မဟာကပိဇာတ်

ဝီကီပီးဒီးယား မှ

သတ္တကနိပါတ် - ၂။ ဂန္ဓာရဝဂ် -(၄၀၇) - မဟာကပိဇာတ် မိမိကိုယ်ကို နွယ်ကြိုးဖြင့်ချည်လျက် မျောက်အပေါင်းကို ဘေးရန်မှ လွတ်စေသော မျောက်မင်းနှင့် မျောက်မင်းအပေါ် အမြင့်ပေါ်မှ ခုန်ချသော မျောက်ယုတ်မာတို့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဆွေမျိုးအတွက် ကျင့်ကြံလျက်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် မြတ်စွာဘုရား၏ ဆွေတော်မျိုးတော်တို့ အကျိုးငှာ ကျင့်ခြင်းအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … ငါဘုရားသည် ယခုအခါ၌ သာ ဆွေတော် မျိုးတော်တို့၏ အကျိုးကို ကျင့်သည် မဟုတ်၊ ရှေးအခါ၌ လည်း ကျင့်တော်မူဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

သရက်ပင် မှီစား မျောက်အများ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မျောက်မျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် လုံးရ်သဏ္ဌာန် အားအစွမ်းနှင့် ပြည့်စုံ၏။ ဆင်ပြောင်းငါးစီးအားကို ဆောင်နိုင်၏။ မျောက်ရှစ်သောင်း အခြံအရံ ရှိသည်ဖြစ်၍ ဟိမဝန္တာ၌ နေ၏။ ဂင်္ဂါမြစ်အနီးဝယ် အခက်အရွက်နှင့်ပြည့်စုံ၍ တောင်ထွက်ကဲ့သို့ ကြီးမားသော သရက်ပင်ကြီး(ပညောင်ပင်ကြီး … ဟူ၍ လည်း ဆိုကြသည်)လည်း တည်ရှိ၏။ ထိုသရက်ပင်ကြီး၌ နတ်၌ ဖြစ်သော အနံ့အရသာနှင့်ပြည့်စုံသော အသီးတို့သည် ရှိကုန်၏။ ထိုအသီးတို့သည် အလွန်ကြီးသဖြင့် အချို့အိုးစရည်းပမာဏ ရှိကုန်၏။

ထိုသရက်ပင်ကြီး၌ အကိုင်းအခက်များစွာ ရှိခဲ့ရာ တစ်ခုသော အကိုင်းအခက်မှ အသီးတို့သည် ကြည်းကုန်း၌ ကျကုန်၏။ တစ်ခုသောအကိုင်းအခက်မှ အသီးတို့သည် ဂင်္ဂါမြစ်၌ ကျကုန်၏။ နှစ်ခုသော အကိုင်းအခက်တို့ အလယ်၌ ဖြစ်သော အသီးတို့သည် သစ်ပင်ရင်း၌ ကျကုန်၏။

သရက်သီးထူးများ စောင့်ရှောက်ထား[ပြင်ဆင်ရန်]

မျောက်မင်းသည် မျောက်အပေါင်းနှင့်တကွ သရက်သီးတို့ကို စား၍ နေ၏။ တစ်ပါးသော ရေ၌ ကျသော သရက်သီးကိုမှီ၍ ငါတို့အား ဘေးရန်ဖြစ်လတ္တံ့ဟုသိ၍ ရေထက်၌ ရှိသော အကိုင်းအခက်ကို အသီးတစ်လုံးမျှ မကြွင်းကျန်စေဘဲ အပွင့်မှစ၍ စားလည်း စားစေ၏။ ဆွန်ခူး၍ လည်း ပစ်စေ၏။ ဤသို့ပြုလုပ်စေငြားသော်လည်း မျောက်ရှစ်သောင်းတို့ မမြင်နိုင်သော ခါချဉ်ထုပ်အတွင်းမှ သရက်သီးမှည့် တစ်လုံးသည် မြစ်ရေ၌ ကြွေကျလေ၏။

ရသာထူးကဲ သရက်သီးစွဲ[ပြင်ဆင်ရန်]

ထိုသရက်သီးသည် မြစ်ရေစုန်၌ မျောလတ်သော် မြစ်၏ အထက်အောက်၌ ကွန်ဖြင့်ဖွဲ့ကာ ရေကစားနေသော ဗာရာဏသီမင်းကြီး၏ အထက်၌ ဖွဲ့သော ကွန်၌ မိလေ၏။ မင်းကြီး ရေကစားပြီး၍ တံငါတို့သည် ရေထဲမှ ကွန်ကို ဖော်လတ်သော် သရက်သီးကြီးကို ရသဖြင့် မင်းကြီးအား ဆက်သကုန်၏။ မင်းကြီးသည် ဤအသီးကား မည်သည့်အသီးနည်းဟု မေးသော်လည်း မသိကြကုန်။ မုဆိုးတို့ကို ခေါ်၍ မေးပြန်သော် သရက်သီး ဖြစ်ကြောင်း လျှောက်ထားကြကုန်၏။ မင်းကြီးသည် ဋ္ဌားငယ်ဖြင့်ခွဲ၍ မုဆိုးတို့ကို ရှေးဦးစွာ စားစေ၏။ နောက်မှ မိမိ သုံးဆောင်တော်မူ၏။ နောက်မှ မောင်းမများနှင့် အမတ်ကြီးများ နည်းနည်းစီ စားစေ၏။ သရက်သီး အရသာသည် စားလျှင် စားချင်း မင်းကြီး၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်လေ၏။

မင်းကိုယ်တိုင်ရောက် သရက်ပင်စောင့်[ပြင်ဆင်ရန်]

မင်းကြီးသည် သရက်သီး အရသာ၌ အလွန် တပ်နှစ်သက်သဖြင့် သရက်ပင်ရှိရာ အရပ်ကို မုဆိုးတို့ကို မေးလေ၏။ မုဆိုးတို့လည်း မင်းကြီးအား ဟိမဝန္တာအရပ် ဂင်္ဂါမြစ်အနီး၌ ရှိကြောင်းကို လျှောက်ထားကြကုန်၏။ မင်းကြီးသည် မုဆိုးတို့ကို လမ်းညွန်ပြစေလျက် လှေဖောင်တို့ကို ဖွဲ့၍ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် မြစ်ညာသို့ ဆန်တက်၍ သွားလေ၏။ သရက်ပင်သို့ရောက်လျှင် မုဆိုးတို့သည် ညွန်ပြကြကုန်၏။ မင်းကြီးသည် လှေဖောင်တို့ကို မြစ်ကမ်း၌ ထားခဲ့၍ သရက်ပင်ရှိရာအရပ်သို့ သွားပြီးလျှင် သရက်ပင်အောက်တွင် အိပ်လျက် သရက်သီးတို့ကို စားလေ၏။ ညဉ့်အခါ၌ မီးညှိထွန်း၍ အရပ်လေးမျက်နှာတို့၌ အစောင့်အရှောက်တို့ကို ထား၏။

မျောက်မင်းသည် ညဉ့်အခါ လူတို့အိပ်ပျော်စဉ် မျောက်ရှစ်သောင်းနှင့်တကွ သရက်ပင်သို့သွား၍ သရက်သီးတို့ကို စား၏။ မင်းကြီး နိုး၍ လေးသမားတို့ကို ခေါ်ပြီးလျှင် “အမောင်တို့ … မျောက်တို့ မပြေးနိုင်အောင် စောင့်ကြကုန်၊ နက်ဖြန် သရက်သီးနှင့် မျောက်တို့ကို စားမည်” ဟု အမိန့်ပေးလေ၏။ လေးသမားတို့လည်း လေးမြားတို့ကို အသင့်ပြင်ကာ စောင့်၍ နေကြကုန်၏။

မျောက်မင်းကြံပြု ကယ်ဆယ်မှု[ပြင်ဆင်ရန်]

မျောက်တို့သည် လေးသမားတို့ စောင့်နေသည်ကို မြင်လျှင် သေဘေးမှ ကြောက်သဖြင့် မျောက်မင်းထံကပ်၍ လေးသမားတို့ စောင်းနေကြောင်း ပြောကြားကုန်၏။ မျောက်မင်းလည်း အမောင်တို့ မကြောက်ကြလင့်၊ ငါသည် သင်တို့အား အသက်ကို ပေးမည်ဟု ပြောဆိုကာ ဖြောင့်ဖြောင့်တက်သော သစ်ကိုင်းသို့တက်၍ အဖျားသို့ရောက်လျှင် မည်မျှလောက် ကွားဝေးသည်ဟု တိုင်းထွာရင်း ခုန်ချရာ လေးအပြန်တစ်ရာ ဝေးကွာသော ဂင်္ဂါတစ်ကမ်းရှိ ချုံတစ်ခုအထက်၌ ကျလေ၏။ ချုံမှ ဆင်းသက်ပြီးလျှင် ခုန်ချရာအရပ်ကား မည်မျှလောက် ဝေးသည်ဟု တိုင်းထွားပြီး ဖြစ်၍ ကြိမ်နွယ်တစ်ခုကို ဖြတ်၍ ယူပြီးလျှင် ဤမျှသည် ကောင်းကင်ထက်၌ တည်လိမ့်မည်၊ ဤမျှသည် သစ်ပင်အမြင့်၌ တည်လိမ့်မည်ဟု နှစ်ပါးသော အရပ်ကိုသာ မှတ်၍ မိမိခါးတွင် ဖွဲ့ချည်ရာအရပ်ကို မမှတ်မိ သတိမရချေ။

အမျိုးဘေးကင်းမှု တံတားပြု[ပြင်ဆင်ရန်]

မျောက်မင်းသည် ကြိမ်နွယ်ကို ယူ၍ အစွန်းတစ်ခုကို ခိုင်ခံ့သော သစ်ပင်တစ်ခု၌ ဖွဲ့ချည်လျက် အစွန်းတစ်ခုကို မိမိခါး၌ ဖွဲ့ချည်ပြီးလျှင် လေဖြင့်ဖြတ်သော တိမ်တိုက်ကဲ့သို့ သရက်ပင်ကြီးသို့ ခုန်တက်လေ၏။

ထိုအခါ မိမိခါးတွင်ချည်သော အရပ်ကို မမှတ်မိ သတိမရသောကြောင့် ကြိမ်နွယ် တိုနေသဖြင့် သရက်ပင်ကြီး၏ အကိုင်းကို တိုက်ရိုက် မချည်နိုင်တော့ဘဲ ကိုယ်တစ်ပြန်စာမျှ ဝေးကွာနေရကား သရက်ကိုင်းကို လက်နှစ်ဖက်တို့ဖြင့် မြဲမြဲစွာ ကိုင်ထားလျက် မိမိကိုယ်ပါဆက်၍ တံတားခင်းထားသည့်အလား ဖြစ်နေသဖြင့် အသက်ကို စွန့်ကာ မျောက်အပေါင်းကို မိမိကျောပေါ်က လျှောက်၍ ကြိမ်နွယ်တန်းဖြင့် ပြေးကြရန် အမိန့်ပေးလေ၏။

အပေါင်းလွတ်ဘိ မျောက်မင်းမိ[ပြင်ဆင်ရန်]

မျောက်တို့လည်း မျောက်မင်းကို ရှိခိုး ကန်တော့ကုန်လျက် ကျောပေးကလျှောက်၍ ကြိမ်နွယ်တန်းဖြင့်ပြေးကာ ဂင်္ဂါမြစ်တစ်ဖက်သို့ ကူးသဖြင့် အသက်ချမ်းသာရာ ရကြကုန်၏။ ထိုအခါ မျောက်ရှစ်သောင်းတို့တွင် အပါအဝင်ဖြစ်သော ဒေဝဒတ်အလောင်း မျောက်သည် ဤအခါ ငါ့ရန်သူ ပျက်စီးသည်ကို မြင်ရတော့မည်ဟု နှလုံးသွင်းလျက် ရိုးရိုးမလျှောက်ဘဲ မြင့်သောသစ်ကိုင်းသို့တက်၍ မျောက်မင်း ကျောပေါ်သို့ တအား ခုန်ချကာ ဖယ်သွားလေ၏။

မျောက်မင်းလည်း ထိုဒဏ်ရာဖြင့် နှလုံးကွဲလျက် သည်းထန်စွာသော ရောဂါဝေဒနာသို့ရောက်၍ အဖော်မရှိ တစ်ကောင်တည်းသာ ကျန်ရစ်လေ၏။

မျောက်မင်းစေတနာ ကြည်ညိုစွာ[ပြင်ဆင်ရန်]

