မနောပွဲ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မြစ်ကြီးနားရှိ မနောကွင်း

မနောပွဲသည်ကား မြန်မာနိုင်ငံမြောက်ပိုင်းတွင် နေထိုင်ကြသော ပြည်ထောင်စုသားများ ဖြစ်သည့် ကချင် (ဝါ) ဂျင်းဖောမျိုးသားတို့၏ ရိုးရာကိုးကွယ်မှုမှ ပေါက်ဖွားလာသည့် နတ်ပသပူဇော်ပွဲဖြစ်၍ နတ်စားခြင်းဟူ၍လည်း ခေါ်နိုင်သည်။ ရှေးအစဉ်အဆက်က တောင်တန်းဒေသတွင် အုပ်ချုပ်လာခဲ့ ကြသော ဒူးဝါးကြီးများကသာ ကြီးမှူးပေးခဲ့သည့် မနောပွဲ တော်ကို ယခုအခါ ဒူးဝါးကြီးများသာမက ကချင်ပြည်နယ် အစိုးရကပါ တာဝန်ယူ၍ ကြီးမှူးကျင်းပေးလျက်ရှိသည်။ ပြည်နယ်သဘင်များအနက် အကြီးအကျယ်ဆုံးတစ်ခုဖြစ်၍ ကချင်အနွယ်ဝင်တို့၏ ရိုးရာကိုးကွယ်မှုကို ထုတ်ဖော်ရာတွင် အပေါ်လွင်ဆုံး သဘင်တစ်ခုဖြစ်၏။

ကချင်တို့သည် ရိုးရာအားဖြင့် နတ်ကိုးကွယ်သူများ ဖြစ်၏။ နတ်များမှာလည်း အရေအတွက်အားဖြင့် များပြားပေ သည်။ ရေ၊ မြေ၊ တော၊ တောင်၊ ကမ္ဘာမြေကြီး၊ မိုး၊ လေ၊ နေ၊ အာကာသတို့ကို အစိုးရသော ဆိုင်ရာ နတ်အသီးအသီး ရှိပေ၏။ ထို့အပြင် ကွယ်လွန်သူ မိဘဘိုးဘွားတို့ကိုလည်း နတ်များအဖြစ် ရည်မှန်းပူဇော်ကြ၏။ နတ်များသည် သက်ရှိ သက်မဲ့ ဝတ္ထုပစ္စည်းများ အားလုံးကို ဖန်တီးပြုပြင်နိုင်သည်ဟု ယုံကြည်၏။ နတ်များတွင် ကောင်းကျိုးပေးသော နတ်များ ရှိသကဲ့သို့ဆိုးကျိုးပေးသော နတ်များလည်း ရှိသည်ဟု ယုံကြည်ကြသည်။

နတ်များအနက် ဆွမ် နှင့် ဂျထုန် ခေါ်နတ် တို့ကား ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုပေးစွမ်း နိုင်သည် ဟု ကချင်လူမျိုးတို့ယုံကြည်ကြသည်။ တစ်ဖန် အာကာသ စိုးနတ် ဖြစ်သော မဒိုင် နတ်မင်းကြီးသည်ကား ကချင် နတ်တို့တွင် လူအပေါင်းတို့၏ အသက်ကို စောင့်ရှောက်၍ ကြွယ်ဝချမ်းသာမှုကို အများဆုံး အကျိုး ပြုနိုင်သည်ဟူ၍ ယုံကြည်ကြသည်။ ဤသို့နတ်ပေါင်း မြောက်မြားစွာရှိရာ၌ ကချင်အမျိုးအနွယ်တို့သည် အဆင့်အတန်းနှင့် အမျိုးအနွယ် ကိုလိုက်၍ နတ်ကိုးကွယ်ခွင့်များ ခြားနား၍ သွားပေသည်။

