တက္ကသိုလ်

ဝီကီပီးဒီးယား မှ
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံ။

တက္ကသိုလ် (အင်္ဂလိပ်: University) ဆိုသည်မှာ အထက်တန်းပညာနှင့် ဗဟုသုတများကို စနစ်တကျပို့ချရာ ‌ကျောင်းကြီးများကို ခေါ်သည်။ ‌ရှေးယခင်က တက္ကသိုလ်များသည် စာ‌ပေပညာ၌ ဝါသနာပါသူတစ်စုက အထက်တန်းပညာရပ်များကို သင်ကြား‌ပေးရန် ဖွဲ့စည်းထား‌သော အဖွဲ့အစည်းများသာ ဖြစ်သည်။ သို့ရာတွင် ယခုအခါ၌မူ နိုင်ငံ‌တော်အစိုးရ သို့မဟုတ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး သို့မဟုတ် ဘုရင်မင်းမြတ်တို့က ချာတာ‌ခေါ် အထူးအခွင့်အ‌ရေး ‌ပေး‌သောစာချုပ်ဖြင့် တည်‌ထောင်ခွင့်ပြု‌သော အထက်တန်းပညာ ရပ်များကို သင်ကြားပို့ချ‌ပေးသည့် ‌ကျောင်းကြီးများကိုသာ တက္ကသိုလ်ဟု‌ခေါ်သည်။ ယင်းတို့သည် သတ်မှတ်ထား‌သော စည်းကမ်းနှင့် အဆင့်အတန်းပြည့်စုံသူများအား စာ‌မေးပွဲဖြင့် စစ်‌ဆေးပြီး‌နောက် ဘွဲ့ထူးဂုဏ်ထူးများ ‌ပေးအပ်နိုင်‌လေသည်။ ဘွဲ့ထူးဂုဏ်ထူးမ‌ပေးမီ တက္ကသိုလ်၌ တက်‌ရောက်သင်ကြားရန် နှစ်ပိုင်း၊ သင်တန်းတက်အချိန်‌ပေါင်း ‌ဖြေဆို ရမည့်စာ‌မေးပွဲများ ကို သတ်မှတ်ထား‌လေသည်။

တက္ကသိုလ်ကို အင်္ဂလိပ်ဘာသာဖြင့် ယူနီဗာစီတီဟု ‌ခေါ်သည်။ ယင်းစကားသည် လက်တင်စကား "ယူနီဗာစီတပ်"မှ လာ၍ အဖွဲ့အစည်းဟူ‌သော အဓိပ္ပာယ်ရသည်။ ပညာလိုလားသူများနှင့် ဆရာများစု‌ပေါင်း၍ အဖွဲ့အစည်းကြီးများ တည်‌ထောင်ရာမှအစ ဥ‌ရောပတိုက်တွင် ယူနီဗာစီတီ‌ခေါ် တက္ကသိုလ်‌ကျောင်းကြီးများ ‌ပေါ်‌ပေါက်လာခြင်း‌ကြောင့်ဖြစ်သည်။ ယင်း အဖွဲ့အစည်းသို့ နိုင်ငံ‌ပေါင်းစုံမှ ပညာလိုလား‌သော ‌ကျောင်းသားတို့ လာ‌ရောက်ပညာသင်၍ ထိုသူတို့အား ဆရာတို့က ‌ထောက်ခံချက်လက်မှတ်များ ထုတ်‌ပေးသည့်အ‌လေ့ ‌ပေါ်လာသည်။

‌နောင်‌သောအခါ သာသနာပိုင် ပုပ်ရဟန်းမင်းကြီးက‌သော်လည်းကောင်း၊ ဘုရင်များက‌သော်လည်းကောင်း၊ အခွင့်အမိန့်မ‌ပေးဘဲ ပညာ‌ရေးအဖွဲ့ကြီးများ မဖွဲရ၊ ဘွဲ့လက်မှတ်များ မ‌ပေးရဟူ‌သော ပညတ်ချက်များ‌ပေါ်လာကာ အထူးအခွင့်အ‌ရေးစာချုပ်ဖြင့် တည်‌ထောင်‌သော တက္ကသိုလ်များ ‌ပေါ်‌ပေါက်လာခြင်းဖြစ်သည်။

တက္ကသိုလ်များသည် အများအားဖြင့် စာ‌ပေပို့ချရာဌာနများ ဖြစ်သဖြင့် သက်ဆိုင်ရာဘာသာရပ်တစ်ခုစီအတွက် ပါ‌မောက္ခများ၊ ကထိကများနှင့် နည်းပြဆရာများရှိသည်။ ထိုသူများကစာ‌ပေပို့ချခြင်း၊ ညွှန်ကြား‌ပေးခြင်းများပြုသည်။ ဘာသာရပ် တစ်ခုစီကို ဌာနတစ်ခုစီခွဲ၍ ပါ‌မောက္ခတစ်ဦးစီက အုပ်ချုပ်သည်။ ယင်းဌာနများကိုပင် အသွင်တူရာဌာနချင်း‌ပေါင်း၍ မဟာဌာနဟု‌ခေါ်သည်။ ဝိဇ္ဇာမဟာဌာန၊ သိပ္ပံမဟာဌာန၊ ‌ဆေးမဟာဌာန၊ အင်ဂျင်နီယာမဟာဌာန၊ ပညာ‌ရေးမဟာဌာန စသည်ဖြင့်ရှိသည်။ မဟာဌာနများ အားလုံးကို စုစည်း၍ ပါမောက္ခချုပ်တစ်ဦးက အုပ်ချုပ်သည်။ အချို့တက္ကသိုလ်များ၌ ထိုပုဂ္ဂိုလ်ကို ဥက္ကဋ္ဌဟူ၍လည်းကောင်း၊ သဘာပတိဟူ၍လည်းကောင်း၊ အုပ်ချုပ်‌ရေးမှူးဟူ၍လည်းကောင်း‌ခေါ်သည်။ ပါ‌မောက္ခချုပ်သည် တက္ကသိုလ်တစ်ခု လုံး၏ အုပ်ချုပ်‌ရေးဆိုင်ရာ အမှု‌ဆောင်အရာရှိကြီးဖြစ်သည်။

တက္ကသိုလ်နှင့်သက်ဆိုင်သည့် ကိစ္စဟူသမျှကို ပါ‌မောက္ခချုပ်က အုပ်ချုပ်‌ရေး‌ကောင်စီသို့ဖြစ်‌စေ၊ ပညာ‌ရေးဆိုင်ရာ ဆီးနိတ်အဖွဲ့သို့ဖြစ်‌စေ အစီရင်ခံရသည်။ ယင်းတို့မှ သ‌ဘောတူ ချမှတ်‌ပေး‌သောလုပ်ငန်းမှန်သမျှကို ပါ‌မောက္ခချုပ်ကတာဝန်ယူ ‌ဆောင်ရွက်ရသည်။ မြန်မာနိုင်ငံတက္ကသိုလ်၌ ‌ကောင်စီ၏ ဥက္ကဋ္ဌအဖြစ်ဒုတိယအဓိပတိတစ်ဦး ခန့်ထားရသည်။ နိုင်ငံ‌တော်ဝန်ကြီးချုပ် သည် ရာထူးအရ တက္ကသိုလ်အဓိပတိဖြစ်သည်။ အခြားနိုင်ငံတက္ကသိုလ်များ၌မူ အုပ်ချုပ်ပုံစံနစ်သည် တူသည့်‌နေရာတူ၍ ကွဲသည့်‌နေရာ ကွဲသည်။

‌ကျောင်းသားတို့အဖို့ တက္ကသိုလ်သို့ တက်‌ရောက်သင်ကြားခွင့်ရရန် လိုအပ်‌သော အရည်အချင်းများမှာလည်း တက္ကသိုလ် တစ်ခုနှင့်တစ်ခု အနည်းငယ်စီ ကွာခြားမှုရှိတတ်သည်။ ‌ယေဘုယျအားဖြင့် တူညီသည့် အချက်လည်းရှိသည်။ တက္ကသိုလ်သို့ တက်‌ရောက်သင်ကြားနိုင်ရန် စာ‌မေးပွဲဝင်‌ရောက် ‌ဖြေဆိုရသည်။ ယင်းစာ‌မေးပွဲကို တက္ကသိုလ်ဝင်စာ‌မေးပွဲဟု‌ခေါ်၍ စာ‌မေးပွဲ ‌အောင်သူများသာ တက္ကသိုလ်သို့ ဝင်ခွင့်ရနိုင်သည်။ တက္ကသိုလ်ဝင်စာ‌မေးပွဲဝင်သည်မှစ၍ ဘွဲ့မရသေးမီအတွင်း ဘွဲ့မရသေးသူဟု ‌ခေါ်၍ ဘွဲ့‌ပေးအပ်ခံရသည့်အခါမှ ဘွဲ့ရသူဟု‌ခေါ်ကြသည်။

တက္ကသိုလ်ဝင်စာ‌မေးပွဲ မ‌ဖြေဆိုမီ အထက်တန်း‌ကျောင်း၌ ‌ယေဘုယျအားဖြင့် အနည်းဆုံး အဆင့် ၃ ဆင့်‌အောင်ရသည်။ တက္ကသိုလ်ဝင်စာ‌မေးပွဲ ‌အောင်မြင်ပြီး‌နောက် ဘွဲ့ရရန် အနည်းဆုံး ‌လေးဆင့်‌ဖြေရသည်။ သို့ရာတွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ မဟာ ဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဆရာဖြစ်ဘွဲ့၊ အင်ဂျင်နီယာဘွဲ့၊ ‌ဆေးပညာဘွဲ့စသည်ဖြင့် ဘွဲ့အမျိုးမျိုးရှိရာ သင်ကြားရသည့် နှစ် အပိုင်းအခြားခြင်း မတူ‌ချေ။ အချို့ဘွဲ့ကို လေးဆင့်‌ဖြေရသော်လည်း အချို့ဘွဲ့ကို ခုနစ်ဆင့်‌ဖြေရသည်။

မျက်‌မှောက်‌ခေတ်တက္ကသိုလ်များသည် ‌ရှေးနှစ်ရာ‌ပေါင်းများစွာမှ စတင်‌ပေါ်‌ပေါက်ခဲ့‌လေသည်။ ‌ခေတ်အဆက်ဆက်၌ လူတို့သည် ပညာအရပ်ရပ်ကို နည်းအမျိုးမျိုးဖြင့် ရှာမှီးခဲ့ကြရ၏။ ဗုဒ္ဓရှင်‌တော်မြတ် မပွင့်မီကာလကပင် ယခု‌ခေတ် တက္ကသိုလ်များ၏ ‌ရှေ့‌ပြေးပညာ‌ပေးဗဟိုဌာနကြီးများဖြစ်‌သော တက္ကသိုလ် ပြည် ဒိသာပါ‌မောက္ခဆရာကြီးများထံတွင် ပညာများကို ဆည်း ပူးသည့်အ‌လေ့ရှိခဲ့သည်။ ထို့‌ကြောင့် ပညာဆည်းပူး ရာ‌ကျောင်းကြီးကို တက္ကသိုလ်ပြည်အားအစွဲပြု၍ တက္ကသိုလ်ဟု မှည့်‌ခေါ်ထားကြသည်။ ဘုရားပွင့်‌တော် မူပြီး‌နောက် ခရစ်နှစ် ၄၅၀ ခန့်တွင် ‌ပေါ်‌ပေါက်၍ထင်ရှား‌သော မဂဓတိုင်းမှ နလန္ဒ၊ ဝိက္ကမသီ လဩဒန္တပူရ ‌ကျောင်းကြီးများသည်၎င်း၊ အိန္ဒိယ‌တောင်ပိုင်းသီရိဓညကနုက ‌ကျောင်းတိုက်သည်၎င်း၊ ဗဂင်္လားနယ်မှ ဇဂဒ္ဒလ‌ကျောင်းတိုက်သည်၎င်း ‌ကျော်ကြား‌သော ဗုဒ္ဓတက္ကသိုလ်ကြီးများပင်ဖြစ်သည်။ ‌ရှေး‌ခေတ်ကမူ ယခု ‌ခေတ်ကဲ့သို့ တက္ကသိုလ်မ‌ပေါသဖြင့် ပညာလိုလားသူတို့သည် တက္ကသိုလ်ရှိရာသို့ အသက်ဆံဖျား သွား‌ရောက်ဆည်းပူးကြရသည်။ ခရစ်မ‌ပေါ်မီဖြစ်‌သော လွန်ခဲ့သည့် အနှစ် ၂၀၀၀ ခန့်က အီဂျစ်နိုင်ငံအလက်ဇန္ဒဒြီးယားမြို့ကြီး၌ သိပ္ပံပညာတက္ကသိုလ်ကြီး ‌ပေါ်‌ပေါက်ခဲ့သည်။ သင်္ချာ ဆရာကြီး ယူကလစ်၊ ကမ္ဘာ၏အရွယ်အစားကို ပထမဆုံးတိုင်းတာ‌သော ပညာရှင်ကြီး အီရာ‌တော့သနီး၊ ပထမဆုံး ကြယ်နက္ခတ်‌မြေပုံကို ပြုပြင်စီရင်‌သော နက္ခတ်ဆရာကြီး ဟိပါကတ်၊ သိပ္ပံပညာရှင်ကြီး အာခီမီဒီ စ‌သော ပါ‌မောက္ခကြီးတို့သည် အလက်ဇန္ဒဒြီးယား တက္ကသိုလ်ကြီး၌ စာ‌ပေပို့ချခဲ့သူများ ဖြစ်ကြသည်။ ယင်းတက္ကသိုလ်ကြီးကို ထိုအချိန်က တက္ကသိုလ်ဟုမ‌ခေါ်ဘဲ အလက်ဇန္ဒဒြီးယားပြတိုက်နှင့် ပိဋကတ်တိုက်ကြီးဟု ‌ခေါ်‌လေသည်။

ဥရောပ၏ ရှေးအကျဆုံးတက္ကသိုလ်နှင့် ၎င်း၏အနွယ်ဝင်များ[ပြင်ဆင်ရန်]

ဥ‌ရောပတိုက်၏ ‌ရှေးအကျဆုံးတက္ကသိုလ်မှာ အီတလီနိုင်ငံ ဆလာနိုမြို့တွင် ခရစ်နှစ် ၈၀၀ ‌ကျော် ၉၀၀ တွင်း ‌ပေါ်‌ပေါက်လာ‌သောတက္ကသိုလ်ဖြစ်သည်။ ယင်းတက္ကသိုလ်သည် ‌ဆေးပညာ သင်ကြားမှုအတွက် အထူး‌ကျော်ကြားသည်။ ဖွင့်လှစ်စက ‌ကျောင်းသ‌ဘောဖြစ်၍ ၁၂၃၁ ခုနှစ်တွင်မှ ထုံးတမ်းစဉ်လာအရ တက္ကသိုလ်အဖြစ် အသိအမှတ်ပြုခံရသည်။ ၁၂ ရာစုနှစ် ကုန်ခါနီး‌လောက်တွင် ဗိုလိုညားတက္ကသိုလ် ‌ပေါ်‌ပေါက်လာသည်။

ယင်းတက္ကသိုလ်၌မူ ဆလာနိုတက္ကသိုလ်၌ကဲ့သို့ ‌ဆေးပညာ တစ်ခုတည်းကိုသာမဟုတ် ပညာရပ်မျိုးစုံ သင်ကြား‌ပေး‌သော တက္ကသိုလ်ဖြစ်သည်။ ဥပ‌ဒေပညာအတွက် အထူး‌ကျော်ကြား‌သော တက္ကသိုလ်ဖြစ်သည်။ ၁၂ ရာစုနှစ် ‌နောက်ပိုင်းမှ စနစ်တကျ တည်‌ထောင်လိုက်‌သော ပဲရစ်တက္ကသိုလ်သည် အလယ် ‌ခေတ် အထက်တန်းပညာ‌ပေးဌာနတို့တွင် အထင်ရှားဆုံးဖြစ်သည်။ ယင်းတက္ကသိုလ်သည် ဘုရားရှိခိုး ‌ကျောင်းရန်ပုံ‌ငွေဖြင့် ဖွင့်လှစ်‌သော‌ကျောင်းမှ ‌ပေါက်ဖွားလာခြင်းဖြစ်သည်။ ဥ‌ရောပ၏ စံပြတက္ကသိုလ်အဖြစ် ‌ကျော်ကြားသည်။ ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် အား‌ပေးချီး‌မြှောက်ပြုခဲ့ရာ ကျန်းဂန်စာ‌ပေ ပို့ချရာ၌ အထူး‌ကျော်ကြားသည်။ ၁၂၅၇ ခုနှစ်တွင် ပဲရစ်တက္ကသိုလ်၌ ကမ္ဘာ‌ကျော် ‌ဆော်ဗန်း‌ကောလိပ်‌ကျောင်းကို တည်‌ထောင်သည်။

