ကသီဒရယ် ဘုရားရှိခိုးကျောင်း
အလယ်ခေတ်အစဆီတွင် ဥရောပတိုက်ရှိနိုင်ငံများ၌ ဘာသာရေးကို များစွာ အလေး အမြတ် ပြုခဲ့ကြသည်။ ထိုခေတ်အခါက လက်တင်စာပေ တတ်မြောက်သော ဗရင်ဂျီဂိုဏ်းဝင်ဘုန်းကြီးများနှင့် လူပညာ ရှိများသည် ခရစ်ယန်တရားစာပေတို့ကို ဟောပြောကြလေသည်။ လူအများနှင့် သက်ဆိုင်သော သာသနာရေးဆိုင်ရာ ကျောင်းများ ကို တည်ဆောက်ကြရာ၌ မြို့ပြပြည်ရွာလည်း ကျက်သရေရှိ၊ ဘာသာရေးကိုလည်း ရိုသေကိုင်းရှိုင်းရာရောက်စေခြင်းငှါ၊ အမြင့်ဆုံးအပေါ်ဆုံးဖြစ်သော အဆောက်အအုံများကို ဆောက် လုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် မြို့ပြ ပြည်ရွာ၏ ကျက်သရေ ဆောင်အဖြစ် မြို့ဦးရွာဦး၌ ရွှေရောင်တပြောင်ပြောင် တောက်ပ သော ကျောင်းကန် ဘုရား စေတီပုထိုးစသည့် သာသနာရေး ဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်တည်ထားကြသကဲ့သို့ ပင် အဆောက်အအုံများကို အထူးကောင်းမွန်လှပအောင် သုခုမ ပညာရပ်များဖြင့် ခြယ်လယ်မွမ်းမံထားကြသည်။ ကသီဒရယ်ဘုရားရှိခိုးကျောင်းကြီးများကို မြင့်မားစွာ ဆောက်လုပ်လေ့ရှိခြင်းမှာ ဘာသာရေးကို အထွတ် အထိပ်သို့ တင်ထားခြင်းပင်ဖြစ်၍ ထိုဘုရားကျောင်းများ၌ နေထိုင်ကြသော ဘုန်းကြီးများကို အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်များဟု အသိအမှတ် ပြုထားသည်လည်း မည်ပေသည်။
ထိုသို့ မြင့်မားခန့်ညားသော ဘုရားရှိခိုးကျောင်းကြီးများကို တည်ဆောက်ရာတွင် ဂေါ့သဗိသုကာလက်ရာ များမှာ များစွာ အဖိုးတန်၍ ခေတ်စားခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ဂေါ့သပုံစံတွင် ပေါင်းအမျိုးမျိုး ခုံးအစိပ်စိပ်ခံကာ အဆောက် အအုံကို လိုသလောက်အမြင့်အထိ ခိုင်ခံ့စွာ ဆောက်လုပ်နိုင် သောကြောင့် ဖြစ်သည်။ မြင့်မားသောဆောင်ပျံများတွင် ပြတင်း တံခါးရှည်ကြီးများ ထားရှိခြင်းကြောင့် အဆောက်အအုံ၏ အတွင်းဘက်သို့ အလင်းရောင် လုံလောက်စွာ ဝင်နိုင်ရုံမျှမက၊ ထိုပြတင်းရှည်ကြီးများကို ရောင်စုံမှန်များဖြင့် ခြယ်လှယ်ထား ပြန်သဖြင့် ကျက်သရေဖွံ့ဖြိုးလှပေသည်။ ပြတင်းမှ ရောင်စုံမှန် တို့၏အရောင်သည် အတွင်းဆောင်များကိုပါ တောက်ပြောင် ထွန်းလင်းစေသည်။ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကသီဒရယ် ဘုရားရှိခိုးကျောင်းကြီးများကို တည်ဆောက်ခဲ့ကြသော်လည်း ဂေါ့သပုံစံမှာ ပင်ရင်းဖြစ်သည်။
