ချည်ချောင်း
ချည်ချောင်း(တူရိယာ)
ချည်ချောင်း တူရိယာမှာ ယခု တွဲပြွေဟု ခေါ်ဆိုနေသော လေမှုတ်တူရိယာတစ်မျိုး ဖြစ်သည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း၄၀ဝ လောက်ကတည်းက ပေါ်ပေါက်နေသော တူရိယာ ဖြစ်သည်။ ချည်ချောင်းမှာ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ဝါးဖေါင်ကဲ့သို့ ကြီးစဉ်ငယ်လိုက် ပြွေများကို တစ်ချောင်းစီယှဉ်၍ စုပေါင်း ချည်နှောင်ထားသည်။ တစ်မျိုးမှာ ဝါးချောင်းအတိုအရှည်များကို ထင်းစည်းကဲ့သို့ စုပေါင်းချည်နှောင်ထားသည်။ ကုန်းဘောင်ခေတ် ချည်ချောင်းများတွင် ဝါးချောင်း ၁၆-ချောင်း ပါသည်။ ရှေးအခါက ချည်ချောင်း အသံဖို အသံမကို လူနှစ်ယောက် တပြိုင်တည်း ယှဉ်မှုတ်လေ့ရှိသည်။ ချည်ချောင်း တူရိယာမှာ လက်နှိပ်ပေါက် မပါသော ထိပ်အဆစ်ပိတ် အဝတူ ဝါးချောင်းကလေးများကို အသံအနိမ့်အမြင့်အလိုက် အတိုအရှည် ဖြတ်ပြီး ကြိမ်ကြိုးများဖြင့် စု၍ချည်ထားသော တူရိယာဖြစ်သည်။[၁]
မြန်မာတူရိယာများတွင် တံပိုးမျိုး ၈ ပါးဆိုသော လေတူရိယာ ၈ ပါးရှိသည်၊ ထိုတွင် ချည်ချောင်းတူရိယာမှာ တစ်ပါး အပါအဝင် ဖြစ်သည်။ ချည်ချောင်းတူရိယာပြုလုပ်ပုံမှာ ပြွေ အသေးစား ၆ လုံး ၈ လုံးခန့်တို့ကို စု၍ ချည်နှောင်ထားခြင်း ဖြစ်သည်။ အသံ အနိမ့်အမြင့်ကိုလိုက်၍ ပြွေကို အရှည်အတို စီ၍ ထားရသည်။
ချည်ချောင်းတူရိယာသည် ချိုသာငြိမ့်လေးသောအသံကို ဖြစ်စေသည်။ ပုဂံခေတ်အခါကပင် ထိုတူရိယာကို ဖြစ်စေသည်။ ပုဂံခေတ်အခါကပင် ထိုတူရိယာကို မြန်မာလူမျိုးတို့ သုံးစွဲနေပြီ
ဖြစ်ကြောင်း အထောက်အထားများရှိသည်။ ပုဂံခေတ်က ပေါ်ပေါက်ခဲ့သော 'တစ်ပြားနှစ်ပြား၊ ပဲလင်ပြား' အစချီသော ရတုမျိုးကို မိကျောင်း၊ ချည်ချောင်း၊ စောင်းတရောတို့ဖြင့် တီးချက်စည်းချက်မိအောင် သီဆိုနိုင်ကြောင်းနှင့် ပုဂံဦးတင်က ကဗျာ ဗန္ဓသာရကျမ်းတွင် ရေးသားဖော်ပြထားသည်။ ထိုတူရိယာမှာ ယခုအခါ ကွယ်ပျောက်နေပြီ ဖြစ်သော်လည်း ရှေးပုဂံခေတ်နှင့် အင်းဝခေတ်များ ကောင်းစားစဉ်က အရေးပါ အရာရောက်သော တူရိယာတစ်ခု ဖြစ်ခဲ့သည့်အလျောက် တံပိုးမျိုး ၈ ပါးတွင် ထည့်သွင်းထားခြင်း ဖြစ်လေသည်။
ချည်ချောင်းမှုတ်နေသော မိန်းမရုပ်ပုံကို အာနန္ဒာလိုဏ်ဂူထဲတွင် ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။ အင်းဝခေတ်တွင် စီကုံးဖွဲ့ဆိုခဲ့သော သျှင်အဂ္ဂသမာဓိ၏ ဘုံခန်းပျို့တွင် 'သံလေး ချည်ချောင်း၊ သာသည့်စောင်းနှင့်၊ မိကျောင်းညိုလုပ်'ဟု ချည်ချောင်းတူရိယာကို စောင်း၊ မိကျောင်းတို့နှင့် ယှဉ်တွဲကာ ဖော်ပြထားလေသည်။ [၂]