ဒသရထဇာတ်

ဝီကီပီးဒီးယား မှ

ဧကာဒသကနိပါတ် - ၄၆၁။ ဒသရထဇာတ်

ပစ္စုပ္ပန်ဝတ္ထု

သောကပြင်းလှ တရားကျ

နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဘသေလွန်သဖြင့် စိုးရိမ်ခြင်းနှိပ်စက်သော သူကြွယ်ကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိဖုရားချစ်ရေး ထီးနန်းပေး

လွန်လေပြီးသောအခါ ဗာရာဏသီ ပြည်ဝယ် ဒသရထမင်း မင်းပြုသည်ရှိသော် ထိုမင်းအား တသောင်းခြောက်ထောင်သော မောင်းမတို့သည် ရှိကုန်၏၊ ထိုမောင်းမတို့၏ အကြီးဖြစ်သော မိဖုရားကြီးသည် သားတော်နှစ်ယောက် နှင့် သမီးတော်တယောက်ကို ဖွားမြင်၏၊ သားကြီးကား ရာမမင်းသားမည်၏၊ သားငယ်ကား ... လက္ခဏမင်းသား မည်၏၊ သမီးတော်ကား သီတာမင်းသမီးမည်၏။

အခါတပါး၌ မိဖုရားကြီးသည်နတ်ရွာစံခဲ့၏၊ မင်းကြီးသည် မိဖုရားကြီးအား သင်္ဂြိုဟ်ခြင်းကိစ္စပြုပြီးလျှင် မင်းသမီးတယောက်ကို မိဖုရားကြီးအရာ၌ ထားလေ၏၊ မင်းကြီးသည် ထိုမိဖုရားကြီးကို အလွန်ချစ်မြတ်နိုးတော်မူ၏၊ နောက်အခါ သားတယောက်ကို ဖွားမြင်၏၊ ထိုသတို့သားကို ဘရတမင်းသားဟူသော အမည်ကိုမှည့်ကုန်၏၊ မင်းကြီးသည် သားတော်၌ ချစ်ခြင်းဖြင့် မိဖုရားကြီးအား “ရှင်မ... ဆုကိုငါပေးမည် ယူလော့”ဟုဆို၏၊ မိဖုရားကြီးလည်း ယူ၍ထားလိုက်၏။

သားသမီးသုံးပါး တောနှင်ငြား

မိဖုရားကြီးသည် သားတော်ဘရတမင်းသား ခုနစ်နှစ်အရွယ်ရှိသောအခါ မင်းကြီးထံ ကပ်၍ “အရှင်မင်းကြီး... ဆုကို ပေးဘူးပါ၏၊ ယခုအခါ အကျွန်ုပ်သားတော် ဘရတမင်းသားအား မင်းအဖြစ်ကို ပေးတော်မူပါ”ဟု လျှောက်ထားလေ၏၊ မင်းကြီးလည်း လက်ဖျစ်တီးကာ “ဟယ်-အယုတ်မ... ဘာစကားကိုပြောသနည်း၊ သွားလော့ ငါ့ သားတော်ကြီးတို့ကား မီးပုံကြီးကဲ့သို့ ထွန်းလင်းကုန်၏၊ သို့ပါလျက် ငါ့သားတော်ကြီးတို့ကို သတ်၍ သင့်သားငယ်အား မင်းအဖြစ်ကိုပေးရမည်လော”ဟု ခြိမ်းချောက်လေ၏၊ မိဖုရားကြီးလည်း လက်မလျှော့ဘဲ အဖန်ဖန်တောင်း၍သာ နေ၏။

