အွန်တေးရီးယိုးပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အွန်တေးရီးယိုးပြည်နယ်[ပြင်​ဆင်​ရန်​]

ကနေဒါနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံးနှင့် အကြွယ်ဝဆုံးဖြစ်သော အွန်တေးရီးယိုးပြည် နယ်သည် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်း ကောင်း၊ ပထဝီဝင်အရလည်းကောင်း ကနေဒါနိုင်ငံ၏ ဗဟို အချက်ဖြစ်ပေသည်။ ထိုပြည်နယ်၏ မြို့ကြီးတစ်မြို့ဖြစ်သော အော့တဝသည် ကနေဒါနိုင်ငံ၏မြို့တော် ဖြစ်သဖြင့် နိုင်ငံရေး သဘောအရ အရေးပါအရာရောက်သော ပြည်နယ်တစ်ခုဟု ဆို နိုင်သည်။ ထို့ပြင် ထိုပြည်နယ်သည် သံယံဇာတပစ္စည်း ပေါ ကြွယ်လှ၍ စက်မှုလုပ်ငန်း ကြီးကျယ်ထွန်းကား၍ စီးပွားရေး ကြံ့ခိုင်တောင့်တင်းသော နယ်ဖြစ်သည်။ ပထဝီအနေအထားအရ ကွိဗက်နှင့် မနီတိုးဗားပြည်နယ်နှစ်ခု၏ အကြား၌ရှိသဖြင့် ကနေဒါနိုင်ငံ၏ နယ်ဟောင်းများနှင့် အနောက်ပိုင်းမှ ပရေရီ ဒေသသစ်များကို ဆက်စပ်ထားသဖြင့် အွန်တေးရီးယိုးနယ်သည် အရေးပါပေသည်။

အွန်တေးရီးယိုးသည် ကုန်းတွင်းပြည်နယ်တစ်ခုဟု ဆို ရလင့်ကစား ရေပတ်လည်ဝိုင်းလုမတတ် ရှိသည်။ ယင်း၏ မြောက်ဘက်နှင့် အရှေ့ဘက်နယ်နိမိတ်၏ ကြီးမားသော အစိတ် အပိုင်းသည် ဟဒ်ဆန်ပင်လယ်အော်နှင့် ဂျိန်းပင်လယ်အော်တို့ ဖြစ်သည်။ ကျန် အရှေ့ဘက်နယ်နိမိတ်ကြောင်းတွင် အော့တဝ မြစ်နှင့် အင်းအိုင်ငယ်များရှိသည်။ တောင်ဘက်နယ်နိမိတ်တွင် စိန့်လောရင့်မြစ်၊ အိုင်ကြီးငါးအိုင်အနက် လေးအိုင်တို့ ရှိသည့် ပြင် ဆူပီးရီးယားရေအိုင်မှသည် ဝုဒ်ရေအိုင်အထိ မြစ်ငယ် ချောင်းငယ်များက တောက်လျှောက်ဆက်သွယ်သွားသည်။ မနီ တိုးဗားနှင့်ကွိဗက်ပြည်နယ်တို့သည် အွန်တေးရီးယိုး၏အနောက် ဘက်နှင့် အရှေ့ဘက်တွင် အသီးသီးရှိကြသည်။ အမေရိကန် ပြည်ထောင်စုမှ နယူးယောက်၊ အိုဟိုင်းအိုး၊ မစ်ရှီဂန်၊ စစ္စကွန်းဆင်နှင့် မင်နီဆိုတာပြည်နယ်တို့သည် အွန်တေးရီးယိုး ၏ ပြည်နယ်နီးချင်းဖြစ်ကြသည်။

အကျယ်အဝန်းတွင်မူ အွန်တေးရီးယိုးပြည်နယ်သည် ဒုတိယလိုက်၍ စတုရန်းမိုင် ၄၁၂ယ၅၈၂ ရှိသည်။ အကျယ်ဆုံး နေရာတွင် အရှေ့မှအနောက်သို့ မိုင် ၁ဝဝဝ ခန့်၊ မြောက်မှ တောင်သို့ မိုင် ၁ယဝ၅ဝ ခန့်ရှိသည်။ ကနေဒါနိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံသည် စီးပွားရေး အခြေအနေကောင်းသော အွန်တေး ရီးယိုးပြည်နယ်အတွင်း၌ နေထိုင်ကြသည်။ ဗြိတိသျှကိုလိုနီ ဖြစ်လာသော ခရစ် ၁၇၆၃ ခုနှစ်မတိုင်မီကပင် ဇာတိရပ်မြေကို စွန့်ခွာ၍ ရေကြည်ရာမြက်နုရာ အွန်တေရီယိုပြည်နယ်သို့ လာ ရောက်ကာ အခြေစိုက်ခဲ့ကြသော အင်္ဂလိပ်၊ စကော့နှင့် အိုင်ရစ် လူမျိုးများ၏ အဆက်အနွယ်များသည် ပြည်နယ်လူဦးရေ၏ အများစုဖြစ်၍ ရာခိုင်နှုန်း ၇၂ ကျော်လေသည်။ ပြည်နယ်တစ်ခု လုံး၏ လူဦးရေသည် (၁၉၇၃ ခုနှစ် ခန့်မှန်းခြေ) ၇၈၉၃ယဝဝဝ ယောက်ဖြစ်သည်။ ပြင်သစ်စကားပြောသော လူဦးရေသည် ၆၏၁ ရာခိုင်နှုန်းခန့်ဖြစ်၍ ဂျာမန်၊ ဒပ်ချ စသော အခြားဥရောပလူမျိုး အဆက်အနွယ်များ လည်းရှိသေးသည်။

ပြည်နယ်တစ်ခုလုံး၏ မြေမျက်နှာသွင်ပြင်သည် ခြုံ၍ ဆိုရသော် လှိုင်းအိတိုးသကဲ့သို့ နိမ့်တုံ မြင့်တုံဖြစ်သည်။ ရံဖန် ရံခါ တောင်ကုန်း တောင်ပို့များကို တွေ့ရသည်။ ဟျူးရွန်ရေ အိုင်၏ မြောက်ဘက်ကပ်လျက်နေရာမှ အွန်တေးရီးယိုးရေအိုင် ၏ အရှေ့ဖျားအထိ တောင်ရိုးတစ်ခုသည် မြောက်ဘက်သို့ တန်းလျက်ရှိသည်။ ထိုဒေသနှင့် ယှဉ်ပြိုင်လျက် ကုန်းမြင့်ဒေသ တစ်ခုရှိရာ နိုင်အဂ္ဂရာ စောက်နက်လျှောဟု ခေါ်သည်။ ယင်း သည် နိုင်အဂ္ဂရာရေတံခွန်မှ အနောက်မြောက်ဘက်သို့ ဗရု့ ကျွန်းဆွယ်ထိပ်အထိဖြစ်သည်။ ဗရု့ကျွန်းဆွယ်သည် ဂျော်ဂျီယန် ပင်လယ်အော်နှင့် ဟျူးရွန်ရေအိုင်ကို ပိုင်းခြားထားလေသည်။ ထိုကုန်းမြင့်ဒေသမှ မြောက်ဘက်တောက်လျှောက်မှာမူ လော် ရင်းရှန်းကုန်းပြင်မြင့် ဖြစ်သည်။

ပြည်နယ်အတွင်း အရေးပါသော မြစ်ချောင်းများသည် များသောအားဖြင့် နယ်နိမိတ်ကြောင်းများလည်း ဖြစ်ကြသည်။ ယင်းတို့မှလွဲလျှင် မဂနာတဝန်၊ မျူစကိုကာ၊ တိမ်းပက်တဝါနာ မြစ်တို့သည် တောင်ဘက်သို့ စီးဆင်းကြသည်။ ဆက်ဗန်၊ အော် လဗနီနှင့် အက်ဗီတစ်ဗီမြစ် တို့သည် ဟဒ်ဆန်ပင်လယ်အော် အတွင်းသို့ စီးဆင်းကြသည်။ အွန်တေးရီးယိုးပြည်နယ်အတွင်း၌ အင်းအိုင်များလည်း ပေါများလေသည်။

အွန်တေးရီးယိုးပြည်နယ်၏ တောင်ပိုင်းဒေသများသည် အိုင်ကြီးများရှိရာဒေသနှင့် နီးစပ်သဖြင့် ရာသီဥတု ပြင်းထန် လွန်းခြင်း မရှိချေ။ ဆောင်းတွင်းအခါ အသင့်အတင့်အေး၍ နွေအခါ မပူလှသော ကုန်းတွင်းရာသီဥတုမျိုးရှိသည်။ မြောက် ပိုင်းတွင်မူ ရာသီဥတုအပြောင်းအလဲမြန်၍ နွေရာသီတွင် အလွန် ပူပြီးလျှင် ဆောင်းရာသီတွင် အလွန်အေးသည်။ တစ်နှစ်လုံး မိုးရေချိန်မှာ ၃၂ လက်မဖြစ်သည်။

အွန်တေးရီးယိုးပြည်နယ်၏ အဓိကသတ္ထုများကို ဟဒ် ဆန်ပင်လယ်အော်မှ တောင်ဘက်သို့အထိ တောက်လျှောက်တန်း လျက်ရှိသော လောရင်းရှန်းကုန်းပြင်မြင့်၌ တွေ့ရှိရသည်။ ထို ဒေသ၌ အကျော်ကြားဆုံးအပိုင်းသည် ဆဒ်ဗာရီဒေသဖြစ်၍ ကမ္ဘာပေါ်၌ နစ်ကယ်သတ္ထုတွင်းများ အများဆုံးတွေ့ရှိရသော ဒေသဖြစ်သည်။ တိုရွန်တိုမြို့၏ မြောက်ဘက်ရှိ ကိုဗော့ဒေသ၌ အဖိုးတန်ငွေတွင်းနှင့် ကိုဗော့တွင်းများရှိသည်။ ထို့ပြင်ရွှေလည်း ထွက်သည်။ ဟျူးရွန်ရေအိုင် ကမ်းခြေတစ်လျှောက်တွင် ဆား နှင့်ရေနံထွက်သည်။

အိုင်ကြီးများမှလည်းကောင်း၊ အွန်တေးရီးယိုးပြည်နယ် အတွင်းရှိ အင်းအိုုင်များမှလည်းကောင်း ငါးအမြောက်အမြား ထွက်သည်။

ပြည်နယ်၏ မြေမျက်နှာပြင် ထက်ဝက်ကျော်ခန့်တွင် သစ်တောများရှိသည်။ သစ်တောများအတွင်း၌ သားမွေးတိရစ္ဆာန် များ မှီတင်းနေထိုင်ကြလေသည်။

အွန်တေးရီးယိုးပြည်နယ်သည် သမပိုင်းဒေသဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရေးအတွက် ကျွဲနွားစာ မြက်၊ မြင်းစာ ဂျုံ၊ ဂျုံ စပါး၊ မုယောစပါး၊ ရိုင်းစပါး၊ ဘီသွားလျှော်၊ ပဲအမျိုးမျိုး၊ ရှရီမန်ပင် (ဗပ်ဝှိ)၊ အာလူး၊ သကြားမုန်လာ၊ ဆေးရွက်နှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးကို စိုက်ပျိုးလုပ်ကိုင်ကြသည်။ အွန် တေးရီးယိုးရေအိုင်နှင့် အီရီရေအိုင် ဒေသတစ်လျှောက်၌ ရာသီ ဥတု သင့်တင့်မျှတသဖြင့် ပန်းသီး၊ သစ်သော့သီး၊ ချယ်ရီ၊ စပျစ်စသော သစ်သီးဝလံများဖြစ်ထွန်းသည်။ ကျယ်ပြန့်သော နွားစားကျက် မြက်ခင်းပြင်များရှိသဖြင့် ကျွဲ၊ နွား မျိုးကောင်း မျိုးသန့်များ၊ သိုးဆိတ်နှင့် မြင်းမွေးမြူရေးကိုလည်း ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြသည်။ စိုက်ပျိုးရေးဖြစ်ထွန်းသော ပြည်နယ်ဖြစ်သဖြင့် ကနေဒါနိုင်ငံ၏ ဥယျာဉ်ဟုလည်း ခေါ်ဝေါ် ကြလေသည်။

စိန်လော့ရင့်မြစ်၊ အော့တဝဖြစ်နှင့် ယင်းတို့၏ မြစ် လက်တက်များမှ ရေမော်များ၊ နိုင်အဂ္ဂရာ ရေတံခွန်တို့ကို အကြောင်းပြု၍ ရေအားလျှပ်စစ်ကို ပေါပေါများများ ဖောဖော သီသီ အသုံးပြုနိုင်သည်။ ထို့ပြင် သယ်ယူပို့ဆောင်ရေးအတွက် မီးရထားဖြင့်လည်းကောင်း၊ ရေကြောင်းဖြင့်လည်းကောင်း၊ လမ်းပန်း အဆက်အသွယ်များကလည်း ကောင်းမွန်သည်။ ထို့ကြောင့် အွန်တေးရီးယိုးပြည်နယ်တွင် စက်မှုလုပ်ငန်းများကို ကြီးကြီး ကျယ်ကျယ် လုပ်ကိုင်နိုင်သဖြင့် ကနေဒါနိုင်ငံ၏ စက်မှုလုပ်ငန်း အချက်အချာပြည်နယ် ဖြစ်လေသည်။

ကြီးကျယ်ဖွံ့ဖြိုးသော စက်မှုလုပ်ငန်းများအနက် သစ်လုပ်ငန်း သည် ပထမအရေးပါ ဆုံးဖြစ်သည်။ ယင်း၏နောက်တွင် သံနှင့်သံမဏိလုပ်ငန်း၊ ဂျုံ မှုန့်လုပ်ငန်း၊ စက်ပစ္စည်းကိရိယာ လုပ်ငန်း၊ ချည်ထည်နှင့် သိုးမွေးထည်လုပ်ငန်းတို့သည် ကြီး ကျယ်သော လုပ်ငန်းကြီးများ ဖြစ်ကြလေသည်။

