မောဟနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—သိလျက်အပြစ်ကိုပြုပြီးနောက် မသိ၍ ပြုမိဟန်ဆောင်မှု။

အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ၊

ဆဗ္ဗဂ္ဂီများ ဉာဏ်[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းများသည် ဝိနည်းနှင့် မလျော်သော အမှုကို ပြုကြ၏၊ [လောက၌ မသိလို့ အပြစ်ပြုမိသူကို ပတ်ဝန်းကျင်က သိပ်ပြီး အထင်မသေးလှ၊ သိလျက် အပြစ်ပြုသူကိုသာ အထင်သေးကြ အပြစ်တင်တတ်ကြလေသည်။] ထိုထုံးစံကို နားလည်ပြီးသော ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဥပုသ်ပြုသောအခါ၌ ပါတိမောက်ကို ရွတ်ဆိုရာတွင် သူတို့ ပြုမိသော အပြစ်မျိုးကို မပြုလုပ်ကောင်းကြောင်း ညွှန်ပြသော သိက္ခာပုဒ်သို့ရောက်လေလျှင် “ဟင်...ခုမှသိရတယ်၊ ဤသိက္ခာပုဒ်လဲ တလခွဲ တကြိမ်ကျ ပါတိမောက် ရွတ်ပြရာတွင် ပါဝင်သကိုး”ဟု ပြောဆိုကာ မသိဟန်ဆောင်ကြလေသည်။ [၁]

မောဟန ကံပြုပုံ[ပြင်ဆင်ရန်]

သူက မသိဟန် ဆောင်သော်လည်း ရှေးအလျင် ပါတိမောက်ရွတ်ပြစဉ်က (ဥပုသ်ပြုစဉ်က) ၂-ခါ ၃-ခါထက် မနည်း ပါဝင်ဘူးကြောင်းကို အများလည်း သိနေအံ့၊ ယခုအကြိမ်မှ ပါတိမောက်ကို ပဌမကြားနာရသူမဟုတ်၊ ရှေးဥပုသ်နေ့များ တုန်းကလည်း ၂-ခါ ၃-ခါ ကြားနာဘူးပြီ ဟူလို၊] ထိုသို့ ရှေးကလည်း ကြားဘူးပါလျက် ယခုမှ ကြားသိရလေဟန်ဆောင်သူကို မောဟနကံသို့ တင်ရမည်၊ “မောဟနကံသို့တင်’ဆိုသည်ကား မသိဟန်ဆောင်သူအား ပြုအပ်သောကံကို သံဃာ့အလယ်မှာ ဉတ်ကမ္မဝါစာဖြင့် ရွတ်ဆို၍ မောဟနကံ (မသိဟန်ဆောင်သူအား ပြုအပ်သောကံ)ပြုရမည်-ဟုဆိုလိုသည်။ မောဟနကံ မပြုမီက မသိဟန်ဆောင်မှုကြောင့် ဒုက္ကဋ်အာပတ်သာ သင့်၏၊ မောဟနကံ ပြုပြီးနောက်မှ ထပ်၍ မသိဟန်ဆောင်လျှင်ကား ဤသိက္ခာပုဒ်အရ ပါစိတ် အာပတ်သင့်၏။[၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယော ပန ဘိက္ခု အနွဒ္ဓမာသံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေယျ ‘‘ဣဒါနေဝ ခေါ အဟံ ဇာနာမိ, အယမ္ပိ ကိရ ဓမ္မော သုတ္တာဂတော သုတ္တပရိယာပန္နော အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတီ’’တိ။ တဉ္စေ ဘိက္ခုံ အညေ ဘိက္ခူ ဇာနေယျုံ နိသိန္နပုဗ္ဗံ ဣမိနာ ဘိက္ခုနာ ဒွတ္တိက္ခတ္တုံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ, ကော ပန ဝါဒေါ ဘိယျော, န စ တဿ ဘိက္ခုနော အညာဏကေန မုတ္တိ အတ္ထိ, ယဉ္စ တတ္ထ အာပတ္တိံ အာပန္နော, တဉ္စ ယထာဓမ္မော ကာရေတဗ္ဗော, ဥတ္တရိ စဿ မောဟော အာရောပေတဗ္ဗော ‘‘တဿ တေ, အာဝုသော, အလာဘာ, တဿ တေ ဒုလ္လဒ္ဓံ, ယံ တွံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေန သာဓုကံ အဋ္ဌိံ ကတွာ မနသိ ကရောသီ’’တိ, ဣဒံ တသ္မိံ မောဟနကေ ပါစိတ္တိယံ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ရဟန်းသည် အစဉ်အားဖြင့် လခွဲတိုင် ပါတိမောက် ရွတ်ပြအပ်သော် ဤသို့ ပြောဆိုအံ့၊ (အဘယ်သို့ ပြောဆိုရာသနည်း) “ယခုမှသာ တပည့်တော် သိရတယ်၊ ဤသိက္ခာပုဒ် တရားတော်သည်လည်း ပါတိမောက် ပါဠိတော်၌လာသည်။ ပါတိမောက် ပါဠိတော်၌ အကျုံးဝင်သည်ဖြစ်၍ လခွဲတိုင်းရွတ်ပြအပ်သည်၏ အဖြစ်သို့ ရောက်သကိုး”ဤသို့ ပြောဆိုအံ့၊ ထိုရဟန်းကို အခြားရဟန်းတို့က ဤရဟန်းသည် ၂-ကြိမ် ၃-ကြိမ် ပါတိမောက်ရွတ်ပြအပ်စဉ် ဥပုသ်ပြုသံဃာတွင် ပါဝင်နေထိုင်အပ်ဘူးသည်ကို အကယ်၍ သိကုန်အံ့၊ ၂-ကြိမ် ၃-ကြိမ်ထက်အလွန် ပါဝင်ဘူးမူကား ပြောဘွယ်မရှိတော့ချေ။ [၁]

ဆက်ဥုးအံ့[ပြင်ဆင်ရန်]

ထိုရဟန်းမှာ မသိဟန်ဆောင်ခြင်းကြောင့် အာပတ်မှ လွတ်ခွင့်မရှိ၊ ထိုသိက္ခာပုဒ် လွန်ကျူးခဲ့ရာ၌ အကြင်အာပတ်သို့ ရောက်ပြီ ထိုအာပတ်ကိုလည်း ဝိနည်းသိက္ခာပုဒ်မှာ ပါသော အခြင်းအရာအားဖြင့် ကုစားစေထိုက်၏၊ ထို့ထက် တိုးတက်၍လည်း ထိုရဟန်း၏ အပေါ် မောဟကံတင်ရမည်၊ (အဘယ်သို့ ကဲ့ရဲ့ပြီး၍ တင်ရမည်နည်း) “ငါ့ရှင် အကြင်သင်သည် ပါတိမောက်ရွတ်ပြအပ်စဉ် ကောင်းမွန်စွာအကျိုးရှိသည် ကိုပြု၍ နှလုံးမသွင်း, ထိုသင်သည် ဒိဋ္ဌဓမ္မိက သမ္ပရာယိက လာက်တို့ကိုမရအပ် လေကုန်စွ၊ ထိုသင်သည် ကံကောင်းထောက်မသဖြင့် ရအပ်သောလူ အဖြစ်ကို အရမတော်လေစွ” ဤသို့ကဲ့ရဲ့ပြီး၍ မောဟကံသို့ တင်ရမည်၊ ထိုမသိဟန်ဆောင်သော ပုဂ္ဂိုလ်၌ ဤပါစိတ်အာပတ် သင့်သည်။ [၁]

မှတ်ချက်[ပြင်ဆင်ရန်]

“မသိဟန်မဆောင်ခင်က ကျူးလွန်မိသောအာပတ်ကို ဝိနည်းတရားတော်အတိုင်း ကူစားရမည်” ဟူရာ၌ မေထုန်မှီဝဲခြင်း, သူ့ဥစ္စာ ခိုးခြင်း စသောပါရာဇိကကို ပြုမိလျှင် လူထွက်စေရမည်၊ သံဃာဒိသေသ်စသော အာပတ်ကို ကျူးလွန်မိလျှင်လည်း သံဃာဒိသေသ်စသည့် ထုံးစံအတိုင်း ကုစားစေရမည်။ မသိဟန်ဆောင်သည့်အတွက် သင်ပြီးသောအာပတ်မှလည်း လွတ်လပ်သက်သာခွင့်မရ ဟုမှတ်။ [၁]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး