လိပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လိပ်
လိပ်

ရှေးအကျဆုံး သတ္တဝါ[ပြင်​ဆင်​ရန်​]

လိပ်များသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀ ပတ်ဝန်းကျင်ကပင် ဒိုင်နိုဆောသတ္တဝါများထက် ရှေးဦးစွာ ပေါ်ပေါက်ခဲ့ပြီး တွားသွား သတ္တဝါများအနက် ရှေးအကျဆုံး သတ္တဝါများလည်းဖြစ်ပါသည်။

ဟာဝိုင်ယီမှ ပင်လယ်လိပ်

ပင်လယ်လိပ်[ပြင်​ဆင်​ရန်​]

ကမ္ဘာနှင့်အဝှမ်း ပင်လယ်လိပ် မျိုးစိပ်များစွာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝကျော်မှစတင်၍ လူသားပယောဂကြောင့်သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း သိသာထင်ရှား လျှင်မြန်စွာ လျော့နည်းလာသည်ကို သုတေသနပညာရှင်များ၊ သိပ္ပံပညာရှင်များမှ သိရှိလာပြီး မျိုးသုဉ်းလုနီးပါး သတ္တဝါမျိုးစိပ် (Endangerd Species) အဖြစ် စာရင်းထည့်သွင်း သတ်မှတ်ကာ နိုင်ငံများစွာရှိ မျိုးထိန်းသိမ်းကာကွယ်ရေးအဖွဲ့အစည်းအသီးသီးမှ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။ ပင်လယ်လိပ်သားပေါက်များသည် သားစားသတ္တဝါများဘေးအန္တရာယ်ကြောင့် သဘာဝပင်လယ်ပြင်တွင် ရှင်သန်ရန်အခွင်အလမ်းအလွန်နည်းပါးလှပါသည်။ ပင်လယ်လိပ်များသည် အရွယ်ရောက်မျိုးပွားရန် နှစ်ပေါင်း ၃ဝမှ ၅ဝအထိ ကြာမြင့်တတ်ပါသည်။

သဘာဝပတ်ဝန်းကျင်တွင် ပင်လယ်လိပ်များ အရေးပါ[ပြင်​ဆင်​ရန်​]

ပင်လယ်လိပ်များသည် ၎င်းတို့နေထိုင်ကျက်စားရာ ဒေသများတွင် ပေါက်ရောက်လျှက်ရှိသော ပင်လယ်မြက်ရေညှိရေမှော်များကို စားသုံး၍ ၎င်းတို့၏ စွန့်ပစ်အညစ်အကြေးများမှ ဩဇာဓာတ်များဖြစ်ပေါ်ကာ ငါးပုစွန် အစရှိသည့် ရေနေသက်ရှိ သတ္တဝါမျိုးစိပ်များစွာတို့သည် ထိုဩဇာဓာတ်များကို စားသုံးခြင်းဖြင့် ပေါက်ပွားရှင်သန်ရန် ပင်လယ်လိပ်များမှ ဖန်တီးပေးသကဲ့သို့ ဖြစ်ပါသည်။ ပင်လယ်လိပ်များသည် ပင်လယ်ပြင် ဂေဟစနစ် (Marine Ecosystem) တွင် ဇီဝမျိုးစုံမျိုးကွဲ (Biodiversity)တစ်ခုအ ဖြစ် ပါဝင်သည့်အလျှောက် အစာကွင်းဆက် (Food Chain)နှင့် အစာကွန်ယက် (Food Web)တွင်လည်း အဓိကကျသော အခန်း ကဏ္ဍမှ ပါဝင်လျှက်ရှိပါသည်။ ပင်လယ်လိပ်များသည် ပင်လယ်ရေထုကို အဆိပ်အတောက်ဖြစ်စေသည့် ပင်လယ်ဒီရေနီ (Red Tide)ဖြစ်ပေါ်စေနိုင်သော မျှောလှေးများဖြစ်သည့် Dinoflagellates နှင့် Diatoms များကို စားသုံးသည့် မျိုးစိပ်များဖြစ်သည့်အပြင် ပင်လယ်ပြင်ဂေဟစနစ် (Marine Ecosystem) ဆက်စပ်မှုတွင် အရေးပါအရာရောက်သည့် သတ္တဝါဖြစ်ပါသည်။ ထို့ကြောင့် ပင်လယ်၌ နေထိုင်ကျက်စားသောအခြားရေနေသတ္တဝါမျိုးစိပ်များ အသက်ရှင်သန်ကြီးထွားမျိုးပွားရေးအတွက် အရေးပါသော သတ္တဝါပင် ဖြစ်ပါသည်။[၁]

