မယှကဇာတ်

ဝီကီပီးဒီးယား မှ

ဆက္ကနိပါတ် - ၂။ ခရပုတ္တဝဂ် -(၃၉၀) - မယှကဇာတ် ပုဗ္ဗစေတနာ ကောင်းမှုကြောင့် ပစ္စည်းဥစ္စာ ကြွဝချမ်းသာ၍ ပရစေတနာ ယုတ်မှုကြောင့် စည်းစိမ်း မခံစားရ၊ အစ်ကို့သားကို သတ်ခဲ့ဖူး၍ သားသမီး မရသော သူဌေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဥစ္စာနှမြောလှ အာဂန္တုက[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ အာဂန္တုက သူဌေးသည် စည်းစိမ်ဥစ္စာ အလွန်ကြွယ်ဝချမ်းသာ၏။ စည်းစိမ်ဥစ္စာတို့ကို မိမိလည်း မသုံးဆောင်၊ သူတစ်ပါးတို့အားလည်း မပေးရက်၊ ကောင်းမြတ်သော ဘောဇဉ်, အဝတ်တန်ဆာ, ယာဉ်ရထား, ရွှေထီး စသည်တို့ကို မသုံးဆောင်၊ မကောင်းသော ဆန်ကွဲ ထမင်း, ပအုန်းရည်, ပုဆိုးကြမ်း, သစ်သားလှည်း, သစ်ရွက်ထီး စသည်တို့ကို သာ သုံးဆောင်လေ့ရှိ၏။ အသက်ထက်ဆုံး တစ်စုံတစ်ခုသော ကောင်းမှုကိုမျှလည်း မပြုဖူးဘဲ သေလွန်သောအခါ ရောရုဝငရဲ၌ ဖြစ်ရလေ၏။

အခြံရနည်းမှု လျှောက်ထားပြု[ပြင်ဆင်ရန်]

ထိုအခါ ကောသလမင်းကြီးသည် အာဂန္တုကသူဌေး သေလွန်လျှင် သားသမီး အမွေခံ မရှိသဖြင့် ရှိသမျှ ပစ္စည်း ဥစ္စာတို့ကို မင်းအိမ်သို့ ခုနစ်ရက်ပတ်လုံး ဆောင်ယူ သိုမှီးစေပြီးလျှင် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မြတ်စွာဘုရားအား အာဂန္တုကသူဌေးသည် ဝန်တို၍ ဘုန်းကံနည်းပါးပါလျက် ဥစ္စာရခြင်း အကြောင်း၊ ဥစ္စာ ရှိပါလျက် မသုံးဆောင်ရခြင်း အကြောင်း၊ သားသမီး မရခြင်းအကြောင်းတို့ကို လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ကောသလမင်းကြီး … အာဂန္တုကသူဌေး၏ ဥစ္စာရခြင်း၊ မသုံးဆောင်ရခြင်း၊ သားသမီးမရခြင်းတို့ကား သူတစ်ပါးတို့ ပြုလုပ်အပ်သည် မဟုတ်၊ ထိုသူဌေး ကိုယ်တိုင်ပင် ပြုလုပ်အပ်သည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်တို့ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဥစ္စာရ၍ မသုံးဆောင်ရခြင်း[ပြင်ဆင်ရန်]

ပုဗ္ဗစေတနာ ကြည်ညိုစွာ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြ`ဟမဒတ်မင်း မင်းပြုသည်ရှိသော် ဗာရာဏသီ သူဌေးသည် သစ္စာတရား မရှိ ဝန်တို၏၊ တစ်စုံတစ်ခုသော ဝတ္ထုကိုမျှ မပေးလှူဖူးလေ၊ မည်သူ့အလိုသို့မျှ မလိုက်လေ။

