သားရေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အစားထိုးမရသောလူသုံးပစ္စည်းတစ်ရပ်[ပြင်​ဆင်​ရန်​]

သားရေဖြင့်လူသုံးပစ္စည်းအမျိုးမျိုးပြုလုပ်ကြသည်။ သားရေကိုမည်သို့ရရှိသနည်း။ သားရေ ရရှိသော တိရစ္ဆာန်များ၊ ရှေးသမားရိုးကျအတိုင်း ဆောင်ရွက်နေသော သားရေနယ်လုပ်ငန်း၊ လုပ်ငန်းအဆင့်ဆင့်၊ သားရေ အမျိုးမျိုးအစားစားတို့နှင့်တကွ သားရေတုများပေါ် ပေါက်ခဲ့သောလည်း သားရေစစ်၏အဆင့်အတန်း မမီပုံကိုပါတင်ပြထားသည်။

သားရေ[ပြင်​ဆင်​ရန်​]

သားရေသည် အလွန်အသုံးဝင်သော ပစ္စည်းဖြစ်သည်။ လူတို့၏အသုံးအဆောင်များဖြစ်သော ဖိနပ်၊ သားရေသေတ္တာ၊ လက်ဆွဲအိတ်စသည်တို့အပြင် အဝတ်အစားများကိုပင်တစ်ခါတစ်ရံ သားရေဖြင့် ပြုလုပ်ကြသည်။ ထို့ ပြင်အရာဝတ္ထုများကို တုတ်နှောင်ထားရန်လည်းကောင်း၊ အုံးဖုံတို့ကို ဖုံးအုပ်ရန်သော်လည်းကောင်း၊ သားရေကိုအသုံးပြုကြသည်။ မြင်း၊ ဆင်၊ နွားအစရှိသော တိရစ္ဆာန်တို့၏ကကြိုး တန်ဆာများကိုလည်း သားရေဖြင့်သာပြုလုပ်ကြလေသည်။

လူတို့အတွက်ဤမျှအသုံးဝင်သောပစ္စည်းကို မွေးမြူ ထားသော ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်နှင့် ဝက် တို့၏ သားရေမှများသောအားဖြင့်ရရှိကြသည်။ ပင်လယ်ထဲ၌ ကျက်စားကြသော ရေသတ္တဝါများနှင့်ကုန်းပေါ်တွင် ကျက်စားကြသော အခြားတိရစ္ဆာန်ရိုင်းများမှလည်း သားရေရရှိကြသည်။ သမင်၊ ဒရယ်၊ သားပိုက်ကောင်၊ စသောတောကောင်တို့၏သားရေများကို အသုံးချသည့်နည်းတူ မိချောင်းခေါင်းတို၊ ငမန်းဟိုင်း၊ ပင်လယ်ဖျံ၊ ဝေလငါးအစရှိ သည့် ရေသတ္တဝါတို့၏သားရေကိုလည်းအသုံးချကြသည်။

များမကြာမီက ဖွတ်၊ မြွေ၊ ဖား၊ မိချောင်းခေါင်းရှည် တို့၏သားရေကိုပင် အလှကုန်ပစ္စည်းများပြုလုပ်ရန်အတွက် အသုုံးချလာကြသည်။ ကုလားအုပ်သားရေ၊ ဆင်သားရေ တို့ကိုလည်း အချိုု့တိုင်းပြည်များ၌ အသုံးပြုကြသည်။ ငှက်ကုလားအုပ်၏သားရေသည်လည်း အသုံးဝင်သည်။ သားရေ ရရှိသောတိရစ္ဆာန်တို့၏အမျိုးအမည်အရေအတွက်ထက် သားရေအမျိုးအစားကပို၍များပြားလေသည်။ သားရေကိုအစား ထိုးရန်ပစ္စည်းဟူ၍ ရှာဖွေမတွေ့ရသေးချေ။

တိရစ္ဆာန်၏ကိုယ်မှသားရေကိုခွာယူပြီးလျှင်ပြီးချင်း ကျွန်ုပ်တို့အသုံးချနိုင်မည်မဟုတ်ချေ။ မပြုပြင်ရသေးသော သားရေပြားများကို သားရေစိမ်းဟုခေါ်သည်။ ထို့ကြောင့် သားရေစိမ်းများ ပုပ်ပျက်ယိုယွင်းမသွားစေရန်နှင့် အလိုရှိသလိုအသုံးချနိုင်ရန် အဆင့်ဆင့်ပြုပြင်ပေးရသည်။ ယင်းကဲ့သို့ သားရေစိမ်းကြိုုပုပြင်ပေ့းခြင်းကို သားရေနယ်သည်ဟု ခေါ်ကြသည်။ သားရေနယ်သည့်အတတ်ကိုလူတို့သည် အလွန်ရှေးကျသော ခေတ်မှစ၍ တတ်မြောက်ခဲ့ကြသည်။

ရှေးအီဂျစ် ခေတ်ကတည်းကပင် သားရေကို ကောင်းစွာအသုံးချတတ်ပြီးဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝဝ ခန့်ကပြုလုပ် ထားသောသားရေကို ယခုတိုင် ကောင်းမွန်စွာတွေ့ရှိကြရသေးသည်။ ရှေးခေတ်လူတို့သည် တိရစ္ဆာန်တို့၏သားရေကို နယ်ရာ၌မူလပါရှိသော အမွေးအမှင်တို့ကို ပယ်မပစ်ဘဲ တစ်ဖက်သတ်သတ်ကိုသာ ပြုပြင်၍ဝတ်ဆင်ရန် သုံးစွဲကြသည် ဟုဆိုရချေမည်။ အမွေးအမှင်ပါသော သားရေမှာပို၍နွေးမည်ဖြစ်သည်။ သို့ရာတွင် အမွေးအမှင်တို့ကိုပယ်ပစ်ပြီးသားရေကိုလည်း ဖိနပ်ကဲ့သို့အခြားအသုံးအဆောင်များပြုလုပ်နိုင်ကြောင်း သိရှိလာသည့်အလျောက် သားရေနယ်သည့်လုပ်ငန်းမှာ တစ်ဆင့်တက်လာလေသည်။

သားရေနယ်နည်းအမျိုးမျိုးကိုလည်းစမ်းသပ် တွေ့ရှိလာကြပြန်ရာ ယခုအချိန်အခါတွင် သားရေကြမ်း၊ သား ရေနု၊ သားရေပျော့အစရှိသည့် အစားစားတို့ကို ပြုပြင်နိုင်စွမ်းရှိကြပြီဖြစ်သည်။ သို့သော် အခြားကုန်ချော ပစ္စည်းများ ပြုလုပ်ရာ၌ အဘက်ဘက်တွင် တိုးတက်လျက် ရှိသလောက်သားရေနယ်သည့်နည်းစနစ်မှာမူ ရှေးခေတ်အီဂျစ်လူမျိုး တို့တီထွင်ထားခဲ့သော နည်းနိသျထက်လွန်ကဲ၍ စွမ်းဆောင်နိ်ုင်ခြင်းမရှိကြသေးချေ။ သားရေလုပ်ငန်းတွင် ပထမဆုံးအလုပ်မှာ တိရစ္ဆာန်၏ကိုယ်မှသားရေကို နဂိုအတိုင်း မစုတ်မပြတ်စေဘဲ ခွာယူခြင်းပင်ဖြစ်၏။ တစ်ခါတစ်ရံ တိရစ္ဆာန်တို့အတွင်းသို့ လေသွင်းပေးခြင်းဖြင့် သားရေခွာရလွယ်ကူစေသည်။ ယခု အခါတွင် ခေတ်မီ တန်ဆာပလာတို့ဖြင့် သားရေကိုခွာယူကြသဖြင့် သားရေများကိုနဂိုအတိုင်းရရှိနိုင်ကြသည်။ တစ်ခါတစ်ရံ သားရေကို အစိမ်းအတိုင်း သားရေနယ်သည့်ဌာနသို့ တင်ပို့ကြသည်။ အကယ်၍ သားရေကိုသားရေနယ်ရာ ဌာနသို့ ရုတ်တရက်မပို့ဖြစ်နိုင်လျှင် မပုပ်ပျက်ရအောင် အခြောက်လှန်း၍ဖြစ်စေ၊ သားရေ၏အတွင်းဘက်ကို ဆားနယ်၍ဖြစ် စေထားရသည်။ သားရေစိမ်း၏ အသားဘက်တွင်ကျန်ရှိနေသော အသားနှင့်အရိအရွဲများကို ကုန်စင်အောင်လှီးဖြတ်၍ ရေတစ်ကြိမ်ဆေး ကြောရသည်။ ရေစစ်သည့်အခါ သားရေစိမ်း၏အတွင်းဘက်ကို ဆားဖြူးပြီးနောက် ဆားပျံ့နှံ့ဝင်စေ ရန်ခြေထောက်ဖြင့် နာနာနင်းနယ်၍ ဆားထည့်ထားရသည်။ ယင်းသို့ငါးရက် တစ်ကြိမ်ကျ ဆားများဖြင့်ထည့်လျက် သုံးကြိမ်ခန့် ဆားဖြင့်သုတ်လိမ်းပေးပြီးလျှင် သားရေများကို တစ်ခုနှင့်တစ်ခုထပ်ထားကာ တစ်လကျော်ခန့်ကြာရှည်ထား နိုင်သည်။

လူ၏ကိ်ုယ်ခန္ဓာပေါ်တွင်ရှိသော သားရေတွင် အထပ်သုံးလွှာရှိသကဲ့သို့ တိရစ္ဆာန်၏သားရေ၌လည်း အထပ် သုံးလွှာရှိသည်။ အပြင်ဆုံးအထပ်လွှာနှင့် အတွင်းဆုံးအထပ်လွှာတို့ကို ပယ်ပစ်၍ သားရေစစ်ဖြစ်သော အလယ်ထပ်လွှာကို သာလျှင် သားရေနယ်ရန် ခွါထုတ်ရလေသည်။ သားရေနယ်သည့်လုပ်ငန်းမစမီ သားရေချပ်တို့ကို ရေစိမ်ရသည်။ လတ်ဆတ်သော သားရေကိုရေထဲ၌ တစ်နာရီခန့်စိမ်ရ၍ ဆားနယ်ထားသည့်သားရေကို ရေထဲ၌ ငါးနာရီမှ ခြောက်နာရီအထိစိမ်၍ ရေကိုသုံးလေးကြိမ်လဲကာ သားရေ၌ပေကျံနေသောသွေး ရွှံ့ အမှိုက်စသည်တို့ ပြောင်စင်သွားအောင်ဆေးပေးရသည်။ သားရေချပ်၏ တဘက်တွင်ရှိသော အဆီမျှင်အကြောမျှင်တို့ကိုလည်းကောင်း၊ တစ်ခြားတစ်ဖက်တွင်ရှိသော အမွေးအမှင်တို့ကိုလည်းကောင်း သက်ဆိုင်ရာ စက်ကရိယာများဖြင့် သုတ်သင်ဖယ်ရှင်းရသည်။ ထိုနောက်ကော့စတစ်ဆိုဒါတပေါင်၊သို့မဟုတ် ဆိုဒီယံဆာလဖိုက်နှစ် ပေါင်ကိုရေဂါလံ ၁ဝဝ တွင်ဖျော်၍ ဆောင်းရာသီတွင် ၃၆ နာရီ၊ နွေရာသီတွင် ၁၂ နာရီမှ ၂၄ နာရီစိမ်ထားရသည်။ ယင်းသို့စိမ်စဉ် အတွင်းသားရေချပ်ကို နှစ်ကြိမ်ခန့်ဆယ်၍ သားရေအတွင်းသားကို ထန်းတုံးပေါ် မှောက်တင်ကာဓား ကောက်အတုံးနှင့် နာနာခြစ်ပေးရသည်။ ထိုအခါသားရေသည် ပျော့ပျောင်းလာလေသည်။ ထိုနောက်ကျန်နေသော အမွေးများ အဆီများ အစေးအညှော်များကို အရည်ပျော်ကျ ပျောက်ပျက်သွားစေရန်ထုံးရေစိမ်ပေးရသည်။

ထုံးရေစိမ်လိုက်သောအခါ သားရေသည် ထူပွလာလေသည်။ ထုံးရေမှဆယ်ပြီးနောက် ထုံးများ ကျွတ်သွားစေရန်၊ အရည်ပျော်နေသော အစေးအညှော်များ ထွက်သွားစေရန်၊ အမွေးငုတ်များအညစ်အကြေးများ ထွက်သွားစေရန်နှင့် ထူပွနေခြင်းမှ ပါးလွှာပျော့ပျောင်းသွားစေရန် လက်တစ်အက်စစ်၊ ဗျူတရစ်အက်စစ်၊ အက်ဆီတစ်အက်စစ်နှင့်ဗောရစ် အက်စစ်တစ်မျိုးမျိုးကို သားရေချိန်၏ တစ်ရာခိုင်နှုန်း ထည့်၍ချဉ်ရေစိမ်ရသည်။ ယင်းကိုဗေ့တင်းဟုခေါ်သည်။ ဖွဲနုချဉ်ရည်နှင့်လည်း ထုံးချွတ်တတ်ကြသေးသည်။ ဖွဲနုချဉ်ရေစိမ်ခြင်းသည် များစွာငွေကုန်သက်သာ၍ ခရီးရောက်သည်။ အက်စစ်ဖြင့် ထုံးချွတ်ပြီးနောက် ခိုချေး ခွေးချေးတို့ဖြင့်ထပ်၍ ထုံးချွတ်ရသည်။

ယင်းကိုပျူယားရင်းဟုခေါ်သည်။ ခိုချေး ခွေး ချေး ချဉ်ရည်၏သတ္တိသည်ပိုမိုကောင်းသဖြင့် မာကျောသော ဆိတ်သားရေကိုပင် လွယ်ကူစွာပျော့ပျောင်းစေသည်။ ရွံရှာဖွယ်ကောင်းသော ခိုချေးခွေးချေးတို့အစား သိပ္ပံဆရာတို့ တီထွင်ထားသော အိုရိုပွန်း၊ ပင်ကရိယော၊ အင်ဇိုး၊ ပျူးယားရင်း၊ ပါးရိုးလီ စသောဓာတ်ချဉ်ရည်တို့ဖြင့်လည်း စိမ်ကြသည်။

