နှာနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—အလိုက်မသိဘဲ ရေချိုးမှု။

အမှုသည်—ရဟန်းအများ။


ဗိမ္ဗိသာရနှင့် ရဟန်းများ[ပြင်ဆင်ရန်]

ရဟန်းတို့သည် တပေါဒါမြစ်၌ ရေချိုးနေကြစဉ် ဗိမ္ဗိသာရမဟာရာဇာလည်း ခေါင်းဆေးမင်္ဂလာပြုလို၍ (ခေါင်းလျှော်လို၍)အထိုက်အလျောက် အခြံအရံဖြင့် ထွက်လာပြီးလျှင် “ယာဝါယျာ (ယာဝ+အယျာ) နဟာယန္တိ = အကြင်မျှလောက်သော ကာလ၌ အရှင်မြတ်တို့ ရေချိုးနေကြသေး၏၊ (တာဝ ပဋိမာနေဿာမိ = ထိုမျှလောက် ကာလပတ်လုံး စောင့်ဆိုင်းဥုးမည်)” ဟု ကြံ၍ သင့်တော်ရာ အရပ်၌ စောင့်ဆိုင်းနေလေသည်၊ ရဟန်းများလည်း (ဘုရင်စောင့်နေသည်ကိုပင် အလိုက်မသိကြဘဲ) ယာဝသမန္ဓကာရာ နှာယိံသု = မှောင်ရာကာလနှင့် ညီမျှသောကာလတိုင်အောင် (မှောင်သည့်အထိ) ရေချိုးနေကြလေသည်။[၁]

မဟာရာဇာမြို့ပြင် အိပ်ရပုံ[ပြင်ဆင်ရန်]

မဟာရာဇာသည် ရဟန်းများရေချိုးပြီးနောက် မှောင်မိုက်မှ ခေါင်းလျှော်ရသဖြင့် မြို့တံခါးလည်း ပိတ်ထားပြီး ဖြစ်လေတော့ရကား မြို့ပြင်ဘက်၌ပင် စက်တော်ခေါ်၍ နံနက်စောစော ဗုဒ္ဓအထံတော်သို့ သွားလေသည်၊ ထိုအခါ ညဉ့်တုန်းက လိမ်းထားသော နံ့သာများပင် မပျက်သေးချေ၊ သို့ဖြစ်၍ ရှင်တော်မြတ်က “မဟာရာဇာ...လိမ်းထားသော နံ့သာများပင် မပျက်သေးဘဲ စောစောစီးစီး အဘယ်ကိစ္စကြောင့် လာသနည်း”ဟု မေးတော်မူလေရာ မဟာရာဇာက ဖြစ်ပုံအားလုံးကို လျှောက်လေသည်၊ ထို့နောက် ထိုက်သင့်သော တရားစကားကို မိန့်တော်မူ၍ မဟာရာဇာ ပြန်သွားသောအခါ ရဟန်းများကို ခေါ်တော်မူပြီးလျှင်– “ရဟန်းအများသည် ရှင်ဘုရင်ကို မြင်ပါလျက်လည်း “န မတ္တံ+ဇာနိတွာ = ပမာဏမသိ(အလိုက်မသိ)ဘဲ ရေချိုးနေကြတယ်”ဆိုတာ မှန်သလား။

ရဟန်းများ။ ။ မှန်ပါကြောင်းပါဘုရား။

ဘုရားရှင်။ ။ [ဤစကားကို ကြားတော်မူ၍ ကဲ့ရဲ့တော်မူပြီးလျှင်...] “ယောပန ဘိက္ခု၊ ဩရေနဒ္ဓမာသံ နှာယေယျ, ပါစိတ္တိယံ = ပဌမ ရေချိုးပြီးနောက် ၁၅-ရက်မပြည့်သေးခင် ထပ်၍မချိုးရ”ဟု မူလပညတ်တော်ကို ထားတော်မူလေသည်။[၁]

ပူအိုက်ရာအခါ ရေချိုးတော့[ပြင်ဆင်ရန်]

