏ်ကျေးဇူးကို လျှောက်ကြလျှင် မြတ်စွာဘုရားသည် ရဟန်းတို့ကို ချီးမွမ်းတော်မူ၏။ ရဟန်းတို့လည်း မိမိတို့ နေရာ တောကျောင်းသို့ နက်ဖြန် ပြန်မည့်အကြောင်းကို တောင်းပန် လျှောက်ထားကြပြီးလျှင် တည်းခိုရင်း ပရိဝုဏ်သို့ ပြန်လာကြကုန်၏။ ကုဋမ္ဗိကပုတတိဿ မထေရ်လည်း ရဟန်းတို့ကို ချီးမွမ်းသံ ကြားသောအခါ ငါလည်း တရားအားထုတ်တော့မည်ဟု ညဉ့်အခါ အလျင်အမြန် မနေမနား တရားအားထုတ်ရင်း ငိုက်မျဉ်းသဖြင့် လဲ၍ ပေါင်ရိုးကျိုးလျက် သည်းထန်စွာ ဝေဒနာရလေ၏။ ထိုအခါ အဆွေခင်ပွန်း ဖြစ်သော ရဟန်းတို့သည် ကုဋမ္ဗိကပုတတိဿ မထေရ်ကို လုပ်ကျွေးနေရသဖြင့် မပြန်ဖြစ်ဘဲ ရှိကုန်၏။

နောက်ထပ် မြတ်စွာဘုရားထံ အခစား ဝင်ရောက်ပြန်လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား အဘယ်ကြောင့် မပြန်ဖြစ်သနည်းဟု မေးတော်မူလျှင် ရဟန်းတို့သည် မြတ်စွာဘုရားအား ကုဋမ္ဗိကပုတတိဿ မထေရ် ပေါင်ရိုးကျိုး၍ လုပ်ကျွေးနေရသည့်အတွက် မပြန်ဖြစ်ကြောင်း လျှောက်ထားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ .... ကုဋမ္ဗိကပုတတိဿ မထေရ်ကား ယခုအခါသာလျှင် သင်တို့သွားခြင်း အန္တရာယ်ကို ပြုသည် မဟုတ်သေး၊ ရှေးအခါကလည်း ပြုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

လုံ့လကင်းကွာ အိပ်လေရာ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်ဝယ် ဘုရားအလောင်းသည် ဒိသာပါမောက္ခ ဆရာဖြစ်၍ တပည့်လုလင်ငါးရာတို့ကို အတတ်သင်ကြားလျက်နေ၏။

တစ်နေ့သ၌ တပည့်လုလင်တို့သည် ထင်းခွေရန် တောသို့ သွားကြကုန်၏။ ရောက်လျှင် အသီးအသီး ထင်းတို့ကို ရှာဖွေစုဆောင်းကြကုန်၏။ လုလင်တို့တွင် ပျင်းရိသော လုလင်တစ်ယောက်ကား အနီးရှိ ခံတက်ပင်ကြီးကို မြင်သဖြင့် ဤခံတက်ပင်ကြီးကား ခြောက်သွေ့သော သစ်ပင်ကြီး ဖြစ်သည်၊ တစ်ရေးလောက် အိပ်ဦးမည် နိုးမှ အသာတက်၍ အကိုင်းတို့ကို ချိုးယူမည်ဟု ကြံစည်ကာ အပေါ်လွှမ်းတဘက်ကို ခင်း၍ အိပ်လေလျှင် ကျီးသံကဲ့သို့ ဟောက်လျက် အိပ်မောကျကာနေလေ၏။

ဝီရိယကင်းလတ် ဘေးထိတတ်[ပြင်ဆင်ရန်]

ကြွင်းသော လုလင်တို့သည် ရှာဖွေစုဆောင်းရသော ထင်းတို့ကို စည်းနှောင်ပြီးလျှင် ထမ်းပိုး၍ သွားကြသောအခါ အိပ်ပျော်နေသော လုလင်ကို ခြေနှင့်ကန်ကာ နှိုး၍ သွားကြကုန်၏။ ပျင်းရိလှသော လုလင်လည်း အိပ်ရာမှ အမြန်ထ၍ မျက်စိတို့ကို ပွတ်သပ်ပြီးလျှင် အိပ်ချင်မပြေ မှုန်တေတေနှင့် ခံတက်ပင်ကြီးသို့ တက်၍ ခံတက်ကိုင်းတို့ကို ချိုးလတ်သော် ကျိုးသော ခံတက်ကိုင်း အစွန်းတစ်ဖက်ဖြင့် မျက်စိကို ထိုးမိ၍ ကန်းလေ၏။ ထိုအခါ ပျင်းရိသော လုလင်သည် လက်တစ်ဖက်ဖြင့် မျက်စိကိုပိတ်၍ လက်တစ်ဖက်ဖြင့် ခံတက်ကိုင်းကို ချိုးပြီးလျှင် သက်ဆင်းကာ ခံတက်သား တို့ကို စည်း၍ ထမ်းပိုးလျက် လျင်မြန်စွာလိုက်၍ ရောက်လျှင် လုလင်တို့ ချထားသော ထင်းပုံတွင် အပေါ်ကထပ်၍ ချလေ၏။

လူပျင်းပြုချက် အကျိုးပျက်[ပြင်ဆင်ရန်]

ထိုနေ့ကား ဇနပုဒ်ရွာမှ အမျိုးတစ်ဦးသည် နက်ဖြန် ပုဏ္ဏားတို့ကို ဗေဒင်ရွတ်ဖတ် သရဇ္ဈာယ်စေပါဟု ဆရာကြီးထံ ပင့်ဖိတ်ထားသောနေ့ ဖြစ်၏။ ဆရာကြီးလည်း တပည့်လုလင်တို့အား “အမောင်တို့ ... နက်ဖြန် မည်သည့် ဇနပုဒ်ရွာ မည်သည့်အမျိုးအိမ်မှာ ဗေဒင်ရွတ်အံ သရဇ္ဈာယ်ရန် သွားကြရမည်၊ အစားမစားဘဲ သွားနိုင်ကြမည် မဟုတ်၊ သို့အတွက် နံနက်စောစော ယာဂုကျို၍ သောက်ပြီးလျှင် သွားကာ ဗေဒင်ရွတ်ဖတ် သရဇ္ဈာယ်၍ မိမိတို့ရအပ်သော အစုတို့ကို ယူဆောင်ပြီး ပြန်ခဲ့ကြ” ဟု စေခိုင်းထားလေ၏။

လုလင်တို့လည်း စောစောထ၍ ယာဂုကျိုရန် ကျွန်မကို နှိုးကာ မြန်မြန်ယာဂုကျိုပါဟု စေခိုင်းကြကုန်၏။ ကျွန်မလည်း ထင်းယူသည်ရှိသော် အပေါ်ဆုံးက ပျင်းရိသော လုလင်ထားသော ခံတက်သားအစိုတို့ကို ယူကာ မီးမွှေး၏။ ဘယ်လိုပင် လေဖြင့် အဖန်ဖန် မှုတ်သော်လည်း ခံတက်သား အစိုဖြစ်၍ မီးမတောက်နိုင်လေ။ ယာဂု မကျက်မီ နေထွက်ခဲ့၏။ လုလင်တို့လည်း ယခုအခါ နေမြင့်လှပြီ၊ မသွားနိုင်ကြောင်းကို ဆရာ့ထံသို့လာ၍ ပြောကြားကြကုန်၏။

သက်သေတင်ပြု ဆုံးမမှု[ပြင်ဆင်ရန်]

ဆရာကြီးလည်း “ အမောင်တို့ ... ယခု မသွားကြလေသးဘူးလော ” ဟု မေးလေ၏။ “ဟုတ်ကဲ့ မသွားကြသေးပါ” ဟု ဆိုသောအခါ “ဘာကြောင့် မသွားကြသေးသနည်း” ဟု မေးပြန်လျှင် တပည့်တို့သည် ဆရာကြီးအား ပျင်းရိသောလုလင် အိပ်ရာမှနိုး၍ ခံတက်စိုထင်း ချိုးသည်မှစ၍ မီးမတောက်နိုင်သည့်တိုင်အောင် ပြောကြားကာ သွားခြင်းအန္တရာယ် ဖြစ်ရပုံ အလုံးစုံကို ပြောကြားကုန်၏။

ထိုအခါ ဆရာကြီးသည် ပျင်းရိသောလုလင်အကြောင်းကို ကြားလျှင် တပည့်တို့အား -

“အမောင်တို့ ... လောက၌ ရှေးဦးစွာ ပြုလုပ်ရမည့် အမှုကို ရှေးဦးစွာပင် ပြုလုပ်ရမည်၊ နောက်မှ ပြုလုပ်ခဲ့လျှင် ခံတက်ကိုင်းစို ထင်းကို ချိုးသော ပျင်းရိသော လုလင်ကဲ့သို့ နောက်အခါ စိုးရိမ်ပူပန်ရမည်” – ဟု ဆုံးမပြီးလျှင် ယခုလည်း မိုက်သောသူကို အမှီပြု၍ ဤသို့သဘောရှိသော လာဘ်လာဘမှ ဆုတ်ယုတ်ရသည်ဟု ထပ်မံ ဆုံးမပြန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျက်စိပျက်သော လုလင်ပျင်းသည် - ယခုအခါ ပေါင်ကျိုးသော ရဟန်း။

ကြွင်းသော လုလင်တို့သည် - ငါဘုရား ပရိသတ်။

ဒိသာပါမောက္ခ ဆရာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ရှေးဦးပြုထိုက်၊ မှုတစ်သိုက်၊ နောက်၌မပြုရာ။

(၂) နောက်ပြုလုပ်ငြား၊ လူမိုက်အား၊ မမှားစိုးရိမ်ရာ။

ဝရဏဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