ယင်းသို့အထပ်ထပ်ချေးချွတ်ပျော့ပျာင်းအောင်လုပ်ပြီးမှ သားရေနယ်ရသည်။ သားရေကို တစ်စုံတစ်ရာပစ္စည်းမပြုလုပ်မီ နယ်ရသည့်ရည်ရွယ်ချက်မှာ ထိုသားရေကို ပုပ်ပျက်မသွားစေရန်နှင့် ပျော့ပျောင်း၍ ပိုမိုခိုင်ခန့်လာစေရန်ဖြစ်သည်။ ထိုပြင်နယ့်ပြီးသား သားရေထဲသို့ ရေအလွယ်တကူနှင့် မဝင်နိုင်ချေ။ သားရေနယ်နည်းအမျိုးမျိုးရှိ၏။ နည်းတစ်မျိုးနှင့် တစ်မျိုးသိုးကာသီကာမျှသာခြားနား လေသည်။ ယင်းသို့ ပုံသေနည်းနည်းကိုမထားဘဲ နည်းအမျိုးမျိုးကွဲပြားနေရခြင်းမှာ လိုချင်သောသားရေ အမျိုးအစားကိုလိုက်၍ ထိုသားရေမျိုး ရရှိရန်အတွက် သင့်လျော်သည့်သားရေနယ်နည်းကို အသုံးပြုရခြင်းကြောင့်ပင်ဖြစ်လေသည်။

သားရေနယ်နည်းမျိုးမျိုးရှိသည့်အနက် ထင်ရှားသော နည်းသုံးနည်းတို့ကား သစ်ခေါက်ရည်ဖြင့်သားရေနယ် နည်း တစ်မျိုး၊ ကလိုရိုမီယမ်သတ္တုကဲ့သို့ သတ္တုတစ်မျိုးမျိုးဖြင့် သားရေနယ်နည်း တစ်မျိုးနှင့်၊ ငါးဆီ၊ သို့မဟုတ် အမဲ ဆီတို့ဖြင့် သားရေနယ်နည်းတစ်မျိုးတို့ဖြစ်လေသည်။ ဤသားရေနယ် နည်းသုံးမျိုးတို့တွင် သစ်ခေါက်၊ သစ်သီး၊ သစ်စေ့၊ သစ်ရွက်တို့ဖြင့်ပြုပြင်သည့်နည်းမှာ အလွန် ရှေးကျသောသမားရိုးကျနည်းပင်ဖြစ်သည်ဟု ဆိုရသော်လည်း အထူးသဖြင့်ထူထဲလှသော သားရေချပ်များအတွက် ဤနည်းကို ယခုထက်တိုင်အသုံးများလျက်ရှိကြသည်။ သားရေနယ်ရန်အသုံးချနိုင်သောသစ်ပင်ကြီး၊ သစ်ပင်ငယ်ပေါင်း မြောက်မြားစွာရှိသည်။ ဝက်သစ်ချခေါက် နှင့် ဟင်းမလုပ်ပင်၏အခေါက်တို့ကို ထူထဲသော သားရေများနယ်ရာ၌ အသုံးများသည်။ မိုးမခပင် သစ်အယ်ပင်နှင့် ဗတ်ချခေါ်ဗုဇပတ်ပင်တစ်မျိုး၏ သစ်ခေါက်များကိုလည်းအသုံးချနိုင်သည်။ ထိုပြင် သားရေနယ်ရန်အသုံးဝင်သောသစ် ပင်များကို မလ္လာယုကျွန်းဆွယ်၊ 0x100သစတြေးလီးယားတိုက်၊ အိန္ဒိယနိုင်ငံနှင့်တောင်အမေရိကတိုက်များတွင် တွေ့ရှိရလေသည်။ အချို့သစ်ပင်များမှ အခေါက်ကို သော်လည်းကောင်း၊ အချို့အပင်များမှ အသီးတောင့်ကို သော်လည်းကောင်း၊ အချို့ အပင်များမှအရွက်ကိုလည်းကောင်း သားရေနယ်ရာ၌အသုံးချကြသည်။ ဝက်သစ်ချပင်များတွင် နကျယ်ကောင်တစ်မျိုး ကြောင့် ကျည်းပေါင်းများ တတ်နေတတ်ရာ ထိုကျည်းပေါင်းများကိုလည်း သားရေနယ်ရာ၌အသုံးချနိုင်သည်။

မြန်မာနိုင်ငံတွင်အသီးများမှ ဖန်ခါးသီးနှင့် စွန်လက်သည်းများကိုလည်းကောင်း၊ အခေါက်များမှ လမု၊လမဲ့၊ မဒမ၊ငုစပ်၊ပိတ်သင်းကတ်နှင့် ထနောင်းခေါက်များကို လည်းကောင်း၊ သားရေနယ်ရာတွင် အသုံးပြုကြ၏။ သို့ရာတွင် ဓာတုဗေဒနည်းဖြင့်ဖေါ်စပ်ထားသောသားရေနယ်ဆေးများနျင့် ဓာတ်သတ္ထုတစ်မျိုးမျိုးဖြင့် သားရေနယ်နည်းများ ခေတ်စား လာသည့်အလျောက် သစ်ပင်များမှရသော ဖန်ရည်ဖြင့်သားရေနယ်နည်းမှာတစ်ဖြည်းဖြည်းနှင့် အသုံးနည်း၍လာပေသည်။

