၂၀၁၁ ကျောက်ဆည်ရေကြီးမှု

ဝီကီပီးဒီးယား မှ

စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်ချောင်းများ၊ တူးမြောင်းများနှင့်ဆည်များအတွင်း၌ ရေပြည့်လျှံနေချိန်တွင် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၂ရက်နေ့ညပိုင်းမှ စတင်ကာ ထပ်မံ၍ မိုးဆက်တိုက်ရွာသွန်းလာမှုကြောင့် ကျောက်ဆည်ခရိုင် အတွင်းရှိ ကျောက်ဆည်မြို့နယ် နှင့်အတူ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ် နှင့် စဉ့်ကိုင်မြို့နယ် တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ ပန်းလောင်မြစ်တွင် စမာရေလွှဲဆည် တည်ဆောက်ပြီးနောက်ပိုင်းမှစ၍ မြစ်သားမြို့တွင် နှစ်တိုင်းလိုလို ရေကြီးကြောင်း၊ ၂၀၀၆ ခုနှစ်တွင် ပန်းလောင်ဆည်ရေ ဖောက်ချလိုက်ရစဉ်ကလည်း မြစ်သားမြို့တွင် ဆိုးဆိုးရွားရွား ရေလွှမ်းမှုဖြစ်ခဲ့ရသည်။ ယင်းသို့ မကြာခဏ ရေလွှမ်းမိုးမှုများကြောင့် မြစ်သားမြို့နယ်အတွင်း စိုက်ပျိုးထားသော ကြက်သွန်ခင်းများ၊ စပါးခင်းများ၊ ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ကျောက်ဆည်မြို့တွင်လည်း ဇော်ဂျီမြစ်ရေလျှံမှုကြောင့် မြို့လယ်ရှိ ဇော်ဂျီမြစ်ဖြတ်တံတား ရေလွှမ်းမိုးခြင်း ခံနေရပြီး မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ရေနစ်မြုပ်ခဲ့သည်။ စဉ့်ကိုင်မြို့နယ်တွင်လည်း ပန်းလောင်မြစ်ရေကြောင့် ကျေးရွာအများစု ရေနစ်မြုပ်လျက်ရှိပြီး ဘဲလင်းကျေးရွာအုပ်စုတွင် ပါဝင်သော ရွာနှစ်ရွာတွင် ရေအနက် လေးပေခန့် နစ်မြုပ်ခဲ့သည်။

ယင်းဒေသမှာ ဧရာဝတီမြစ်ဒုဋ္ဌဝတီမြစ်ဇော်ဂျီမြစ်ပန်းလောင်မြစ်စမုံမြစ် စသော မြစ်များ စီးဆင်းလျက် ရှိသည်။ ဒုဋ္ဌဝတီမြစ်ပေါ်တွင် ရဲရွာရေအားလျှပ်စစ်စက်ရုံ အတွက် တည်ဆောက်ထားသော ရဲရွာဆည် ရှိသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ ထုတ်ပြန်ချက်များ အရ အောက်တိုဘာလ ၃ ရက်နေ့က ကျောက်ဆည်မြို့တွင် ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ ၇.၅၁ လက်မရှိပြီး အနီးပတ်ဝန်းကျင် မြို့များဖြစ်သော မြစ်သားမြို့တွင် ၅.၈ လက်မ၊ မန္တလေးမြို့တွင် ၄.၄၁ လက်မနှင့် စစ်ကိုင်းမြို့ တွင် ၄.၃၇ လက်မ ရှိကြောင်း သိရှိရသည်။

ယခုနှစ်ရေကြီးမှုမှာ ၂၀၀၆ ခုနှစ်ကထက် ပိုဆိုးကြောင်း၊ ကျောက်ဆည်တင်မကဘဲ အနီးပတ်ဝန်းကျင် မြို့တွေပါရေကြီးနေကြောင်း မန္တလေးတိုင်းဒေသကြီး၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဝန်းထမ်းတစ်ဦး၏ ပြောကြားချက်ကို ၽႊကိုးကား၍ Weekly Eleven News မှ ဖော်ပြထားသည်။ [၁]

ကယ်ဆယ်ရေး[ပြင်ဆင်ရန်]