သံချပ်ကာတန်ဆာဝတ် ရေနေကုန်းနေသတ္တဝါ[ပြင်​ဆင်​ရန်​]

ခန္ဓာကိုယ်တစ်ခုလုံး မာကျောသော အရိုးခွံဖြင့် ဖုံးအုပ်နေသဖြင့် ပုံပန်းသဏ္ဌာန်ရော အနေအထိုင် အသွားအလာပါ ထူးဆန်းသော သတ္တဝါ မျိုးဖြစ်သည်။ အချို့သည် ကုန်းပေါ်၌နေကြ၍ အချို့သည် ရေထဲ၌သာ နေ ကြသည်။ မြန်မာဘုရင်များလက်ထက်က လိပ်တိုက်ပွဲဟူ၍ အပျော်အပါး ကျင်းပခဲ့ဖူးလေသည်။ လိပ်များမျာ ထုံထိုင်းသောသတ္တဝါများဖြစ်သည်ဟု ထင်မှတ်ရသော်လည်း မျက်စိ၊ နား အလွန်အကင်းပါးသော သတ္တဝါများ ဖြစ်သည်။

လိပ်ကို အကြမ်းအားဖြင့် ကုန်းလိပ်ပင်လယ်လိပ်ဟူ၍ နှစ် မျိုးခွဲခြားထား၏။ ကုန်းလိပ်သည် ကုန်းကိုခင်မင်သကဲ့သို့ ပင်လယ်လိပ် သည်လည်း ပင်လယ်ကိုခင်မင်သည်။ လိပ်ကို ကမ္ဘာတစ်ဝန်းလုံး၌တွေ့ရ၏။ ကမ္ဘာဟောင်းတွင် ကမ္ဘာသစ်မှာထက် လိပ်မျိုးစုံပေါများသည်။ ကုန်းလိပ်များ သည် ပင်လယ်လိပ်များကဲ့သို့ ခရီးများစွာ မသွားကြချေ။ အချို့ကုန်းလိပ် များသည် တစ်နေရာတည်းသို့ နှစ်စဉ်နှစ်တိုင်း ပြန်၍လာတတ်သည်ကို တွေ့ရ၏။ သို့သော် ပင်လယ်လိပ်များကား တစ်နေ့လျှင် မိုင်ပေါင်းများစွာကို ဥရောပတိုက်၊ အာရှတိုက်တောင်ပိုင်းနှင့် အာဖရိကတိုက်တစ်ဝန်းလုံးတွင် တွေ့ရ၏။ သူတို့၏ အသွားအလာ၊ အနေအထိုင်နှင့် သူတို့၏ ဘဝမှာ လွန်စွာပျင်းရိငြီးငွေ့ဖွယ်ကောင်းပေသည်။

လိပ်တစ်ကောင်လုံးသည် မာကျော၍ ဦးချိုကဲ့သို့ထူသော အရိုးခွံ ဖြင့် ဖုံးအုပ်လျက်ရှိသည်။ ထိုအရိုးခွံကြီးသည် သံချပ်ကာကားသဖွယ် ရန်သူ့ ဘေးမှ ကာကွယ်ပေးသည်။ အခွံမှာ တိရစ္ဆာန်၏ ဦးချိုသဖွယ်မာကျော၍ အတွင်းမှအသားနှင့် ဆက်စပ်လျက်ရှိနေရကား အကောင်သည် အခွံတွင်းမှ သက်သက်ထွက်၍ မလာနိုင်ချေ။ လိပ်၏ကျောရိုးမှာ အိမ်၏ဝန်ကို ထမ်း ထားသော ခေါင်မကြီးကဲ့သို့လည်းကောင်း၊ နံရိုးများမှာ ထုတ်လျောက် ဒိုင်း မြားများကဲ့သို့လည်းကောင်း၊ အပေါ်ခွံနှင့်ကပ်နေသည့် အရိုးချပ်များမှာ အိမ် မိုးကိုခံထားသည့် မြားတန်းများသဖွယ်လည်းကောင်းရှိရာ အိမ်ကိုမပျက်စေဘဲ အမိုးကို သက်သက်ခွာထုတ်၍ မရသကဲ့သို့ပင်ရှိသည်။