ထိုသို့ပညတ်တော်မူပြီးနောက် ပူအိုက်ရာအခါ၌လည်း ရေမချိုးကောင်းဟု အယူရှိကြ၍ ရေမချိုးဘဲ နေကြလေရာ “သေဒဂတေန ဂတ္တေန = ဖြစ်သော ချွေးရှိသော ကိုယ်ဖြင့် (ကိုယ်၌ချွေးပေလျက်) အိပ်ကြရကုန်၏၊ သင်္ကန်းလည်းပျက်စီး, ကျောင်းအိပ်ရာ နေရာလည်း ပျက်စီး၏၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် သိတော်မူ၍ ပူသောအခါ အိုက်သောအခါဖြစ်မူ ၁၅-ရက်အတွင်း၌လည်း ရေချိုးခွင့်ပြုတော်မူ၏” ဟု မိန့်တော်မူရပြန်လေသည်၊ ပူသောအခါနှင့် အိုက်သောအခါကိုကား ဤသို့ သတ်မှတ်တော်မူ၏။

၁။ တပေါင်းလပြည့်နေ့မှစ၍ ဝါဆိုလပြည့်နေ့အထိ နွေ ၄-လ ရှိသည်တွင် နောက်ဆုံးတလခွဲ(နယုန်လဆန်းတရက်မှ ဝါဆိုလပြည့်အထိ)သည် ဥဏှသမယ(ပူသောကာလ)မည်၏။

၂။ မိုဃ်း ၄-လတွင် ပဌမ(ဝါဆိုလပြည့်ကျော် ၁-ရက်မှ ဝါခေါင်လပြည့် အထိ)သည် ပရိဠာဟသမယ(အိုက်သောကာလ) မည်၏။

ထိုသို့သတ်မှတ်သည့်အတိုင်း “အညတြ သမယာ... တတ္ထာယံ သမယော၊ ဒိယဍ္ဎော မာသော သေသော ဂိမှာနံ, ဝဿာနဿ ပဌမော မာသော ဣစ္စေတေ အဍ္ဎတေယျ မာသာ ဥဏှသမယော ပရိဠာဟသမယော၊ အယံ တတ္ထ သမယော” ဟု ဖြည့်စွက်၍ ပဌမအနုပညတ်ထပ်တော်မူရလေသည်။[၁]

မကျန်းမာလျှင်လည်း ရေချိုးတော့[ပြင်ဆင်ရန်]

မကျန်းမာသော ရဟန်းတို့သည် ရေမချိုးရသဖြင့် ရောဂါမသက်သာကြောင်းကို ကြားသိတော်မူပြန်ရကား ကျန်းမာသည့်အခါဖြစ်မူ ၁၅-ရက်အတွင်းမှာ ရေချိုးခွင့် ပြုတော်မူ၍ “ဂိလာနသမယော”ဟုဖြည့်စွက်တော်မူကာ ဒုတိယအနုပညတ် ထပ်တော်မူရပြန်လေသည်။ ရေချိုးမှ သက်သာမည့် ရောဂါရှင်ကိုသာ ဂိလာန ဟုမှတ်။ [၁]

အလုပ်-လုပ်တဲ့အခါ ရေချိုးတာ့[ပြင်ဆင်ရန်]

ရဟန်းတို့သည် ကျောင်းတို့၌ ဟိုဟို သည်သည် အလုပ်များကို လုပ်ကိုင်ကြရ၍ ချွေးထွက်ကုန်၏၊ ရေမချိုးကောင်းဟု အယူရှိကြ၍ ရေမချိုးဝံ့ကြရကား ကိုယ်၌ ချွေးပေနေလျက်ပင် အိပ်ကြရလေရာ သင်္ကန်းလည်း ပျက်စီး, ကျောင်းအိပ်ရာလည်း ပျက်စီးကုန်၏၊ ထိုအကြောင်းကိုကြားသိတော်မူ၍ “အလုပ်-လုပ်သောအခါဖြစ်မူ ၁၅-ရက် မပြည့်သော်လည်း ရေချိုးတော့”ဟု ခွင့်ပြုတော်မူကာ “ကမ္မသမယော” ဟု ဖြည့်စွက်၍ တတိယအနုပညတ်ထပ်တော်မူရပြန်သည်၊ “အလုပ်” ဟူရာ၌ကား ကျောင်းဝင်း၌ တံမြက်လှည်းခြင်းကိုလည်း အလုပ်၌ထည့်သွင်းတော်မူသည်။ [၁]

ခရီးသွားတဲ့အခါ ရေချိုးတော့[ပြင်ဆင်ရန်]

