ကြက်တူရွေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကြက်တူရွေး
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက တိရစ္ဆာန်
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း ငှက်
မျိုးစဉ် '''Psittaciformes'''

ကြက်တူရွေး[ပြင်​ဆင်​ရန်​]

ကြက်တူရွေးသည် လှပသောငှက်မျိုး ဖြစ်သည်။ ကြက်တူရွေး၏ နှုတ်သီးသည် ပေါက်ပွင့်ကဲ့သို့ နီရဲ၍ ကောက်ချိတ်သည်။ အမွှေးအတောင်များသည် ပေါက်ရွက်ကဲ့သို့ စိမ်းစိုကြသည်။ ကြီးသောဦးခေါင်း၊ ရှည်၍သေးသွယ်သောအမြီးနှင့် တိုသောခြေထောက်များရှိသည်။ ခြေချောင်းများသည် ရှေ့နှင့် နောက်သို့ တစ်စုံစီ ထွက်နေကြသည်။ ကြက်တူရွေးအမျိုးမျိုးကို ကမ္ဘာပေါ်တွင် ဥရောပတိုက်မှအပ ကျန်တိုက်များနှင့် ကမ္ဘာ့ အပူပိုင်းဒေသများ၌ တွေ့မြင်ရသည်။

ကြက်တူရွေးတို့သည် အုပ်သင်းဖွဲ့ကာ နေတတ်ကြသည်။ သစ်ပင်ကို ကုပ်ခြစ်တက်တတ်၍ ပင်မြင့်တွင်သာ ကျက်စားတတ်ကြသည်။ ယာခင်း၊ စပါးခင်း၊ ဥယျာဉ်တို့၌ သီးနှံများကို စားသောအခါ ဆူညံစွာ မြူးတူးလျက် မိမိတို့ စားနိုင်သည်ထက် ပိုမိုကိုက်ဖြတ် ဖျက်ဆီးတတ်ကြသည်။ ကြက်တူရွေးသည် အသိုက်မလုပ်ဘဲ သစ်ခေါင်းတွင် ဥ အုလေ့ ရှိသည်။ ဥ၏အရောင်မှာ ဖြူသည်။ အရွယ်မှာ ပျမ်းမျှအလျား တစ်လက်မသာသာရှိ၍ ပြက် ၂ လက်မသာသာရှိသည်။ 'တမာလည်းနု ကျေးလည်းဥ၊' 'တမာလည်းရင့် ကျေးလည်းလွင့်' ဆိုသောစကားအတိုင်း နွေရာသီတွင် ဥ အု၍ နွေရာသီတွင်ပင် ပေါက်ကြသည်။ ဤငှက်မျိုးသည် အသက် ၇ဝ အထိပင် နေနိုင်သည်ဟု ဆိုသည်။ ကြက်တူရွေးသည် လူစကား ပြောသံကို အတုခိုးတတ်သည်။ စကားလုံးအနည်းငယ် သင်ထားလျှင် လိုက်ပြောနိုင်သည်။ 'ကြက်တူရွေးက တော်တော်၊ မယ်ဘော်ကကဲ' ဟူသောစကားပုံသည် စကားမပီကလာ ပြောတတ်သော ကြက်တူရွေးများကြောင့် ဖြစ်ပေါ်လာပေမည်။ ကြက်တူရွေးကို ကျေးဟူ၍လည်း ခေါ်သည်။ မြန်မာနိုင်ငံတွင် တွေ့ရသောကြက်တူရွေးများကို ပါဏဗေဒ အလိုအားဖြင့် ၇ မျိုး ခွဲပြသည်။ ယင်းတို့မှာ ကြက်တောကျေးကျုတ်ကျေးတမာကျေးကုလားကျေးကုလားမကျေးသန္တာနှင့် မလေးကြက်တူရွေးတို့ ဖြစ်ကြသည်။ နောက်ဆုံးအမျိုးကို တနင်္သာရီတောင်ပိုင်းတွင်သာ တွေ့ရသည်။ ဝေါဟာရလိနတ္ထဒီပနီကျမ်းပါ မြန်မာအစဉ်အလာအရ ကျေးရှစ်မျိုးရှိသည်။ ယင်းတို့မှာ ဖေါင်းကား၊ တမာ၊ ကျေးသန္တာ၊ ကျေးဝါ၊ ကျေးချုတ်၊ ကြက်တော၊ ကုလား၊ ကျေးပုဏ္ဏားတို့ ဖြစ်ကြသည်။ ကြက်တောသည် အလျား ၂၂ လက်မခန့် ရှိ၍ မြန်မာနိုင်ငံ၌ တွေ့ရသော ကျေးမျိုးများအနက် အကြီးဆုံး ဖြစ်သည်။

ငှက်မနှင့် ငှက်ကလေးများတွင် အခြားကြက်တူရွေးများမှာကဲ့သို့ နှင်းဆီသွေးလည်ရစ်နှင့် နှုတ်ခမ်းမွှေးအနက်တို့ မရှိကြချေ။ ကွင်းပြင်နှင့် အင်တိုင်းတောများတွင်နေ၍ မြန်မာနိုင်ငံ မိုးခေါင် ရေရှားရပ်ဝန်းတွင် အများဆုံးတွေ့ရသည်။ ကြက်တောကို ကျေးဖောင်းကားဟူ၍လည်း ခေါ်၏။ ကျေးကျုတ်သည် မြန်မာနိုင်ငံအပူပိုင်းဒေသက ငှက်မျိုးဖြစ်သည်။ ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း တို့တစ်လျောက်တွင် ပျံ့နှံ့စွာနေသည်။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တွင်လည်း နေတတ်သည်။ သို့ရာတွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တနင်္သာရီတိုင်းတွင် ရှိဟန်မတူချေ။ ကျေးကျုတ်သည် အလျား ၁၆ ၁/၂ လက်မခန့် ရှိ၍ တစ်ကိုယ်လုံးတွင် အပြာနုရောင် လွမ်းနေသည်။ ကျေးကျုတ်အဖိုကလေးများတွင် ၃ ခါလည်ကျမှ နှင်းဆီရောင်လည်ရစ်နှင့် အမဲရစ်တို့တွေ့ရ၍ ငှက်မများ၌ မထင်ရှားသော အစိမ်းရစ်ကို တွေ့ရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ကျေးတမာကို တွေ့ရတတ်သည်။ ကျေးတမာသည် အလျား ၁၃ ၁/၂ လက်မခန့် ရှိသည်။ ပျံသန်းသည့်အခါ အမြီးဖျားရှိ အဖြူမှတ်ကလေးကို ထင်ရှားစွာ မြင်ရသည်။ ငှက်ကလေးများတွင် တစ်ကိုယ်လုံး အစိမ်းရောင်လွှမ်းနေသည်။ နှုတ်သီးအရောင်မှာ အဝါနုရောင် ဖြစ်သည်။ ကျေးတမာသည် အလွန်လျှင်မြန်စွာ ပျံသန်းနိုင်၍ ဒေသရွေ့ပြောင်းနေတတ်သည်။ ကျေးကုလားသည် အလျား ၁၆ လက်မမှ ၁၈ လက်မထိ ရှိ၍ ကျယ်လောင်စူးရှစွာ အော်တတ်သည်။ ငှက်မအတောင်၌ အနီအမှတ် မရှိချေ။ ငှက်ကလေးများသည် တစ်ကိုယ်လုံးစိမ်း နေ၍ အခါလည်လျှင် ဦးခေါင်းမည်း၍လာ၏။ ကျေးကုလားသည် ကွင်းပြင်ကို ရှောင်၍ ကျွန်းတောများတွင် ကျက်စားသည်။ ပေ ၅ဝဝဝ အမြင့်အထိ နေနိုင်သည်။ ဤငှက်မျိုးကို ပဲခူးရိုးမ တောင်တန်းနှင့် မေမြို့တဝိုက်တွင် တွေ့ရတတ်လေသည်။ ကျေးကုလားမကို ကုလားမကြက်တူရွေးဟုလည်း ခေါ်ကြသည်။ မြန်မာနိုင်ငံရှိ ကြက်တူရွေးများတွင် အသံအကျယ်ဆုံး အော်နိုင်သောအမျိုးဖြစ်၏။ ငှက်မဦးခေါင်းသည် မွဲခြောက်၍ အပြာရောင်သော်လည်းကောင်း၊ အစိမ်း ရောင်သော်လည်းကောင်း၊ ရောလျက်ရှိသည်။ ရင်အုပ်မှာ အနီရင့်ရောင် ပေါက်နေသည်။ ငှက်ကလေးများတွင် တစ်ကိုယ်လုံး စိမ်း၍ အညိုရောင်များလည်း ရောနှောနေတတ်သည်။


ကျေးသန္တာကို မြန်မာနိုင်ငံ၌ အနည်းငယ်သာ တွေ့ရသည်။ ထိုငှက်သည် စိုစွတ်ထိုင်းမှိုင်းသော တော၌ ကျက်စားသည်။ သစ်ကိုင်းတွင် ဦးခေါင်းဇောက် ထိုးထားလျက် တွဲလွဲနေတတ်သည်။ ဤအကျင့်ကို အစွဲပြု၍ ယင်းကို ကျွမ်းထိုးငှက်ဟုလည်း ခေါ်သေးသည်။ ကျွမ်းသန္တာလန်ဟူသော စကားသည် ဤကပင် ဆင်းသက်လာသည်။ အခြားကြက်တူရွေးတို့ကဲ့သို့ ဆူညံခြင်းမရှိဘဲ တိတ်ဆိတ်စွာ နေတတ်သည်။ ကျေးသန္တာတွင် လည်ပင်း၊ လည်ကုပ်နှင့် ကျောပိုင်းတို့၌ အပြာရောင်သန်းနေ၍ အတောင်၌ အစိမ်းနှင့် အနီရောင်များ ရောနေသည်။ မြန်မာနိုင်ငံတွင် ကျေးနီ၊ ကျေးဝါနှင့် ကျေးပုဏ္ဏား စသော ကျေးမျိုးကို တွေ့ရသည်ဆိုသော်လည်း ယင်းတို့အကြောင်းကို စုံလင်စွာ မသိရသေးချေ။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)