လမ်းပန်းဆက်သွယ်ရေးတွင် ရေကြောင်းဆက်သွယ်ရေး သည် အရေးပါ အရာရောက်ဆုံးဖြစ်သည်။ ကနေဒါနိုင်ငံ၏ မြို့တော် အော့တဝ၊ အွန်တေးရီးယိုးပြည်နယ်၏မြို့တော် တိုရွန် တိုတို့အပြင် ဟမီလတန်၊ ဝင်ဆာ၊ ပို့အာသာ၊ ဖို့ဝီလျံစသော အရေးပါသည့် မြို့ကြီးများသည် မြစ်ဆိပ်ကမ်းမြို့များ ဖြစ်ကြ သည်။ ကနေဒါနိုင်ငံ၏ အဓိကရ မီးရထားလမ်းကြီးနှစ်သွယ် ဖြစ်သော ကနေဒီးယန်းပစိဖိတ်နှင့် ကနေဒီးယန်း- နေရှင်နယ် တို့သည် အွန်တေးရီးယိုးပြည်နယ်ကို ဖြတ်ကျော်သွားကြသည်။ အွန်တေးရီးယိုးပြည်နယ်တွင် ရေတံခွန်စိမ့်စမ်း မြစ် ချောင်းအင်းအိုင်ပေါများ၍ ညို့ညို့ဆိုင်းဆိုင်းရှိသော သစ်ပင် တောအုပ် တောတန်း တောင်ရိုးတို့ဖြင့် သာယာသောအရပ် ဒေသ အများအပြားရှိသည်။ ထို့ကြောင့် ကနေဒါနိုင်ငံအတွင်းမှ လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုမှ လည်းကောင်း ဒေသန္တရ ဗဟုသုတရှာမှီးသူများ၊ အနားယူအပန်းဖြေသူများ အသွားအလာများပြားသော ပြည်နယ်တစ်နယ်ဖြစ်ပေသည်။ အွန်တေးရီးယိုးဟူသော အမည်သည် ဆီရိုကွိုင်အင်းဒီး ယန်းလူမျိုးတို့၏ ဘာသာစကားဖြင့် ခေါ်ဝေါ်ထားခြင်းဖြစ် သည်။ ယင်း၏အဓိပ္ပာယ်ကို အမျိုးမျိုးဖော်ထုတ်ကြရာ အချို့က အိုင်သာယာဟု ဆိုလိုသည်ဟူ၍လည်းကောင်း၊ အချို့ကရေနား နီးနီးကျောက်ဆောင်ကြီးဟု ဆိုလိုသည်ဟူ၍လည်းကောင်း ဝိဝါ ဒ ကွဲပြားနေကြသည်။ မည်သို့ပင်ဖြစ်စေ ထိုဒေသကား မူလက ဆီရိုကွိုင်လူမျိုးတို့ နေထိုင်ရာဒေသ ဖြစ်ခဲ့ပေသည်။ ခရစ် ၁၆၁၃-၁၅ ခုနှစ်များတွင် ပြင်သစ်လူမျိုး ဆမ်မျူယယ်ဒါရှမ်ပ လိန်ရောက်ရှိလာ၍ စူးစမ်းလေ့လာမှုများပြုခဲ့ရာ သားမွေးလုပ် ငန်း ကြီးကြီးကျယ်ကျယ် လုပ်ကိုင်နိုင်ကြောင်းသိရှိသည်။ ထို အခါမှစ၍ ပြင်သစ်လူမျိုးများ တစ်စတစ်စ လာရောက်အခြေ စိုက်ခဲ့သဖြင့် ပြင်သစ်ကိုလိုနီတစ်ခု ဖြစ်လာသည်။ ပြင်သစ်နှင့် ဗြိတိသျှတို့ တိုက်ကြသော ခုနစ်နှစ်စစ်ပွဲပြီး၍ ၁၇၆၃ ခုနှစ်တွင် ဗြိတိသျှတို့က ပြင်သစ်ပိုင် ကနေဒါကို ရလိုက်သောအခါ အွန်တေးရီးယိုးဒေသသည်လည်း ဗြိတိသျှတို့၏လက်အောက်သို့ ရောက်ရှိခဲ့လေသည်။ ၁၇ဝ၁ ခုနှစ်တွင် ကနေဒါအား အော့တဝ မြစ်၏ အနောက်ပိုင်းကို အထက်ကနေဒါဟူ၍လည်းကောင်း၊ ယင်းမြစ်၏အရှေ့ပိုင်းကို အောက်ကနေဒါဟူ၍ လည်းကောင်း ပိုင်းခြားလိုက်ပြီးလျှင် ဥပဒေပြု လွှတ်တော်တစ်ခုစီဖြင့် သီးခြား ရှိစေသည်။ အထက်နှင့်အောက် ကနေဒါနှစ်ရပ်လုံးတွင် တိုး တက်သော လူတစ်စုက ခေါင်းဆောင်၍ ၁၈၃၇ ခုနှစ်တွင် တော်လှန်ပုန်ကန်ကြရာ ဗြိတိသျှအစိုးရသည် အတော်အတန် နှိပ်ကွပ်ယူရသည်။ ထိုသူပုန်အရေးကြောင့် နှစ်ပိုင်းခွဲခြားထားခဲ့ သော ပြည်နယ်နှစ်ခုကို ၁၈၄၁ ခုနှစ်တွင် ပြန်လည်ပူးပေါင်း ပေးလိုက်ပြီးလျှင် ပိုမိုထိရောက်စွာ အုပ်ချုပ်နိုင်ရေးအတွက် ပါလီမန်တစ်ခုတည်း ထားရှိစေသည်။ ၁၈၆၇ ခုနှစ်တွင် ဒိုမီနီ ယံ ကနေဒါနိုင်ငံဟူ၍ ဖွဲ့စည်းလိုက်သောအခါ အထက်ကနေဒါ ပြည်နယ်သည် အွန်တေးရီးယိုးပြည်နယ်ဖြစ်လာသည်။

၁၈၇၃ ခုနှစ်၏ နောက်ပိုင်းတွင် အဖိုးတန် သံယံဇာတ ပစ္စည်းများကို တူးဖော်ရရှိသဖြင့် ပြည်နယ်၏ အခြေအနေ သည် လျင်မြန်စွာ တိုးတက်လာသည်။ ဥရောပနိုင်ငံသားများ အများအပြား လာရောက်အခြေစိုက်ကြသည်။ အဖိုးတန်သတ္ထု များဖြင့် ကြွယ်ဝသည့်ပြင် ရေအားလျှပ်စစ်ပေါပေါရခြင်း၊ လမ်း ပန်းအဆက်အသွယ်ကောင်းခြင်းတို့ကြောင့် အွန်တေးရီးယိုးသည် ကနေဒါနိုင်ငံ၏ အဖွံ့ဖြိုးအတိုးတက်ဆုံးသော စက်မှုပြည်နယ် တစ်ခု ဖြစ်လာလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)