ခရီးရှည် သွားသော ရဟန်းတို့သည် ချွေးပေနေသော်လည်း ရေမချိုးဝံ့ကြောင်းကို ကြားတော်မူရပြန်သဖြင့် “ခရီးရှည်သွားသောအခါဖြစ်မူ ၁၅-ရက်မပြည့်သော်လည်း ရေချိုးတော့” ဟု ခွင့်ပြုတော်မူ၍ “အဒ္ဓါနဂမနသမယော”ဟု ဖြည့်စွက်တော်မူကာ စတုတ္ထ အနုပညတ် တပ်တော်မူရပြန်သည်၊ “အဒ္ဓါနဂမန = အဓွန့်ရှည်သောခရီးကို သွားခြင်း”ဟူရာ၌ကား “တယူဇနာ၏ ထက်ဝက်ခရီး”ဟု သတ်မှတ်တော်မူ၏၊ ထိုခရီးမျိုးကို သွားမည်ကြံလျှင်၎င်း, ပြန်လာလျှင်၎င်း ရေချိုးနိုင်သည်။[၁]

လေမိုဃ်းကျလျှင် ရေချိုးတော့[ပြင်ဆင်ရန်]

ရဟန်းတို့သည် အကွယ်အကာ အမိုးမပါသောလွင်ပြင်၌ သင်္ကန်းချုပ်ဆိုးနေကြစဉ် မြူမှုန်တွေကို တိုက်ခတ်လာသော လေကျသဖြင့် ကိုယ်၌ မြူမှုန်(ဖုံတွေ)ပေနေလေ၏၊ ဒေဝေါစ ထောကံ ထောကံ ဖုသာယတိ = မိုဃ်းကလဲန်နဲ-နဲနဲထိပြန်၏၊ ရွာပြန်၏၊ ရဟန်းတို့မှာ မြူမှုန်တွေပေနေကြပါလျက် ရေမချိုးရကြောင်းကို ကြားသိတော်မူရ၍ “ဖုံနှင့်တကွ လေပြင်းထ၍ မိုဃ်းကျသောအခါဖြစ်မူ ၁၅-ရက်မပြည့်သော်လည်း ရေချိုးတော့” ဟု ခွင့်ပြုတော်မူကာ “ဝါတဝုဋ္ဌိသမယော” ဟု ဖြည့်စွက်၍ ပဉ္စမအနုပညတ်ထပ်တော်မူရပြန်လေသည်။ [ကိုယ်၌လည်း ဖုံပေ, မိုဃ်းရေပေါက်လည်း ၂-ပေါက်, ၃-ပေါက်လောက်မိလျှင်ပင် ချိုးကောင်းပြီ-ဟု မှတ်။][၁]

မှတ်ချက်[ပြင်ဆင်ရန်]

သိက္ခာပုဒ်တို့တွင် အချို့ သိက္ခာပုဒ်များသည် ဒေသောဒိဿ ရည်စူးအပ်သော အရပ်ဒေသရှိ၏၊ ဤသိက္ခာပုဒ်တော်ကို ထိုခေတ်က ဥတုမျှတသော အိန္ဒိယဒေသ(မဇ္ဈိမနယ်) လောက်ကိုသာ ရည်စူး၍ ပညတ်တော်မူ၏၊ ထို့ကြောင့် အိန္ဒိယ၌ နေသောရဟန်းတော်များသည် ၁၅-ရက်မပြည့်ခင် ရေချိုးချင်လျင် မိမိနေရာကို တံမြက်လှည်း၍ “ကမ္မသ မယ”ဟုသဘောထားပြီးမှ ရေချိုးရပေလိမ့်မည်၊ ဥတုမညီမျှသော မြန်မာ သီဟိုဠ် ယိုးယားနိုင်ငံတို့၌ကား ဤသိက္ခာပုဒ်အရ ပြုကျင့်ဘွယ်မလိုတော့ ရကား အချိန်မရွေး ရေချိုးခွင့်ရသည်ဟု မှတ်။ [သဗ္ဗပစ္စန္တိမေသု-အားလုံး မဇ္ဈိမဒေသ၏ အစွန်အဖျား ကျကုန်သော၊ ဇနပဒေသု-ဇနပုဒ်တို့၌၊ နှာယန္တဿ-ရေချိုးသောရဟန်း၏၊ အနာပတ္တိ။][၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး