၂၀၁၁ ပုဂံညောင်ဦးမိုးကြီးမှု

ဝီကီပီးဒီးယား မှ
မိုးကြီးမှုကြောင့် ပြိုကျသွားသော ရှေးဟောင်း ပုဂံဘုရားတစ်ဆူ (Weekly Eleven News Journal မှ ဓာတ်ပုံဖြစ်သည်။)
မိုးကြီးမှုကြောင့် ပြိုကျသွားသော ရှေးဟောင်း ပုဂံဘုရားတစ်ဆူ (Weekly Eleven News Journal မှ ဓာတ်ပုံဖြစ်သည်။)


ဖြစ်စဉ်အကျဉ်း[ပြင်ဆင်ရန်]

ပုဂံ(ညောင်ဦး)မြို့တွင် ၂၀၁၁ခုနှစ်၊ အောက်တိုဘာ (၁၉)ရက်နေ့ညမှ (၂၀)ရက်နေ့နံနက် ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ထိုနေ့နံနက်(၉)နာရီအချိန် ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒဌာန ၏ တိုင်းထွာချက်များအရ မိုးရေချိန် (၈)လက်မ ရှိခဲ့သည်။ အဆိုပါမိုးကြီးမှုကြောင့် ပုဂံရှေးဟောင်းဘုရားနှင့် အဆောက်အဦးတချို့ ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသည်။

ထိခိုက်ပျက်စီးမှု[ပြင်ဆင်ရန်]

သရပါဟိုတယ်အနီး ကားလမ်းနံဘေးရှိ ပုဂံခေတ်နှောင်းပိုင်းလက်ရာ ရှေးဟောင်းဘုရားတစ်ဆူပြိုကျခဲ့သည်။ အဆိုပါမိုးမှာ ဘင်္ဂလားပင်လယ်အော် မှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာသော မုန်တိုင်းငယ်ကြောင့် ဖြစ်သည်။ သရပါဟိုတယ်အနီးရှိ ပြိုကျခဲ့သောစေတီ ၏ ရှေးဟောင်းဘုရားနံပါတ်မှာ (၁၉၅၅)ဖြစ်ပြီး၊ အုတ်ကျောင်းခံစေတီ အမျိုးအစားဖြစ်ကာ၊ အုတ်ခွက်ဘုရားနှင့် ဆင်းတုတော် ဌာပနာပစ္စည်းများလည်း တွေ့ရှိခဲ့ရသည်။ ထို့အတူ ရွှေစည်းခုံစေတီတော်ကြီး၏ အရှေ့ဘက်အတွင်းတံတိုင်း၊ မြောက်ဘက်မုခ်ဦးစေတီ၏ မြောက်ဘက်ခြမ်းသည် လည်းကောင်း၊ အနောက်ဘက်အဝင် မုခ်ဦးခြင်္သေ့ကြီးနှစ်ကောင် အနက်တောင်ဘက်ခြင်္သေ့၏ နောက်ဘက်ခြေထောက်နှင့် ဖင်မြီး ပိုင်းတစ်ခြမ်းသည် လည်းကောင်း၊ ရွှေစည်းခုံစေတီ အနောက်ဘက်သက်တော်ရှည်(နံကပ်ကျောင်း)အတွင်းရှိ ရှေးဟောင်း အုတ်ကျောင်းတော်ကြီးသည် လည်းကောင်း ထိုနေ့ကမိုးကြောင့် ပြိုကျပျက်စီးဆုံးရှုံးခဲ့ရသည်။ အုတ်ကျောင်းကြီးမှာ စွာစော်ကဲမင်း (အင်းဝခေတ်) က တည်ဆောက်ခဲ့ပြီး ယမန်နှစ်ကမှ ရှေးဟောင်းသုတေသနဦးစီးဌာနမှ အနောက်ဘက်ခြမ်းကို ပြုပြင်ပေးထားခြင်းဖြစ်သည်။ အလားတူ ရှေးဟောင်းတံတိုင်းတချို့လည်း ပျက်စီးမှုရှိကြောင်း Weekly Eleven News Journal တွင် ဖော်ပြထားသည်။

မိုးရေချိန်စံချိန်သစ်[ပြင်ဆင်ရန်]

ညောင်ဦးမြို့တွင် ယခုနှစ်အတွင်း လွန်ခဲ့သည့် ဩဂုတ်လ (၂၆) ရက်နေ့က ရွာသွန်းခဲ့သောမိုးကြောင့် (၄၇)နှစ်တာ ကာလအတွင်း မိုးရေချိန်အများဆုံးရရှိသည့်နေ့အဖြစ် မှတ်တမ်းတင်ခဲ့ရာ (၄.၇၂)လက်မ ရွာသွန်းခဲ့သော်လည်း ယခုရွာသွန်းသောမိုးမှာ မိုးရေချိန် (၈)လက်မ ရရှိခဲ့ရာ စံချိန်သစ် ထပ်မံတင်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့ မိုးကြောင့် မြို့တွင်း လမ်းတချို့သဲများ၊ ရေများဖုံလွှမ်းခဲ့ပြီး သက်ဆိုင်ရာမှ ရှင်းလင်းဆောင်ရွက်ပေးခဲ့ရသည်။ [၁]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]