သွေးချင်းတို့ရဲ့ ပွဲတော်ဆီ

ဝီကီပီးဒီးယား မှ
သွေးချင်းတို့ရဲ့ ပွဲတော်ဆီ

သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (အင်္ဂလိပ်: Myanmar Ethnic Culture Fest)ပွဲတော်သည် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနီးရန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ချိတ်ဆက် ဆောင်ရွက်နိုင်ရန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးရရှိရန်အတွက် ရည်ရွယ်လျက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းတွင် ကျင်းပသော တိုင်းရင်းသားပွဲတော်ဖြစ်သည်။

ပထမအကြိမ်ပွဲတော်အား ကချင်ပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်များကလည်းကောင်း၊ ဒုတိယအကြိမ်ပွဲတော်အား ကယားပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်များကလည်းကောင်း တာဝန်ယူကျင်းပခဲ့သည်။ တတိယအကြိမ်ပွဲတော်အား ကရင်ပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်များက တာဝန်ယူကျင်းပရန် စီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် မြေပြင်တွင် ကျင်းပခဲ့ခြင်းမရှိပေ။

၂၀၁၉ ခုနှစ်[ပြင်ဆင်ရန်]

၂၀၁၉ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ
ကြာမြင့်ချိန်၇ ရက်
နေ့ရက်၂၅-၃၁ ဇန်နဝါရီ ၂၀၁၉
နေရာကျိုက္ကဆံကွင်း
တည်နေရာတာမွေမြို့နယ်၊ ရန်ကုန်မြို့
အမျိုးအစားတိုင်းရင်းသားပွဲတော်
စီစဉ်သူမြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း

ပထမအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပခဲ့သည်။ ပွဲတော်မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ကျင်းပခဲ့သည်။ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း နာယကများဖြစ်သော ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ဒေါက်တာအောင်ထွန်းသက်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးယောဆက်၊ ဒုတိယဥက္ကဋ္ဌ လဖိုင်ခွန်ဆာ၊ အထွေထွေအတွင်းရေးမှူး ဦးမင်းဗညားစန်း၊ Inner Mongolia Kincaid Industrial Group မှ Mr. Ai Min နှင့် Mr. Zhang Ruiတို့က ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။[၁]၂၀၁၉ခုနှစ် သွေးချင်းတို့ရဲ့ပွဲတော်ဆီတွင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ တေးသီချင်းဖျော်ဖြေမှုများ၊ တိုင်းရင်းသားများ၏ နေထိုင်မှုများနှင့် အသုံးအဆောင် များကိုပြသမည့် ယဉ်ကျေးမှုပြခန်းများ၊ ဒေသအသီးသီးက တိုင်းရင်းသားရိုးရာ အစားအစာများ၊ ရိုးရာဝတ်စုံများနှင့် ထွက်ကုန်ပစ္စည်းများရောင်းချမည့် ဈေးဆိုင်တန်းများ၊ အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်မည့် နေရာများ ပါဝင်ခဲ့ပြီး တိုင်းရင်းသားအလှမယ်ပြိုင်ပွဲ (Miss Ethnic)ကိုလည်း ကျင်းပခဲ့သည်။

၂၀၁၉ ခုနှစ်ပွဲတော်၏ ပွဲတော်အကမှာ ကချင်ရိုးရာ မနောအက ဖြစ်သည်။[၂]ဤပွဲတော်သို့ လာရောက်သူ ပြည်သူ၁၀သိန်းနီးပါး ရှိခဲ့သည်။[၃]

၂၀၂၀ ပြည့်နှစ်[ပြင်ဆင်ရန်]

၂၀၂၀ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ
ကြာမြင့်ချိန်၇ရက်
နေ့ရက်၁-၇ ဖေဖော်ဝါရီ ၂၀၂၀
နေရာကျိုက္ကဆံကွင်း
တည်နေရာတာမွေမြို့နယ်၊ ရန်ကုန်မြို့
အမျိုးအစားတိုင်းရင်းသားပွဲတော်
စီစဉ်သူမြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း

၂၀၂၀ပြည့်နှစ် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဤပွဲတော်တွင် တိုင်းရင်းသားလူမျိုးစု (၈)ခု၏ပြခန်း ၈ ခန်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပြခန်း ၆ ခန်းတို့အပြင် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းပြခန်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြခန်း စုစုပေါင်း ပြခန်း ၁၆ခန်း ပါဝင်ပြသမည်ပြီး ညီနောင်အသင်းများဖြစ်သော မြန်မာနိုင်ငံသစ်တောထွက်လုပ်ငန်းရှင်များအသင်းမှလည်း ပြခန်း ပါဝင်ပြသခဲ့သည်။

၂၀၂၀ ပြည့်နှစ်ပွဲတော်၏ ပွဲတော်အကမှာ ကယားရိုးရာတံခွန်တိုင်အက ဖြစ်သည်။[၂]ဆိုင်ခန်းပေါင်း ၁၀၀၀ကျော် ဝင်ရောက်ရောင်းချမည်ဖြစ်ကာ ကယားပြည်နယ်ကို အမှန်တကယ် ရောက်သွားစေနိုင်သကဲ့သို့ ခံစားနိုင်မည့် Visual Reality System ကိုပါ ထည့်သွင်းထားသည်။ အားကစားပွဲများနှင့် တိုင်းရင်းသားအလှမယ်ရွေးပွဲလည်း ပါဝင်ခဲ့သည်။[၃]၂၀၂၀ပွဲတော်ဖွင့်ပွဲကို ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် ကျင်းပခဲ့ကာ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။[၄]

၂၀၂၁ခုနှစ်[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် သွေးချင်းတို့ရဲ့ပွဲတော်ဆီအား ကရင်ပြည်နယ်မှ တာဝန်ယူ ကျင်းပရမည်ဖြစ်သည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် မြေပြင်တွင် ကျင်းပနိုင်ခြင်း မရှိပဲ virtual စနစ်ဖြင့်သာ ကျင်းပခဲ့သည်။ ၂၀၂၁ခုနှစ်ပွဲတော်အတွက် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁၁ရက်တွင် ကျင်းပခဲ့သည်။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက်တို့က virtual စနစ်ဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပေးပို့ခဲ့သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပပြန်ကြားရေးဝန်ကြီးဌာန
  2. ၂.၀ ၂.၁ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ “သွေးချင်းတို့ရဲ့ပွဲတော်ဆီ၂၀၂၀” ပွဲတော်နှင့် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တို့နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသမ္မတရုံး ဝန်ကြီးဌာန။ 10 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 August 2021 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်နှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ။ Myanmar Digital News။
  4. ရန်ကုန်မြို့၌ ဒုတိယအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော် ပြုလုပ်
  5. တတိယအကြိမ် "သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁)ပွဲတော်" ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြား