စက်မှုလက်မှု အရေးပါပုံ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကမ္ဘာသူကမ္ဘာသားတို့သည် ၁၈ ရာစုနှစ် အလယ်လောက်အထိ ရှေးသမားရိုးကျအတိုင်း လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ခဲ့ကြ၏။ လယ်ယာစိုက်ပျိုးရာ၌ သစ်သားထွန်များကို အသုံးပြု၍ စပါးရိတ်ရာတွင် တံစဉ်ကြီးငယ်တို့ဖြင့်သာ လက် ရိတ် ရိတ်ကြ၏။ ကောက်လှိုင်းများကို ကောက်ရိုက်တုတ်နှင့် ရိုက်နှက်ကာ စပါးနှံများကို ချွေယူသည်။ အဝတ်အထည် ရက်လုပ်ရာတွင်လည်း လက် သို့မဟုတ် ခြေနှင့်လှည့်ရသော ရက်ကန်းများသာ ရှိလေသည်။ ပန်းဘဲ၊ လက်သမား၊ ပန်းရံဆရာတို့၏လက်နက် ကိရိယာတို့မှာလည်း ရှေးအီဂျစ်ခေတ်ဟောင်းက ကိရိယာများနှင့်တူ၍ ပြောင်းလဲတိုးတက်မှု အလျင်းမရှိခဲ့သေးချေ။

အင်္ဂလန်ပြည်သည် စိုက်ပျိုးရေးတိုင်းပြည်အဖြစ်မှ စက်မှုတိုင်းပြည်အဖြစ်သို့ ၁၇၆ဝ-၁၈၃ဝ ပြည့်နှစ်များတွင်း၌ ပြောင်းလဲတိုးတက်ခဲ့လေသည်။ ယခင်က လုပ်ငန်းဆောင်တာများကို စက် မသုံးဘဲ ရှေးသမားရိုးကျ စံနစ်ဖြင့်သာ ပြုလုပ်ခဲ့သောကြောင့် ကုန်ပစ္စည်းပြုလုပ်ရာတွင် အချိန်ကုန် လူပန်း၍ မြောက်မြားစွာ လည်း မထုတ်လုပ်နိုင်သဖြင့် ကုန်ပစ္စည်းများမှာ ဈေးကြီး မြင့်၍ လူသာမန်တို့ ဝယ်ယူသုံးဆောင်ခြင်း မပြုနိုင်ကြချေ။

ယခု သုံးစွဲနေကြသည့် အချို့သော ပစ္စည်းမျိုးသည် ၁၇၅ဝ ပြည့်နှစ်မတိုင်မီခေတ်က သာမန် အရပ်သူအရပ်သားတို့ သုံးစွဲ ခြင်း မပြုနိုင်သော ပစ္စည်းများ ဖြစ်၏။ သို့ရာတွင် ထိုခေတ်က ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေတတ်သော စက်ရုံကြီးများ မရှိခဲ့သဖြင့်လည်း လုပ်သားနှင့် အလုပ်ရှင် ပြဿနာ၊ အလုပ် လက်မဲ့ ပြဿနာ စသည်များ မရှိခဲ့ပေ။ ၁၇၅ဝ ပြည့်နှစ်ကျော် မှသာ စက်မှုလုပ်ငန်းများ ထွန်းကားလာ၍ ကမ္ဘာ့အခြေအနေ မှာ တစ်မျိုးတဖုံ ပြောင်းလဲလာခဲ့လေသည်။ ယင်းသို့ နှစ်ပေါင်း များစွာ တည်ရှိလာခဲ့သော အခြေအနေများကို ပြောင်းလဲပစ်ကာ စက်မှုခေတ်သို့ ပို့ဆောင်ခဲ့သော စီးပွား ရေးဆိုင်ရာ တိုးတက်မှု များကိုပင် 'စက်မှုလက်မှု အရေးပုံ'ဟု ဆိုလိုပေသည်။

