မြန်မာ့မိရိုးဖလာ နတ်ကိုးကွယ်မှု
မြန်မာ့မိရိုးဖလာ နတ်ကိုးကွယ်မှု သို့မဟုတ် နတ်ယုံကြည်မှု ဆိုသည်မှာ မြန်မာနိုင်ငံရှိ ဒေသခံတို့၏ မိရိုးဖလာ နတ်ဝိညာဉ်ကိုးကွယ်မှု၊ ဘိုးဘွားပူဇော်မှု နှင့် ဟိန္ဒူဘာသာမှ ဆင်းသက်လာသော နတ်မင်းကြီးများအား ဗဟုဒေဝဝါဒ အသွင်ဖြင့် ကိုးကွယ်ခြင်းကို ရည်ညွှန်းသည်။[၁] နတ်တို့အပေါ် ယုံကြည်ကိုးကွယ်မှု ပုံစံများသည် မြန်မာနိုင်ငံရှိ ဒေသနှင့်ကျေးရွာများအလိုက် ကွဲပြားမှုများ ရှိကြသည်။[၂]
မယ်ဝဏ္ဏနှင့် မင်းကြီး၊ မင်းလေးသားတော်နှစ်ပါး၊ ပုပ္ပါးတောင်။ | |
| အမျိုးအစား | ဝိညာဉ်ကိုးကွယ်မှု (Animism)၊ ဗဟုဒေဝဝါဒ |
|---|---|
| မူလဇစ်မြစ် | သမိုင်းမတင်မီခေတ် (ရှေးဦး တရုတ်-တိဗက်နွယ်ဝင် တို့၏ယုံကြည်မှု) |
| အဓိကဒေသ | မြန်မာနိုင်ငံ |
| အဓိကနတ်များ | သိကြားမင်း နှင့် ၃၇ မင်း နတ်များ |
| ကိုးကွယ်ရာနေရာ | နတ်နန်း၊ နတ်ကွန်း၊ နတ်စင် |
| ဆက်စပ်ယုံကြည်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
မြန်မာ့ယဉ်ကျေးမှုတွင် နတ် ဆိုသည်မှာ သဘာဝလွန် စွမ်းအင်ရှိသော ဝိညာဉ်များကို ဆိုလိုပြီး ၎င်းတို့ကို အဓိကအားဖြင့် အမျိုးအစား နှစ်မျိုးခွဲခြားနိုင်သည်။
- နတ်စိမ်း လူသားဘဝက မတော်တဆဖြစ်ရပ်များ သို့မဟုတ် ကြမ်းတမ်းသော နည်းလမ်းများဖြင့် သေဆုံးခဲ့ပြီးနောက် နတ်အဖြစ် ကိုးကွယ်ခံရသူများ ဖြစ်သည်။ (ဥပမာ - မင်းမဟာဂီရိနတ်၊ ၃၇ မင်း နတ်များ)။
- သဘာဝစောင့်နတ်များ သဘာဝတရား၏ အစိတ်အပိုင်းများဖြစ်သော ရေ၊ မြေ၊ တော၊ တောင်၊ သစ်ပင် စသည်တို့ကို အစိုးရသော ဝိညာဉ်များ ဖြစ်ကြသည်။

နတ်များကို ကိုးကွယ်ရာတွင် နတ်ကွန်း သို့မဟုတ် နတ်စင် များ ပြုလုပ်၍ ကြည်ညိုကြသည်။ ဤနတ်စင်များတွင် သဘာဝစောင့်နတ်များ ကို ဂုဏ်ပြုရန်အတွက် သင့်တော်သည့် နေရာတိုင်းတွင် ထားရှိနိုင်သလို၊သီးခြားထင်ရှားသော နတ်များအတွက်မူ သီးသန့်နတ်နန်းများ သို့မဟုတ် နတ်ကွန်းများ တည်ဆောက်၍ ကိုးကွယ်ကြသည်။ မြန်မာ့ကျေးရွာ အစဉ်အလာအရ ရွာတိုင်းတွင် ရွာကိုစောင့်ရှောက်သည့် ဒေသခံနယ်ဖက်ဆိုင်ရာ နတ်တစ်ပါး ရှိလေ့ရှိပြီး ၎င်းကို ရွာစောင့်နတ် သို့မဟုတ် ဘိုးဘိုးကြီး ဟု ခေါ်ဝေါ်ပူဇော်လေ့ရှိကြသည်။
သမိုင်းကြောင်းနှင့် ဇစ်မြစ်
[ပြင်ဆင်ရန်]မြန်မာ့နတ်ကိုးကွယ်မှု သမိုင်းကြောင်းသည် ဒေသခံ တိုင်းရင်းသားတို့၏ ရှေးဦးယုံကြည်မှုများ၊ တိဗက်-ဗမာနွယ်တို့၏ ဘိုးဘွားပူဇော်မှုများနှင့် အိန္ဒိယယဉ်ကျေးမှုတို့ ပေါင်းစပ်စီးဆင်းလာသော ဖြစ်စဉ်တစ်ခုဖြစ်သည်။[၃]
မြန်မာနိုင်ငံအတွင်းသို့ လူသားများ စတင်အခြေချစဉ်ကပင် သဘာဝတရား၏ အင်အားစုများကို ကြောက်ရွံ့ရိုသေရာမှ ဝိညာဉ်ကိုးကွယ်မှု စတင်ခဲ့သည်။ သစ်ပင်၊ တောတောင်၊ မြစ်ချောင်းများကို အစိုးရသော ဝိညာဉ်များရှိသည်ဟု ယုံကြည်ကာ ပူဇော်ပသခဲ့ကြသည်။ [၄] ဤသည်မှာ နောင်တွင် "တောစောင့်နတ်"၊ "တောင်စောင့်နတ်" ဟု ခေါ်ဝေါ်သော ဒေသဆိုင်ရာ နတ်ကိုးကွယ်မှုများ၏ အခြေခံမူလဖြစ်သည်။ ဗမာလူမျိုးစုတို့၏ ဘိုးဘေးများ မြောက်ဘက်မှ ဆင်းသက်လာစဉ်တွင် ၎င်းတို့နှင့်အတူ ဘိုးဘွားပူဇော်မှု ဓလေ့များ ပါရှိလာခဲ့သည်။ ထိုကာလတွင် နတ်ဆရာများက လူနှင့် ဝိညာဉ်လောကကြား ဆက်သွယ်ပေးသည့် အခန်းကဏ္ဍမှာ အထူးအရေးပါခဲ့သည်။[၅]
တိဗက်-ဗမာနွယ်တို့၏ အစောဆုံး ယုံကြည်မှုမှာ ဝိညာဉ်စွဲဝါဒ (Animism) ဖြစ်သည်။ သဘာဝတရား၏ အစိတ်အပိုင်းတိုင်းတွင် (ဥပမာ - နေ၊ လ၊ လေ၊ မိုး၊ တောတောင်နှင့် မြစ်ချောင်းများ) အစွမ်းထက်သော ဝိညာဉ်များ ကိန်းအောင်းနေသည်ဟု ယုံကြည်ကြသည်။[၆] တိဗက်-ဗမာနွယ်ဖွားများ မြန်မာနိုင်ငံ မြေပြန့်ဒေသများသို့ စတင်ဝင်ရောက်လာသောအခါ ထိုနတ်ဝိညာဉ် အယူအဆများသည် ဒေသခံ ပျူ နှင့် မွန် တို့၏ ဗုဒ္ဓဘာသာ အငွေ့အသက်များ၊ ဟိန္ဒူနတ်ဘုရား ယုံကြည်မှုများနှင့် ပေါင်းစပ်သွားခဲ့သည်။ [၇] ဤသို့ဖြင့် သဘာဝစောင့်နတ်၊ ဘိုးဘွားနတ်နှင့် သမိုင်းဝင်ပုဂ္ဂိုလ်များကို ပူဇော်သည့် "မြန်မာ့နတ်ကိုးကွယ်မှု" ဟူသော ထူးခြားသည့် ပုံစံတစ်ရပ် ပေါ်ထွန်းလာရခြင်း ဖြစ်သည်။ [၈]
အေဒီ ၁၁ ရာစုတွင် အနော်ရထာမင်းကြီးသည် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာခဲ့သော်လည်း ပြည်သူတို့ကြား အမြစ်တွယ်နေသော နတ်ကိုးကွယ်မှုကို လုံးဝပယ်ဖျက်၍ မရနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မင်းကြီးသည် နတ်ကိုးကွယ်မှုကို ဗုဒ္ဓသာသနာတော်၏ လက်အောက်ခံအဖြစ် ရောက်ရှိစေရန် စနစ်တကျ ပြုပြင်ပြောင်းလဲခဲ့သည်။[၄]ပြည်သူတို့ အလေးအမြတ်ထားသော နတ်များကို စုစည်းကာ အပြင် ၃၇ မင်းဟူ၍ တရားဝင် သတ်မှတ်ပေးခဲ့သည်။သိကြားမင်း ကို သာသနာစောင့်နတ်အဖြစ် သတ်မှတ်ကာ နတ်အပေါင်း၏ အထက်တွင် ထားရှိခဲ့သည်။နတ်ရုပ်များကို စေတီတော်၏ ရင်ပြင်တွင် ထားရှိစေခြင်းဖြင့် "နတ်ကိုးကွယ်မှုသည် ဗုဒ္ဓဘာသာကို ဝန်းရံစောင့်ရှောက်သူ" အဖြစ် ပုံဖော်ခဲ့သည်။