ထိုသူဌေးသည် မင်းကြီးထံ ခစားသွားသည်ရှိသော် ဆွမ်းခံကြွလာသော တဂ္ဂရသိခိ မည်သော ပစ္စေကဗုဒ္ဓါကို မြင်လျှင် ရှိခိုး၍ “အရှင်ဘုရား … ဆွမ်းရပါ၏လော” ဟု လျှောက်၏။ “သူဌေးကြီး … ရလိမ့်မည်ဟူ၍ လှည့်လည်၏” ဟု မိန့်တော်မူလျှင် အှုလုပ်ယောကျ်ားအား “အမောင် …ဤပစ္စေကဗုဒ္ဓါကို ငါတို့အိမ်သို့ပင့်၍ ငါနေရာပလ္လင်၌ သီတင်းသုံးစေလျက် ငါ့အဖို့ စီရင်ထားသော ထမင်းဘောဇဉ်ကို လှူချေလော့” ဟု စေခိုင်း၏။ ထိုအခါ အမှုလုပ်ယောကျ်ားသည် ပစ္စေကဗုဒ္ဓါကိုပင့်၍ အိမ်သို့သွားကာ သူဌေးကတော်အား သူဌေးကြီး မှာလိုက်တိုင်း ပြောကြားလေ၏။ သူဌေးကတော်လည်း ပစ္စေကဗုဒ္ဓါအား မွန်မြတ်သော ဆွမ်းဘောဇဉ်ကို လှူဒါန်းလေ၏။

ဆွမ်းကိုကြည့်လျက် စေတနာပျက်

ပစ္စေကဗုဒ္ဓါသည် သူဌေးအိမ်မှထွက်၍ လမ်းလယ်သို့ ရောက်လတ်သော် မင်းကြီးအိမ်မှ ပြန်လာသော သူဌေးနှင့် တွေ့ပြန်၍ ရှိခိုးကာ “အရှင်ဘုရား … ဆွမ်းရပါ၏လော” ဟု လျှောက်လေ၏။ “သူဌေးကြီး … ရခဲ့ပါ၏”ဟု မိန့်တော်မူလျှင် သူဌေးကြီးလည်း ဆွမ်းကိုကြည့်၍ စိတ်ကြည်ညိုခြင်းငှာ မတတ်နိုင်ဘဲ “ငါသည် ဤထမင်းကို ကျွန်အမှုလုပ်တို့အား စားစေရသော် ခက်ခဲသော အမှုကိုလည်း ပြုလုပ်ကြကုန်ရာ၏၊ ငါ့အား ရှုံးလေစွတကား” ဟု အောက်မေ့ကာ ပရစေတနာ ပျက်လေ၏။

[အလှူတို့မည်သည်မှာ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ ပရစေတနာဟု သုံးမျိုးရှိရာ မလှူမီ ရှေးအဖို့ခဏ၌ ဝမ်းမြောက် ဝမ်းသာဖြစ်ခြင်းသည် ပုဗ္ဗစေတနာ၊ လှူဆဲခဏ၌ ဝမ်းမြောက်ဝမ်းသာခြင်းသည် မုဉ္စစေတနာ၊ လှူပြီးသောခဏ၌ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းသည် ပရစေတနာ ဖြစ်သည်။ လှူဒါန်းကြရာ၌ ဤစေတနာ သုံးပါးလုံး ပြည့်စုံပါမှ အလှူပြည့်စုံ၍ အကျိုးကြီးသည်။ ]

ဤအာဂန္တုက သူဌေးကား တဂ္ဂရသိခိ ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူခဲ့ဖူးသောကြောင့် စည်းစိမ်ဥစ္စာကို များစွာရရှိသည်။ ပရစေတနာ ပျက်သောကြောင့် စည်းစိမ်ဥစ္စာ ရရှိသော်လည်း မသုံးဆောင် မခံစားရလေ။

သားသမီး မရခြင်း[ပြင်ဆင်ရန်]

အစ်ကို စွန့်သွား စည်းစိမ်များ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် မိဘ သေလွန်သဖြင့် ပစ္စည်းဥစ္စာတို့ကို စီမံအုပ်ချုပ်ကာ ညီကိုလည်း သင်္ဂြိုဟ်ထောက်ပံ့၏။ အိမ်တံခါး၌ အလှူတင်းကုပ် ဆောက်လုပ်လျက် အမြဲမပြတ် လှူဒါန်း၏။