ဥရောပတိုက်တစ်ခွင်ရှိ ထင်ရှားသော ကသီဒရယ် ဘုရား ရှိခိုးကျောင်းကြီးများ၏ အဆင်အပြင် အနေအထားမှာ ၃မျိုး ရှိသည်။ ပထမအမျိုးမှာ မြင့်မားသော အမိုးချွန်ကြီးများဖြင့် ဆောက်လုပ်သည့် ရှေးဘုရား ရှိခိုးကျောင်းကြီးများ ဖြစ်၍၊ ဒုတိယအမျိုးမှာ အနုစိတ်လက်ရာများဖြင့် မွမ်းမံထားသည့် ပုံစံဖြစ်ပြီးလျှင် အတွင်းဘက်၌လည်းကောင်း၊ အပြင်ဘက်၌၎ယလည်းကောင်း၊ လှပ ဆန်းကြယ်သောပန်းကြွ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်ထား လေသည်။ တတိယအမျိုးမှာ ကျောက်တိုင်စိုက်ထူသကဲ့သို့ သေးသေးသွယ်သွယ်နှင့် မားမားမတ်မတ် တည်နေသောပုံစံ ဖြစ်သည်။ အင်္ဂလန်ပြည် ကန်တာဗါရီ ကသီဒရယ်ဘုရား ရှိခိုးကျောင်းကြီးမှာ ထိုအမျိုး အစားပင် ဖြစ်၏။
ပြင်သစ်နိုင်ငံ ရိမ်းမြို့ရှိ ကသီဒရယ်ဘုရားရှိခိုးကျောင်းကြီး ကိုလည်း ဂေါ့သပုံစံဖြင့် တည်ဆောက်ခဲ့ကြသည်။ ထိုဘုရားရှိခိုး ကျောင်းကြီးမှာ ပထမကမ္ဘာစစ်ဖြစ်စဉ်က ဂျာမန်တို့၏အမြောက် ဆန်များ ထိမှန်သဖြင့် အတော်အတန် ပျက်စီးသွားရာ စစ်ပြီး သောအခါ ထပ်မံပြင်ဆင်ရလေသည်။ ထပ်မံပြင်ဆင်ရာတွင် မူလဂေါ့သလက်ရာကို မပျက်စေရန် အသစ်မထွင်ဘဲ ပြင်ဆင် ခဲ့သဖြင့် နှစ်ပေါင်းများစွာကြာသည်။ ထိုနောက် လူအများ အသုံးပြုရန် ပြန်လည်ဖွင့်လှစ်ခဲ့လေသည်။
ကသီဒရယ် ဘုရားရှိခိုးကျောင်းကြီးများမှာ ဆောက်လုပ် ပြီးစီးရန် နှစ်ပေါင်းများစွာ ကြာသလောက် အဓွန့် ရှည်စွာ တည်တံ့ခိုင်မြဲကြပေသည်။ ထိုကြောင့် အလယ်ခေတ်တွင် အများအပြား ဆောက်လုပ်ခဲ့ကြသော ကသီဒရယ်ဘုရားရှိခိုး ကျောင်းကြီးများသည် ယခုထက်တိုင် မပြိုမပျက် တည်ရှိ နေခြင်းဖြစ်ပေသည်။ ထိုဘုရားရှိခိုးကျောင်းကြီးများ တည် ဆောက်သည့် အလေ့အထမှာ အလယ်ခေတ်ကုန်ဆုံးသည်တွင် လုံးဝ ပျောက်ကွယ်သွားတော့၏။ နှောင်းခေတ်တွင် တည် ဆောက်ခဲ့သော ဘုရားရှိခိုးကျောင်းကြီးများမှာ ရောမမြို့ စိန်ပီတာ ကသီဒရယ် ဘုရားရှိခိုးကျောင်းနှင့် လန်ဒန်မြို့ စိန်ပေါကသီဒရယ် ဘုရားရှိခိုးကျောင်းကြီးများဖြစ်၍ အတတ် ပညာ ပြန်လည်ဆန်းသစ်ခေတ်ဖြစ်သည့် ခေတ်ဆန်းချိန် အတွင်းက ခေတ်စားခဲ့သော ပုံစံများ ဖြစ်လေသည်။
ထိုကဲ့သို့သော အဆောက်အအုံကြီးများ ဆောက်လုပ်သော အလေ့အထသည် ၂ဝရာစုနှစ်ဆန်းစတွင် ပြန်လည်ထွန်းကား လာပြန်သည်။ ရေဖျန်းဂိုဏ်းမှ လီဗါပူးမြို့နှင့် ဂီးလဖို့မြို့တို့၌ ၎င်း ဆောက်လုပ်ထားသော ကသီဒရယ် ဘုရားရှိခိုးကျောင်း ကြီးများမှာ ထင်ရှားသော သာဓကများဖြစ်၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြနမာ့စွယ်စုံကျမ်း၊ အတွဲ(၁)