မြန်မာ့နတ်သမိုင်း၏ အထင်ရှားဆုံး အချိုးအကွေ့မှာ သမိုင်းတွင် ထင်ရှားသော လူပုဂ္ဂိုလ်များ သေဆုံးပြီးနောက် နတ်အဖြစ် တင်မြှောက်ကိုးကွယ်ခြင်း ဖြစ်သည်။ မတရားနှိပ်စက်ခံရ၍ ဖြစ်စေ၊ ကြမ်းတမ်းသော နည်းလမ်းဖြင့် သေဆုံးခဲ့၍ဖြစ်စေ ထိုသူတို့အား နတ်စိမ်း ဟု ခေါ်ဝေါ်ပူဇော်ကြသည်။ ဤသည်မှာ သမိုင်းဖြစ်ရပ်မှန်နှင့် ဒဏ္ဍာရီများ ရောနှောကာ အမျိုးသားရေးနှင့် ဒေသဆိုင်ရာ ယုံကြည်မှုကို ခိုင်မာစေသော "နတ်သမိုင်း" များ ပေါ်ထွန်းလာရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။[၉]
ပုဂံခေတ်လွန်မှသည် ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ်များအထိ နတ်ကိုးကွယ်မှုသည် ဗုဒ္ဓဘာသာနှင့် ခွဲခြားမရလောက်အောင် ရောယှက်နေသည့် မြန်မာ့နည်းမြန်မာ့ဟန် ကိုးကွယ်မှု အဖြစ် အခြေခိုင်လာခဲ့သည်။ လောကုတ္တရာအရေးအတွက် ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး လောကီရေးရာ (စီးပွားရေး၊ ကျန်းမာရေး၊ ဘေးအန္တရာယ်) အတွက် နတ်များကို အားကိုးသည့် ပုံစံဖြင့် ယနေ့တိုင် တည်ရှိနေခြင်း ဖြစ်သည်။
နတ်ကိုးကွယ်မှုနှင့် ဗုဒ္ဓအယူဝါဒ ဆက်စပ်မှု
[ပြင်ဆင်ရန်]မြန်မာ့ဗုဒ္ဓအယူဝါဒနှင့် မိရိုးဖလာ နတ်ဝိညာဉ်ကိုးကွယ်မှုတို့သည် သီးခြားစီ တည်ရှိနေခြင်းလား သို့မဟုတ် တစ်ခုတည်းအဖြစ် ရောယှက်နေခြင်းလားဟူသော အချက်အပေါ် ပညာရှင်များအကြား သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။ [၈] ဗမာလူမျိုးအများစုက နတ်ကိုးကွယ်ခြင်းကို လူမှုရေးအရ ကျင့်သုံးသည့် ဓလေ့တစ်ခု သို့မဟုတ် အယူသီးမှုတစ်ခုအဖြစ်သာ တရားဝင် ပြောဆိုလေ့ရှိကြသည်။သို့သော်လည်း အနော်ရထာမင်းကြီးသည် (၁၀၄၄-၁၀၇၇) နန်းတက်စဉ်ကပင် ပြည်သူတို့၏ အမြစ်တွယ်နေသော ယုံကြည်မှုကို ဗုဒ္ဓဘာသာ၏ လက်အောက်ခံဖြစ်စေရန် ၃၇ မင်းနတ်အဖွဲ့အစည်းကို စနစ်တကျ ပြဋ္ဌာန်းပေးခဲ့သည်။ [၄] ဤလုပ်ရပ်ကို ဗုဒ္ဓဘာသာနှင့် ဒေသခံယုံကြည်မှုများကို တစ်သားတည်းဖြစ်အောင် "ဗမာမှုပြုခြင်း" (Burmanization) အဖြစ် သမိုင်းပညာရှင်များက အဓိပ္ပာယ်ဖွင့်ဆိုကြသည်။[၁၀]

နတ်ကိုးကွယ်မှုသည် မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ မရောက်ရှိမီကပင် ရှိနှင့်နေသော ရှေးဦးယုံကြည်မှုဖြစ်သည်။[၇]ဗုဒ္ဓဘာသာ ထွန်းကားလာသောအခါ နတ်ဝတ်နတ်စား အတတ်ပညာများနှင့် ဗုဒ္ဓအယူဝါဒတို့သည် ကြိုးစားပေါင်းစည်းခဲ့ကြပြီး၊ ဗုဒ္ဓမြတ်စွာကို နတ်အပေါင်းတို့ထက် သာလွန်သော "နတ်ထက်နတ်" (Devatideva) အဖြစ် သတ်မှတ်ခဲ့ကြသည်။[၁၁] တစ်ချိန်တည်းမှာပင် နတ်များကို ဗုဒ္ဓဖွားတော်မူစဉ်က ဝန်းရံစောင့်ကြပ်ပေးသူများအဖြစ် ပုံဖော်ကာ သာသနာစောင့်နတ်များအဖြစ် အသွင်ပြောင်းခဲ့သည်။ဤသို့ ကမ္ဘာ့ဘာသာတရားနှင့် ဒေသခံကိုးကွယ်မှုများ ပေါင်းစပ်ခြင်း (Syncretism) သည် သီးသန့်ဖြစ်စဉ်မဟုတ်ဘဲ နေရာဒေသတိုင်း၌ တပြိုင်တည်း ဖြစ်ပေါ်လေ့ရှိသော ဖြစ်စဉ်တစ်ခုဖြစ်သည်။[၁၂] ဥပမာအားဖြင့် အိန္ဒိယရှိ ဟိန္ဒူဘာသာမှ နတ်ဗြဟ္မာများကို ဗုဒ္ဓတရားတော်များတွင် ထည့်သွင်းစဉ်းစားခဲ့သကဲ့သို့ ဖြစ်သည်။[၁၃] မြန်မာဗုဒ္ဓဘာသာ၏ ပုံသဏ္ဌာန်သည် ဒေသခံ ရှင်တို (Shinto) ယုံကြည်မှုများကို ပေါင်းစပ်ထားသည့် ဂျပန်ဗုဒ္ဓဘာသာနှင့် ဆင်တူနေသည်ကို တွေ့ရသည်။[၁၄] ဂျပန်ဗုဒ္ဓဘာသာ သူတော်စင် နီချီရန် (Nichiren) သည်လည်း ဒေသခံ ကိုးကွယ်မှုများကို ၎င်း၏ သင်ကြားမှုတွင် တစ်စိတ်တစ်ဒေသ ထည့်သွင်းခဲ့သည်။[၁၅]
ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှုတို့၏ ဆင်တူညီမှုများကို "အထက်" နှင့် "အောက်" ဘုံများ၊ လူ၊ နတ်၊ တစ္ဆေ၊ သရဲ နှင့် ဗုဒ္ဓတို့၏ တည်ရှိမှုများတွင် တွေ့ရှိနိုင်သည်။ဤသို့သော ဘုံအဆင့်ဆင့် ယုံကြည်မှုသည် မြန်မာတို့၏ လောကအမြင်တွင် ဗုဒ္ဓတရားတော်လာ ၃၁ ဘုံနှင့် မိရိုးဖလာ ဝိညာဉ်လောကကို တစ်သားတည်းဖြစ်အောင် ပေါင်းစည်းပေးထားခြင်း ဖြစ်သည်။ [၈] [၁၆]
ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာ ရောယှက်မှု