၁၇၅ဝ ပြည့်နှစ်လောက်တွင် အင်္ဂလန်ပြည်၌ အထည်အလိပ် လုပ်ငန်းများအတွက် စက်များကို တီထွင်ပြုလုပ်ခြင်းဖြင့် အရေး ပုံသည် စတင်ဖြစ်ပေါ်လာလေသည်။ ကေးဆိုသူသည် ၁၇၃၃ ခုနှစ်တွင် ရက်ကန်းလွန်းပျံကို တီထွင်ခဲ့၏။ ၁၇၆၇ ခုနှစ်တွင် ဟားဂရီးဆိုသူက ခြည်မျှင်အများကို တစ်ပြိုင်တည်းငင်နိုင်သည့် 'စပင်းနင်းဂျင်နီ'ခေါ် ခြည်ငင်စက်ကို တီထွင်ခဲ့လေသည်။

အတ်ကရိုက်ဆိုသူကလည်း ၁၇၆၉ ခုနှစ်တွင် ခြည်ငင်စက် တစ်မျိုးကို တီထွင်လိုက်၏။ ကရွမ်တန်ကလည်း ခြည်မျှင် အများကို တစ်ပြိုင်တည်း ငင့်နိုင်သည့် 'မျူး'ခေါ် ခြည်ငင်စက် ဆန်းတစ်ခုကို တီထွင်ခဲ့၏။ပထမတွင် ထိုစက်များကို ရေးအား ဖြင့် လှည့်ခဲ့သော်လည်း ၁၇၆၉ ခုနှစ်တွင် ဂျိမ်းဝပ်သည် ရေနွေးငွေ့နှင့် မောင်းနှင်သည့်စက်ကို တီထွင်အောင်မြင်ခဲ့သော ကြောင့် ခြင်ငင်စက်၊ ရက်ကန်းစက်များကို ရေနွေးငွေ့စက်များ ဖြင့် မောင်းနှင်ခဲ့လေသည်။


သံလုပ်ငန်းတွင် မီးသွေးဖြင့် သံရည်ကျိုသည့်အစား ကျောက်မီးသွေးကို အသုံးပြုခြင်းဖြင့် လုပ်ငန်းမှာ ပိုမို တိုးတက် တွင်ကျယ်လာ၏။ လမ်းများကိုလည်း ပြုပြင်ခဲ့၍ တူးမြောင်း အများအပြားကို ဖောက်လုပ်ခဲ့ရာ လမ်းပန်း ဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာသည်။ ဤသို့သော် တီထွင်မှုများကြောင့် အိမ်တွင်းမှုလုပ်ငန်းစံနစ် တိမ်ကောပျောက်ကွယ်၍ စက်ရုံ လုပ်ငန်းစံနစ် ကြီးပွားလာ လေသည်။ ထိုပြင် လုပ်ငန်းရှိရာ စက်ရုံများတွင် လူတို့ ပြောင်း ရွှေ့နေထိုင်လာကြရာ စက်ရုံရှိရာ အရပ်တို့တွင် မြို့ပြကြီးများ ဖြစ်ပေါ်လာ၍ တောရွာတို့တွင် လူနေနည်းပါးလာလေသည်။ စက်မှုလုပ်ငန်း ထွန်းကားလာသောအခါ စိုက်ပျိုးရေး လုပ်ငန်း၌ လူမလိုတော့သဖြင့် လယ်သမားတို့သည် စက်မှု အလုပ်သမားများ ဖြစ်လာကြလေသည်။ အလုပ်ရုံပိုင်သော အရင်းရှင်ဟူ၍ ပေါ်ပေါက်လာပြီးလျှင် ထိုလူတန်းစားသည် နိုင်ငံရေးရာတွင် ဝင်ရောက် စိုးမိုးလာလေသည်။


အရင်းရှင်နှင့် အလုပ်သမား ပဋိပက္ခမှုများလည်း မကြာခဏ ဖြစ်ပွားခဲ့လေသည်။ ယခင်က လူအများလုပ်ရ သော အလုပ်မျိုးကို လူအနည်းနှင့် ပြီးနိုင်စွမ်းသဖြင့်လည်း အလုပ် လက်မဲ့ ပြဿနာ ပေါ်ပေါက်ခဲ့ရလေသည်။ မည်သို့ဖြစ်စေ စက်မှုလက်မှုလုပ်ငန်း တိုးတက်ခဲ့သည့် အတွက် လူသာမန်တို့မှာ ကုန်ပစ္စည်းများကို ဈေးပေါပေါနှင့် ကောင်းကောင်း ဝယ်ယူ အသုံးပြုနိုင်ခဲ့လေသည်။ အဂ‡လန် ပြည်သည် ကုန်ပစ္စည်းများကို ပေါပေါများများ လုပ်ကိုင် ရောင်းချနိုင်ခဲ့သဖြင့် ဝင်ငွေတိုးတက်ပြီးလျှင် စီးပွားရေး ခိုင်လုံတောင့်တင်းလာခဲ့လေသည်။ ထိုကြောင့် နပိုလီယန်နှင့် စစ်ဖြစ်သောအခါ ခံနိုင်ရည် ရှိခဲ့ပေသည်။လူတို့၏နေထိုင်မှု အဆင့်အတန်းလည်း မြင့်လာ၏။စက်မှုနိုင်ငံတို့သည် ကုန်ကြမ်း ရရန်နှင့် ပြည်တွင်းထွက် ကုန်ချောရောင်းချရန် နယ်ပယ်များ လိုလာသဖြင့် နိုင်ငံချဲ့ထွင်လာကြရသည်။ ဤသို့လျှင် နယ်ချဲ့ စံနစ်ကိုလည်း ပေါ်ပေါက်လာလေသည်၊

ထိုခေတ်၌ လူတို့သည် စက်မှုလုပ်ငန်းကိုသာမက စိုက်ပျိုး ရေး လုပ်ငန်းများကိုလည်း တိုးတက်ကောင်းမွန်အောင် ပြုပြင် ခဲ့ကြလေသည်။ ဂျုံတစ်မျိုးတည်းကိုသာ နှစ်စဉ် ဆက်စိုက်ခြင်း မပြုဘဲ မုန်လာဥဝိုင်း၊ မုန်လာဥနီ၊ ပဲပင် စသည်တို့နှင့် တစ်လှည့်စီ ပြောင်း၍ စိုက်ကြလေသည်။ ထိုအလှည့်ကျ စိုက် ပျိုးရေးစံနစ်ကြောင့် မြေဩဇာ မယုတ်လျော့ဘဲ ကောင်းမွန်လာ သည့်ပြင် အထွက်လည်း များလာလေသည်။ ထိုပြင် မြေကွက် ငယ်များဖြင့် တကွဲတပြား စိုက်ပျိုးသောထုံးစံကို ဖျက်၍ ကျယ် ပြန့်သော စိုက်ခင်းကြီးများဖြစ်အောင် စုပေါင်း လုပ်ကိုင်ကြ သဖြင့် ပို၍ စံနစ်ကျကာ အလုပ်တွင်ကျယ်လာပြီးလျှင် ကောက် သီး ကောက်နှံ အထွက်များလေသည်။နွား၊ ဆိတ်၊ သိုး စသည် တို့ကို ပြုပြင် မွေးမြူကြသဖြင့် ကောင်ရေ များပြားလာကာ အမျိုးအစားလည်း ကောင်းမွန်လာလေသည်။

ဤသို့လျှင် အင်္ဂလန်ပြည်၏ အခြေအနေသည် စက်မှုလက်မှု အရေးပါပုံကြောင့် အနှစ်တရာခန့်အတွင်း မယုံနိုင်လောက် အောင် ပြောင်းလဲလာခဲ့ပေသည်။ ဤအရေးပုံသည် အင်္ဂလန်ပြည်၌ စတင်ပေါ်ပေါက်ခဲ့၍ နောင်အခါ ကမ္ဘာတဝှန်းလုံးသို့ တဖြည်းဖြည်း ပျံ့နှံ့သွားသဖြင့် ကမ္ဘာတစ်ခုလုံး၏ အခြေအနေ လည်း တစ်မျိုးတစ်ဖုံ တိုးတက်ပြောင်းလဲလာကာ ခေတ်သစ် ကြီး ပေါ်ပေါက်ခဲ့ရလေသည်၊[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)