ပြတိုက်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ပြတိုက်ဆိုသည်မှာ အများပြည်သူအကျိုးငှာ ပညာပေးနိုင်သော၊ ယဉ်ကျေးမှုအရ၊ သမိုင်းကြောင်းအရ၊ အနုပညာလက်ရာမြောက်မှုအရ တန်ဖိုးရှိသော ဒြပ်ရှိနှင့်ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် လေ့လာသုတေသနပြု၍ အများပြည်သူအား စိတ်ချမ်းမြေ့စွာ လေ့လာသင်ယူနိုင်စေရန်နှင့် ပညာပေးရန်အတွက် ခင်းကျင်းပြသခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (International Council Of Museum) ကအဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ကမ္ဘာပေါ်ရှိ ထင်ရှားသော ပြတိုက်အချို့မှာ

ပြတိုက်များ၏ သမိုင်းကြောင်းကိုပြန်ကြည့်လျှင် ၁၅ ရာစုခန့်က ဥရောပတွင် စတင်ပေါ်ပေါက်ခဲ့ပြီး၊ ရှေးဟောင်းပစ္စည်းများ၊ အလှအပပစ္စည်း၊ အဖိုးတန်ရတနာများအား စုဆောင်းပြသရာ နေရာတစ်ခုသာ ဖြစ်ခဲ့သည်။ (၁၇)ရာစုတွင် အများပြည်သူအား ဖွင့်လှစ်ပြသသော အက်ရှ်မိုလီယန် ပြတိုက်၊ အင်္ဂလန်နိုင်ငံတွင် ပေါ်ပေါက်လာခဲ့သည်။ ၁၉ရာစုအစာပိုင်းကာလနှင့် စက်မှုတော်လှန်ရေးကာလ အတွင်းတွင် ပညာကို လူတိုင်းအညီအမျှသင်ယူခွင့်ရှိရမည်ဆိုသော အယူအဆများပေါ်ထွက်လာသည်နှင့် အတူ ပြတိုက်များသည် လူတိုင်းအတွက်ပညာပေးရေးဗဟိုဌာနတစ်ခုဖြစ်လာခဲ့သည်။ ပြတိုက်များအနေဖြင့်လည်း ယခင်ကပြသပစ္စည်းများကိုသာအာရုံစိုက်ရာမှ ပြည်သူလူထုအား ပညာပေးရေးဆိုသည့်အယူအဆသစ်ကို စတင်လက်ခံဆောင်ရွက်အကောင်အထည်ဖော် လာကြပါသည်။ အဆိုပါ အယူအဆအသစ်နှင့်အတူ နိုင်ငံအသီးသီးတွင် မိမိနိုင်ငံ၏ အခြေအနေအလိုက် ဒေသဆိုင်ရာ၊ အထိမ်းအမှတ်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာပြတိုက်များကို တည်ထောင်လာကြပါသည်။ အမျိုးသားပြတိုက်၊ ယဉ်ကျေးမှုပြတိုက်၊ တပ်မတော်စစ်သမိုင်း ပြတိုက်၊ သမိုင်းပြတိုက်၊ သဘာဝသမိုင်းပြတိုက်၊ သိပ္ပံပညာရပ်ဆိုင်ရာပြတိုက်စသည့်ပြတိုက် ကြီးများမှသည် ကျေးလက်တောရွာရှိ လက်မှုပညာပြခန်းလေးများအဆုံး ပြတိုက်အားလုံး၏ တူညီသောဦးတည်ချက်မှာ ပညာပေးရေးဖြစ်လာပါသည်။ ထိုအယူအဆအသစ်နှင့်အတူ ပြတိုက်များ၏စီမံခန့်ခွဲမှုများသည်လည်း ပြောင်းလဲလာခဲ့သည်။ ပြတိုက်များ၏လူထုပညာပေးရေးအစ ယနေ့မျက်မှောက်ခေတ် ပြတိုက်များကို စတင်တည်ထောင်ခဲ့ကြသူများကတော့ ဥရောပနိုင်ငံများက မင်းစိုးရာဇာများဖြစ်ကြပြီး၊ (၁၈)ရာစု ရီနေးဆန့်ခေတ်တွင် ပြတိုက် လုပ်ငန်းဆိုသည်မှာ ယင်းတို့၏ ကိုယ်ပိုင်အထူးသီးသန့် စုဆောင်းထားသော ရှားပါးပစ္စည်း များကို ပြသရန်အဖြစ်သာပုံဖေါ်ခဲ့ကြသည်။ ၁၉ ရာစုတွင် Great Exhibition 0f 1851 ပြပွဲကြီးကို ခင်းကျင်းပြသခဲ့ပြီးသည့်နောက် ပြတိုက်ဆိုင်ရာလှုပ်ရှားမှုများသည် သီးခြား