ဝပ်ဖရာသပ် ဒွိုင်ဆူသပ်

ဝီကီပီးဒီးယား မှ
Stupa, Doi Suthep

ဝပ် ဖရာသပ် ဒွိုင်ဆူသပ် (အင်္ဂလိပ်: Wat Phra That Doi Suthep; ထိုင်း: วัดพระธาตุดอยสุเทพ, ထိုင်းအသံထွက်: [wát.pʰráʔ.tʰâat.dɔɔj.sùʔ.tʰêep], တမ်းပလိတ်:IPA-nod) သည် ထိုင်းနိုင်ငံချင်းမိုင်ပြည်နယ်တွင် တည်ရှိသည့် ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ ဘုရားကျောင်းတစ်ခု ဖြစ်လေသည်။ ဤဘုရားကျောင်းကို ဒွိုင်ဆူသပ် ဟု အလွယ်တကူ ခေါ်ကြသည်။ သို့သော်လည်း ဤအမည်သည် အမှန်စင်စစ်အားဖြင့် ဘုရားကျောင်းတည်ရှိရာ တောင်တန်း၏အမည်သာ ဖြစ်လေသည်။ ဤဘုရားကျောင်းသည် ထိုင်းလူမျိုးများအတွက် အထွတ်အမြတ်ထားရာနေရာတစ်ခုလည်း ဖြစ်သည်။ ဘုရားကျောင်းသည် ချင်းမိုင်မြို့မှ ၁၅ ကီလိုမီတာ (၉.၃ မိုင်) ကွာဝေးသည်။ ဘုရားကျောင်းပေါ်မှနေ၍ ချင်းမိုင်မြို့ကို ကောင်းစွာမြင်နိုင်လေသည်။

ဆင်ဖြူတော်ရုပ်တု

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဘုရားကျောင်းအား တည်ထားခြင်းနှင့်သက်ဆိုင်သည့် သမိုင်းကြောင်းသည် ဒဏ္ဍာရီဆန်သည်။ ယင်း အပြင် အဆိုပါဒဏ္ဍာရီတွင်ပင် မူကွဲများစွာ ရှိလေသည်။ ဘုရားကျောင်းကို ၁၃၈၃ခုနှစ်တွင် တည်ထားသည်ဟု ဆိုသည်။ အဆိုပါနှစ်တွင် ပထမဦးဆုံးစေတီကို တည်ထားခဲ့သည်။ အချိန်ကြာမြင့်လာသည်နှင့်အမျှ ဘုရားကျောင်းကို ချဲ့ထွင်လာ ခဲ့ပြီး စေတီများ၊ တန်ဆောင်းများစွာလည်း ရှိလာလေသည်။ ဘုရားကျောင်းသို့သွားရာလမ်းကို ၁၉၃၅ခုနှစ်တွင် ပထမဦး ဆုံးတည်ဆောက်ခဲ့သည်။

ဝပ်ဒွိုင်ဆူသပ်သို့ သွားရာလှေကားထစ်များ

ဆင်ဖြူတော် ဒဏ္ဍာရီ[ပြင်ဆင်ရန်]

ဒဏ္ဍာရီအရ ဆူခိုထိုင်းမှ သုမနမထေရ်အမည်ရှိသော ရဟန်းတစ်ပါးသည် အိပ်မက်မြင်မက် လေသည်။ အိပ်မက်ထဲတွင် သူ့အား ဖန်ချသို့သွားကာ ဓာတ်တော်ကိုရှာဖွေရန် တိုက်တွန်းခြင်းခံရသည်။ သုမနမထေရ် သည် ဖန်ချသို့သွားရောက်ခဲ့ပြီး မြတ်စွာဘုရားပခုံးရိုးဓာတ်တော်တစ်ဆူကို ရရှိခဲ့သည်။ အဆိုပါဓာတ်တော်သည် တန် ခိုးအမျိုးမျိုးပြသတော်မူလေရာ ယင်းတို့မှာ ရောင်ခြည်တော်များလွှတ်တော်မူခြင်း၊ ပျောက်ကွယ်သွားတော်မူခြင်း၊ နေရာရွေ့ လျားတော်မူခြင်းနှင့် ဓာတ်တော်ပွားများ ထွက်ပေါ်တော်မူခြင်းများ ဖြစ်သည်။ သုမနမထေရ်သည် ဆူခိုထိုင်းကို အုပ်စိုး သော ဓမ္မရာဇာဘုရင်အား ယင်းဓာတ်တော်ကို ပေးအပ်လေသည်။

ဓမ္မရာဇာဘုရင်သည် သုမနမထေရ် ရောက်ရှိလာသောအခါ အခမ်းအနားကျင်းပကာ ဓာတ်တော်အား ပူဇော်လေသည်။ သို့ သော်လည်း ဓာတ်တော်သည် မည်သည့်တန်ခိုးများကိုမျှ ပြသတော်မူခြင်း မပြုပေ။ ထိုအတွက် ဘုရင်သည် ဓာတ်တော် စစ်မစစ် သံသယဝင်သဖြင့် သုမနမထေရ်သာ ဓာတ်တော်အားဆက်လက်ထိန်းသိမ်းထားရန် လျှောက်ထားလေသည်။

လန်နနိုင်ငံကို အုပ်စိုးတော်မူသော ဘုရင် နုနုန်းသည် ယင်းဓာတ်တော်အကြောင်းကို ကြားသိသဖြင့် မထေရ်အား ကြွမြန်းလာရန် ပင့်ဖိတ်လေသည်။ ၁၃၆၈ခုနှစ်တွင် မထေရ်သည် ဓမ္မရာဇာဘုရင်၏ခွင့်ပြုချက်ဖြင့် ဓာတ်တော်အား ယနေ့ ခေတ် လန်းဖန်မြို့တည်ရာသို့ ပင့်ဆောင်သွားသည်။ အဆိုပါနေရာသို့ရောက်သော် ဓာတ်တော်သည် နှစ်ခြမ်းကွဲသွားလေ သည်။ အရွယ်အစားသေးငယ်သောဓာတ်တော်ကို ဆန်ဒေါ့ခ်တွင် ဘုရားကျောင်း၌ ပူဇော်ထားသည်။ အခြားဓာတ်တော်ကို ဘုရင်ကိုယ်တိုင် ဆင်ဖြူတော်၏ကျောပေါ်တွင် ပင့်ဆောင်ကာ တောအတွင်းသို့ လွှတ်လိုက်သည်။ ဆင်သည် ဒွိုင်ဆူသပ်တောင်ပေါ်သို့ တက်သွားသည်ဟု ဆိုသည်။ ထိုအချိန်က တောင်ကို ဒွိုင်အွိုင်းချန်း (သကြားဆင်တောင်တန်း) ဟု ခေါ် တွင်လေသည်။ ဆင်ဖြူတော်သည် တောင်တန်းပေါ်တွင် ရပ်ကာ သုံးကြိမ်တိုင်တိုင် အော်မြည်လေသည်။ ယင်းနောက် သေဆုံးလေသည်။ ဤသည်ကို နမိတ်အဖြစ် အဓိပ္ပာယ်ကောက်ယူသည်။ ဘုရင် နုနုန်းသည် ယင်းနေရာတွင် ဘုရား ကျောင်းတည်ဆောက်ရန် အမိန့်ချမှတ်တော်မူသည်။[၁]

ဝပ် ဒွိုင်ဆူသပ်[ပြင်ဆင်ရန်]

ဝပ်ဘုရားကျောင်းကို ချင်းမိုင်မြို့မှ ကားလမ်းဖြင့် လာရောက်နိုင်လေသည်။ ယာဉ်ရပ်နားစခန်းသည် ဘုရားကျောင်း၏ခြေရင်းတွင် တည်ရှိပြီး ဘုရားပေါ်သို့ လှေကားထစ် ၃၀၉ထစ် တက်လှမ်းရမည် ဖြစ်သည်။

ဘုရားကျောင်းပရိဝုဏ်အတွင်းသို့ ဝင်ရောက်သောအခါ လာရောက်သူများအနေဖြင့် ကောင်းမွန်လုံခြုံစွာ ဝတ်ဆင်ထားရ မည် ဖြစ်သကဲ့သို့ ဖိနပ်များလည်း ချွတ်ထားရမည် ဖြစ်သည်။ ကြေးပြားဖြင့်သွန်းလောင်းထားသော စေတီသည် ဘုရား ကျောင်းပရိဝုဏ်အတွင်းတွင် အထွတ်အမြတ်အထားဆုံးစေတီလည်း ဖြစ်သည်။ ပရိဝုဏ်အတွင်းတွင် စေတီများ၊ ရုပ်ပွားတော်များ၊ ခေါင်းလောင်းများ၊ ပြတိုက်တစ်ခုနှင့် နတ်ကွန်းဗိမာန်များလည်း ရှိလေသည်။ မြဘုရား၏ ပုံစံတူ ရုပ် ပွားတော်တစ်ဆူလည်း ရှိသကဲ့သို့ ဟိန္ဒူဘာသာဝင်တို့ကိုးကွယ်သော ဂနေသျှနတ်မင်း (မဟာပိန္နဲနတ်မင်း) ၏ ရုပ်တု တစ်ခုလည်း ရှိလေသည်။ ဘုရားကျောင်းပေါ်မှ ချင်းမိုင်မြို့ကိုလှမ်းမြင်နိုင်လေသည်။

ဓာတ်ပုံပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 18°48′19″N 98°55′18″E / 18.8052°N 98.9216°E / 18.8052; 98.9216