တနေ့သ၌ မင်းကြီးသည် မိန်းမတို့မည်သည်ကား သူ့ကျေးဇူးကိုမသိတတ်၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်ကုန်၏၊ ဤမိဖုရားလည်း ကောက်ကျစ်စဉ်းလဲကာ တံစိုးလက်ဆောင်ပေး၍ ငါ့သားတော်ကြီးတို့ကို သတ်စေမည်လည်း မသိနိုင်ဟုကြံစည်ကာ သားတော်ကြီးတို့ကို ခေါ်၍ “ချစ်သားတို့... ဤပြည်၌နေလျှင် သင်တို့အား ဘေးရန်ဖြစ်ရာသည်၊ အရပ်တပါးသို့သွား၍ နေကြကုန်၊ ငါနတ်ရွာစံသောအခါမှ လာ၍ မင်းပြုကြကုန်”ဟု မိန့်တော်မူပြီးလျှင် တဖန် ပုဏ္ဏားတို့ကို ခေါ်၍ အသက်အပိုင်း အခြားကိုမေး ပြန်၏၊ ပုဏ္ဏားတို့လည်း ဆယ့်နှစ်နှစ်သာ အသက်ရှည် မည်ဟု လျှောက်ထားကြကုန်၏။

ထီးနန်းရိုက်ရာ သားတော်မှာ

ထိုအခါ မင်းကြီးသည် သားတော်တို့အား တဖန် “ချစ်သားတို့... ဆယ့် နှစ်နှစ်လွန်မှလာ၍ မင်းပြုကြကုန်” ဟု မှာထားတော်မူ၏၊ သားတော်တို့လည်း အဘမင်းကြီးကို ရှိခိုးကန်တော့ပြီးလျှင် ငိုကြွေးကုန်လျက် ပြာသာဒ်မှဆင်း သက်ကြကုန်၏၊ သီတာမင်းသမီးမြင်လျှင် ငိုကြွေးလျက် ခမည်းတော်ထံရှိခိုးခွင့်ပန်ကာ မောင်တော်တို့နှင့် အတူ လိုက်လေ၏၊ မင်းသုံးပါးတို့လည်း အခြံအရံများစွာဖြင့် တိုင်းပြည်မှ ထွက်ကြကုန်၏၊ လူအများပြန်စေ၍ အစဉ်သဖြင့်ဟိမဝန္တာတောသို့ဝင်ကာ သင်္ခမ်းကျောင်း ဆောက် လုပ်၍ သစ်သီးကြီးငယ်တို့ဖြင့် မျှတကာ နေကြကုန်၏။

ထီးနန်းအပ်ရေး သားငယ်မပေး

ထိုအခါ လက္ခဏသုခမိန်သည် နှမတော် သီတာမင်းသမီးနှင့်အတူ နောင်တော် ရာမသုခမိန်ထံ ချဉ်းကပ်ကာ “နောင်တော်...နောင်တော်ကား အကျွန်ုပ်တို့ အဘအရာ၌ တည်ပါသည်၊ သစ်သီးရှာမလိုက်ပါလင့်၊ ကျောင်းတွင် ချမ်းသာစွာနေပါ၊ အကျွန်ုပ်တို့ လုပ်ကျွေးပါမည်”ဟု ဝန်ခံကြ၏၊ ထိုနေ့မှစ၍ လက္ခဏသုခမိန်နှင့် သီတာမင်းသမီးတို့သာ တောသို့သွား၍ သစ်သီးရှာကာ လုပ်ကျွေးကြ၏၊ ရာမသုခမိန်ကား ကျောင်းတွင်သာ အလုပ်အကျွေးခံ၍ နေရစ်လေ၏။

ဒသရထမင်းကြီးလည်း သားတော် သမီးတော်တို့ကို လွမ်းဆွတ်စိုးရိမ်တော်မူသဖြင့် ဆယ့်နှစ်နှစ် အသက်မရှည်တော့ဘဲ ကိုးနှစ်မြောက်တွင် နတ်ရွာစံလေ၏၊ မိဖုရားကြီးလည်း သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုစေပြီးလျှင် “အမတ်တို့... သားတော် ဘရတမင်းသားအား မင်းမြောက်ကြကုန်”ဟု ဆို၏၊ အမတ်တို့လည်း “အရှင်မိဖုရား ထီးနန်းရှင်တို့ကား တော၌ရှိကုန်၏”ဟုဆို၍ မပေးကြကုန်။

ဖခင် နတ်ရွာဝင် နောင်တော်တိုင်ပင်

ဘရတမင်းသားလည်းငါ၏နောင်တော်ကြီး ရာမသုခမိန်ကိုပင့်ဆောင်၍ မင်းမြှောက်မည်ဟု မင်းမြှောက် တန်ဆာငါးပါးကိုယူ၍ စစ်သည်ဗိုလ်ပါနှင့်တကွ ရာမသုခမိန်နေရာသို့ သွားလေ၏၊ အနီးသို့ရောက်လျှင် သစ်တပ်တည်ဆောက်၍ တည်းခိုပြီးလျှင် နောက်အမတ်နှစ်ယောက်သုံးယောက် နှင့်တကွ ရာမသုခမိန်ထံဆည်းကပ်ကာ ရှိခိုးလျက် ခမည်းတော်မင်းတရားကြီး နတ်ရွာစံကြောင်း လျှောက်ထားကာ ခြေရင်း၌ဝပ်၍ ငိုကြွေးလေ၏၊ ရာမသုခမိန်ကား မငိုကြွေးလေ၊ ဣန္ဒြေမျှပင် ဘောက်ပြန်ခြင်းမရှိလေ။

ချမ်းသောအခါ လက္ခဏသုခမိန်နှင့် သီတာမင်းသမီး မောင်နှမနှစ်ယောက်တို့သည် သစ်သီးရှာရာမှ ပြန်လာကုန်၏၊ ထိုအခါရာမသုခမိန်သည် ငါ့ညီနှင့်နှမတို့ကား ငယ်ရွယ်ကုန်၏၊ ငါကဲ့သို့ ပညာအဆင်အခြင်မရှိကြ၊ ခမည်းတော်နတ်ရွာစံခဲ့ပြီဟု ရုတ်တရက်ပြောလိုက်လျှင်အလွန်စိုးရိမ်လျက် နှလုံးကွဲကုန်ရာ၏၊ သို့အတွက်ဥပါယ်တမျဉ်ဖြင့် ရေသို့ဆင်းသက်စေပြီးမှ ဤအကြောင်းကို ပြောကြား တော့မည်ဟု ကြံစည်စိတ်ကူးကာ-

သောကငြိမ်းဘွယ် နည်းပရိယာယ်

မောင်နှမနှစ်ယောက်တို့ကိုခေါ်၍ သင်တို့သည် ယနေ့ကြာမြင့်မှ လာကြသည်၊ ဒဏ်ပေးမည်၊ ရေကန်၌ ဆင်း၍နေကြ

လော့ဟု အမိန့်ပေးလေ၏။

မောင်နှမ နှစ်ယောက်တို့လည်း နောင်တော်၏ တခွန်ထည်းသော စကားဖြင့်လျှင် ရေကန်သို့ ဆင်းသက်ကာ နေကြကုန်၏၊ ထိုအခါ ရာမသုခမိန်သည် ခမည်းတော် ဒသရထမင်းကြီး နတ်ရွာလားကြောင်းကို ပြောကြားလေ၏၊ မောင် နှမနှစ်ယောက်တို့ကြားလျှင် တွေဝေမိန်းမောကြကုန်၏၊ ထိုအကြောင်းကို သုံးကြိမ်တိုင်အောင်ပြောကြားရာ သုံးကြိမ်တိုင်အောင်ပင် တွေဝေမိန်းမောကြကုန်၏၊ ထိုအခါ မောင် နှမနှစ်ယောက်တို့ကို ရေမှဆယ်ယူကာ သက်သာရာကို ရစေကုန်၏၊ အချင်းချင်းလည်း ငိုကြွေးကြကုန်၏။

သောကကင်းဝေး အကြောင်းမေး

ထိုအခါဘရတမင်းသားသည် လက္ခဏသုခမိန်မှစ၍ အလုံးစုံသော သူတို့သည် စိုးရိမ်ပူဆွေး ငိုကြွေးကုန်၏၊ နောင်တော် ရာမသုခမိန်ကား စိုးရိမ်ပူဆွေး ငိုကြွေးခြင်းမရှိ၊ အကြောင်းအသို့ရှိသနည်း၊ ရာမသုခမိန်ကိုမေးမည်ဟုစဉ်း စားဆင်ခြင်ကာ–

“အို-နောင်တော်ကြီး အဘယ်ကြောင့် စိုးရိမ်အပ်သောအရာကို မစိုးရိမ်ဘိသနည်း၊ ခမည်းတော် မင်းကြီး နတ်ရွာလားကြောင်းကို ကြား၍လည်း နောင်တော်ကြီးကို အဘယ်ကြောင့် စိုးရိမ်ခြင်းမ နှိပ်စက်သနည်း”-

ဟု နောင်တော်ကြီးအား မစိုးရိမ်ခြင်း အကြောင်းကို မေးလေ၏။

နောင်တော်ဆုံးမ ပရိဒေဝ

ထိုအခါ ရာမသုခမိန်သည် ညီငယ် နှမငယ်များအား တရားပြဆုံးမကာ ဖြေ ဆိုပြောကြားလို၍–

“အို-ညီထွေးဘရတ... ပိန်ချုံးသဖြင့် ငိုကြွေး မြည်တမ်းသောသူတို့တွင် တစုံတယောက်သော သူမျှလည်း သေသူ အသက်တဖန်ရှင်လာအောင် မတတ်နိုင်၊ ထိုသို့ဖြစ်လျက် သိကျွမ်းလိမ်မာသော ပညာရှိသည် မိမိကိုယ်ကို အဘယ်ကြောင့်ပူပန်စေအံ့နည်း”-

“အို-ညီထွေးဘရတ... “အသက်အရွယ်ငယ်သော သူ, ကြီးသောသူ, မိုက်သောသူ, ပညာရှိသောသူ, စည်းစိမ်ဥစ္စာကြွယ်ဝသောသူ, ဆင်းရဲသောသူ ဤ အလုံးစုံသော သူတို့သည် သေမင်းခံတွင်း၌လည်း လျောင်းရကုန်၏”

“အို-ညီထွေးဘရတ... မှည့်သောသစ်သီးတို့အား အမြဲကြွေကျရခြင်း ဘေးဖြစ်လာသကဲ့သို့ ထို့အတူ ဖြစ်လာကုန်သောသတ္တဝါတို့အား အမြဲ သေရခြင်းဘေးသည် ဖြစ်လာ၏”-

ဖြစ်ပျက်စဉ်ပြ ဆိုဆုံးမ

ရာမမင်းသားသည် ညီငယ် နှမငယ်တို့အား ဖြစ်ပျက်တရားကို ပြသ ဆုံးမလိုသဖြင့်—

“အို-ညီထွေးဘရတ... “နံနက်အခါ များစွာသောသူတို့ကို မြင်ရကုန်၏၊ ထိုသူတို့တွင် အချို့သူတို့ကို ညချမ်းအခါမမြင်ရကုန်၊ ညချမ်းအခါများစွာသောသူတို့ကို မြင်ရကုန်၏၊ ထိုသူတို့တွင် အချို့ သူတို့ကို နံနက်အခါမမြင်ရကုန်”-

“အို-ညီထွေးဘရတ... အကယ်၍ ငိုကြွေး မည်တမ်းသောသူသည် မိမိကိုယ်ကို ညှဉ်းဆဲတွေဝေစေ၍ စင်စစ်တစုံတခုသော အကျိုးစီးပွားကိုဆောင် နိုင်ငြားအံ့၊ ပညာရှိသောသူသည် ထိုငိုကြွေးမြည် တမ်းခြင်းကို ပြုလုပ်ရာ၏”

“အို-ညီထွေးဘရတ... ငိုကြွေး မြည်တမ်းသဖြင့် မိမိကိုယ်ကိုညှဉ်းဆဲသဖြင့် ပိန်ချုံးစေဘိ၏၊ အဆင်းမလှချေ၊ ထိုငိုကြွေးမြည်တမ်းခြင်းဖြင့် တမလွန်ဘဝသို့ ပြောင်းသွားသောသူတို့သည် မစောင့်နိုင်ကုန်၊ ထို့ကြောင့် ငိုကြွေး မြည်တမ်းခြင်းသည်