ဆောင်ရွက်နေမှုများမှသည် အများပြည်သူအား ပညာပေးရေးအတွက် အဓိကထား ဆောင်ရွက်မှုသို့ ပြောင်းလဲလာခဲ့ပါသည် ။ အဆိုပါ ပြပွဲကြီးကို ဦးဆောင်ကျင်းပခဲ့သူမှာ ဗြိတိန်နိုင်ငံ၊ ဝိတိုရိယဘုရင်မကြီး၏ ကြင်ယာတော် အဲလ်ဘတ်မင်းသား က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ပွဲကြီးတွင်ပြသပစ္စည်းပေါင်း ၁၀၀၀၀၀ ကျော် ပါဝင်ပြသခဲ့ကာ ပြခန်း အရှည် ၁၀ မိုင်ကျော်အတွင်း ခင်းကျင်းပြသခဲ့သည်။ ပြသပစ္စည်းများမှာ ပုံနှိပ်စက်၊ စက်ဘီး၊ မီးသတ်စက်၊ ကျောက်မျက်ရတနာစီခြယ်ထားသော အင်္ကျီများ၊ ရုပ်တုများ၊ ကမ္ဘာ့အကြီးဆုံး စိန်ကြီး၊ အဝတ်အထည်၊ ပိုးထည်၊ ပရိဘောဂများ စသည်တို့ပါဝင်ပြသခဲ့သည်။ အဆိုပါ ပြပွဲကြီး ပြီးဆုံးပြီးနောက် ပြတိုက်ဆိုင်ရာအတွေးအခေါ်၊ အယူအဆတို့လည်း ပြောင်းလဲ လာခဲ့သည်။ ပြတိုက်များအနေဖြင့် မိမိပြတိုက်၏ပြသပစ္စည်းများကိုသာ အလေးထားသည့် အယူအဆမှ လာရောက်လေ့လာသူများအား ပညာပေးပြသရေးကို ပိုမိုအလေးပေး လာကြ သည်။ တစ်နည်းအားဖြင့် ပစ္စည်းကိုအလေးပေးရာမှ လူကို အလေးပေးလာသည်ဟု ပြောနိုင် ပါသည်။ ပြတိုက်များတွင် ပညာပေးရေးအစီအစဉ်များ ချမှတ်ရေးဆွဲလာခဲ့ကြသည်။ ပြတိုက်များနှင့်လူ့အဖွဲ့အစည်း (၂၀) ရာစုအတွင်း ပြောင်းလဲလာသော လူ့အဖွဲ့အစည်း၏ အတွေးအခေါ်အယူအဆ များအရ ပြတိုက်များအနေဖြင့် စိန်ခေါ်မှုများစွာတွေ့ကြုံလာခဲ့ရပါသည်။ စက်မှုတော်လှန်ရေး ပြီးဆုံးပြီးနောက်ပိုင်းတွင် လူတိုင်းတစ်ပြေးညီ ပညာသင်ကြားခွင့်၊ သင်ယူနိုင်ခွင့်တို့ကို တောင်းဆိုလာကြပါသည်။ ပညာသင်ကြားရေးနှင့်ပတ်သက်၍လည်း ယခင်က စာသင်ခန်း အတွင်းသင်ကြားရေးမှသည် Lifelong Learning ဟူသည့် မွေးဖွားချိန်မှစ၍ လူသားတို့၏ ဘဝတစ်လျှောက်လုံးတွေ့ကြုံထိတွေ့ ဆက်ဆံလေ့လာသင်ယူနေရသည့် တစ်နည်းအားဖြင့် စဉ်ဆက်မပြတ်သော ပညာသင်ယူရေးဖက်သို့ ပြောင်းလဲလာခဲ့သည်။ ပြတိုက်ဆိုင်ရာ အတွေး အခေါ် အယူအဆများ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ပြတိုက်များသည် မိမိတည်ရှိရာ နယ်မြေဒေသရှိလူထုကို အကျိုးပြုစေမည့် ခင်းကျင်းပြသမှုများ၊ မိမိတို့ပြတိုက်သို့ လာရောက်လေ့လာသူ များပြားလာစေရန် အထူးအစီအစဉ်များရေးဆွဲပြီး လူထုပါ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်သည့် ပညာပေးရေးဆိုင်ရာအစီအစဉ်များကို ချမှတ်ဆောင်ရွက် လာကြ သည်။ ပြတိုက်တစ်ခု၏ လုပ်ငန်းအောင်မြင်မှုကို ယင်းပြတိုက်သို့ လေ့လာသူမည်ရွေ့မည်မျှ ဝင်ရောက်လေ့လာကြည့်ရှုသနည်း ဆိုသည့်အချက်အပေါ် အခြေခံသတ်မှတ်လာကြသည်။ မိမိဒေသအတွင်းရှိ လူထု၏ပူးပေါင်းပါဝင်မှု ရစေမည့်အစီအစဉ်များကို ချမှတ်ရေးဆွဲပြီး ပြတိုက်များကို လူအဖွဲ့အစည်း၏အစိတ်အပိုင်းတစ်ခုအဖြစ် ဖန်တီးလာကြသည်။