မဒိုင် နတ်မင်းကြီးကို ရှေးထုံးစဉ်လာအရ ဒူးဝါးကြီး များသာလျှင် မနောပွဲကို ကျင်းပနိုင်ခွင့် ရှိပြီးလျှင် ရှေးအစဉ် အဆက် ဒူးဝါးများကပင် ဦးဆောင်၍ မနောပွဲများ ပြုလုပ်ရာ၌ ရပ်ရွာအုပ်ချုပ်သူ အကြီးအကဲ တစ်ဦးဦးက တာဝန်ယူရရိုး ထုံစံရှိ၏။ ထိုကြောင့် ဒူးဝါးများသည် မဒိုင်နတ်ကိုးကွယ် သူများ အနေဖြင့်သာမက အုပ်ချုပ်သူ အကြီးအကဲအနေ ဖြင့်လည်း တာဝန်ယူ၍ မနောပွဲ ကျင်းပလာခဲ့ခြင်း ဖြစ်သည်ဟု တွေးဆဖွယ်ရာရှိ၏။ ထိုခေတ်ကာလ အခြေအနေအရ ဒူးဝါး ကြီးများကပင် ဦးဆောင်၍ မနောပွဲများ ကျင်းပပေးခဲ့ရာ ယခု တိုင်ပင်ဖြစ်၏။ ယခုအခါတွင် မနောသည် ကချင်ပြည်နယ် ၏ အောင်ပွဲ သဘင်အဖြစ်သို့အသွင်ပြောင်းလာပေပြီ။

မနောပွဲကို ကချင်ပြည်နယ်နေ့တွင် ပြည်နယ် အစိုးရက တာဝန်ယူ၏။ သို့သော် အချို့ဒေသများတွင် အခါရာသီအလိုက် ဒူးဝါးကြီးများ ကြီးမှူးကျင်းပသော မနောပွဲများလည်း ရှိသည်။ မနောဟူရာ၌ ဆွတ်မနော၊ ဂျူမနော၊ အိမ်သစ်တက် မနော၊ ပဒန်းမနောဟူ၍ ၄ မျိုးရှိသည်။ ဆွတ်မနောကား မနော ၄ မျိုးတွင် အကြီးအကျယ်ဆုံးဖြစ်၏။ နှစ်စဉ်ကချင် ပြည်နယ် နေ့တိုင်းတွင် ကျင်းပသော မနောမှ ဤမနော မျိုးဖြစ်၏။ ချမ်းသာကြွယ်ဝခြင်း စသည်တို့ကို ဂုဏ်ယူသော အားဖြင့် ကျင်းပသည်။ ဂျူမနောမှာ ရောဂါ အန္တရာယ်ထူပြော သည့် အခါများ၌ နတ်များအား ပသခြင်းဖြစ်၏။ အိမ်သစ် တက် မနောမှာ အိမ်သစ်တက်ပွဲဟုလည်း ခေါ်ဆိုသည်။

ပဟန်းမနောမှာ အောင်ပွဲခံဖြစ်၍ ဘိသိက်ခံပွဲ တစ်မျိုးဖြစ်၏။ ထို့အပြင် နွမ်ရှလိုင်း မနောဟူ ၍လည်း မနောတစ်မျိုး ရှိသေး သည်။ ထိုမနောမှာ ဒူးဝါးကြီးများ လက်ထပ် ထိမ်းမြားသည့် အခါ ပြုလုပ်၍ ထိမ်းမြားမင်္ဂလာ မနော ဟုလည်း ခေါ်သည်။ ကချင်ပြည်နယ်တွင် ကြီးကျယ်သော မနောပွဲ ၃ ကြိမ်ကျင်းပခဲ့ဖူးပေသည်။ ၁၉၃၇ ခုနှစ်တွင် ဆဋ္ဌဂျော့ ဘုရင် နန်းတက်သည်ကို ဂုဏ်ပြုသောအားဖြင့် တစ်ကြိမ်ကျင်းပ ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်တို့ကို အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် ပဒန်းမနောပွဲ တစ်ကြိမ်၊ ၁၉၄၈ ခုနှစ် တွင် ကချင်ပြည်နယ် သီးခြား ပေါ်လာသည်ကို အောင်ပွဲခံ သည့် အနေဖြင့် ပဒန်းမနောပွဲ တစ်ကြိမ် ကျင်းပခဲ့သည်။

ပြည်နယ်ရပြီးသည့် နောက်ပိုင်းတွင် ၄ နှစ်တစ်ကြိမ် ပြည်နယ်အစိုးရက ဦးဆောင်၍ ဆွတ်မနောမျိုးဝင် မနောများ ကျင်းပခဲ့ပေသည်။ ရှေးခေတ်မှစ၍ ယခုတိုင် ကချင်ပြည်နယ် တွင် ဒေသအလိုက် အနည်းဆုံး တစ်နှစ် တစ်ကြိမ် ကျင်းပ လေ့ရှိသည်။ တစ်နှစ်တစ်ကြိမ် ကျင်းပရမည်ဟူ၍ကား သီးခြား သတ်မှတ်ချက် မရှိပေ။ ဒူးဝါးကြီး များအနေနှင့် မနောပွဲ ပြုလုပ်ရန် အကြောင်းကိစ္စပေါ်လျှင် ကျင်းပ၏။

ဤသို့သော ရိုးရာနတ်တို့ကို ပသသော ယဇ်ပူဇော်ပွဲ တွင် ရွာလုံးကျွတ်၊ နတ်လုံးကျွတ်မျှ ပါဝင်ဆင်နွဲသည် ဖြစ်ပေရာ၊ ရပ်နီးရပ်ဝေး ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့နှင့် တွေ့ဆုံကြရပေသည်။ ပူဇော်အပ်သူတို့ကို ပူဇော်ခြင်း၊ ချီးမြှင့် အပ်သူကို ချီးမြှင့်ခြင်း၊ မိတ်သင်္ဂဟတို့ကို ကျွေးမွေးပေးကမ်း ခြင်းတို့မှာ မနောပွဲ၏ ရည်ရွယ် ချက်များဖြစ်၏။

မနောပွဲ ကျင်းပရာ၌ ငွေကုန်ကြေးကျ များသော ကြောင့် လပေါင်းများစွာကပင် ကြိုတင်စီမံရလေသည်။ ကျင်းပရန် နေ့ကောင်းရက်ကောင်းကို နတ်ဆရာက ရွေးပေး ၏။ နတ်ဆရာကြီး ၆ မျိုးရှိသည့်အနက် ဂျေးဝါးခေါ် နတ် ဆရာက အခါရွေး နတ်များအား ပူဇော်ပသမေးမြန်း၍ ထိုနတ်ဆရာ၏ ညွှန်ကြားချက်အရ စီစဉ်ဆောင်ရွက်ရသည်။

ဂျေးဝါးနတ်ဆရာ အဆင်မသင့်ပါက ဒုမ်းဆခေါ် နတ်ဆရာများ နှင့် တိုင်ပင်ဆောင်ရွက်လေ့ရှိသည်။ မနောပွဲမှာ အစဉ်အလာ အားဖြင့် နတ်ပသပူဇော်ပွဲ ၄ ရက်၊ ကပွဲ ၄ ရက်၊ ပေါင်း ၈ ရက်မျှ ကြာသည်။ မနောပွဲ များကို အထူးသဖြင့် မိုးတိမ်များ ကင်းစင်သည့် ဆောင်းရာသီနှင့် နွေရာသီတို့တွင် ကျင်းပလေ့ ရှိပေသည်။

မနောအဆောင်တော်မှာ မနောပွဲဆိုင်ရာ နတ်ကွန်းကို ထားရှိပူဇော်သည့် အဆောက်အအုံဖြစ်သောကြောင့် မရှိမဖြစ် အရေးကြီးပေသည်။ ၁၉၅၈ ခုနှစ် မတိုင်မီက မနောနတ်ကွန်း အတွက် မနောအဆောင်တော်ဟူ၍ သီးခြားဆောက်လုပ် သတ်မှတ်ခြင်း မရှိသောကြောင့် မနောအဆောင်တော်ကို သစ်၊ ဝါး၊ သက်ငယ်တို့ဖြင့်သာ မြေစိုက် တထပ်တဲရှည်ကြီးထိုး၍ ကျင်းပလေ့ရှိခဲ့သည်။ ထိုတဲကြီး၏ အတွင်းတွင်မှ နတ်ကွန်း ထားရှိသည်။ မြစ်ကြီးနားမြို့အတွင်းရှိ အတွင်းဝန်ရုံးဟောင်း ကွင်းပြင်ကြီးတွင် အလျဉ်းသင့်သလို ကျင်းပခဲ့သည်။ ယခုအခါ မနောအဆောင်တော်ကို မြစ်ကြီးနားမြို့ထိပ် စီတာပူရပ်ကွက်ရှိ ကွင်းပြင်ကြီး အလယ်တွင် အခိုင်အခံ့ ပြုလုပ်ပြီးဖြစ်ကာ ယင်းမှာ စီတာပူမနောကွင်းဟု တွင်သည်။ မနောအဆောင် တော်ကို ရှေးထုံးစဉ်လာ ပုံစံအတိုင်း ဆောက်လုပ်၍ အဆောင် ဦးကင်းတွင် ရှေးထုံးစဉ်လာအတိုင်း ကျွဲချိုကြီးတင်၍ တန်ဆာ ဆင်ထားလေသည်။

ထိုအဆောင်တော်အတွင်း၌ နတ်ကွန်း ၂ ခုရှိ၏။ နတ်ကွန်းနှင့်တွဲ၍ ဖီးဖိုကြီး ၂ ခုရှိသည်။ မီးဖိုတွင် ဒယ်အိုး ကြီး ၂ ခုရှိ၍၊ ယင်း၌ ရေအမြဲဆူနေရပေသည်။ တစ်လုံးမှာ အသားချက်ရန် ဖြစ်ပြီးလျှင် ကျန်တစ်လုံးမှာ ကြက်ဥပြုတ်ရန် ဖြစ်၏။ ဆင်ယင်ပူဇော်ရန် ကျွဲ နွား ဝက်ကြက်များကို သတ်ပြီး သည့်အခါ ကျွဲချိုကို နတ်ကွန်းတွင် ဆင်ယင်ပူဇော်သည်။

တောင်စဉ်ဖက်များဖြင့် ကတော့များ၊ ခွက်များထိုးကာ အသား အချို့ကိုထည့်လျက် နတ်တင် ပြီးလျှင် အသားအချို့ကို မီးဖို ပေါ်ရှိ ဒယ်တွင် ပြုတ်၍ နတ်ဆရာကြီးများနှင့် အနီးအနားမှ ပုဂ္ဂိုလ်အချို့က ခေါင်ရည်နှင့် မြည်းကြယင်း ရပ်ရွာကောင်း မွန် တိုးပွား၍ အန္တရာယ်အပေါင်း ကင်းစေကြောင်း ဆုတောင်း ကြပေသည်။

ထို့နောက် မနောအဆောင်တော်နှင့် အလှမ်းဝေးရာ၌ စိုက်ထူထားသော မနောတိုင်ကြီးများကို ပတ်ချာလှည့်၍ ယောက်ျားများရော မိန်းမများပါ ပျော်မြူးရွှင်ပြစွာ ကကြ ပေသည်။

မနောပွဲကခြင်းနှင့် စပ်လျဉ်း၍ ဝိဒါဒကွဲလျက်ရှိသည်။ မနောပွဲကို ရှေးဦးစွာ နတ်များက စတင်ခင်းကျင်း ကပြသည်။ ယင်းကပွဲကို တက်ရောက်ခွင့်ရသော ငှက်များသည် မနော အကအကြောင်း သိလာ၏။ နေနတ်ပွဲမှအပြန် ငှက်များသည် ညောင်ပင်တစ်ပင်တွေ့၏။ ညောင်သီးများကို တစ်ညီတစ်ညွတ် တည်း ဝိုင်းအုံ ထိုးဆိတ် စားသောက်ပြီးသော် ပျော်ရွှင်အားရစွာ ထိုအပင်ကို ပတ်ချာဝိုင်းကာ ကကြ၊ ခုန်ကြ၏။ ယင်းအက ကား နေနတ်မင်းတိုင်းပြည်မှ တတ်မြောက်လာသော မနော အကတည်း။ ယင်းကို ကမ္ဘာမြေအလယ်ဗဟိုရှိ လူသား ဇနီး မောင်နှံတို့တွေ့ရှိပြီးလျှင် တစ်ဆင့်သင်ယူ၏။ ထိုမှ တစ်ဆင့် တစ်ဆင့် ပျံ့ပွားခဲ့သည်မှာ ယခုတိုင် ဖြစ်သည်ဟူ၍ ဝါဒ တစ်မျိုးရှိသည်။

အခြားဝါဒတစ်မျိုးမှာ ဤသို့တည်း။ ကချင်လူမျိုး တို့ကို ပေါက်ပွားခဲ့သည့် အဖိုး၊ ကမ္ဘာမြေစောင့် နတ်ဘုရင် နှင့် အဖွားနွယ်တော် နေနတ်မင်းတို့ကို ပူဇော်ခြင်း၊ အာကာသ စိုးနတ်မင်းကြီး မဒိုင်နှင့် လေနတ်မင်းကြီးများကို ပူဇော်ပသရာ ၌ နတ်မင်းကြီးများ လူ့ပြည်သို့ဆင်းသက်သည့်အခါ အာကာ သစိုး နတ်သမီးများကိုပါ ခေါ်ဆောင်လာခဲ့ကြပေသည်။ ဤတွင် မြေပြင်မှ လူသားများ နတ်ငယ်များက အခမ်းအနား ဖြင့် သွားရောက်ကြိုဆို ဧည့်ခံကြသည်၊ နတ်မင်းကြီးနှင့် နတ်သမီးများက အားရရွှင်မြူးစွာ ကခုန်ခြင်းကို မနောဟု ခေါ်စမှတ်ပြု၍ အစဉ် အလာ ကျင်းပသည်ဟူ၏။

မနောပွဲတော်၏ အစမှာ ဒူးဝါးကြီးများ သရဖူ ဆောင်းပွဲ ဆင်ယင်ရာ၌ ကျင်းပသည်ဟူ၍လည်း အဆိုတစ် ရပ် ရှိပေသေးသည်။ ထို့ကြောင့် မနောပွဲကျင်းပရာတွင် ယခုတိုင် မင်းမြှောက်တန်ဆာများဖြစ်သော ဝတ်ရုံတော်၊ သရဖူ၊ သန်လျက်၊ ဓား၊ ဆင်စာမြက်၊ ပန်းပွားကို ကိုင်ဆောင်ထားသူ နှစ်ယောက် ခေါင်းဆောင်၍ မနောတိုင်ရှိ ရာသို့အတီးအမှုတ် အခမ်းအနားနှင့် ထွက်ကြသည့်ဟန် ပြုလုပ်ရခြင်း ဖြစ်လေ သည်။ မနောပွဲကသည့် ပရိသတ်ကလည်း မောင်းမမိဿံများ သဖွယ် ယပ်တောင် ကိုယ်စီကိုင်၍ လိုက်ပါကခုန်ကြရ ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)