လိပ်၏အောက်ပိုင်း၌ အခွံသည် ရင်ပတ်ရိုးနှင့် ပူးတွဲဆက်စပ် လျက်ရှိ၏။ ကုန်းလိပ်များ၌ အပေါ်ခွံနှင့် အောက်ခွံဆက်စပ်ရာတွင် ရှေ့ နောက်အပေါက်နှစ်ပေါက်ရှိရာ ရှေ့အပေါက်မှာ ဦးခေါင်းနှင့် လက်များဝင် ရန်ဖြစ်၍ နောက်အပေါက်မှာ အမြီးနှင့် ခြေထောက်ဝင်ရန်ဖြစ်သည်။ လိပ်သည် အခွံတွင်းသို့ ဦးခေါင်း၊ အမြီးနှင့် ခြေလက်တို့သွင်းမိ သောအခါ သံချပ်ကာကားအတွင်းသို့ ရောက်နေသူသည် ရန်သူကို အမှု မထားသကဲ့သို့ပင် ရှိချေသည်။ ဦးခေါင်းနှင့် ခြေလက်များ၌လည်း ဦးချိုနှင့် တူသည့် အလွန်မာကျောသော အကြေးများဖြင့် ဖုံးအုပ်နေပြီးလျှင် ကျား လက်သည်း၊ စွန်လက်သည်းများကဲ့သို့ သန်မာသော လက်သည်းများလည်း ရှိလေသည်။

အခွံမှာ အမျိုးကိုလိုက်၍ ပုံအမျိုးမျိုး၊ အကွက်အမျိုးမျိုးရှိပြီးလျှင် များသောအားဖြင့် ခုံးဝိုင်းခြမ်းသဏ္ဌာန်ရှိ၏။ အရောင်မှာ ညိုမွဲသောအရောင် ဖြစ်သည်။

လိပ်သည် မြေပေါ်တွင် တွားသွားကောင် မျိုးစဉ်တွင်ပါဝင်၍ မြွေ၊ အိမ်မြှောင် အစရှိသော တွားသွားတိရစ္ဆာန်တို့နှင့် မျိုးစဉ်တစ်ခုတည်း ဖြစ်၏။ ကုန်းလိပ်၊ ပင်လယ်လိပ်ဟူ၍ မျိုးစဉ်နှစ်ခု ခွဲခြားထားသည့်အနက်၊ ကုန်းမြေပြင်နှင့် ရေချိုများတွင်တွေ့ရသည့် လိပ်မျိုးများကို ကုန်းလိပ်ဟု အမည်ပေးထားပြီးလျှင်၊ ပင်လယ်၌တွေ့ရသော လိပ်မျိုးများကို ပင်လယ်လိပ် ဟု အမည်ပေးထားသည်။

ကုန်းလိပ်မျိုးစဉ်အစစ်များမှာ ခြောက်သွေ့သော မြေပေါ်၌လည်း ကောင်း၊ သဲစပ်သောင်ပြင်နှင့် သဲကန္တာရအစွန်အဖျားတို့၌လည်းကောင်း ကျစ်စာတွင်းကလေးများ တူးယက်ကာနေကြ၏။ သူတို့သည် နေ့အချိန်တွင် ထိုတွင်းကလေးများ၌ အောင်းကာညဉ့်အချိန်များ၌ တရွေ့ရွေ့ အစာရှာထွက် တတ်သည်။ သူတို့စားသော အစာမှာလည်း ဆူးရှိသောရှားစောင်းပင်များ၊ မြက်ခြောက်များ၊ နွယ်ပင်ကလေးများဖြစ်၏။

ရေချို၌နေသည့် လိပ်များမှာမူ တွေ့မြင်ရာ အကောင်ကလေးများ ကို စားသောက်တတ်၍ ထိုအစာများမှာ ခရု၊ ဖားလောင်း၊ ဖား၊ ငါးကလေး များနှင့် ပုစွန်များဖြစ်သည်။ ဟင်းသီးဟင်းရွက်သာစားသော လိပ်များလည်း ရှိသေးသည်။

ထိုရေချိုလိပ်မျိုးမှာ ကုန်းတွင်ပျော်မွေ့ကြ၍ ကုန်းလိပ်ပင် ဆိုရ လင့်ကစား နွံအိုင်များ၊ ပွက်များ၊ ရေစပ်စပ်ရှိသော နေရာများတွင် မည် သည့်အခါမျှမတွေ့ရချေ။ သူတို့၏ နောက်ခြေများ၌ ရေကူးနိုင်ရန် ဘဲခြေ ထောက်မှာကဲ့သို့ ခြေချောင်းအကြားတွင် ဆက်စပ်နေသည့် အရေပြားမျိုး ရှိသည်။

ကုန်းလိပ်ကြီးများ[ပြင်​ဆင်​ရန်​]

ကုန်းလိပ်ကြီးများသည် မြေပေါ်တွင် တွားသွားကောင်များအနက် အလွန်ပင်ရှေးကျသော သတ္တဝါများဖြစ်သည်။ ယခုခေတ်တွင် တိမ်ကောသွား ပြီဖြစ်သော ပေ ၈ဝ ခန့်ရှည်သည့် ကျောက်ဖြစ်ရုပ်ကြွင်းကိုသာ တွေ့ရသော ဒိုင်နိုဆောခေါ် တွားသွားကောင်ကြီးများထက်ပင် ရှေးကျသေးသည်ဟု ဆို လေသည်။


ထင်ရှားသော လိပ်ဘီလူး များဟု ခေါ်လောက်သည့် ကုန်း လိပ်ကြီးမျိုးများကို ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်း တောင်အမေရိတိုက်အနောက် ဘက်ကမ်းခြေနှင့် မိုင် ၅ဝ ကွာခန့်၌ရှိသည့် ဂလားပါးဂိုးကျွန်းစု၌ တစ်ကြိမ် က အမျိုးပေါင်းအတော်များများ တွေ့ရှိခဲ့သော်လည်း ယခုအခါ မတွေ့ရ တော့ချေ။ အခြားအလားတူ အကောင်ကြီးများကို အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အချို့ကျွန်းများပေါ်၌တွေ့ရသည်။ အချို့မှာ ပေါင် ၅ဝဝ ခန့်ပင် အချိန်စီး၍ အခွံများပင် လေးငါးပေခန့် အလျားရှိလေသည်။

သို့သော် အကြီးဆုံးတွေ့ရသော လိပ်ဘီလူးကြီးတစ်ကောင်၏ အခွံစုကို ၁၉၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ကံအားလျော်စွာ တူး ဖော်ရရှိလေသည်။ အခွံစုမှာ ကြေမွနေပြီဖြစ်၍ ရှားပါးသော ရှေးဟောင်း ပစ္စည်းတစ်ခုအနေဖြင့် အဖိုးထိုက်တန်လှသောကြောင့် သိပ္ပံပညာရှင်များသည် နဂိုပကတိအတိုင်းဖြစ်စေရန် နှစ်နှစ်တိုင်တိုင် ကြိုးစားဆက်စပ်ယူရ၏။ ပြီး စီးသောအခါ လိပ်ကြီးကို နဂိုုမြင်နေရသည့် ပုံအတိုင်းရရှိ၍ အခွံကြီး၏ အရှည်မှာ ရှေးအဖျားစွန်းမှ နောက်အဖျားစွန်းအထိ ခုနစ်ပေကျော်ကျော် ရှိ လေသည်။ ထိုသတ္တဝါကြီးမှာ လူအများတွေ့ရသော ကုန်းလိပ်များထဲတွင် အကြီးဆုံးသော သတ္တဝါကြီးဖြစ်လေသည်။

လိပ်များမှာ အလွန်အသက်ရှည်၍ နှစ်ပေါင်း ၂ဝဝ ကျော် ၃ဝဝ မျှပင် နေရသည်ဟုဆိုသည်။


ပင်လယ်လိပ်များ[ပြင်​ဆင်​ရန်​]

ကုန်းလိပ်များမှာ လိပ်ကဲ့သို့နှေးသည် ဟု စကားပုံဖွဲ့လောက် အောင် နှေးကွေးသော်လည်း ပင်လယ်လိပ်မျာမှာမူ ရေကူးအလွန် ကျင်လျင် ကြ၍ ကမ်းမှအလွန်ဝေးသော နေရာများ၌ပင် တွေ့ရသည်။ သူတို့၌ လမ်း လျှောက်သည့် ခြေများအစား ခတ်တက်သဖွယ် အသုံးပြုသည့် ရေယက်ပါရှိ ၍ ရေတွင် ကောင်းစွာကူးခတ်သွားလာနိုင်၏။ ကျွန်းများ၌ဖြစ်စေ၊ သဲ သောင်များ၌ဖြစ်စေ၊ ကမ်းစပ်၌ဖြစ်စေ ဥများကို အုလိုသောအခါမှ ပြန်၍လာ တတ်ကြသည်။ ပင်လယ်လိပ်ဆိုသည့်အတိုင်း ရေသာပျော်မွေ့၍ ရေ၌သာနေ ၏။ အစာလည်းရှာ၏။ အိပ်လည်းအိပ်၏။ တစ်ခါတစ်ရံ ကမ်းခြေမှ မိုင် တစ်ရာ၊ နှစ်ရာမျှဝေးသည့် ပင်လယ်ပြင်၌ တွေ့ရ၏။

ကုန်းလိပ်များသည် များသောအားဖြင့် အလွန်သဘောကောင်း သော သတ္တဝါများဖြစ်ကြ၍ မြေထဲ၊ သဲထဲတွင် ကျစ်စာများ ယက်ထုတ်ရ သည့် ကျင်းကလေးများကို တူးသည်မှ တစ်ပါး၊ အိပ်ခြင်း၊ စားခြင်း၊ အလ ဟဿနေခြင်းဖြင့်သာ အချိန်ကုန်စေသည့် အကောင်မျိုးဖြစ်၏။ ပိုးကောင် မွှားကောင်များကို ဟပ်မျိုသည်မှတစ်ပါး မည်သူ့ကိုမျှလည်း ရန်မမူတတ် ချေ။ သို့သော် အပြိုင်အဆိုင် အထီးနှစ်ကောင် တွေ့ဆုံမိကြသောအခါ တစ် ကောင်နှင့်တစ်ကောင် ကြောက်မက်ဖွယ်ကောင်းအောင် တိုက်ခိုက်သတ်ပုတ် တတ်လေသည်။ လိပ်ခွံချင်း ပြင်းထန်စွာ ရိုက်ခတ်ပြီးနောက် ဦးခေါင်းများ ကို ရှည်နိုင်သမျှ ဆန့်ထုတ်ကာ အသားပျော့ရှိရာ လည်တံ၌လည်းကောင်း၊ လက်ရင်း၌လည်းကောင်း တစ်ကောင်နှင့်တစ်ကောင် အကျိတ်အနယ်ကိုက်ခဲ ကြသည်။ ဤသို့ဖြင့် အပြင်းအထန် ဒဏ်ရာရကြသောအခါ စစ်ပွဲပြီး၍ မိမိ တို့အလိုရှိရာလမ်းကို ဆက်လက်သွားကြ၏။


အပျော်အပါးကြိုက်သော ရှေးမြန်မာဘုရင်များသည် ကျဉ်းမြောင်း သော ရေမြောင်းကလေးများထဲတွင် လိပ်များကို ရင်ဆိုင်ချကာ လိပ်တိုက်ပွဲ များကို ရံဖန်ရံခါ ကျင်းပခဲ့ဖူးလေသည်။


လိပ်များ၏ ထူးဆန်းသော အလေ့အကျင့်တစ်ခုမှာ နေ့ရော ညဉ့်ပါ မလှုပ်မရှား အိပ်စက်နေရုံနှင့် တင်းတိမ်အားရခြင်း မရှိသေးဘဲ တစ်နှစ်လျှင် တစ်ကြိမ်ကျ အနားယူအိပ်စက်တတ်ကြသေးခြင်းဖြစ်သည်။ အပူပိုင်းဒေသများ၌ အပူဆုံးလများကို ရွေးချယ်၍လည်းကောင်း၊ သမပိုင်း ဒေသများ၌ ချမ်းအေးစပြုလာသော အချိန်မှစ၍လည်းကောင်း မြေထဲတွင် လက်ယက်တွင်းများတူးကာ ငါးလ၊ ခြောက်လခန့် မည်သည့်အစာအာဟာရ မျှ မစားသောက်ဘဲ မလှုပ်မရှက် အနားယူအိပ်တတ်ကြသည်။ လိပ်များ၌ သွားမရှိချေ။ သို့သော် သူတို့၏ နှုတ်သီးနှင့်တူသော ပါးစပ်တွင် ကိုက်ဖြတ်ရန်ထက်မြက်သော အစွန်းများရှိ၍ ထိုးအစွန်းများဖြင့် အစားအစာများကို လွယ်ကူစွာ ဖြတ်တောက်စားသောက်သည်။ သို့သော် ဝါး ရာတွင် အလွန်အားစိုက်ရသည့် ဟန်ဖြင့်မြဲအောင် နင်းထားပြီးနောက် စား ပိုးနင့်၍ နေဘိသကဲ့သို့ လည်မျိုကို အထက်သို့မြေ|ာက်ချည်တစ်ခါ အောက် သို့နှိမ့်ချည် တစ်လှည့်မျိုဟပ်၍ ချတတ်လေသည်။


ရန်သူနှင့်တွေ့လျှင် လိပ်သည် အခွံတွင်းသို့ ဦးခေါင်းနှင့် ခြေ လက်များကို သွင်းလိုက်ခြင်းဖြင့် ဘေးကင်း၍သွား၏။ ထိုအခါ သာမန် အသားစား တောတိရစ္ဆာန်တို့သည် မာကျောသော အခွံကြီးမှတစ်ပါး ကိုက်ဖဲ့ ရန်နေရာ ရှာမတွေ့သည်နှင့် စိတ်ပျက်ကာ ထွက်ခွာသွားတတ်ကြသည်။ သို့ သော် ကျားသစ်များ၊ တောကြောင်ကြီးများမှာမူ လိပ်ကို ပက်လက်လန် အောင်ပြုလုပ်ပြီးနောက် ဦးခေါင်းနှင့် အမြီးဝင်ရာ အပေါက်များကို စမ်းသပ် ရှာဖွေပြီးလျှင် ထိုအပေါက်တွင်းသို့ လက်သည်းရှည်ကြီးများဖြင့်နှိုက်ကာ ကော်ခြစ်ထုတ်ယူတတ်သည်။


လိပ်များမှာ ထုံထိုင်းသော သတ္တဝါများဖြစ်သည်ဟု ထင်မှတ်ရ သော်လည်း မျက်စိ၊ နား အလွန်အကင်းပါးသော သတ္တဝါများဖြစ်သည်။ တီးသံ မှုတ်သံကို နှစ်ခြိုက်ကြ၏။