[ပြင်ဆင်ရန်]ပုဂံခေတ်တွင် အိန္ဒိယနိုင်ငံနှင့် ကူးလူးဆက်ဆံမှု များပြားလာသည်နှင့်အမျှ ဟိန္ဒူယဉ်ကျေးမှုနှင့် နတ်ဘုရား ကိုးကွယ်မှုများသည် မြန်မာနိုင်ငံအတွင်းသို့ ပိုမိုစီးဝင်လာခဲ့သည်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များတွင် ဟိန္ဒူနတ်ရုပ်များကို ထားရှိခြင်း၊ ပုံဖော်ခြင်းနှင့် ဗုဒ္ဓ၏ သာသနာစောင့်နတ်များအဖြစ် သတ်မှတ်ခြင်းတို့ ရှိလာခဲ့သည်။ ပုဂံရှိ နတ်လှောင်ကျောင်း (ခေါ်) ဗိဿနိုးနတ်မင်းကြီး၏ ဟိန္ဒူဘုရားကျောင်းသည် "နတ်လျောင်းကျောင်း" (ဗိဿနိုးနတ် လျောင်းစက်နေသည့် ကျောင်း) ဟူသော စကားမှ ဆင်းသက်လာသည်ဟု သမိုင်းပညာရှင်အချို့က ယူဆကြသည်။ဤကျောင်းသည် ပုဂံခေတ်အတွင်း အိန္ဒိယနွယ်ဖွားများနှင့် ဟိန္ဒူဘာသာဝင်များအတွက် သီးသန့်တည်ရှိခဲ့သော ဘုရားကျောင်းတစ်ခု ဖြစ်သည်။

အမှန်စင်စစ်တွင် ယနေ့ခေတ်၌ ဒေသစရိုက်လက္ခဏာများ ကင်းစင်သော "ဗုဒ္ဓအယူဝါဒသန့်သန့်" ဟူ၍ မရှိတော့ဘဲ၊ ဒေသအလိုက် ယဉ်ကျေးမှုများ ရောနှောနေသော ဗုဒ္ဓဘာသာပုံစံများကိုသာ တွေ့ရှိရခြင်းဖြစ်သည်။[၈]
ပုပ္ပါးတောင်နှင့် မင်းမဟာဂီရိနတ်
[ပြင်ဆင်ရန်]
ပုပ္ပါးတောင်သည် ပုဂံခေတ်ကတည်းကပင် နတ်တို့ပျော်စံရာ အထွတ်အမြတ်နေရာအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ [၄] မင်းမဟာဂီရိနတ်မောင်နှမသည် ပုဂံခေတ်တစ်လျှောက်လုံးတွင် "နိုင်ငံတော်စောင့်နတ်" အဖြစ် အရေးပါခဲ့ပြီး အိမ်တိုင်းတွင် အုန်းသီးဆွဲ၍ ပူဇော်သည့် "အိမ်တွင်းနတ်" ဓလေ့သည် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည်။[၈]ပုပ္ပါးတောင်တွင် မင်းမဟာဂီရိနတ်မောင်နှမအပြင် ပုပ္ပါးမယ်တော် နှင့် အနော်ရထာမင်း၏ စစ်သည်တော် ဗျတ္တ တို့၏ အချစ်ဇာတ်လမ်းမှာလည်း ထင်ရှားသည်။[၄]
မင်းမဟာဂီရိနတ်မောင်နှမ၏ ဒဏ္ဍာရီသည် မြန်မာတို့၏ ဘိုးဘွားပူဇော်မှု နှင့် ဒေသဆိုင်ရာ ယုံကြည်မှုတို့ ပေါင်းစပ်နေသည့် ထင်ရှားသော သာဓကတစ်ခု ဖြစ်သည်။[၄]
နဂါးကိုးကွယ်မှု သမိုင်းနှင့် ယုံကြည်မှု
[ပြင်ဆင်ရန်]တရုတ်-တိဗက် နွယ်ဖွားများ၏ အရင်းအမြစ်ဖြစ်သော ရှေးဦးတရုတ် လူမျိုးစုများသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကပင် မြွေနှင့် နဂါးပုံသဏ္ဌာန်များကို ရေစောင့်နတ်အဖြစ် ကိုးကွယ်ခဲ့ကြသည်။[၆] တရုတ်တို့၏ နဂါး သည် မိုးကောင်းကင်၊ ရေထုနှင့် ဧကရာဇ်တို့၏ အမှတ်အသားဖြစ်လာသကဲ့သို့ တောင်ဘက်သို့ ဆင်းသက်လာသော တိဗက်-ဗမာနွယ်ဖွားများထံတွင်လည်း ထိုအယူအဆမှာ ပုံစံတစ်မျိုးဖြင့် ပါရှိလာခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာသောအခါ ဒေသခံတို့၏ နဂါးကိုးကွယ်မှုနှင့် ပေါင်းစပ်သွားသည့် အဓိက အခြေခံအကြောင်းရင်း တစ်ခု ဖြစ်လာခဲ့သည်။ [၇] ပုဂံခေတ်ဦးတွင် တွေ့ရှိရသော တောင်သူကြီးမင်း၏ နဂါးကိုးကွယ်မှုမှာ တိဗက်-ဗမာနွယ်များ နန်ကျောက်မှ တဆင့် ပါလာသော ယဉ်ကျေးမှု ဩဇာများဖြစ်နိုင်ကြောင်း သမိုင်းပညာရှင်အချို့က ယူဆကြသည်။ [၄]
မြန်မာနိုင်ငံတွင် နဂါးကိုးကွယ်မှုသည် တိဗက်-ဗမာနွယ်ဖွားများ မဝင်ရောက်မီ အခြေချနေထိုင်သူများအကြား တွင်လည်း ရေနှင့်မြေကို စောင့်ရှောက်သည့် သတ္တဝါအဖြစ် ယုံကြည်ရာမှ စတင်ခဲ့သော ဝိညာဉ်စွဲလမ်းမှု တစ်ခုဖြစ်သည်။ [၇] ပုဂံပြည်၏ ရှေးဦးမင်းဆက် တစ်ပါးဖြစ်သော တောင်သူကြီးမင်း(စောရဟန်း) လက်ထက်တွင် နဂါးကိုးကွယ်မှုသည် နိုင်ငံတော်အဆင့်အထိ ထွန်းကားခဲ့ပြီး နဂါးရုပ်တုကြီးများအား ကိုးကွယ်ပူဇော်ခြင်းများ ရှိခဲ့သည်။[၁၇]
ဗုဒ္ဓဘာသာ ထွန်းကားလာသောအခါ နဂါးကိုးကွယ်မှုကို အပြီးတိုင် ပယ်ဖျက်ခြင်းမပြုဘဲ ဗုဒ္ဓသာသနာကို စောင့်ရှောက်သူများအဖြစ် အသွင်ပြောင်းလဲခဲ့သည်။ [၈] အထူးသဖြင့် မြတ်စွာဘုရားအား မိုးသက်လေသေုန်မှ ကာကွယ်ပေးခဲ့သည့် မုစလိန္ဒာနဂါးမင်း အကြောင်းသည် မြန်မာ့အနုပညာနှင့် ဗိသုကာလက်ရာများတွင် အထင်ရှားဆုံးသော အမှတ်အသားဖြစ်လာခဲ့သည်။[၁၈] ထို့ပြင် နဂါးပြည်တွင် သီတင်းသုံးသည်ဟု ယုံကြည်ရသော ရှင်ဥပဂုတ္တ မထေရ်အား ပူဇော်သည့်ဓလေ့သည်လည်း နဂါးကိုးကွယ်မှုနှင့် ဗုဒ္ဓဘာသာ ရောယှက်နေသည့် သာဓကတစ်ခုဖြစ်သည်။[၁၉]
ယနေ့ခေတ် မြန်မာ့လူ့အဖွဲ့အစည်းတွင် နဂါးကိုးကွယ်မှုသည် "နဂါးပူးခြင်း" (Naga Possession) ဟူသော ပုံစံသစ်ဖြင့် ပြန်လည်အားကောင်းလာသည်ကို တွေ့ရသည်။[၂၀] နဂါးဝိညာဉ် ဝင်ရောက်စီးနင်းသည်ဟု ယုံကြည်ကာ ဗေဒင်ဟောခြင်းနှင့် ယတြာချခြင်းများ ဆောင်ရွက်လာကြသည်။[၂၁] အထူးသဖြင့် မြေအောက်သယံဇာတနှင့် ရေကြောင်းလုပ်ငန်း လုပ်ကိုင်သူများသည် နဂါးများကို အစောင့်အရှောက်အဖြစ် ယုံကြည်ကာ အလေးအမြတ်ထား ပူဇော်ကြဆဲဖြစ်သည်။[၈] ဘောဂဝတီ(သင်္သကရိုက်: भोगवती) သည် ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူဘာသာ ကျမ်းဂန်များအရ မြေအောက်ကမ္ဘာ (သို့မဟုတ်) မဟာသမုဒ္ဒရာ၏ အောက်ခြေတွင် တည်ရှိသော နဂါးတို့၏ မြို့တော်ဖြစ်သည်။ မြန်မာ့မိရိုးဖလာ ယုံကြည်မှုတွင် နဂါးတို့၏ ဘုရင်နှင့် နဂါးမင်းသား၊ နဂါးမင်းသမီးများ စံမြန်းရာ အလွန်စည်ကား၍ ရတနာများ ကြွယ်ဝသော နန်းမြို့အဖြစ် ရှုမြင်ကြသည်။[၄]အထက်မြန်မာပြည် မုံရွာရှိ ဖိုဝင်တောင်ကဲ့သို့သော နေရာများတွင် ရှေးဟောင်းနဂါးရုပ်တုနှင့် နံရံဆေးရေးပန်းချီများစွာကို တွေ့ရှိနိုင်သည်။[၃] ဘုရားစေတီများ၏ မုခ်ဦးများတွင် "နဂါးမောက်" ဟုခေါ်သော အလှဆင်လက်ရာများကို အသုံးပြုခြင်းသည် ဘုရားကျောင်းကန်များကို နဂါးများက စောင့်ရှောက်သည်ဟူသော အယူအဆမှ ဆင်းသက်လာခြင်းဖြစ်သည်။[၁၈]
သိုက်နန်း
[ပြင်ဆင်ရန်]သိုက်နန်းဆိုသည်မှာ မြန်မာ့မိရိုးဖလာ လောကီပညာနှင့် ဝိညာဉ်ရေးရာ ယုံကြည်မှုများတွင် ရတနာပစ္စည်းများ၊ သာသနာရေးဆိုင်ရာ ဌာပနာတိုက်များနှင့် မြေအောက်သယံဇာတများကို စောင့်ရှောက်ရသော ဝိညာဉ်လောကသားများ (သိုက်နန်းရှင်များ) နေထိုင်ရာ နယ်မြေကို ဆိုလိုသည်။[၅]
သိုက်နန်းအယူအဆသည် ပုဂံခေတ် မတိုင်မီကတည်းက ရှိခဲ့သော ဒေသခံတို့၏ နတ်ဝိညာဉ် နှင့် အိန္ဒိယမှ ဆင်းသက်လာသော ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ စကြဝဠာအယူအဆများ ပေါင်းစပ်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။[၁၆]အထူးသဖြင့် စတုမဟာရာဇ် နတ်မင်းကြီးလေးပါးအနက် ကုဝေရနတ်မင်းကြီး၏ လက်အောက်ခံ နဂါး၊ ဂဠုန် နှင့် ယက္ခ တို့သည် မြေအောက်ရတနာများကို စောင့်ရှောက်ရသူများအဖြစ် ယုံကြည်မှု ခိုင်မာလာခဲ့သည်။

သမိုင်းတစ်လျှောက်တွင် မင်းညီမင်းသားများနှင့် သူဌေးသူကြွယ်များသည် စစ်ဘေးစစ်ဒဏ်ကြောင့်သော်လည်းကောင်း၊ ကွယ်လွန်ပြီးနောက် စွဲလမ်းမှုကြောင့်သော်လည်းကောင်း မိမိတို့ပိုင်ဆိုင်သော ရတနာများကို မြှုပ်နှံခဲ့ကြရာမှ "သိုက်" များ ဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။ ထို့အပြင် စေတီပုထိုးများ တည်ထားရာတွင် ဌာပနာတိုက်များကို စောင့်ရှောက်ရန် ဝိညာဉ်လောကသားများကို အပ်နှံခြင်းဖြင့်လည်း သိုက်နန်းများ ဖြစ်ပေါ်လာခဲ့သည်။

မြန်မာ့ယုံကြည်မှုတွင် သိုက်နန်းကို စောင့်ရှောက်သူများကို အဆင့်အတန်းအလိုက် အမျိုးမျိုး ခွဲခြားထားသည် -
- သိုက်ချုပ်ဆိုသည် နယ်မြေတစ်ခုလုံးရှိ သိုက်နန်းများကို အုပ်ချုပ်ရသော အဆင့်မြင့် ဝိညာဉ်။ (ဥပမာ - ပုပ္ပါးသိုက်ချုပ်)
- သိုက်နန်းရှင်သည် သီးသန့်နေရာတစ်ခု သို့မဟုတ် ရတနာတစ်ခုကို တိုက်ရိုက် စောင့်ရှောက်သူများ။
- သိုက်နန်းဝင်များတွင် နဂါး၊ ဂဠုန်၊ ဝိဇ္ဇာ၊ ဇော်ဂျီ နှင့် တန်ခိုးရှိသော ဘုမ္မစိုး၊ ရုက္ခစိုး နတ်များ။
လူသားအချို့သည် ရှေးဘဝက သိုက်နန်းတွင် နေထိုင်ခဲ့ပြီး လူ့လောကသို့ ခေတ္တရောက်ရှိလာသူများကို "သိုက်ဆက်ရှိသူ" ဟု ခေါ်ဆိုကြသည်။ ထိုသူတို့သည်
- သာမန်လူထက် ဘာသာရေးနှင့် တရားဓမ္မတွင် ပိုမိုစိတ်ဝင်စားတတ်ခြင်း။
- သိုက်နန်းရှင်များ၏ အစောင့်အရှောက်ကို ခံရခြင်း သို့မဟုတ် အိပ်မက်မှတစ်ဆင့် အဆက်အသွယ်ရှိခြင်း။
- သိုက်နန်းမှ ခွင့်ပြုချက်ရမှသာ ရတနာသိုက်များကို တွေ့ရှိနိုင်ခြင်း စသည့် ယုံကြည်ချက်များ ရှိကြသည်။ [၈]
မြန်မာနိုင်ငံတွင် ပုပ္ပါးတောင် သည် သိုက်နန်းပေါင်းများစွာ၏ ဗဟိုချက်ဖြစ်သည်ဟု ယုံကြည်ကြသလို၊ အင်းလေးကန် နှင့် ဧရာဝတီမြစ် တလျှောက်တွင်လည်း ရေအောက်သိုက်နန်းများ ရှိသည်ဟု ဒဏ္ဍာရီများအရ ဆိုကြသည်။
နတ်ဝင်သည် နှင့် နတ်ပွဲ
[ပြင်ဆင်ရန်]နတ်ကတော် ဆိုသည်မှာ လူသားများနှင့် နတ်ဝိညာဉ်လောကအကြား ဆက်သွယ်ပေးရသော ကြားခံပုဂ္ဂိုလ် ဖြစ်သည်။ "နတ်၏ဇနီး" ဟု အဓိပ္ပာယ်ရသော်လည်း အမျိုးသမီးများသာမက အမျိုးသားများနှင့် လိင်စိတ်ကွဲပြားသူများ (LGBTQ+) လည်း နတ်ကတော်အဖြစ် ဆောင်ရွက်ကြသည်။[၅]
အခန်းကဏ္ဍနှင့် တာဝန်များ
[ပြင်ဆင်ရန်]နတ်ဝင်ပူးခြင်းဆိုသည် နတ်ပွဲများတွင် သက်ဆိုင်ရာနတ်၏ ဝိညာဉ်ကို မိမိခန္ဓာကိုယ်အတွင်းသို့ ဖိတ်ခေါ်စီးနင်းစေခြင်းဖြင့် ကိုးကွယ်သူများ၏ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး ပြဿနာများအတွက် နတ်၏အမိန့်တော်ကို ပြန်လည်ကြားပြောပေးခြင်း ဖြစ်သည်။ နတ်ပွဲများတွင် နတ်ဝတ်နတ်စား အတတ်ပညာဖြင့် ကခုန်ဖျော်ဖြေပြီး နတ်များကို ပူဇော်ပသခြင်း။
နတ်ကတော်အများစုသည် နတ်များ၏ ရွေးချယ်ခြင်းကို ခံရသည် (သို့မဟုတ်) နတ်စွဲသည်ဟု ယုံကြည်ကြသည်။ နတ်ကတော်အဖြစ် အသိအမှတ်ပြုခံရရန်အတွက် ဝါရင့်နတ်ကတော်ကြီးများထံတွင် နတ်ကပွဲ အတတ်ပညာနှင့် နတ်သံများကို စနစ်တကျ သင်ယူရပြီး "နတ်ဆက်ခြင်း" (နတ်နှင့် လက်ထပ်ခြင်း) အခမ်းအနားကို ပြုလုပ်ရလေ့ရှိသည်။
နတ်ပွဲ
[ပြင်ဆင်ရန်]နတ်ပွဲ ဆိုသည်မှာ နတ်များကို ပူဇော်ပသရန်နှင့် ကျေးဇူးဆပ်ရန်အတွက် ကျင်းပသော ပွဲတော်များကို ဆိုလိုသည်။ နတ်ပွဲများသည် မြန်မာ့ကျေးလက်နှင့် မြို့ပြလူ့အဖွဲ့အစည်း၏ လူမှုဝိညာဉ်ရေးရာတွင် အလွန်အရေးပါသော ကဏ္ဍမှ ပါဝင်သည်။[၂၂] ၁။ နတ်နန်းပွဲ များသည် သီးခြားထင်ရှားသော နတ်များအတွက် နှစ်စဉ်ကျင်းပသော ပွဲကြီးများ ဖြစ်သည်။ (ဥပမာ - တောင်ပြုန်းနတ်ပွဲ၊ ရတနာ့ဂူနတ်ပွဲ)။ ၂။ မိသားစု (သို့မဟုတ်) ရွာပွဲများတွင် တစ်ဦးချင်းဖြစ်စေ၊ ကျေးရွာအလိုက်ဖြစ်စေ ဘေးအန္တရာယ်ကင်းဝေးစေရန် ပြုလုပ်သော ပွဲငယ်များဖြစ်သည်။
နတ်ပွဲတွင် မြန်မာ့ဆိုင်းဝိုင်းသည် မရှိမဖြစ်လိုအပ်သည်။ နတ်တစ်ပါးချင်းစီအတွက် သီးခြားတီးလုံးများ (နတ်ချင်း) ရှိကြပြီး နတ်ကနားသည် နတ်ပွဲကျင်းပရန်အတွက် အုန်းပွဲ၊ ငှက်ပျောပွဲများနှင့် နတ်ရုပ်များကို ခမ်းနားစွာ ပြင်ဆင်ထားသည့် ရင်ပြင်ဖြစ်သည်။နတ်သံမှာ နတ်ကတော်များက နတ်၏သမိုင်းကြောင်းနှင့် အတ္ထုပ္ပတ္တိကို တေးသံသာဖြင့် ရွတ်ဆိုပူဇော်ခြင်း ဖြစ်သည်။
ထင်ရှားသော နတ်ပွဲများ
[ပြင်ဆင်ရန်]| ပွဲတော်အမည် | ကျင်းပရာနေရာ | အချိန်အခါ | ကိုးကွယ်သည့်နတ် |
|---|---|---|---|
| တောင်ပြုန်းနတ်ပွဲ | မန္တလေး၊ တောင်ပြုန်းရွာ | ဝါခေါင်လ | ရွှေဖျဉ်းညီနောင် |
| ရတနာ့ဂူနတ်ပွဲ | မန္တလေး၊ အမရပူရ | တော်သလင်းလ | နံကရိုင်းမယ်တော် (အမယ်တော်ပု) |
| မင်းမဟာဂီရိပွဲ | ပုဂံ၊ ပုပ္ပါးတောင် | နတ်တော်လ | မင်းမဟာဂီရိ (အိမ်တွင်းနတ်) |
အပျိုတော်ယိမ်း
[ပြင်ဆင်ရန်]အပျိုတော်ယိမ်း သည် မြန်မာ့ရိုးရာ ဇာတ်သဘင်နှင့် နတ်ပွဲများတွင် မင်္ဂလာရှိစေရန် ရည်ရွယ်၍ အဖွင့်အဖြစ် ကပြရသော အကတစ်မျိုးဖြစ်သည်။ အပျိုတော်ဟူသည် နတ်မင်းကြီးများ၏ အပါးတော်၌ ခစားရသော အပျိုစင် ဝိညာဉ်များကို ရည်ညွှန်းပြီး၊ ၎င်းတို့ကို ကိုယ်စားပြု၍ ကပြသော အနုပညာတစ်ရပ် ဖြစ်သည်။[၅]
အပျိုတော်ယိမ်းကို နတ်ပွဲများ၌ နတ်မင်းကြီးများအား မပင့်ဖိတ်မီ "နတ်ဦးအက" အဖြစ် ကပြရသည်။[၄] ရည်ရွယ်ချက်မှာ အဓိကအားဖြင့် ပွဲခင်း သို့မဟုတ် နတ်နန်းအား မကောင်းသော အညစ်အကြေးများမှ သန့်စင်စေရန်၊ အရပ်လေးမျက်နှာရှိ နတ်မင်းကြီးများနှင့် ဘုရား၊ တရား၊ သံဃာကို ကန်တော့ရန် နှင့် ပွဲလာ ပရိသတ်များအား မင်္ဂလာရှိသော အကအလှဖြင့် ဖျော်ဖြေရန် တို့ဖြစ်သည်။
ဝတ်စားဆင်ယင်မှုနှင့် အဆောင်အယောင်များ
[ပြင်ဆင်ရန်]နတ်ကိုးကွယ်မှုလောကတွင် အနီရောင်သည် တန်ခိုး၊ အာဏာ နှင့် ထက်မြက်ခြင်း ကို ကိုယ်စားပြုသည်။ အနီရောင်ကို တန်ခိုးအာဏာပြရန် ဝတ်ဆင်လေ့ရှိပြီး အဖြူရောင်ကို သန့်စင်ခြင်းနှင့် ဘာသာရေးကိုင်းရှိုင်းမှု ပြသရန် အသုံးပြုကြသည်။ အထူးသဖြင့် တောင်ပြုံးမင်းညီနောင်ကဲ့သို့သော အရှိန်အဝါကြီးသည့် နတ်မင်းကြီးများကို ပူဇော်သည့်အခါ သို့မဟုတ် နန်းတွင်းအပျိုတော်အဖြစ် ကပြသည့်အခါ အနီရောင်ကို အဓိကထား ဝတ်ဆင်ကြသည်။ အပျိုတော်ဝတ်စုံ အနီသည် ရိုးရိုးအနီရောင်သက်သက်မဟုတ်ဘဲ အနုပညာလက်ရာများ ပါဝင်သည်။ အပျိုတော်ယိမ်း ကပြရာတွင် ဝတ်စားဆင်ယင်မှုသည် အလှအပအတွက်သာမက ကိုးကွယ်မှုဆိုင်ရာ အဓိပ္ပာယ်များနှင့်ပါ ပြည့်နှက်နေသည်။[၅]အင်္ကျီတွင် အနီရောင် ပိတ်သား သို့မဟုတ် ပိုးသားကို အသုံးပြုသည်။ အင်္ကျီ၏ အနားသတ်များတွင် ရွှေခြည်ထိုး သို့မဟုတ် ငွေခြည်ထိုး ဇာနားများ ပါဝင်လေ့ရှိသည်။ အနီရောင် ပုဝါရှည်ကို ပခုံးတွင် သိုင်းတင်ထားပြီး ကကွက်ထဲတွင် ထိုပုဝါကို ခါယမ်းခြင်းဖြင့် နတ်နန်းကို သန့်စင်သည့်ဟန် ပြုလုပ်သည်။ အနီရောင်ကို အခြေခံသည့် ချိတ်ထမိန် သို့မဟုတ် နဂါးပတ်ချိတ်ကဲ့သို့သော အနီရောင်တောက်တောက်များကို ဝတ်ဆင်သည်။
ရင်စီး သည် အပျိုတော်တို့၏ ကိုယ်ဟန်ကို ကျစ်လျစ်စေပြီး သွက်လက်မြန်ဆန်သော နတ်အက ကကွက်များတွင် လုံခြုံမှုရှိစေရန် ရည်ရွယ်သည်။ခေါင်းပေါင်း တွင် ကို ရင်စီး၏ အရောင်နှင့် လိုက်ဖက်အောင် ပေါင်းရသည်။ အပျိုတော်များအတွက် "အပျိုတော်ပေါင်း" ဟုခေါ်သော အနားစောင်းထွက်နေသည့် ပုံစံကို အသုံးပြုပြီး နတ်မင်းကြီးများကို ကိုယ်စားပြုသည့်အခါတွင်မူ ခန့်ညားသော နန်းတွင်းပေါင်း ပုံစံများကို ပြောင်းလဲအသုံးပြုသည်။[၄]ခေါင်းပေါင်းသည် နတ်ကတော်၏ အဆင့်အတန်းနှင့် အုပ်ချုပ်သည့် နတ်၏ အရှိန်အဝါကို ဖော်ဆောင်သည့် သင်္ကေတ ဖြစ်သည်။ပန်းပန်ခြင်းတွင်လည်း ဝတ်စုံတစ်ခုလုံး၏ အဆုံးသတ် အလှအပနှင့် ပူဇော်မှု ဖြစ်သည်။ ဆံထုံး၏ ဘေးတစ်ဖက်တစ်ချက်တွင် သပြေပန်း၊နှင်းဆီပန်း၊မေမြို့ပန်း နှင့် ရာသီပေါ်ပန်းများကို စုပုံ၍ ပန်ဆင်ရသည်။ အထူးသဖြင့် သပြေပန်းသည် "အောင်ပွဲ" နှင့် "မင်္ဂလာရှိခြင်း" ကို ဆောင်သဖြင့် အမြဲတမ်း ပါဝင်လေ့ရှိသည်။ ဤသို့ ရင်စီး၊ ခေါင်းပေါင်းနှင့် ပန်းပန်ခြင်းတို့ ပေါင်းစပ်လိုက်သည့်အခါ အပျိုတော်တစ်ဦး၏ ဝတ်စုံသည် နတ်ဝိညာဉ်လောကနှင့် ဆက်သွယ်ရန် အဆင်သင့်ဖြစ်သော မင်္ဂလာရှိသည့် ဝတ်စုံတစ်ခု ဖြစ်လာသည်။[၂၃]
အုန်းပွဲ ငှက်ပျော်ပွဲ (ကန်တော့ပွဲ)
[ပြင်ဆင်ရန်]အုန်းပွဲ ငှက်ပျော်ပွဲ (သို့မဟုတ်) ကန်တော့ပွဲ သည် မြန်မာ့ရိုးရာ နတ်ကိုးကွယ်မှု နှင့် ဂါရဝပြုခြင်းဆိုင်ရာ ဓလေ့များတွင် အရေးအပါဆုံးသော ပူဇော်မှု လက်ဆောင်ဖြစ်သည်။ အုန်းသီးနှင့် ငှက်ပျော်သီးတို့ကို အခြေခံ၍ စီရင်ထားသော ဤပွဲသည် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများနှင့် နတ်မင်းကြီးများကို ပူဇော်ကန်တော့ရာတွင် လည်းကောင်း၊ မင်္ဂလာအခမ်းအနားများ ဖွင့်လှစ်ရာတွင် လည်းကောင်း အသုံးပြုသည်။[၂၄]

မြန်မာနိုင်ငံအတွင်း တိဗက်-ဗမာနွယ်စုများ စတင်အခြေချစဉ်ကတည်းကပင် သစ်ပင်၊ တောတောင်စောင့်နတ်တွေကို ပူဇော်တဲ့ဓလေ့ ရှိခဲ့ပါတယ်။အုန်းပွဲ ငှက်ပျော်ပွဲ (ကန်တော့ပွဲ) ဓလေ့သည် ရှေးဦးမြန်မာတို့၏ ဝိညာဉ်ကိုးကွယ်မှု နှင့် အိန္ဒိယမှ ဝင်ရောက်လာသော ဟိန္ဒူယဉ်ကျေးမှုတို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်။ အုန်းသီးသည် ကျက်သရေရှိခြင်းနှင့် သန့်စင်ခြင်းကို ကိုယ်စားပြုသော "သီရိဖလ" (Siri-phala) အဖြစ်လည်းကောင်း၊ ငှက်ပျော်သီးသည် ပွားများခြင်းနှင့် စည်းလုံးခြင်းကို ကိုယ်စားပြုသော စိုက်ပျိုးရေးထွက်ကုန်အဖြစ်လည်းကောင်း မြန်မာ့လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်ခဲ့သည်။[၁၆] အထူးသဖြင့် မင်းမဟာဂီရိ နတ်မင်းအား အုန်းသီးဖြင့် ပူဇော်သည့်ဓလေ့သည် တကောင်းခေတ် ကတည်းကပင် တည်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဆိုသည်။[၄]
မကောင်းဆိုးဝါး
[ပြင်ဆင်ရန်]မြန်မာ့မိရိုးဖလာ နတ်ကိုးကွယ်မှုတွင် မကောင်းဆိုးဝါးများကို ကိုးကွယ်ခြင်းသည် ချစ်ကြောက်ရိုသေ၍ ကိုးကွယ်ခြင်းမျိုးမဟုတ်ဘဲ၊ ဘေးအန္တရာယ် မပေးစေရန်နှင့် ကျေနပ်နှစ်သိမ့်စေရန် "ပသခြင်း" သဘောသာ ဖြစ်သည်။ [၂၅]
တရုတ်-တိဗက်နွယ်ဝင်လူမျိုးစုများသည် ရှေးဦးကာလ နတ်ကိုးကွယ်မှု ကတည်းက ဒွန်တွဲပါရှိလာသော "မကောင်းဆိုးဝါးနှင့် မိစ္ဆာ" ဆိုင်ရာ ဘုံအယူအဆများ ရှိကြသည်။ [၂၆]အထူးသဖြင့် နှစ်တစ်နှစ်၏ အကူးအပြောင်း သို့မဟုတ် ရာသီအကူးအပြောင်းကာလများတွင် မကောင်းသော နတ်ဆိုးများသည် လူတို့၏ နေအိမ်နှင့် ကျေးရွာများအတွင်းသို့ ဝင်ရောက်နှောင့်ယှက်တတ်သည်ဟု ယုံကြည်ကြသည်။
မကောင်းဆိုးဝါးများသည် ကျယ်လောင်သော အသံများကို ကြောက်ရွံ့သည်ဟူသော အယူအဆမှာ တရုတ်-တိဗက်နွယ်ဝင်တို့၏ အဓိက ဘုံယုံကြည်ချက်ဖြစ်သည်။[၁၆]တရုတ်လူမျိုးများသည် နှစ်သစ်ကူးကာလတွင် "နျန်" (Nian) ဟုခေါ်သော နတ်ဆိုးကို မောင်းထုတ်ရန် ဗျောက်အိုးများ ဖောက်ခြင်း၊ မောင်းနှင့် လင်းကွင်းများ တီးခြင်းတို့ကို ပြုလုပ်ကြသည်။ဗမာလူမျိုးများတွင်လည်း နှစ်ဆန်းတစ်ရက်နေ့တွင် သံဗုံးခေါက်ခြင်း၊ဝါးလက်ခုပ်တီးခြင်းနှင့် ဆန်ခါတီးခြင်းတို့ကို ပြုလုပ်ကြသည်။ ဤသည်မှာ နေအိမ်အတွင်း ကပ်ငြိနေသော နတ်စိုး၊ စုန်း၊ မိစ္ဆာများကို ခြောက်လှန့်မောင်းထုတ်ခြင်း ဖြစ်သည်။ဤဓလေ့သည် ဘာသာရေးကျမ်းဂန်များထက် ရှေးဦးနတ်ကိုးကွယ်မှုနှင့် ပိုမိုဆက်စပ်နေသည်။ မြစ်၊ ချောင်း၊ တော၊ တောင်တို့တွင် နေထိုင်သော နတ်စိုး များသည် လူသားတို့၏ နယ်မြေအတွင်းသို့ ကျူးကျော်လာပါက ဘေးဥပဒ် (ဥပမာ - ရောဂါဘယ၊ ငတ်မွတ်ခေါင်းပါးမှု) ဖြစ်စေတတ်သည်ဟု ယူဆသည်။
မြန်မာ့ရိုးရာ ယုံကြည်မှုတွင် မိစ္ဆာများကို အဓိကအားဖြင့် နေရာဒေသနှင့် အတတ်ပညာအပေါ် မူတည်၍ အမျိုးမျိုး ခွဲခြားထားသည်။

၁။ မျိုးနွယ်စုအလိုက် တည်ရှိသော မိစ္ဆာများ ဘီလူး များသည် မိစ္ဆာအနွယ်ဝင်များထဲတွင် အင်အားအကြီးဆုံးဟု ယူဆကြသည်။ ၎င်းတို့သည် လူသားတို့၏ အသက်ဝိညာဉ်နှင့် သွေးသားကို စားသုံးတတ်သည်ဟု ယုံကြည်ကြပြီး၊ ဗုဒ္ဓဘာသာကျမ်းဂန်လာ ဘီလူးများနှင့် မြန်မာ့ရိုးရာ တောစောင့်ဘီလူး၊ အိုင်စောင့်ဘီလူး အယူအဆများ ရောယှက်နေသည်။ ကဝေ တို့သည် စုန်းထက် အဆင့်မြင့်သော၊ ကိုယ်ရောင်ဖျောက်နိုင်သော သို့မဟုတ် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်သော မိစ္ဆာအမျိုးအစား ဖြစ်သည်။ ၎င်းတို့သည် အမှောင်လောက၏ အတတ်ပညာများကို အသုံးပြု၍ လူသားတို့ကို ခြောက်လှန့်ဖမ်းစားတတ်သည်။