ဗာရာဏသီ မင်းကြီးသည် မအိပ်ဘဲ မျောက်တို့ ပြုလုပ်သော အမူအရာ အလုံးစုံကိုမြင်၍ ဤမျောက်ကြီးကား မိမိအသက်ကိုပင် မမာဏမထားဘဲ ပရိသတ်ကို ချမ်းသာအောင် ပြုပေသည်ဟု ကြံစည်လျက် အိပ်လေ၏။ အိပ်ရာမှနိုး၍ မိုးလင်းလတ်သော် မျောက်မင်းကို အလွန်နှစ်သက် ကြည်ညိုသဖြင့် မျောက်မင်းကို သတ်ရန်မသင့်၊ ဥပါယ်တံမျဉ်ဖြင့် သက်သာရာရစေ၍ လုပ်ကျွေးမည်ဟု မြစ်တွင်း၌ ဖောင်ကိုထားကာ ဖော်ပေါ်၌ ငြမ်းဆင်ပြီးလျှင် မျောက်မင်းကို ဖြည်းညင်းသာယာစွာ ချစေ၍ ကျောကုန်း၌ ဖန်ရည်ဖြင့် ကျပ်ထုပ်ထိုး၍ ရေကို သောက်စေပြီးလျှင် သွေ့ခြောက်သေကိုယ်ကို အကြိမ်တစ်ထောင်ချက်သော ဆီဖြင့် လိမ်းကျံဆုပ်နယ်စေလျက် အိပ်ရာအပြင်ဝယ် နူးညံ့သော သိုးရေကို ခင်းစေ၍ အိပ်စေပြီးလျှင် မိမိမူကား နိမ့်သော နေရာ၌ နေလျက် -

“အို-မျောက်မင်း … အသင်ကား ကိုယ်တိုင် တံတားပြု၍ ဤမျောက်တို့ကို အသက်ဘေးမှ ချမ်းသာအောင် ကူးသွားစေ၏၊ သင်သည် ထိုမျောက်တို့နှင့် အဘယ်သို့ တော်စပ်သနည်း၊ ထိုမျောက်တို့လည်း သင်နှင့် အဘယ်သို့ တော်စပ်သနည်း” –

ဟု မျောက်မင်းကို မေးမြန်းလေ၏။

ကယ်ဆယ်မှုလုံ့လ မင်းပြောပြ[ပြင်ဆင်ရန်]

မျောက်မင်းလည်း မင်းကြီး စကားကို ဖြေကြားလိုသည် ဖြစ်၍ -

“ရန်သူကို နှိမ်နှင်းသော မင်းကြီး … အကျွန်ုပ်သည် မျောက်အပေါင်းကို ရွက်ဆောင်လျက် မျောက်တို့ကို အစိုးရသောမင်း ဖြစ်၏၊ သင်မင်းကြီးတို့ကို ကြောက်သဖြင့် စိုးရိမ်ခြင်း နှိပ်စက်သော မျောက်တို့၏ အကျိုးငှာ မိမိကိုယ်ကို လေးအပြန်တစ်ရာ ကွာဝေးသော အရပ်သို့ ခုန်လွှား၍ ထိုအရပ်မှ ကြိမ်နွယ်စွန်းတစ်ခုကို ခါး၌ ဖွဲ့ချည်ကာ လေကြောင့်ပြတ်သော တိမ်တိုက်ပမာ လျင်သော အဟုန်ဖြင့် ခုန်လွှားကာ သရက်ပင်သို့ ကပ်ပါ၏၊ သို့သော်လည်း သရက်ပင်သို့ မရောက်နိုင်သဖြင့် ကောင်းကင်၌ ကိုယ်ကိုဆန့်၍ လက်တို့ဖြင့် သရက်ကိုင်းကို ဆွဲထားရပါ၏။

စောင်း၌ သီအပ်သော စောင်းညှို့ကဲ့သို့ နွယ်နှင့် သရက်ကိုင်းကို ဆွဲငင်လျက်ရှိသော အကျွန်ုပ် ကိုယ်ကို မျောက်အပေါင်းတို့ ဖြေဖြင့် နင်းကုန်လျက် ချမ်းသာရာ အရပ်သို့ သွားကြကုန်၏”။

မျောက်မင်း ဆုံး မသေဆုံးရ[ပြင်ဆင်ရန်]

အကျွန်ုပ်သည် မျောက်တို့ မင်းအဖြစ်ကို ပြုအပ်ပြီ၊ ထိုမျောက်တို့၏ ချမ်းသာရာကို ပြုလုပ်အပ်ပြီ၊ ထိုကြောင့် ကြိမ်နွယ်ဖြင့် ဖွဲ့ချည်ခြင်းသည် အကျွန်ုပ်ကို မပူပန်စေပါ၊ သတိရှိသော အကျွန်ုပ်အား သေခြင်းသည် ပူပန်စေမည် မဟုတ်ပါ။

“ရန်သူတို့ကို ဆုံးမတတ်သော မင်းကြီး … သင်မင်းကြီးအား ဤဥပမာကို ပြောဆိုအပ်ပြီ၊ ထိုဥပမာကို နာယူပါလော့၊ မင်းမည်သည် တိုင်းနိုင်ငံသူ၊ ယာဉ်စီးသူရဲ၊ စစ်သည်ဗိုလ်ပါ ရွာနိဂုံး အလုံးစုံသော သူတို့၏ ချမ်းသာကို ရှာရမည်၊ မင်းမည်သည် ဉာဏ်ပညာနှင့် ပြည့်စုံသည် ဖြစ်ရမည်”-

ဟု မင်းကြီးအား အကြောင်းအကျိုးပြ၍ ဆုံးမပြီးလျှင် သေလွန်လေ၏။

ခေါင်းခွံချီမ ပူဇော်ကြ[ပြင်ဆင်ရန်]

ထိုအခါ မင်းကြီးသည် အမတ်တို့ကို ခေါ်စေ၍ ဤမျောက်မင်း၏ အလောင်းကို “မင်း၏ အလောင်းကို သင်္ဂြိုဟ်သကဲ့သို့ သင်္ဂြိုဟ်ကုန်လော့” ဟု အမိန့်ပေးပြီးလျှင် မောင်းမ အပေါင်းကိုလည်း အဝတ်နီကို ဝတ်၍ ဆံပင်ကို ဖရိုဖရဲကြဲလျက် ဆီမီးတိုင် လက်စွဲကာ “မျောက်မင်းကို ခြံရံ၍ သုသာန်သို့ လိုက်ကြကုန်လော့”ဟု အမိန့်ပေးလေ၏။

အမတ်တို့နျင့် မင်းမောင်းမတို့လည်း မင်းကြီးအမိန့်အတိုင်း ပြုလုပ်ကြလျက် ထင်းအစည်းတစ်ရာတို့ဖြင့် မျောက်မင်း၏ အလောင်းကို မီးသင်္ဂြိုဟ်ပြီးလျှင် ဦးခေါင်းခွံကိုယူ၍ မင်းကြီးအား ဆက်သကြကုန်၏။ မင်းကြီးသည် မျောက်မင်း၏ ဦးခေါင်းခွံကို ရွှေချကာ လှံဖျား၌ ထား၍ ရှေ့တော်မှ ဆောင်ယူစေပြီးလျှင် ပန်းနံ့သာတို့ဖြင့် ပူဇော်၍ မြို့တော်သို့ ရောက်လျှင် လှံကို မင်းအိမ်တံခါး၌ ထား၍ မြို့အလုံးကို တန်ဆာဆင်ကာ ခုနစ်ရက်ပတ်လုံး ပူဇော်ပြန်၏။

ထိုနောင်မှ ဦးခေါင်းခွံဓာတ်ကိုယူ၍ စေတီတည်ပြီးလျှင် အသက်ထက်ဆုံး ပန်းနံ့သာတို့ဖြင့် ပူဇော်လျက် မျောက်မင်း၏ အဆုံးအမ၌ တည်၍ ကုသိုလ်ကောင်းမှုတို့ကို ပြုလျက် တရားသဖြင့် မင်းပြုကာ သေလွန်သည်အဆုံး၌ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ပြစ်မှားသော မျောက်သည် - ဒေဝဒတ်။

မျောက်မင်းပရိသတ်သည် - ဘုရားပရိသတ်။

မျောက်မင်းသည် - ငါဘုရား ဖြစ်လာပြီ-

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) မင်းမည်သည်ကား၊ လူအများ၊ စီးပွားဆောင်ရွက်ရာ။

(၂) စိုးရိမ်ပူဆွေး၊ အသက်ဘေး၊ ကယ်ရေးမင်းတို့တာ။

(၃) ဆွေမျိုးအတွက်၊ စွန့်အသက်၊ ဆောင်ရွက်မျောက်ပမာ။

မဟာကပိဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