အော့တဝမြို့
အော့တဝမြို့သည် ကနေဒါနိုင်ငံ၏ မြို့တော် ဖြစ်၍ အွန်တေးရီးယိုးပြည်နယ် အရှေ့တောင်စွန်းအနီး အော့တဝမြစ် လက်ျာဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မြို့တည်ရာအရပ်တွင် အော့တဝမြစ်သည် ပေ ၆ဝဝ ခန့်ကျယ်၍ ရေမှော်အဆင့်ဆင့်တို့ကို ကျော်ဖြတ်ပြီးလျှင် ရှောဒီးယားရေတံခွန်အဖြစ် ကျဆင်းသည်။ ထိုမှအနည်းငယ်လွန်သော် တောင်ဘက်မှစီးလာသော ရီဒိုမြစ်သည်လည်း ကျောက်ဆောင်များကိုကျော်ဖြတ်၍ အော့တဝမြစ်ထဲသို့ စီးဝင်သည်။ တစ်ဖန် မြောက်ဘက်မှ စီးလာသော ဂက်တီနိုမြစ်သည် ရီဒိုရေတံခွန်နှင့် မျက်နှာချင်းဆိုင်လောက်တွင် အော့တဝမြစ်ထဲသို့စီးဝင်သည်။ အော့တဝမြို့ တစ်ဖက်ကမ်း၌ ဟားမြို့ တည်ရှိသည်။
အော့တဝမြို့သည် မြစ်ကမ်းခြေမှ ခပ်ပြေပြေမြင့်တက်သော ကုန်းပေါ်တွင် တည်ရှိ၍၊ ခန့်ညားသော အဆောက်အဦများ၊ မြစ်ကူးတံတားများဖြင့် မြို့နေမြို့ခင်း သာယာသော မြို့ကြီး တစ်မြို့ ဖြစ်ပေသည်။ ကနေဒါနိုင်ငံ၏ မြို့တော်ဖြစ်သည့်အလျောက် ပေ ၁၅ဝ ခန့်မြင့်သော ပါလီမန်ကုန်းခေါ်ကုန်းမြင့်ပေါ်တွင် ဂေါ့သပုံစံ ပါလီမန်အဆောက်အအုံနှင့်တကွ ဒိုမီနီယန်အစိုးရရုံးများ တည်ရှိလေသည်။ အစိုးရ အဆောက်အအုံများအပြင်၊ ကသီဒရယ် ဘုရားရှိခိုးကျောင်းများ၊ အော့တဝတက္ကသိုလ်ကျောင်းနှင့် ကောလိပ်ကျောင်းများ၊ စက်မှုလက်မှုအတတ်သင်ကျောင်းများ၊ အမျိုးသားအနုပညာပြတိုက်စသော ထင်ရှားသည့် အဆောက်အအုံများလည်းရှိသည်။
အော့တဝမြို့အောက်ဘက် အော့တဝမြစ်ကြောင်းတွင် သင်္ဘောများသွားလာနိုင်သဖြင့် စိန်လောရင့်မြစ်မှတစ်ဆင့် အရှေ့ ဘက်ပင်လယ်သို့ ခရီးပေါက်သည်။ မြို့တောင်ဘက်တွင် ရီဒိုတူးမြောင်းသည် အော့တဝမြို့နှင့် အွန်တေးရီးယိုးအိုင်ကမ်းခြေရှိ ကင်းစတန်မြို့ကို ဆက်သွယ်လျက်ရှိသည်။ ကနေဒီယန် ပစိဖိတ်မီးရထားလမ်း၊ ကနေဒီယန်နေရှင်နယ် မီးရထားလမ်း၊ နယူးယော့စင်ထရယ် မီးရထားလမ်းများ ဆုံရာမြို့လည်း ဖြစ်သည်။
အော့တဝမြို့သည် ကနေဒါနိုင်ငံ သစ်လုပ်ငန်းအတွက် ဗဟိုဌာနဖြစ်သည်။ သစ်တောများမှ သစ်လုံးများကို အော့တဝမြစ်၊ ဂက်တီနိုမြစ်တို့အားဖြင့် အော့တဝမြို့ရှိ သစ်စက်၊ စက္ကူစက်များသို့ မျှောချသည်။ အခြားသောစက်မှုလုပ်ငန်းများမှာ အသားစည်သွတ်လုပ်ငန်း၊ သားရေပစ္စည်းလုပ်ငန်း၊ မီးရထားတွဲလုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း၊ ဘိလပ်မြေလုပ်ငန်းတို့ ဖြစ်သည်။
၁၆၁၃ ခုနှစ်တွင် ပြင်သစ်အမျိုးသား ရှမ်ပလိန်ဆိုသူသည် အော့တဝမြစ်ကို ဆန်တက်စဉ်အခါက အော့တဝမြို့တည်ရာ အရပ်ဒေသအကြောင်းကို မှတ်တမ်းတင် ဖော်ပြခဲ့သည်။ သို့ရာတွင် ၁၈ဝဝ ပြည့်နှစ်သို့ ရောက်မှသာ ဖီလမွန်ရိုက် ဆိုသူက မြစ်မြောက်ဘက်ကမ်းတွင် အခြေစိုက်နေထိုင်ခဲ့သည်။ ထို့နောက် ၁၈၂၆ ခုနှစ်တွင် ရီဒိုတူးမြောင်း ဖောက်လုပ်ရန်အတွက် အင်္ဂလန်နိုင်ငံမှ ကာနယ်ဂျွန်ဗိုင်ကို စေလွှတ်ခဲ့သည်။ ကာနယ်ဂျွန်ဗိုင်နှင့် အင်ဂျင်နီယာအလုပ်သမားအဖွဲ့သည် လက်ရှိမြို့ တည်ရာအရပ်တွင် ရွာတည်၍ ဗိုင်တောင်းဟု အမည်မှည့်ခေါ်ကြသည်။ ဗိုင်တောင်းသည် စည်ကားတိုးတက်လာရာ ၁၈၅၄ ခုနှစ်၌ မြို့ကြီးတစ်မြို့ဖြစ်လာ၍ အော့တဝမြို့ဟုခေါ်တွင်လေသည်။ တစ်ဖန် ၁၈၅၈ ခုနှစ်တွင် ဝိတိုရိယ ဘုရင်မက အော့တဝမြို့ကို ကနေဒါနိုင်ငံ၏ မြို့တော်အဖြစ် ရွေးချယ်သတ်မှတ်ပေးခဲ့သည်။ ကနေဒါနိုင်ငံသည် ဒိုမီနီယန်နိုင်ငံအဖြစ်သို့ ရောက်သည့် ၁၈၆၇ ခုနှစ်နောက်၌ အော့တဝမြို့ကိုပင် မြို့တော်အဖြစ် ထားရှိလေသည်။ အော့တဝမြို့တွင် လူဦးရေ ၆၂ဝ,၅၁ဝ ယောက်(၁၉၇၂) ရှိသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)