၂။ အောက်လမ်းအတတ်နှင့် ဆက်စပ်သော မိစ္ဆာများ မြန်မာ့မိရိုးဖလာတွင် လူသားတစ်ဦးသည် အောက်လမ်းနည်းပညာ ကို အသုံးချ၍ မိစ္ဆာအသွင် ပြောင်းလဲသွားနိုင်သည်ဟု ယုံကြည်ကြသည်။[၁၆] စုန်းဆိုသည် နတ်ဆိုးများကို စေခိုင်းခြင်း၊ ပြုစားခြင်းတို့ဖြင့် သူတစ်ပါးကို ဘေးဥပဒ်ပေးသူများ ဖြစ်ပြီး အောက်လမ်းဆရာများက မိစ္ဆာနတ်ဆိုးများကို မွေးမြူ၍ ကိုယ်ကျိုးအတွက် အသုံးချကြသည်။
၃။ နေရာဒေသအလိုက် အမြစ်တွယ်နေသော မိစ္ဆာများ မိစ္ဆာများသည် လူသူမနီးသော တောနက်များ၊ အိုင်ကြီးများ၊ သင်္ချိုင်းများနှင့် သစ်ပင်ကြီးများတွင် မှီတင်းနေထိုင်တတ်သည်ဟု ယူဆကြသည်။ သရဲ၊ တစ္ဆေ၊ ပြိတ္တာ များသည်လည်း ကျယ်ပြန့်သော အဓိပ္ပာယ်အရ မိစ္ဆာအုပ်စုဝင်များအဖြစ် တည်ရှိနေပြီး လူတို့၏ ကြောက်ရွံ့မှုကို အခြေခံ၍ ကိုးကွယ်မှုဓလေ့များ ပေါ်ပေါက်လာစေသည်။
မြန်မာ့နတ်ကိုးကွယ်မှုရှိ အထွေထွေနှင့် ဒေသဆိုင်ရာ ဓလေ့များ
[ပြင်ဆင်ရန်]၃၇ မင်း နတ်စာရင်းဝင်များအပြင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုးကွယ်ယုံကြည်မှုအရ အမျိုးအစားခွဲခြားထားသော နတ်များစွာ ရှိသည် - နတ်ဘုရင်နှင့် မိဖုရား သည် နတ်စာရင်းတွင် မင်းဖြစ်ခဲ့သူ နတ် ၉ ပါးနှင့် မိဖုရားဖြစ်ခဲ့သူ နတ် ၄ ပါး ပါဝင်သည်ဟု ဆိုကြသည်။[၂၁] အမျိုးသမီးနတ်များ တွင် မနှဲလေး၊ ရွှေနဘေ စသည့် နတ်များမှာ ထင်ရှားပြီး၊ အမျိုးသမီးများအကြားတွင်မူ ဖျာလိပ်နတ် နှင့် လေချွန်နတ် တို့မှာ လူသိများသည်။
မြန်မာ့စိုက်ပျိုးရေး လူ့အဖွဲ့အစည်းတွင် တပေါင်းလ ကောက်သစ်ပေါ်ချိန်၌ ပုန်းမကြည်နတ် (သို့မဟုတ်) ပုန်းမကြည်ရှင်မအား ပူဇော်သည့် ဓလေ့ ရှိကြသည်။ ဤယုံကြည်မှုသည် ပုဗ္ဗကြယ်၊ အမိကမ္ဘာမြေနတ် (ဝသုန္ဓရေ) နှင့် စပါးစောင့်လိပ်ပြာ (စပါးစောင့်နတ်) များကို ပူဇော်သည့် ရှေးဦး ဝိညာဉ်ကိုးကွယ်မှု ဓလေ့များမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ [၁၆]
ပုန်းမကြည် ပူဇော်ပွဲတွင် ဓမ္မပဒ (ယက္ခိဏီဝတ္ထု) လာ ဘီလူးမနှင့် အမျိုးသမီးတို့ ရန်ငြိုးဖွဲ့ လက်စားချေမှုမှ ဘေးလွတ်ရန် ဗုဒ္ဓမြတ်စွာက ဘီလူးမအား လယ်ကွင်းများတွင် နေထိုင်စေကာ လယ်ယာမြေကို စောင့်ရှောက်စေခဲ့သည့် ဝတ္ထုကြောင်းနှင့် ဆက်စပ်၍ ယုံကြည်ကြသည်။[၂၃] ထို့ကြောင့် နှစ်စဉ် တပေါင်းလတွင် မုန့်ဆီကြော်၊ အုန်းသီး၊ ငှက်ပျောသီးတို့ဖြင့် အခါတင် ပသခြင်းဖြင့် စိုက်ပျိုးသီးနှံများ အောင်မြင်ရန်နှင့် ဖျက်ဆီးခြင်းမှ ကင်းဝေးရန် ဆုတောင်းကြသည်။[၂၄]
မြန်မာနိုင်ငံ၏ နယ်မြေဒေသအလိုက် သီးခြားထင်ရှားသော နတ်ကိုးကွယ်မှုများ ရှိကြသည်။အထက်မြန်မာပြည် မုံရွာဘက်တွင် အမေရေယဉ်၊ တံတားဦးတွင် အမေဂျမ်း။ရှမ်းပြည်နယ်တွင် ကိုးမြို့ရှင် နှင့် ပုလဲယဉ်။အောက်မြန်မာပြည်တွင် ဦးရှင်ကြီး နှင့် နံကရိုင်းမယ်တော်။ရခိုင်၊ မွန်၊ ကရင် တို့တွင် ကိုယ်ပိုင်နတ်များ ရှိကြသလို ကချင်၊ ကယား၊ ချင်း၊ နာဂ စသည့် တောင်ပေါ်ဒေသများတွင်လည်း အမျိုးစုံသော ရိုးရာနတ်များ ရှိကြသည်။
ခေတ်ဟောင်းလူသားများက သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရန် နတ်ကိုးခဲ့ကြသလို၊ ခေတ်သစ်လူသားများသည်လည်း စီးပွားရေးနှင့် လူမှုရေးရာ အောင်မြင်မှုများအတွက် နတ်၊ ဗေဒင်နှင့် ယတြာများကို ဆက်လက်ယုံကြည်နေကြသည်။နတ်ကြိုက်သည့် အစားအသောက်များ (အရက်၊ ကြက်ကြော်) နှင့် နတ်မကြိုက်သော အဝတ်အစားများကို ရှောင်ကြဉ်သည့် ဓလေ့များ ရှိသည်။ မန္တလေးမြို့အနီးတွင်မူ ကိတ်မုန့် ဖြင့် ပူဇော်ပသရသည့် ထူးခြားသော နတ်ပွဲတစ်ခုလည်း ရှိသည်။
ဆက်လက်ဖတ်ရှုရန်
[ပြင်ဆင်ရန်]- မြန်မာ့မိရိုးဖလာ နတ်သမိုင်း — ဦးဖိုးကျော့ (နတ်ကိုးကွယ်မှုဆိုင်ရာ အခြေခံနှင့် နတ်ချင်းများအကြောင်း အသေးစိတ် လေ့လာနိုင်ရန်။)
- ၃၇ မင်း နတ်သမိုင်း — ဦးလှသမိန် (နတ်များ၏ ရာဇဝင်နှင့် နောက်ခံသမိုင်းကြောင်းများအတွက် အဓိကကျသော ကျမ်းတစ်စောင်။)
- The Thirty-Seven Nats — Sir Richard Carnac Temple (၁၉၀၆) (မြန်မာ့နတ်ကိုးကွယ်မှုကို အနောက်တိုင်း သုတေသနရှုထောင့်မှ ပထမဆုံး စနစ်တကျ ပြုစုခဲ့သည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်။)
- Folk Elements in Burmese Buddhism — Dr. Htin Aung (မောင်ထင်အောင်) (ဗုဒ္ဓဘာသာနှင့် မိရိုးဖလာ နတ်ကိုးကွယ်မှု မည်သို့ ရောယှက်တည်ရှိနေသည်ကို ခွဲခြမ်းစိတ်ဖြာတင်ပြထားသော ကျမ်း။)