ကျောက်ဆည်မြို့တွင် အိမ်ထောင်စု ၄၀၀ ကျော် နှင့် လူဦးရေ ၁၉၅၀ ဦးကျော်တို့ ရေဘေး ကယ်ဆယ်ရေးစခန်း များ၌ နေထိုင်ကြရသည်။ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရသူများမှာ ကျောက်ဆည်မြို့တွင်းရှိ ဘုန်းကြီးကျောင်းများ ဖြစ်ကြသောဧရာဝတီကျောင်းတွင် အိမ်ထောင်စု ၅၃စု၊ လူဦးရေ ၂၂၇ ဦး၊ ရွှေစေတီကျောင်းတွင် အိမ်ထောင်စု ၁၀၄စု၊ လူဦးရေ ၄၈၇ ဦး၊ ရန်ကုန်ကျောင်းတွင် အိမ်ထောင်စု ၈၀ စု၊ လူဦးရေ ၃၅၇ ဦး၊ ရွှေဘုံသာတောင်ပေါ်ကျောင်းတွင် အိမ်ထောင်စု ၈၅စု၊ လူဦးရေ ၃၆၀ ဦးနှင့် ရေလွတ်ရာ လမ်းမကြီးများ ဘေးတွင်ယာယီတဲထိုးနေသူ အိမ် ထောင်စု ၁၁၀ စု၊ လူဦးရေ ၅၂၅ဦး အပြင် အခြား ရေဘေးလွတ်ရာ နေရာများတွင် ယာယီရွှေ့ပြောင်းနေထိုင်သူများလည်း ရှိကြသည်။ အောက်တိုဘာလ ၃ ရက်၊ ၄ရက် နေ့များတွင် ဇော်ဂျီမြစ်ရေလျှံမှုကြောင့် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်းတွင် ရေဝင်ရောက်လာသောကြောင့် ဆေးရုံရှိလူနာများအား ရေဘေးလွှတ်ရာ အထပ်မြင့်ကုသဆောင်များသို့ ပြောင်းရွှေ့ခြင်း၊ စိုးရိမ်ဖွယ်မရှိသော လူနာများအား မိမိတို့နေအိမ်များသို့ ပြန်လွှတ်ခြင်း၊ ဆေးရုံဝန်ထမ်း အိမ်ရာများမှ ဝန်ထမ်းများ နေအိမ်ပြောင်းရွှေ့ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ကျောက်ဆည်ဆေးရုံ ရေဝင်နေမှုကြောင့် လူနာများအရေးပေါ်ဆင်းရန် နှင့်ပြောင်းရွှေ့ရန်အတွက် ရပ်ရွာမှလူထု အပါဝင် ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် စေတနာရှင်များ လာရောက်ကူ ညီပေးခဲ့ကြသည်။

ကျောက်ဆည်ဆေးရုံရှိ လူနာများ၏ ရေဘေးနှင့်အရေးပေါ် အခြေအနေ များအတွက် ဒေသတွင်းဆက်စပ်ရာ မြို့ရွာများမှ စေတနာရှင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက ထမင်းထုပ်၊ သောက်ရေသန့်၊ ဓာတ်ဆားထုပ်များ လှူဒါန်းကူညီမှုများ ပြုလုပ်လျက်ရှိနကြေသည်။ ရေကြီးမှုကြောင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လူနာများတွင်လည်း အအေးမိဖျားနာခြင်းကိုယ်လက်ကိုက်ခဲခြင်းယားနာဖြစ်ပွားခြင်းတို့ ဖြစ်ပေါ်နေမှုကြောင့် ရေဝင်ရွာများသို့ ရွာစဉ်လှည့်ကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ [၂]

နောက်ဆက်တွဲအခြေအနေ[ပြင်ဆင်ရန်]

အောက်တိုဘာလ ၃ရက်နေ့ ရေကြီးမှု ဖြစ်ပွားပြီး နောက်ပိုင်းတွင် အချို့မှာ မိမိအိမ်သို့ ပြန်သွားခဲ့နိုင်သော်လည်း အောက်တိုဘာလ (၂၀)ရက်နေ့ ရက်ပိုင်းအတွင်း မိုးဆက်တိုက် ပြန်လည်ရွာသွန်းမှုကြောင့် အချို့မှာ ကယ်ဆယ်ရေးစခန်းများ တွင် ပြန်လည်လာရောက်နေထိုင်လာကြရသည်။ ဇော်ဂျီမြစ်ရေလျှံမှုကြောင့် လူနေရပ်ကွက်များအတွင်း ရေအနက် ၃ပေခွဲ ၄ပေ ခန့် ရှိနေသည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာအဖွဲ့ များမှ နေထိုင်ရေး အကူအညီ များစွာ ရရှိသော်လည်း စားစရာနှင့်ရေသန့် လိုအပ်ချက်များ ရှိနေကြောင်း Weekly Eleven News တွင် ဖော်ပြထားသည်။ [၃]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]