သစ်ပင်တို့မှရသောဖန်ရည်ဖြင့် သားရေနယ်သည့်အခါ ရက်ပေါင်း ၉ဝမှ ၁ဝဝ အထိကြာသည်။ ကရုံးဓာတ်ဆေးရည်၊ သို့မဟုတ် အခြားဓာတ်ဆေးရည်တို့ဖြင့် သားရေနယ်လျှင် ရက်ပေါင်း ၃ဝ မျှနှင့်ပြီးမြောက်နိုင်လေသည်။ သစ်ပင်တို့မှ ရသောဖန်ရည်ဖြင့်သားရေနယ်နည်းမှာ ထိုဖန်ရည် လောင်းထည့်ထားသော ရေစည်ကြီးများထဲတွင် သားရေ ချပ်များကို စိမ်ထားရခြင်းဖြစ်သည်။ ဖန်ရည်ပျော့ပျော့ စပ်ထားသောရေစည်တွင်အစပြု၍ တစ်ခုထက်တစ်ခုဖန်ရည် ဓာတ်ပိုပြင်းသော ရေစည်ကြီးများသို့သားရေချပ်များကို နေ့စဉ်ပြောင်းပေးရသည်။ ထိုရေစည်များထဲတွင်ရှိသော သားရေချပ်များကို မကြာခဏ လှန်လှောမွှေနှောက် ပေးရသည့်အပြင် တစ်ခါတစ်ရံရေစည်ထဲမှထုတ်၍ ရေစစ်ထားရသည်။ နောက်ဆုံးရေစည်တွင် ဖန်ရည်ဓာတ် အပြင်းဆုံးစပ်ထား၍ သားရေချပ်များကိုအတန်ကြာကြာ စိမ်ထားရသည်။ ဤတွင် သားရေနယ်သည့်ကိစ္စ ပြီးဆုံးခြင်းသို့ရောက်လေသည်။

ကရုံးဓာတ်ဆေးရည်၊ သို့မဟုတ်အခြား ဓာတ်ဆေးရည်တို့ဖြင့် သားရေနယ်သည့်နည်းကို ၁၈၈၄ ခုနှစ်တွင် အမေရိကန်လူမျိုးတစ်ဦးက တည်ထွင် ခဲ့လေသည်။ ဤနည်းကိုအသုံးပြုရာ၌ ဓာတ်သတ္တုအမျိုးမျိုးကို အသုံးချနိုင်သည်။ ယခင်အခါကျောက်ချဉ်ကို အသုံးချ သော်လည်း ယခုအခါ ကရိုမီယမ် ဓာတ်ဆားကို ကျောက်ချဉ်အစားအသုံးချလျက်ရှိကြသည်။ ဤဓာတ်သတ္တုဖြင့် သားရေနယ်နည်းကို သားရေပါး၊သားရေပျော့များအတွက် များသောအားဖြင့်အသုံးပြုသည်။ ထူထဲသောသားရေတို့ကိုလည်း ဤသားရေနယ်နည်းဖြင့် ပြုပြင်ပေးလျှင် ပိုမိုခိုင်ခန့် လာမည်ဖြစ်သည်။ ဤနည်းအရက ရိုမီယမ်ဓာတ်ဆား ပျော်ဝင်ရည်တွင် သားရေချပ်များကိုစိမ်ထားရလေသည်။ ဓာတ်သတ္တုနည်းဖြင့် နယ်ထားသော သားရေကို ကရုံးသားရေဟုခေါ်သည်။ သစ်ပင်တို့မှရသော ဖန်ရည်ဖြင့် ပြုပြင်ထားသည့်သားရေထက် ကရုံးသားရေသည် ပိုမို ၍ ခိုင်ခန့်သည်။

ဆီဖြင့်သားရေနယ်နည်းမှာ ကဂရိုမီယမ်ဓာတ်သတ္တုဖြင့် သားရေနယ်နည်းထက် ရှေးကျ၍ များသောအားဖြင့် ငါးကြီးဆီမျိုးကိုအသုံးပြုသည်။ ရှံမွားသားရေ၊ လက်အိတ် သားရေကဲ့သို့သားရေနုများ အတွက်ဆီနှင့်သားရေနယ်နည်း ကို အသုံးပြုသည်။ ဤနည်းအရသားရေသားထဲသို့ ဆီစိမ့်ဝင်အောင် ပြုလုပ်ပေးရသည်။ သားရေသည်ဆီဝလာသဖြင့် နူးညံ့ ပျော့ပြောင်းလာလေသည်။ သားရေကိုနယ်ပြီးရုံမျှနှင့်လိုရာဝတ္ထုပစ္စည်းများကို လုပ်နိုင်ပြီဟု မဆိုသာသေးချေ။ နယ်ပြီးသောသားရေများကို တစ်ဖန် အခြောက်လှမ်းရပြန်သဖြင့် သားရေချပ်များသည် တောင့်မာ၍ ကြမ်းတန်းခက်ထရော်ရှိလေသည်။ ထို့ကြောင့် သားရေများနူးညံပျော့ပြောင်းလာစေရန် အမဲဆီမျိုးကဲ့သို့ ဆီမျိုးဖြင့်ပွတ်တိုက်ပေးရသည်။ ထို့နောက်သားရေပျော့ပြောင်း ပြန့်ပြူးသွားစေရန်သားရေဖြန့်စက်၊ သားရေဖြန့်ခုံ စသည်တို့ဖြင့်ဖြန့်ပေးရသည်။ ထိုနောက်သားရေကို လိုသည့်အရောင်ရရှိစေရန် ဆေးဆိုးပေးရသည်။ တွေ့မြင်နေကျဖြစ်သော အနက်ရောင်၊ သို့မဟုတ်အညိုရောင် အပြင်အဖြူ၊ အနီ၊ အပြာ စသောရောင်စုံဆေးများဖြင့်လည်း သားရေကိုအရောင်ဆိုးပေးနိုင်သည်။

သားရေကိုအရောင်ဆိုးသည့်အတတ်မှာ အနုပညာ တစ်ရပ်ပင်ဖြစ်လေသည်။ ထို့ကြောင့်သားရေကိုဆေးဆိုး သည့် လုပ်ငန်းတွင်ကျွမ်းကျင်မှုလိုသည်။ သို့မှသားရေပေါ်တွင် ဆေးရောင် ညီညာစွာရှိနေပေမည်။ သားရေတစ်မျိုးနှင့် တစ်မျိုးဆေးရောင်တင်သည့်နည်းစံနစ်ချင်းမတူကြချေ။ သားရေတစ်ချပ်တည်း၌ပင် အရောင်ဆိုးသည့်အခါ ကွက်ကျားကျားရှိနေတတ်သည်။ ထို့နောက်သားရေကို အသုံးချလိုသည့်အလိုက်ထပ်မံ၍ နည်းအမျိုးမျိုးဖြင့် ပြုပြင်ပေးရသည်။

ဖိနပ်အောက်ခံသားရေနှင့်တိရစ္ဆာန်တို့အတွက် ကကြိုးတန်ဆာသားရေမျိုးကိုလိုလျှင် ထိုသားရေမှာမာ၍ ခိုင်ခန့်ရမည်ဖြစ်သည့်အလျောက် ဖိများတပ်ဆင်ထားသော စက်ကရိယာတွင် ကျပ်ကျပ်ဖိနှိပ်ပေးရသည်။ သားရေပါး သားရေနုများကိုလိုလျှင် သားရေချပ်မှာ ပါးလွှားသော အထပ်များကိုခွာယူ၍ ပျော့ပျောင်းလာအောင်အလိုရှိသည့်အတိုင်း ပြုပြင်ပေးရသည်။ ဖိနပ်များ၏အပေါ်လွှာကဲ့သို့ အရောင်တောက်ပြောင်နေသည့် သားရေမျိုးကို လိုသည့်အခါ သားရေ၏အပြင်ထပ်ကို အရောင်တင်၍ မှန်ဒလိမ့်တုံးများဖြင့် ဖိနှိပ်ပေးခြင်းအားဖြင့်သားရေရောင်မှာ တောက်ပြောင် လာပေမည်။ အကယ်၍သားရေအမျိုးမျိုးပေါ်တွင် မိကျောင်းရေကွက်မျိုးကိုဖြစ်စေ၊ မြွေရေခွံအကွက်များကိုဖြစ်စေ အကွက်တုများ ဖေါ်မည်ဆိုလျှင်လည်း ဒလိမ့်တုံးများဖြင့် ဖေါ်ပေးနိုင်သည်။ ထို့ကြောင့်ခေတ်မီစက်ကရိယာများဖြင့် သားရေအမျိုးမျိုးအစားစားကို ရရှိအောင်ပြုပြင်ပေးနိုင်သည်။

သားရေများ၏ငါးပုံလေးပုံခန့်ကို ဖိနပ်ချုပ်ရန်အတွက် အသုံးပြုကြသည်။ ကျန်သားရေတို့ကို ထိုင်ဖုံ၊အဖုံးများ စက်ရုံများတွင်ရှိသော ဘီးများတွင်တပ်ဆင်ရန် သားရေကြိုး၊ ကကြိုးတန်ဆာ၊ သားရေသေတ္တာ၊ သားရေဝတ်သားရေထည်၊ စာအုပ်ဖုံးအစရှိသည်များကို ပြုလုပ်ရန်အသုံးပြုကြသည်။ နွားကြီးသရေနှင့်နွားကလေးသရေကို များသောအားဖြင့် ဖိနပ်ချုပ်ရာ၌အသုံးချသည်။ နွားသားရေမှာအထူးသဖြင့် ခိုင်ခန့်သောသားရေမျိုးဖြစ်သည်။ သိုးနှင့်ဆိတ်များမှရရှိသောသားရေမှာ သားရေနုမျိုး ဖြစ်သဖြင့် မိန်းမစီးဖိနပ် ၊ကလေးစီးဖိနပ်နှင့်လက်အိတ်များ ချုပ်လုပ်ရန်အတွက်အထူးသင့်လျော်သည်။ လူကြီးစီး ဖိနပ်အပေါ်လွှာများကိုလည်း သိုးသားရေ သို့မဟုတ် ဆိတ် သားရေတို့ဖြင့် ချုပ်လုပ်တတ်ကြသည်။ နွားသားရေတွင်လည်း သားရေအစားစားရှိ၍ ပြုပြင်ပေးထားပုံချင်း ကွဲပြားသည့်အလျောက် သားရေ အမည်အမျိုးမျိုးရှိလေသည်။ ထိုသားရေအမည်တို့အနက် ဗောက်စကတ်ခေါ်သားရေမျိုးမှာ နွားကလေးသားရေပေါ်တွင် ရိတဂံပုံယောင်ယောင် အကွက်များဖေါ်ထားသော သားရေဖြစ်သည်။ ဝက်စကတ်သားရေမှာ ထူထဲသော နွားကလေးသား ရေကိုဖယောင်းဆီ သုတ်လိမ်းထားခြင်းဖြစ်သည်။ စူအစ်ကတ်ခေါ် နွားကလေးသားရေမျိုးကို တစ်ခါတစ်ရံ ဆိတ်သား ရေဖြင့် ြ့ပုလုပ်ကြသည်။ ထိုသားရေမှာသာမန် သားရေကဲ့သို့ ပြောင်ချော၍မနေဘဲ တဘက်၌အဖုကလေးများကို စက်ဖြင့်ဖေါ်ထားလေသည်။ ဒါးလကတ်သို့မဟုတ် ဂန်းမက်တဲကတ်ခေါ်သားရေမှာ အရောင်ပြောင်လက်ခြင်းမရှိ၊ အရောင်ထိုင်းသော သားရေချောမျိိုးဖြစ်သည်။ ရှေးအခါက စပိန်နိုင်ငံတွင်ရှိသောကော်ဒိုဗာမြို့၌ မြင်းသားရေဖြင့် ချပ်လုပ်ထားသော ဖိနပ်များမှာ ကျော်ကြားသဖြင့်မြင်းသားရေကို ကော်ဒိုဗန်သားရေဟု အမည်ပေးထားကြသည်။ မြင်းသားရေမှာ အလွန်ခိုင်ခန့်၍ ရေလုံသည်။ ယခုအချိန်အခါတွင်နွားသားရေဖြင့် ကော်ဒိုဗန်သားရေတုများ ပြုလုပ်လျက်ရှိကြသည်။

ရှံမွားသားရေမှာ မူလက အက်လပတောင်ပေါ်တွင် ကျက်စားသော ရှံမွားဆိတ်၏သားရေပင်ဖြစ်သော်လည်း ယခုအခါ၌ ထိုရှံမွားဆိတ်၏သားရေစစ်စစ်ကို ရခဲသည်ဖြစ်ရာ သိုးမှရရှိသောသားရေကို ရှံမွားသားရေနှင့် တူအောင် ပြုပြင်၍ရှံမွားသားရေအဖြစ် ရောင်းချလျက် ရှိကြသည်။

( ရှံမွားဆိတ်· ။)

ဗတ်စကင်းခေါ်ဒရယ်သားရေမှာ ဝါကြန့်ကြန့် သို့မဟုတ်ကြက်ဥနှစ်အရောင်ဖြစ်၍ အထည်သားလောက်နီးနီး ပျော့ပျောင်းနူးညံ့သဖြင့် လက်အိတ်များချုပ်လုပ်ရာ၌ အသုံးများသည်။ သို့သော်ဒရယ်သားရေစစ်စစ်ကို ယခုအခါတွင် လိုသလောက်မရနိုင်သဖြင့် နွားကလေး သားရေနှင့်ဆိတ်သားရေတို့ကို ဒရယ်သားရေနှင့်တူအောင် ပြုပြင်ကာ အစားထိုး၍သုံးစွဲလျက်ရှိကြသည်။

သားရေပြောင်ခေါ်အရောင်တောက်နေသည့် သားရေမျိုးမှာ အရောင်တင်ဆေး အထပ်ထပ်သုပ်လိမ်းထားသော သားရေနုဖြစ်၏။ ဤကဲ့သို့အရောင်တင်ဆေး အထပ်ထပ် သုတ်လိမ်းရသဖြင့် သားရေပြောင်သည် အခြောက်လွန်၍ သာမန်သားရေကဲ့သို့ ဆွဲသာဆန့်သာ မရှိနိုင်တော့ချေ။ ဆေးခိုင်နေစေရန် နောက်ဆုံး၌ သားရေကိုပေါင်းရသည်။ မိုရော့ကိုနယ်ရှိဆိ်တ်မှရသော မိုရော့ကိုသားရေကို စာအုပ်ဖုံးများ၌သုံးသည်။ မိုရော့ကို သားရေအချောစားမျိုး ဖြစ်သည်။ သို့သော်အခြား ဆိတ်သားရေများကို မိုရော့ကို သားရေတုများပြုလုပ်ကာ သုံးစွဲလျက်ရှိကြသည်။

ရုရှနိုင်ငံတွင်နွားကလေးသားရေဖြင့် ပြုလုပ်ထားသော သားရေ အကောင်းစားတစ်မျိိုးရှိ၏။ ထိုသားရေကို ရပ်ရှင်းသားရေဟုခေါ်သည်။ ထိုရပ်ရှင်းသားရေကို ဗုဇပတ်ပင်မှရသောဆီဖြင့်ပြုပြင်ထားသဖြင့် ထူးခြားသော အနံ့ထွက်နေသည့်ပြင် အနီရောင်ရင့်ဆိုးထားသည်ဖြစ်ရာ လှပသောသားရေမျိုးဖြစ်ပေသည်။ သို့သော်ယခုအခါ၌ ဥရောပတစ်ခွင် နှင့်အမေရိကတိုက်တွင် ထူထဲသော သားရေအမျိုးမျိုးဖြင့်အညိုရောင်၊ ဇော်ဂျီရောင်နှင့်အနက်ရောင် ရပ်ရှင်းသားရေတို့ကို ပြုလုပ်လျက်ရှိကြသည်။ ရပ်ရှင်း သားရေသည် ခိုင်ခန့်၍ ရုတ်တရက်ရေမဝင်နိုင်သည့်အပြင် ပိုးမွှားများမဖျက်ဆီးနိုင် သဖြင့် မိုရော့ကိုသားရေကဲ့သို့ စာအုပ်ဖုံးများအတွက်အသုံးချကြသည်။

ဖွတ်သားရေ၊မြွေသားရေ၊ မိချောင်းခေါင်းရှည်သားရေ စသော သတ္တဝါတို့၏သားရေများဖြင့် လှပသော သားရေ သေတ္တာများ၊ မိန်းမစီးဖိနပ်များကိုချုပ်လုပ်သုံးစွဲကြသည်။ ခရီးဆောင်သားရေ သေတ္တာများကိုများသောအားဖြင့် မိချောင်းခေါင်းရှည်သားရေဖြင့် ပြုလုပ်တတ်ကြသည်။ ဖွတ်နှင့် မြွေတို့၏သားရေကိုမူ မိန်းမစီးဖိနပ်များအတွက် အသုံး ချကြသည်။ ပိုက်ဆံအိတ်၊ လက်ဆွဲအိတ်နှင့် အခြား အသုံးအဆောင်များကို ဆန်းဆန်းပြားပြားသားရေများဖြင့် လုပ်တတ်ကြသည်။ ထိုဆန်းပြားသောသားရေများတွင် ပင်လယ်ဖျံသားရေ၊ ဖားသားရေနှင့်ငှက်ကုလားအုပ်သားရေတို့ မှာ အသုံးများသဖြင့်ထင်ရှားသည်။ သို့ရာတွင် သာမန် နွားသားရေ၊ ဆိတ်သားရေစသည်တို့တွင်အထက်ဖေါ်ပြပါ ဆန်းပြားသော တိရစ္ဆာန်တို့၏ အကွက်အစက်တို့ကို စက်ကရိယာတို့ဖြင့်ဖေါ်နိုင်ကြသဖြင့် ထိုတိရစ္ဆာန်သားရေများကို တု၍ အဆန်းထွင်ထားသော သားရေများကိုလည်း ပြုလုပ်သုံးစွဲလျက်ရှိသည်။

သားရေသည်တစ်နေ့တစ်ခြား လူသုံးများလာသော ပစ္စည်းတစ်ရပ်ဖြစ်သည့်အလျောက် သားရေဈေးမှာလည်း ကြီးမြင့်၍ သာလာတော့သည်။ ယင်းသို့ဖြစ်ခြင်းကြောင့် သားရေကိုအစားထိုးရန်သားရေတုများကို တီထွင်၍ ထားကြလေသည်။ သားရေတုများမှာ သားရေစစ်နှင့် ခွဲခြား၍မရနိုင်လောက်အောင် အဘက်ဘက်တွင် တူညီသည်ဟုဆိုရစေကာမူ သားရေတုသည် သားရေစစ်ကဲ့သိုမခိုင်ခံ့ချေ။ သားရေတုများကို ခိုင်ခံ့သောအထည်များနှင့် ကိုလိုဒီယန်ကော့တွန်းခေါ် ဖေါ်စပ်ထားသောအရည်ဖြင့် ပေါင်းဖက်၍ပြုလုပ်ကြသည်။ သို့ရာတွင်အထူးသဖြင့်ဖိနပ်ချုပ်လုပ်ငန်း၌ သားရေစစ်ကို အစားထိုး၍ ရသောပစ္စည်းဟူ၍ ရှာမတွေ့သေးချေ။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)