ပဲရစ်တက္ကသိုလ်ကြီးသို့ ခရစ်ယန်သာသနာဝင် နိုင်ငံများစွာမှ သွား‌ရောက်ဆည်းပူးကြသည်။ ၁၁၆ရ ခုနှစ်တွင် အင်္ဂလန်နှင့် ပြင်သစ်တို့ မသင့်မတင့်ဖြစ်‌သောအခါမှ အင်္ဂလိပ်တို့သည် ကိုယ်ပိုင်တက္ကသိုလ် တည်‌ထောင်ရန် စိုင်းပြင်းကြသည်။ ခရစ်နှစ် ၁၂၀၀ ‌ကျော်တွင် ‌အောက်စဖို့မြို့၌ ‌ကောလိပ်‌ကျောင်းတိုက် ‌ပေါင်းများစွာ တည်‌ထောင်၍ ၁၂၅၇ ခုနှစ်တွင် ယင်း‌ကောလိပ် ‌ကျောင်းများကို စု‌ပေါင်းကာ ‌အောက်စဖို့တက္ကသိုလ်ဟူ၍ ဖွင့် လှစ်သည်။ ပဲရစ်တက္ကသိုလ်‌နောက် အ‌ကျော်ကြားဆုံး‌သော တက္ကသိုလ်ဖြစ်သည်။ အလားတူထင်ရှား‌သော အခြားအင်္ဂလိပ် တက္ကသိုလ်တစ်ခုကား ကိန်းဘရစ်ချ် တက္ကသိုလ်ဖြစ်သည်။ ယင်းတက္ကသိုလ် ၂ ခုစလုံးပင် ခရစ်ယန်ကျမ်း စာသင်တိုက်ကြီးများ အဖြစ်မှ တိုးတက်လာခြင်းဖြစ်သည်။ ယခုအခါ ‌အောက်စဖို့တက္ကသိုလ်တွင် ‌ကောလိပ်‌ကျောင်းတိုက်‌ပေါင်း ၂၆ တိုက်ရှိ၍ ကိန်းဘရစ်ချ် တက္ကသိုလ်တွင် ‌ကျောင်းတိုက်‌ပေါင်း ၂၀ ရှိသည်။ ယင်းအင်္ဂလိပ်တက္ကသိုလ်ကြီး ၂ ခုမှစ၍ ‌ကောလိပ်‌ကျောင်းစနစ် ‌ပေါ်‌ပေါက်ခဲ့‌လေသည်။

တက္ကသိုလ်နှင့် ‌ကောလိပ်‌ကျောင်းတို့တွင် ခြားနားချက်ရှိ သည်။ ‌ကောလိပ်‌ကျောင်းဆိုသည်မှာ ပညာတစ်ရပ်ကိုသာ အာရုံ စိုက်၍သင်‌သော အထက်တန်းပညာ‌ပေး‌ကျောင်းကြီးဖြစ်သည်။ အထက်တန်း ‌ဆေးပညာတစ်ခုကိုသာ သတ်မှတ်သင်‌ပေး‌သော ‌ဆေး‌ကောလိပ်၊ အထက်တန်းအင်ဂျင်နီယာပညာတစ်ခု ကိုသာ သတ်မှတ်သင်‌ပေး‌သော အင်ဂျင်နီယာ ‌ကောလိပ်တို့ ကဲ့သို့ပင်ဖြစ်သည်။ တက္ကသိုလ်၌မူ ပညာရပ်တစ်ခုကိုသာမ ဟုတ် ပညာရပ်မျိုးစုံ သင်ကြား‌ပေးသည်။ ‌ကောလိပ်‌ကျောင်း များသည် ‌ကျောင်းသူ‌ကျောင်းသားများ၏ ‌နေထိုင်မှုနှင့် ပညာရပ်သင်ကြားမှု‌လောက်သာ ‌ပေးစွမ်းနိုင်၍ တက္ကသိုလ်များကမူ ယင်းကိစ္စတို့အပြင် စာ‌မေးပွဲစစ်ခြင်း၊ ဘွဲ့ထူးဂုဏ်ထူး‌ပေးအပ် ခြင်းတို့ကိုပါ ‌ဆောင်ရွက်သည်။ ‌ကောလိပ်‌ကျောင်း ‌ပေါင်းများစွာ စု‌ပေါင်းဖွဲ့စည်းထားခြင်းကို တက္ကသိုလ်ဟု‌ခေါ်သည်။

တစ်ခါတစ်ရံ ‌ကောလိပ်‌ကျောင်းများသည် တက္ကသိုလ်သို့ တက်‌ရောက်မသင်ကြားမီ အဆင်းအတန်းမှီ‌အောင် အသင့်ပြင်ရာ ပညာ‌ပေးဌာနများဖြစ်သည်။ ဗက်ပတစ်‌ကောလိပ်‌ကျောင်း၊ စိန်ဂျွန်း‌ကောလိပ်‌ကျောင်း စသည်တို့ကဲ့သို့ဖြစ်သည်။ ခရစ်နှစ် ၁၃၀၀ ‌ကျော်‌သောအခါ ဥ‌ရောပတိုက်ရှိ အခြား နိုင်ငံများ၌လည်း တက္ကသိုလ်များ စတင်ဖွင့်လှစ်ကြသည်။ ဂျာမနီနိုင်ငံမှ ပရပ်တက္ကသိုလ်၊ ဟိုက်ဒဲဗတ်တက္ကသိုလ်၊ ဘာလင်တက္ကသိုလ်၊ ပိုလန်နိုင်ငံမှ ကရာကိုတက္ကသိုလ်၊ ဗယ်လဂျီယံနိုင်ငံမှ လိုဗိန်းတက္ကသိုလ်၊ အိုင်ယာလန်နိုင်ငံမှ ဒဗ္ဗလင်တက္ကသိုလ်၊ ဩစတြီးယားနိုင်ငံမှ ဗီယင်းနားတက္ကသိုလ်၊ စ‌ကော့တလန်ပြည်မှ အီဒင်ဗရာတက္ကသိုလ်တို့သည် အလယ် ‌ခေတ်က‌ပေါ်‌ပေါက်၍ ယခုတိုင်ရှိ‌နေ‌သေး‌သော တက္ကသိုလ်ကြီးများဖြစ်သည်။

အမေရိကန်ပြည်ထောင်စု[ပြင်ဆင်ရန်]

ကမ္ဘာသစ်ဘက်၌မူ ပထမဆုံး တည်‌ထောင်‌သော တက္ကသိုလ်မှာ ၁၅၈၃ ခုနှစ်တွင် ဒိုမီနီကန်သမ္မတနိုင်ငံ၌ ဖွင့်လှစ်‌သော တက္ကသိုလ်ဖြစ်သည်။ ၁၅၅၁ ခုနှစ်တွင် ပီရူးနိုင်ငံ လိုင်နာမြို့တွင် ဆန်မာ‌ကော့တက္ကသိုလ် တည်‌ထောင်သည်။ အ‌မေရိကန် ပြည်‌ထောင်စု၏ ပထမဆုံး‌သော တက္ကသိုလ်ကား ဗာဂျီးနီးယား ပြည်နယ်၌ ၁၆၁၉ ခုနှစ်တွင် တည်‌ထောင်‌သော ဟင်နရီကို ‌ပေါလစ်တက္ကသိုလ်ဖြစ်သည်။ သို့ရာတွင် ၁၆၂၂ ခုနှစ် ရက်အင်ဒီးယန်းအ‌ရေး‌တော်ပုံ‌ကြောင့် ယင်းတက္ကသိုလ်ကို ပိတ်လိုက်ရသဖြင့် ယခု‌ခေတ်တွင် အလွန်ရှား‌သော ဟားဗတ် တက္ကသိုလ်သည် အ‌မေရိကန်ပြည်‌ထောင်စု၏ ‌ရှေးအကျဆုံး တက္ကသိုလ် ဖြစ်လာသည်။ ဟားဗတ်တက္ကသိုလ်ကို ၁၆၃၆ ခုနှစ်တွင် နယူး ‌တောင်း‌ကောလိပ်‌ကျောင်းအဖြစ် စတင်တည်‌ထောင် ခဲ့ခြင်းဖြစ်သည်။ ‌နောက်မှ ဂျွန်ဟားဗတ်ဆိုသူ ရဟန်း‌တော်တစ်ပါးက ရန်ပုံ‌ငွေလှူဒါန်းသဖြင့် ဟားဗတ်တက္ကသိုလ်ဟုတွင်သည်။

အ‌မေရိကန်ပြည်‌ထောင်စု၏ အခြားထင်ရှား‌သော တက္ကသိုလ်များမှာ ‌ယေးတက္ကသိုလ်(၁၇ဝ၁ ခုနှစ်)၊ ပရင့်စတန်တက္ကသိုလ် (၁၇၄၆ ခုနှစ်)၊ ဝါရှင်တန်၌လည်း တက္ကသိုလ်(၁၇၄၉)၊ ပင်း ဆယ်လ‌ဗေးနီးယား တက္ကသိုလ်(၁၇၅၁)၊ ကိုလံဗီးယားတက္ကသိုလ် (၁၇၅၄)၊ ဗ‌ရောင်းတက္ကသိုလ် (၁၇၆၄)တို့ ဖြစ်ကြသည်။

ဆွစ်ဇာလန်[ပြင်ဆင်ရန်]

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ ဥ‌ရောပနိုင်ငံစုံမှ ပညာအ‌မွေကို ယူ၍ ၁၈၅၅ ခုနှစ်တွင်၊ ပြည်‌ထောင်စု စက်မှုလက်မှုသိပ္ပံ ‌ကျောင်း‌တော်ကြီး‌ခေါ် တက္ကသိုလ်ကြီးတစ်ခု တည်‌ထောင်‌လေသည်။ သိပ္ပံပညာ‌ကျော် အဲလဗတ်အိုင်းစတိုင်းသည် ယင်းတက္ကသိုလ်၌ ပညာရှာဘူး၍ အိပ်စ‌ရေး‌ရောင်ခြည်ကို စူးစမ်း‌တွေ့ရှိသူ ပညာရှင်ကြီး ရိုဝင်ဂျင်စသည့် သိပ္ပံပညာ‌ကျော် အချို့နှင့် နိုဗယ်ဆုရ ပုဂ္ဂိုလ်ကြီးရှစ်ဦးတို့သည် ဤတက္ကသိုလ် ထွက်များဖြစ်ကြသည်။

ရုရှနိုင်ငံနှင့် သူ၏တက္ကသိုလ်များ[ပြင်ဆင်ရန်]

ရုရှနိုင်ငံ၌မူ ဆိုဗီယက်သမ္မတနိုင်ငံအဖြစ် တည်‌ထောင်ပြီးသည့်အချိန်မှစ၍ တက္ကသိုလ်‌ကျောင်းများ ‌ပေါများလာသည်။ ၁၉၁၄ ခုနှစ် ဇာဘုရင်လက်ထက်က တက္ကသိုလ်ဟူ၍ ၁၀ ‌ကျောင်းသာ ရှိ‌သော်လည်း ယခုအခါ၌မူ တက္ကသိုလ် ၃၂ ‌ကျောင်း‌ကျော်ရှိ‌နေ‌လေပြီ၊ ‌မော်စကို တက္ကသိုလ်ကို ၁၈ ရာစုနှစ်က စတင်တည်‌ထောင်‌သော်လည်း ၁၉၅၃ ခုနှစ်ကမှ အသစ် တစ်ဖန်ပြုပြင်၍ ယင်းတက္ကသိုလ်သစ်ကို ဖွင့်လှစ်သည်။ ပညာရပ် ၁၂ မျိုးပို့ချ၍ သိပ္ပံပညာသု‌တေသနလုပ်ငန်းတွင် အလွန်အထက်တန်းကျ‌သော တက္ကသိုလ်ဖြစ်သည်။ အခြားထင်ရှား‌သောရုရှတက္ကသိုလ်များမှာ လီနင်ဂရက်တက္ကသိုလ်၊ ‌ရော့စ‌တော့ တက္ကသိုလ်၊ ခါး‌ကော့တက္ကသိုလ် စသည်တို့ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်[ပြင်ဆင်ရန်]