အကျိုးမရှိ”-

ပညာဆင်ခြင်ပြု လောကဓံမှု

ပညာဖြင့်ဆင်ခြင်လျှင် သောကတရား လွင့်စင်ကြောင်းကို ဆုံးမလိုသဖြင့်–

“အို-ညီထွေးဘရတ... ဥပမာကား နေရာ အိမ်ကို မီးလောင်သည်ရှိသော် ရေအိုး ရာထောင်ဖြင့် ထိုငြိမ်းစေသကဲ့သို့၊ ထို့အတူ မြဲမြံ တည်ကြည် လျက်အကြားအမြင်ရှိသော ပညာရှိသည် ဖြစ်သော စိုးရိမ်ပူဆွေးခြင်းကို လျင်စွာငြိမ်းစေရာ၏၊ လေသည် လဲဝါဂွမ်းကို လွှင့်ဖျောက်သကဲ့သို့ စိုးရိမ်ပူပန်ခြင်းကို လွှင့်ဖျောက်ရာ၏” “အို-ညီထွေးဘရတ.. သတ္တဝါသည် တယောက် ထည်းသာသေလွန်ရ၏၊ တယောက်ထည်းသာ အမျိုးလေးပါး၌ ဖြစ်ရ၏၊ အလုံးစုံသော သတ္တဝါတို့အား ဆွေမျိုးတို့နှင့် ယှဉ်ခြင်းသာလျှင် အလွန်ဖြစ်ကုန်၏၊ ဆွေမျိုးတို့၏ သုံးဆောင်ခြင်းမျှသာ ရှိကုန်၏။ ထို့ကြောင့် များသော အကြားအမြင်ရှိလျက် ပစ္စုပ္ပန်တမလွန် နှစ်တန်သော လောကကို ကောင်းစွာသိမြင်သော ပညာရှိအား လောကဓံတရား ရှစ်ပါးကို သိမြင်၍ များစွာ မစိုးရိမ်မပူပန်ခြင်းတို့သည် ဟဒယဝတ္ထု၊ ရုပ်ကို၎င်း, စိတ်ကို၎င်း မပူပန်စေနိုင်ကုန်”

“ငါသည်၊ အခြံအရံကို၎င်း, စည်းစိမ်ဥစ္စာကို၎င်း, မယားကို၎င်း, ဆွေမျိုးတို့ကို၎င်း, ကြွင်းသော ဥစ္စာကို၎င်း ကောင်းစွာစောင့်ရှောက်အံ့၊ သိမြင်သောသူအား ဤသို့ စောင့်ရှောက်ခြင်းသည် လျှောက်ပတ်၏”-

ဟု ညီထွေးဘရတအား အမြဲမရှိသော အနိစ္စတရားကို ဟောကြား ဆုံးမတော်မူ၏။

ဖခင်မှာကြားမှု လိုက်နာပြု

များစွာသော ပရိသတ်သည် တရားဒေသနာကို ကြားနာရလျှင် စိုးရိမ်ပူဆွေးခြင်း ကင်းကုန်၏၊ ထို့နောင်မှ ဘရတမင်းသားသည် နောင်တော်အား “အို-နောင်တော် ရာမသုခမိန်.. ဗာရာဏသီပြည်၌ မင်းပြုတော်မူပါ”ဟုပြော၏၊ “ညီထွေး ဘရတ.. လက္ခဏသုခမိန်နှင့် သီတာမင်းသမီးတို့ကို ခေါ်၍မင်းပြုကြကုန်”ဟု ပြော၏၊ “နောင်တော်တို့ကား အဘယ်သို့ ပြုကုန်အံ့နည်း” “ညီထွေးဘရတ... ခမည်းတော် မင်းကြီးသည် တဆယ့်နှစ်နှစ် လွန်မှလာ၍ မင်းပြုလောဟု မှာတော်မူခဲ့၏၊ ငါသည် ယခုလိုက်၍ မင်းပြုပါလျှင် ခမည်းတော်စကားကို နားမထောင်ရာ ရောက်၏၊ သို့အတွက် ငါသည် သုံးနှစ်လွန်မှ လာ၍ မင်းပြုမည်”ဟု မှာကြား၏ “နောင်တော်... သုံးနှစ်ပတ်လုံး အဘယ်သူ မင်းပြုလိမ့်မည်နည်း”ဟုမေး၏၊ “ညီထွေး ဘရတ... သင်တို့ ပြုကြကုန်”ဟု မှာကြား၏၊ “နောင်တော်...အကျွန်ုပ်တို့မင်းမပြုလိုပါကုန်” ဟု ပြောကြား၏၊ “ညီထွေးဘရတ...မပြုလိုကြလျှင် ငါလာသည်တိုင်အောင် ဤမြက်ခြေနင်းတို့သည် မင်းပြုကြကုန်လတံ့”ဟုဆို၍ မြက်ခြေနင်းကိုချွတ်၍ပေးလိုက်၏။

ဖခင်နန်းမွေ အတူနေ

မောင်နှစ်မ သုံးယောက်တို့သည် မြက်ခြေနင်းတို့ကိုယူကာ လူအပေါင်း ခြံရံလျက် ဗာရာဏသီပြည်သို့ ပြန်ကြကုန်၏၊ ရောက်လျှင် သုံးနှစ်ပတ်လုံး မြက်ခြေနင်းတို့သည် မင်းပြုကုန်၏၊ အမတ်တို့သည် မြက်ခြေနင်းတို့ကို ရာဇပလ္လင်ပေါ် ၌ထား၍ တရားဆုံးဖြတ်ကုန်၏၊ မကောင်းသဖြင့် ဆုံးဖြတ်လျှင် မြက်ခြေနင်းတို့သည် အချင်းချင်း တိုက်ခတ်ကြကုန်၏၊ ထိုအထိန်းအမှတ်ဖြင့် တဖန်ပြင်၍ ဆုံးဖြတ်ကြရကုန်၏၊ ကောင်းစွာဆုံးဖြတ်လျှင် အသံမရှိကုန်၊ ငြိမ်သက်စွာတည်ကုန်၏။

ရာမသုခမိန်လည်း သုံးနှစ်လွန်လျှင် တိုင်းပြည်သို့ ပြန်လာ၍ ဥယျာဉ်တော်သို့ ဝင်၏၊ ရာမသုခမိန်လာသောအဖြစ်ကို သိလျှင် မင်းသားတို့သည် အမတ်အပေါင်း ခြံရံကာ ဥယျာဉ်တော်သို့ သွား၍ သီတာမင်းသမီးကို မိဖုရားကြီး ပြု၍ မင်းနှင့်မိဖုရားတို့ကို အဘိသိက်သွန်းကြကုန်၏၊ ထိုနောက် တန်ဆာဆင်အပ်သော ရထားဖြင့် မြို့တော်သို့ ဝင်၍ စန္ဒကပြာသာဒ်တော်၌ စံနေတော်မူကာ နှစ်ပေါင်းတသောင်းခြောက်ထောင်တို့ ပတ်လုံး တရားနှင့်အညီ မင်းပြုတော်မူပြီးလျှင် အသက်၏အဆုံး၌ နတ်ပြည်ကို ပြည့်စေတော်မူ၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏အဆုံး၌ အဘသေသော သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–

ရဟန်းတို့...

*ထိုအခါ ဒသရထမင်းသည်–ယခုအခါသီရိသုဒ္ဓေါဒနမင်း။

*မိဖုရားကြီးသည်–မယ်တော်မာယာ။

*သီတာဒေဝီသည်–ရာဟုလာမယ်တော်။

*ဘရတမင်းသားသည်-အာနန္ဒာ။

*လက္ခဏသုခမိန်သည်–သာရိပုတ္တရာ။

*ရာမမင်း၏ပရိသတ်သည်–ဘုရားပရိသတ်။

*ရာမမင်းကြီးသည်ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကြီး, ငယ်, မိုက်စွာ၊ လူလိမ္မာ၊ ချမ်းသာ, ဆင်းရဲဟူ။

(၂) လုံးစုံခပင်း၊ သေခံတွင်း၊ သက်ဆင်းရ၏ဟူ။

(၃) နေ့မြင်, ညကွယ်၊ သီးမှည့်နှယ်၊ သေလွယ်ဘေးတွေ့ဟူ။

(၄) လောကဓံကြိမ်၊ မစိုးရိမ်၊ ကဝိန်ဉာဏ်ရှိသူ။

(၅) သေသူမထ၊ နေသူကျ၊ ပြင်းပြငိုကြွေးသူ။

ဒသရထဇာတ်ပြီး၏။

***

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