အစ်ကို သူဌေးသည် သားတစ်ယောက် မွေးဖွား၍ ခြေဖြင့်သွားတတ်သောအခါ ကာမဂုဏ်အပြစ်ကို မြင်၍ သားမယားနှ့် ပစ္စည်းဥစ္စာ အလုံးစုံကို ညီအား အပ်နှင်းပြီးလျှင် တောထွက်ကာ ရသေ့ရဟန်းပြု၍ အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေလျက် ဟိမဝန္တာအရပ်၌ သစ်သီးကြီးငယ်ဖြင့် မျှတကာနေ၏။

အမွေမပေးလိုလတ် တူကိုသတ်[ပြင်ဆင်ရန်]

ထိုအခါ ညီ သူဌေးလည်း သားတစ်ယောက်ကို မွေးဖွားပြန်၏။ သူဌေးသည် မိမိသားကိုမြင်၍ ငါ၏အစ်ကိုသား အသက်ရှည်သည်ရှိသော် ဥစ္စာကို နှစ်စုခွဲဝေရသည် ဖြစ်လတ္တံ့၊ သတ်မည်ဟု ကြံစည်၍ တစ်နေ့သ၌ မြစ်သို့ ရေချိုးခေါ်သွားကာ ရေတွင်နှစ်၍ သတ်ခဲ့၏။ အိမ်သို့ပြန်လာရာ မရီးသည် “ငါ့သား ဘယ်မှာနည်း” ဟု မေးလျှင် “မြစ်ဆိပ်၌ ရေကစား၏၊ ရှာ၍ မတွေ့ပြီ” ဟု ပြန်၍ ပြောလျှင် မရီးလည်း ငိုကြွေးမြည်တမ်းကာ တစ်စုံတစ်ရာ မပြောဝံ့တော့ဘဲ ဆိတ်ဆိတ်သာ နေရရှာ၏။

ထိုအကြောင်းကို အစ်ကိုရသေ့ သိလျှင် ငါသည် ဤအမှုကို ထင်ရှားအောင် ပြုမည်ဟု ကြံစည်ပြီးလျှင် ကောင်းကင် ခရီးဖြင့် လာ၍ ဗာရာဏသီပြည်သို့ရောက်လျှင် မြို့တွင်းသို့ ဆွမ်းခံဝင်ကာ ညီသူဌေး အိမ်တံခါး၌ ရပ်၍ အလှူတင်းကုပ်ကို မမြင်လျှင် ဤသူယုတ်မာကား အလှူတင်းကုပ်ကိုလည်း ဖျက်ဆီးဘိ၏ဟု ကြံစည်မိလေ၏။ ညီသူဌေးသိလျှင် ပြာသာဒ်ထက်သို့ပင့်၍ ကောင်းသော ခဲဖွယ်ဘောဇဉ်ဖြင့် လုပ်ကျွေးလေ၏။

ညီကိုဆုံးမ ပမာပြ[ပြင်ဆင်ရန်]

အစ်ကိုရသေ့သည် ဆွမ်းဘုဉ်းပေးပြီးလျှင် ညီသူဌေးအား “ညီထွေး … ငါ့သားကို မမြင်ပါတကား၊ အဘယ်မှာနည်း” ဟု မေး၏။ “အစ်ကို … သေပါပြီ” ဟု လျှောက်၏။ “အဘယ်ကြောင့် သေသနည်း” ဟု မေး၏။ “ရေကစားရာ၌ သေပါ၏”ဟု လျှောက်၏။ “အဘယ်အကြောင်းကြောင့် သေသနည်း” ဟု မေးပြန်၏။ “မသိပါ” ဟု ပြောသောအခါ “ဟယ် သူယုတ် … သင် အဘယ်မှာ သိမည်နည်း၊ သင်ပြုသောအမှုကို ငါ သိ၏၊ သင်သည် ဥစ္စာကို နှစ်စုခွဲရမည်ကို စိုးရိမ်၍ သတ်သည်မဟုတ်လော၊ သင်သည် ရန်သူမျိုး ပါးပါး ဖျက်ဆီးခဲ့သော် ဥစ္စာကို စောင့်ရှောက်နိုင်မည်လော၊ သင်ကား မယှကငှက်နှင့် တူလှ၏တကား” ဟု ပြောဆိုပြီးလျှင် တစ်ဖန် ရသေ့သည် ဘုရား၏ တင့်တယ်ခြင်းကဲ့သို့ တင့်တယ်ခြင်းဖြင့် -

“ညီထွေး … တောင်ချောက်ကြား၌ ကျက်စားသော မယှကငှက်သည် အသီးမှည့်သော ညောင်ကြပ်ပင်၌ နားကာ ငါ့ဥစ္စာ ငါ့ဥစ္စာဟု မြည်တမ်းကာနေ၏။

ထိုငှက် မြည်တမ်းနေစဉ် ငှက်အပေါင်းတို့ စည်းဝေးရောက်လာကြလျက် ညောင်ကြပ်သီးတွေကို စားသောက်၍ ပျံကြကုန်၏။ ထိုငှက်ကား မြည်တမ်းကာသာ နေ၏။

ပစ္စည်းစွဲလမ်းမှု ကဲ့ရဲ့ပြု[ပြင်ဆင်ရန်]

ဤအတူ လောက၌ အချို့သောသူသည် ပစ္စည်း ဥစ္စာကို စုရုံးကာ မိမိလည်း မစားရက်၊ ဆွေမျိုး ဉာတိတို့အားလည်း မပေးရက်၊ ထိုက်သည်အားလျော်စွာလည်း မခွဲဝေရက်၊ အဝတ် အရုံကိုလည်း မသုံးဆောင်၊ ထမင်း အဖျော်ကိုလည်း မစားသောက်၊ ပန်းကိုလည်း မပန်ဆင်၊ နံ့သာကိုလည်း မလိမ်းကျံ၊ တစ်ကြိမ်မျှလည်း တစ်စုံတစ်ခုကို မသုံးဆောင်၊ ဆွေမျိုးတို့အားလည်း မထောက်ပံ့။

ငါ့ဥစ္စာ ငါ့ဥစ္စာဟု မြည်တမ်းကာ စောင့်ရှောက်နေသူ၏ ပစ္စည်းဥစ္စာတို့ကို အမွေခံဆိုး မင်းသူခိုး စသည်တို့သာ ယူ၍ သွားကုန်၏။ ထိုသူမှာကား မြည်တမ်းကာသာ နေရ၏။

ပညာရှိတို့သဘောမှ ပစ္စည်းဥစ္စာတို့ကို ရ၍ ဆွေမျိုးဉာတိတို့ကို ထောက်ပံ့၏။ ထို့ကြောင့် ပညာရှိတို့ကား ကျော်စောခြင်းသို့ ရောက်ကုန်၏။ တမလွန် ဘဝ၌ လည်း နတ်ပြည်၌ မွေ့လျော်ကုန်၏။ တမလွန်ဘဝ၌ လည်း နတ်ပြည်၌ မွေ့လျော်ရကုန်၏။ ” –

ဟု ညီသူဌေးအား တရားဟော၏။ ပကတိအတိုင်း အလှူတင်းကုပ်ကို ဆောက်စေ၍ လှူဒါန်းစေ၏။ ရသေ့သည် ညီသူဌေးကို အဆုံးအမ ပေးပြီးလျှင် ဟိမဝန္တာသို့ ကြွကာ မယုတ်လျော့သော ဈာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားရ၏။

ဤအာဂန္တုကသူဌေးကား အစ်ကိုသားကို သတ်မိသောကြောင့် ဤမျှလောက် ကာလပတ်လုံး သားသမီးကို မရလေ။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ညီသူဌေးသည် - ယခုအခါ အာဂန္တုက သူဌေး။

အစ်ကိုရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ငါ့ဟာ ငါ့ဟာ၊ ပစ္စည်းမှာ၊ မိုက်စွာစွဲလမ်းသူ။

(၂) မသုံးစားရက်၊ မပေးရက်၊ စွဲမက်မစ္ဆေကူ။

(၃) အမွေခံဆိုး၊ မင်းသူခိုး၊ ယူမျိုးစောင့်ခဲဟူ။

(၄) ပေးချင်,လှူချင်၊ ပညာရှင်၊ ပေါ်ထင်နတ်ဖြစ်ဟူ။

မယှကဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