ပြည်‌ထောင်စုမြန်မာနိုင်ငံ၌မူ ယခင်က တက္ကသိုလ်ကြီး နှစ်‌ကျောင်းသာရှိ‌သေးသည်။ ၎င်းတို့မှာ ရန်ကုန်တက္ကသိုလ်နှင့် မန္တ‌လေး တက္ကသိုလ်တို့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၏အစသည် ၁၈၈၀ ပြည့်နှစ်က ရန်ကုန်မြို့၌ ဗြိတိသျှအစိုးရတို့ ဖွင့်လှစ်‌သော ရန်ကုန်‌ကောလိပ်မှ ‌ပေါက်ဖွားလာခြင်းဖြစ်သည်။ ရန်ကုန် ‌ကောလိပ်ဘဝကမူ ကလကတ္တားတက္ကသိုလ် လက်‌အောက်ခံမျှသာ ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင်မှ တက္ကသိုလ်အက်ဥပ‌ဒေပြဋ္ဌာန်း၍ ရန်ကုန်‌ကောလိပ်အစား ရန်ကုန်တက္ကသိုလ်ဟူ‌သော သီးခြားတက္ကသိုလ်တစ်ခုအဖြစ် တည်‌ထောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် တည်‌ထောင်ပြီး‌သောအခါတွင် လက်‌အောက်ခံ‌ကောလိပ်များ‌ပေါ်ထွက် လာသည်။ ၁၉၂၅ ခုနှစ်တွင် မန္တ‌လေးဥပစာ‌ကောလိပ်‌ကျောင်းကို ဖွင့်လှစ်သည်။ ယုဒသန်‌ကောလိပ်၊ ‌ဆေး‌ကောလိပ်၊ အင်ဂျင်နီ ယာ‌ကောလိပ်၊ ဆရာအတတ်သင်‌ကောလိပ်၊ မန္တ‌လေး စိုက်ပျိုး ‌ရေးသိပ္ပံ၊ ‌မော်လမြိုင်‌ကောလိပ်၊ ‌ကျောက်ဖြူ‌ကောလိပ်၊ ပုသိမ် ‌ကောလိပ်၊ မ‌ကွေး‌ကောလိပ်စသည်ဖြင့် လက်‌အောက်ခံ‌ကောလိပ် ‌ပေါင်းများစွာ ဖွင့်လှစ်နိုင်ခဲ့ သည်။ ၁၉၅၉ ခုနှစ်တွင် မန္တ‌လေး ‌ကောလိပ်ကို မန္တ‌လေးတက္ကသိုလ်အဖြစ် တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သည်။

ကမ္ဘာစစ်ကြီး‌ကြောင့် နိုင်ငံအရပ်ရပ်တွင် တက္ကသိုလ်များ ပျက်စီးခဲ့‌သော်လည်း ကမ္ဘာစစ် ၂ ခုမှရရှိ‌သော အ‌တွေ့အကြုံ များအရ တက္ကသိုလ်ပညာသည် အလွန်အ‌ထောက်အပံ့ဖြစ်‌စေ သဖြင့် အစိုးရတို့သည် တက္ကသိုလ်များကို တိုး၍ဖွင့်လှစ်‌ပေး‌နေ ကြသည်။

ယခင်က တက္ကသိုလ်အဆောင်များ ထားရှိခဲ့သော်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် တက္ကသိုလ် အဆောင်များကို ပိတ်သိမ်းခဲ့သည်။ ၂၀၁၁ ခုနှစ် နိုင်ငံတော် အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် တက္ကသိုလ် အဆောင်များကို ပြန်လည်တည်ဆောက်ဖွင့်လှစ်ပေးခဲ့သော်လည်း အစားအသောက် အပြင် အခြားသောကိစ္စရပ်များမှာ အဝတ်လျှော်မှု၊ နေမှုထိုင်မှု များမှာ ယခုအချိန်ထိ အဆင်မပြေသေးပေ။ မြန်မာနိုင်ငံတွင် ယူနီဗာစီတီ ဟူသော စကားလုံးအစား တက္ကသိုလ် ဟူသော ဝေါဟာရကို ဆရာကြီး ဦးဖေမောင်တင် က စတင်တီထွင်သုံးစွဲခဲ့သည် ဟု သိရသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)