ဆွစ်ဇာလန်နိုင်ငံရှိ ဥယျာဉ်တစ်ခု၌ ဆရာဝန်တစ်ဦးသည် ဂရိနိုင်ငံမှ ယူလာသော လိပ်များကိုမွေးထားရာ ညနေဥယျာဉ်ထဲတွင် ဘင် ခရာတီးမှုတ်သောအချိန်၌ လိပ်များသည် ဘင်တီးသံကြားသည်နှင့်တစ်ပြိုင် နက် ဘင်တီးရာ ခြံစည်းရိုးဆီသို့ သူ့ထက်ငါဦးအောင် မြန်နိုင်သရွေ့မြန်စွာ လာရောက်ကြပြီးလျှင် လူများပွဲကြည့်သကဲ့သို့ လည်တံကြီးများကိုဆန့်တန်း ကာ နားထောင်ကြပြီးနောက် ဘင်တီးပြီးသည်နှင့်တစ်ပြိုင်နက် မိမိတို့နေရာ သို့ ပြန်ကြသည်။ ဤသို့ ယဉ်ပါးသောကြောင့်လည်း လေ့ကျင့်၍ သင်ပြ ထားလျှင် လူ၏လက်ထဲမှ အစာကိုပင် ယူ၍စားသောက်တတ်ကြ၏။ ပင်လယ်လိပ်များ၌ အထီးများသည်ရေနှင့် မခွဲခွာဘဲ နေကြသော် လည်း လိပ်မများမှာမူ သဲပေါသော ကမ်းစပ်၌ဖြစ်စေ၊ လူသူမရောက်သော ကျွန်းများ၌ဖြစ်စေ ဥများကို အုရန်လာရောက်ကြ၏။ ဤသို့လာသည့်အခါ များ၌ လိပ်မသည် အလွန်လသာသောညဉ့်များကို ရွေးချယြ်ပီးလျှင် ရေမှ တက်လာသည်နှင့်တစ်ပြိုင်နက် အနီးပတ်ဝန်းကျင်သို့ သတိကြီးစွာဖြင့်ကြည့် ပြီးမှ ရန်သူများထွက်ပြေးစေရန် မြွေကဲ့သို့ကျယ်လောင်စွာ တွန်မြည်သည်။ ကုန်းသို့ရောက်လျှင် ဒီရေမမီသောနေရာ၊ ခြောက်သွေ့သော နေရာကို ရွေးချယ်ပြီးသော် ရှေ့လက်ပြားများဖြင့် မြေကိုတူးဆွခြင်း၊ နောက် ခြေဖြင့် ကျစ်စာများကို ယက်ထုတ်ခြင်းတို့ဖြင့် တွင်းကို အတန်နက်စွာ တူး ပြီးနောက် ဥပေါင်းတစ်ရာ၊ တစ်ရာကျော်ခန့်ကိုအုသည်။ ထို့နောက် မြေကို နေသားတကျ ပြန်၍ ဖုံးထား၏။


နှစ်လခန့်အတွင်း၌ ဥများသည် နေ၏ အပူရှိန်ဖြင့်ပေါက်လာရာ ပေါက်စလိပ်ကလေးများသည် အသိုက်ဖြစ်သော တွင်းမှထွက်ခဲ့၍ သဘာဝ အတိုင်း ရေသို့တဖြည်းဖြည်းတွားဆင်းကြသည်။ သို့သော် အချို့မှာ ကုန်း ပေါ်တွင် သိမ်းများ၊ စင်ရော်များ၊ ကနန်းများ၊ မြွေများ၏ဘေးရန်ကြောင့် သေကြေကြ၍ ရေတွင် ငါးကြီးများ၊ မိကျောင်းများ ဝါးမျိုစားသောက်သဖြင့် ပျက်စီးကြရသည်။


ကုန်းလိပ်နှင့်ပင်လယ်လပ်တို့သည် ကိလိုနီယာမျိုးစဉ်တွင် ပါဝင် လေသည်။ အချို့ပါရဂူများကမူ ကုန်းလိပ်ကို တက်စတူဒီနေတာမျိုးစဉ်၊ ပင် လယ်လိပ်ကို ကဲလိုနီဒ မျိုးစဉ်တို့တွင် ပါဝင်သည်ဟု သတ်မှတ်ကြသည်။ ကုန်းလိပ်သည် ယင်း၏ဦးခေါင်းကို လုံးဝလိပ်ခွံအတွင်း သွင်းယူနိုင်သော် လည်း ပင်လယ်လိပ်ကမူ ယင်း၏ဦးခေါင်းကို တစ်စိတ်တစ်ဒေသသာ သွင်း ယူနိုင်လေသည်။[၂]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန(လက်ကမ်းစာစောင်)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)