- မြန်မာ့မိရိုးဖလာ ဓလေ့နတ်ကိုးကွယ်မှု — ဦးကျော်ထွန်း (အမျိုးသားယဉ်ကျေးမှုနှင့် ဆက်စပ်နေသော နတ်နန်းများ၊ နတ်ပွဲများအကြောင်း။)
- The Spirit of Myanmar — Benedict Rogers (ခေတ်သစ်မြန်မာ့လူ့အဖွဲ့အစည်းအတွင်း နတ်ကိုးကွယ်မှု၏ သက်ရောက်မှုများအကြောင်း။)
ကိုးကား
[ပြင်ဆင်ရန်]- ↑ Brac de la Perrière, Bénédicte (2014). "The Burmese Nat: From Animism to a Ritual Expression of National Identity". Journal of Southeast Asian Studies. pp. 58–62.
- ↑ Seekins, Donald M. (2006). Historical Dictionary of Burma (Myanmar). Scarecrow Press. p. 320. ISBN 978-0810854024.
- 1 2 Lieberman, Victor B. (2003). *Strange Parallels*. Cambridge University Press. p. 125. ကိုးကား အမှား - Invalid
<ref>tag; name "Lieberman2003" defined multiple times with different content. - 1 2 3 4 5 6 7 8 9 10 11 Temple, R. C. (1906). *The Thirty-Seven Nats: A Phase of Spirit-Worship Prevailing in Burma*. London: W. Griggs. ကိုးကား အမှား - Invalid
<ref>tag; name "Temple1906" defined multiple times with different content. - 1 2 3 4 5 Rodrigue, Yves (1992). Nat-Pwe: Burma's supernatural sub-culture. Gartmore: Kiscadale. pp. 12–15. ကိုးကား အမှား - Invalid
<ref>tag; name "Rodrigue1992" defined multiple times with different content. - 1 2 Bradley, D. (1997). Tibeto-Burman languages of the Himalayas. Routledge. p. 45. ကိုးကား အမှား - Invalid
<ref>tag; name "Bradley1997" defined multiple times with different content. - 1 2 3 4 Luce, G. H. (1985). Phases of Pre-Pagan Burma. Oxford University Press. p. 110. ကိုးကား အမှား - Invalid
<ref>tag; name "Luce1985" defined multiple times with different content. - 1 2 3 4 5 6 7 8 Spiro, Melford E. (1996). Burmese Supernaturalism. Transaction Publishers. pp. 11–13. ကိုးကား အမှား - Invalid
<ref>tag; name "Spiro1996" defined multiple times with different content. - ↑ Spiro, Melford E. (1996). *Burmese Supernaturalism*. Transaction Publishers.
- ↑ Leider, Jacques P. (2004). The Birth of Modern Burma. p. 45.
- ↑ Smith, Donald E. (1965). Religion and Politics in Burma. Princeton University Press. p. 14. ကိုးကား အမှား - Invalid
<ref>tag; name "Smith1965" defined multiple times with different content. - ↑ Elias, N. (1876). History of the Shans in Upper Burma and Western Yunnan. p. 21.
- ↑ Harvey, G. E. (1925). History of Burma. London: Frank Cass & Co. Ltd. p. 33.
- ↑ Reader, Ian. (1991). Religion in Contemporary Japan. University of Hawaii Press. p. 121.
- ↑ Anesaki, Masaharu. (1916). Nichiren, the Buddhist Prophet. Harvard University Press. p. 67.
- 1 2 3 4 5 6 Htin Aung, Maung (1962). Folk Elements in Burmese Buddhism. Oxford University Press.
- ↑ မှန်နန်းရာဇဝင်တော်ကြီး (ပထမတွဲ)။
- 1 2 Strachan, Paul. (1989). *Pagan: Art and Architecture of Old Burma*. p. 112.
- ↑ Houtman, Gustaaf. (1999). *Mental Culture in Burmese Crisis Politics*. p. 168. ကိုးကား အမှား - Invalid
<ref>tag; name "Houtman1999" defined multiple times with different content. - ↑ Brac de la Perrière, Bénédicte. (1989). *Les rituels de possession en Birmanie*. p. 82.
- 1 2 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၄)။
- ↑ Spiro, Melford E. (1996). Burmese Supernaturalism. Transaction Publishers.
- 1 2 မောင်သိန်း၊ ပုဂံ (၁၉၇၁)။ မြန်မာ့ကျေးလက်ရိုးရာနှင့် နတ်ကိုးကွယ်မှု။
- 1 2 Shway Yoe (Sir James George Scott) (1882). The Burman: His Life and Notions. London: Macmillan.
- ↑ Spiro, Melford E. (1970). Burmese Supernaturalism. Prentice-Hall.
- ↑ Luce, G. H. (1959). Old Kyaukse and the Coming of the Burmans.