သစ်တောက်ငှက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သစ်တောက်ငှက်
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 LC.svg
Least Concern
(IUCN Red List Ver.3.1 (2001))
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက တိရစ္ဆာန်
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း ငှက်
မျိုးစဉ် ပီစီဖောမီး
မျိုးရင်း ပီစီဒီး
မျိုးစု [[Picus]]
မျိုးစိတ် '''''P. squamatus'''''
ဒွိနာမ
''Picus squamatus''

သစ်တောက်ငှက်[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် သစ်တောက်ငှက် အမျိုးမျိုးရှိသည်။ သစ်တောက်ငှက်သည် ပီစီဖောမီး မျိုးစဉ်တွင် ပီစီဒီး မျိုးရင်း၌ ပါဝင်သည်။ လူသိများသော သစ်တောက်ငှက်မျိုးကို သတ္တဗေဒ(ပါဏဗေဒ‎) အလိုအားဖြင့် ပိုင်းကပ်ဗီရီဒေးနပ် ဟု ခေါ်သည်။ ထိုငှက်မျိုးသည် အလျား ၁၃ လက်မ ရှိသည်။ အပေါ်ပိုင်းသည် စိမ်းနေ၍ အမြီးပိုင်းမှာ အဝါရောင် တောက်နေသည်။ အဖို၏ ဦးခေါင်းနှင့် အမောက် သည် ကြက်သွေးရောင်ဖြစ်၍ အမ၏ ဦးခေါင်းနှင့် အမောက်မှာ မည်းနက်နေသည်။ မျက်ခုံးမွှေးအဖြူ ပေါ်တွင် အနက်ကြောင်းရှိ၍ အောက်ပိုင်းတွင် အကြေးများသဖွယ် အမည်းမှတ်များ ရှိလေသည်။ သစ်တောက်ငှက်ကို ခေါက်ရှာငှက် (သို့မဟုတ်) တောက်ရှာငှက် ဟုလည်း ခေါ်သေးသည်။

ထူးခြားချက်[ပြင်​ဆင်​ရန်​]

သစ်တောက်ငှက်တို့၏ ထူးခြားသော သွားလာလှုပ်ရှားမှု၊ အပြုအမူများကြောင့် အခြားငှက်များ နှင့်မတူဘဲ အလွယ်တကူ ခွဲခြားသိနိုင်လေသည်။ သစ်တောက်ငှက်မျိုးသည် တောင်ပံကို အနည်းငယ်မျှ ဆူညံစွာ ရိုက်ခတ်၍ ပျံသန်းပြီးနောက် တောင်ပံကိုစုလျှက် လေဟုန်စီးကာ ဆင်းသက်တတ်သည်။ ဤသို့ဖြင့် အောက်သို့ ထိုးဆင်း၍ တစ်ဖန်ပြန်တက်နိုင်ရကား လှိုင်းအိသဖွယ် ဖြည်းဖြည်းနှင့် လေးလေး နိမ့်ချည်မြင့်ချည် ပျံသန်းတတ်ကြသည်။ သစ်ပင်တစ်ပင်မှတစ်ပင်သို့ ဆူညံစွာအော်ဟစ်၍ တကောင်နောက် တကောင် လိုက်တတ်သည်။


ခြေတစ်ဖက်စီတွင် ခိုင်မာသန်စွမ်းသော ခြေသည်းလေးခုရှိရာဝယ် ကျေးနှုတ်ညှပ်သဖွယ် နှစ်ခုသည် နောက်သို့၄င်း၊ အခြားနှစ်ခုသည် ရှေ့သို့၄င်း ကုပ်နေသည်။ ဤကဲ့သို့သော အမြီးနှင့် ချွန်ထက် သော ခြေသည်းများကြောင့် သစ်တောက်ငှက်သည် သစ်ပင်တစ်ပင်၏ ပင်စည်တွင်ဖြစ်စေ၊ သစ်ကိုင်းကြီး တွင်ဖြစ်စေ စွဲမြဲစွာ မတ်မတ်ရပ်တည်နေနိုင်ပြီးလျှင် သစ်ပင်၏အခေါက်တွင် တွယ်ကုပ်လျှက် ခုန်ကာ ခုန်ကာဖြင့် တက်ချည်ဆင်းချည် ပြုလုပ်နေတတ်သည်။ ပင်စည်မှအဆင်းတွင် ငှက်ပြာခြောက်များကဲ့သို့ ဦးခေါင်းစောက်ထိုးထား၍ ပြန်ဆင်းလာသည်မဟုတ်ဘဲ အတက်ကဲ့သို့ပင် ဦးခေါင်းအပေါ် ထားပြီးနောက် နောက်ပြန် ခုန်ကာခုန်ကာ ဆင်းတတ်သည်။ ဤသို့ပြုလုပ်နိုင်ခြင်းမှာ တောင့်တင်းသောအမြီးဖျားကို ထောက်သဖွယ် ထောက်ထားနိုင်သောကြောင့် ဖြစ်ရကား ကိုယ်အလေးချိန်ကို ကောင်းစွာ ထိန်းထားနိုင် လေသည်။ ဤအနေအထားမျိုးဖြင့် တက်ချည် ဆင်းချည် ပြုလုပ်ရင်း ချွန်ထက် မာကျောသော နှုတ်သီးဖြင့် တူသဖွယ် ပင်စည်ကို အတောက်တောက် ထိုးဖောက်လေသည်။ ပင်စည်အတွင်းရှိ သစ်ပိုးများကို ထိပ်တွင် ဆူးရှိသော စေးကပ်နေသည့်လျှာကြီးဖြင့် လိုက်လံရှာဖွေ စားသောက်လေသည်။ သစ်တောက်ငှက်သည် အရွယ်ကိုလိုက်၍ ခေါက်သံပေးတတ်သည်။


သစ်တောက်ငှက်သည် သစ်ပင်၏ ပင်စည်တွင်၄င်း၊ အကိုင်းတွင်၄င်း အပေါက်ဖောက်၍ အသိုက်လုပ်သည်။ အပေါက်ကို အလျားလိုက် ခပ်နက်နက် ဖောက်ထွင်းသွား၏။ ဤသို့ အပေါက်ဖောက်ရင်း တစ်ခါတစ်ရံ သဘာဝအလျောက်ဖြစ်နေသော သစ်ခေါင်းပေါက်များနှင့် တွေ့ရသဖြင့် အသိုက်အဖြစ် အသုံး ပြုလေသည်။ ဥများမှာ ရှည်မျောမျောဖြစ်၍ အပြောက်အစက်မရှိဘဲ အဖြူရောင် တောက်ပလျှက် ရှိသည်။ ဥများကို ဖေဖေါ်ဝါရီလမှ ဧပြီလအတွင်း ဥအုလေ့ရှိသည်။


သစ်တောက်ငှက်သည် ချူချူ ချူချူဟု ကျယ်လောင်စွာ အော်တတ်သော်လည်း အစာစားနေစဉ်တွင် ည့င်းပြောင်းသာယာစွာ အော်တတ်သည်။ တချတ်ချတ်နှင့် ပြတ်တောင်း ပြတ်တောင်း အော်ပြီးနောက် အသံကို မြှင့်၍ ခတ်မြန်မြန် အော်သည်။ တောင်ပေါ်နှင့် တောင်အောက်ရှိတောများတွင် ကျက်စားသည်။ မြေကြီးပေါ်၌သာ ကျက်စားသည်ကို တွေ့ရှိရသည်။ များသောအားဖြင့် ရေညှိတက်နေသောသစ်ပင်နှင့် ကျောက်တုံးကြီးများတွင် အစာရှာဖွေသည်။ ပရွက်ဆိတ်များကို နှစ်သက်သည်။

မြန်မာနိုင်ငံရှိ သစ်တောက်ငှက်များ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် သစ်တောက်ငှက် အမျိုးပေါင်းများစွာ ရှိသည့်အနက် အများဆုံးတွေ့ရသော အခြား သစ်တောက်ငှက်မျိုးများမှာ သစ်တောက်ကျားသစ်တောက်နီသစ်တောက်နက်နှင့် သစ်တောက်ကုပ်ဝါများ ဖြစ်သည်။ သစ်တောက်ကျားသည် အလျား ခြောက်လက်မမှ ခုနစ်လက်မခန့် ရှိ၍ တောင်ခြေနှင့် ကွင်းပြင်များတွင် တွေ့ရသည်။ သစ်တောက်နီသည် အလျား ၁ဝ လက်မရှိသည်။ ကျွန်းတောနှင့် ကွင်းပြင်များ၌ တွေ့ရသည်။ သစ်တောက်နက်သည် အလျား ခြောက်လက်မ ရှိသည်။ ငှက်မသည် ငှက်ဖိုနှင့်တူသော်လည်း ဦးခေါင်းနှင့်နဖူးသည် မည်းနက်နေသည်။တောင်ခြေနှင့် ကွင်းပြင်များ၌ ကျက်စားသည်။ သစ်တောက်ကုပ်ဝါသည် အလျား ၁၃ လက်မ ရှိသည်။ ငှက်ဖို၏ မေးစေ့နှင့် လည်ပင်းသည် လိမ္မော်ရောင် သန်းနေ၍ ငှက်မတွင် သပြေညိုရောင် ဖြစ်သည်။

သစ်တောက်ငှက်၏ အကူအညီ[ပြင်​ဆင်​ရန်​]

သစ်တောက်ငှက်သည် သစ်ပင်ဖျက်ပိုးများကို သုတ်သင်ရှင်းလင်းပေးသဖြင့် လူတို့အတွက် အထူး အကူအညီရပေသည်။ ကျွန်းပင်များအတွင်းသို့ ထိုးဖောက် ဝင်ရောက်၍ ဖျက်ဆီး စားသောက်နေ တတ်သော ပိုးတစ်မျိုးရှိရာ ထိုပိုးများကြောင့် မြန်မာနိုင်ငံရှိ ကျွန်းသစ်များ၏ တန်ဖိုးကို များစွာ ယုတ်လျော့စေလေသည်။ သစ်တောက်ငှက်သည် ထိုပိုးများကို အထူးနှစ်သက်ရကား ယင်းတို့ကို လိုက်လံရှာဖွေ စားသောက်ကြသည်။ အကယ်၍ သစ်တောက်ငှက်များသာ မရှိပါက မြန်မာနိုင်ငံ ကျွန်းတောများမှာ ထိုမျှမက ပျက်စီးကြမည် ဖြစ်သည်။

တွေ့ရှိမှု[ပြင်​ဆင်​ရန်​]

သစ်တောက်ငှက်များသည် မလေးရှားနိုင်ငံမှ ယိုးဒယားနိုင်ငံနှင့် မြန်မာနိုင်ငံအထိ ပျံ့နှံ့သည်။ မြန်မာနိုင်ငံတွင် သစ်တောက်ငှက်များကို ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ကယားပြည်နယ်တောင်ပိုင်း၊ တနင်္သာရီတိုင်းများတွင် အများအပြား တွေ့ရသည်။ ထို့အပြင် ကမ္ဘာအနှံ့အပြားတွင်လည်း တွေ့ရသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)