ပြုံးချို၊ ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဦးပြုံးချို
မွေးဖွား မြန်မာသက္ကရာဇ်၁၂၄၀(ခရစ်နှစ် ၁၈၇၈/၁၈၇၉)
ကျိုက်လတ်မြို့ဗြိတိသျှဘားမား
ကွယ်လွန် မြန်မာသက္ကရာဇ်၁၂၈၉၊ တပို့တွဲလဆန်း၄ရက်(ခရစ်နှစ်၁၉၂၈)
အလုပ်အကိုင် ဂီတပညာရှင်
မိဘ(များ) ဆရာစီ + ​ဒေါ်​​ထွေး

ဦးပြုံးချို(မြန်မာသက္ကရာဇ်၁၂၄ဝ-၁၂၈၉)သည် ဂီတသုတေသီ၊ ဂီတပညာသည်အပေါင်းတို့၏ အားကိုးအားထားရာဖြစ်သော မဟာဂီတ ပေါင်းချုပ်ကြီးကို ရေးသား စီရင်ခဲ့သူဖြစ်သည်။ မဟာဂီတပညာရှင်ကြီးပြုံးချိုသည် အဘဆရာစီ၊ အမိဒေါ်ထွေးတို့၏ သားကြီး ဩရသ ဖြစ်ပါ၏။

ဆရာကြီးမဟာဂီတဦးပြုံးချိုသည် ဂီတလောက၊ ဇာတ်သဘင်လောက တွင်သာမက စာပေလောကတွင်မှာပါ ကျော်ကြားသူဖြစ်သည်။ ဆရာကြီးသည် ဂီတပါရမီ ရင့်သန်သူ ဖြစ်သဖြင့် ၁၁နှစ်သားအရွယ်မှစကာ ဂီတပါရမီ ပြသနိုင်ခဲ့သူဖြစ်သည်။ ဆရာကြီး၏ထူးခြားချက်မှာ အသက်မွေးဝမ်းကျောင်းပညာရပ် ပေါင်းစုံကို စွယ်စုံတတ်မြောက်သူ ဖြစ်သည်။ ပန်းချီ၊ ပန်းပု၊ ပန်းပဲ၊ ဗိသုကာပညာရပ် များသာမက ငွေဒင်္ဂါးအတု သွန်းလုပ်နည်းများကိုပင် လေ့လာသင်ယူတတ်မြောက် ကျွမ်းကျင်သူဖြစ်သည်။

ဦးပြုံးချိုကို ကျိုက်လတ်မြို့တွင် ဖွားမြင်ခဲ့သည် ဖြစ်သော်လည်း ဦးပြုံးချို၏ ဖခင်ဖြစ်သော ဆရာစီ၏ မျိုးရိုးမှာ အကြေအရပ် မြစ်ဝကျွန်းပေါ် ဒေသ မဟုတ်။ အထက် မြန်မာပြည် သူကောင်း မျိုးရိုးမှ ဖြစ်လေသည်။ ဦးပြုံးချို၏ ဘိုးဘေး ဘီဘင် များမှာလည်း မြန်မာ ဘုရင် မင်းမြတ်တို့ သူကောင်း ပြုခြင်း ခံရသော မြို့စား ရွာစား များသာ ဖြစ်ကြ ပါ၏။ ဗန့်ကျီ၊ ဗန့်မော် စသော ဗန့်ကျီ ကိုးတိုက်ကို စားရသော ဗန့်ကျီဝန် ဦးရွှေရုပ် ဆိုလျှင် ဦးပြုံးချို၏ ဘေးပင် ဖြစ်သတည်း။

သက္ကရာဇ် ၁၁၉၈ ခုနှစ် မတိုင်မီ ဖြစ်ပွား ခဲ့သော သာယာဝတီမင်း အရေးတော်ပုံကြောင့် မြို့စား ရွာစား၊ မင်းညီ မင်းသား အများ ဘေးသင့်၍ ကယောက်ကယက် ဖြစ်နေ ကြရစဉ် ဦးပြုံးချို၏ ဘိုးဘေး များမှာ စုမိ သမျှသော ဆွေမျိုး အခြံအရံ များနှင့် ဧရာဝတီ မြစ်ကြောင်း အတိုင်း လှေကြီး များဖြင့် စုန်ဆင်း လာကြ ပြီးလျှင် ယခုအခါ ပန်းတနော်မြို့ တည်ရှိသော မြေနေရာတွင် ရွာတည်၍ အေးချမ်း သာယာစွာ ရုပ်ဖျောက် နေထိုင် ခဲ့ကြ ပေသော မျိုးရိုးမှ ဦးပြုံးချိုကို ဆင်းသက် ပေါက်ဖွား လာခဲ့ခြင်း ဖြစ်ပေသည်။

ဦးပြုံးချိုသည် ငယ်စဉ် ကပင်လျှင် ဂီတ ဘက်တွင် ပါရမီ ရင့်သန် လာခဲ့သည် အလျောက် ၁၁ နှစ်သား အရွယ်တွင် 'စာရေးဆရာ' ကလေး ဖြစ်ခဲ့သည်။ ဖြစ်ဟန်ကား သက္ကရာဇ် ၁၂၅၁ ခုနှစ် ဖြစ်သော ထိုအချိန် အခါက မေးရိုက် မေးဝဲ သီချင်း သံများ အလွန် ခေတ်စား၍ နေခိုက် မေးရိုက် မေးဝဲ သီချင်းများ ရေးရာတွင် လူကြီးများ ကပင် လက်ဖျား ခါရ လောက်အောင် ရေးစွမ်း နိုင်သော ကြောင့်တည်း။ ထို့ကြောင့်လည်း ၁၆ နှစ်သား ပြည့်မြောက်သော အခါ၌ မူကား ဦးပြုံးချိုသည် သီချင်း အရာနှင့် စောင်းပညာ တို့ကို မင်းပွဲ သဘင်တွင် ထင်ပေါ် ကျော်ကြား လောက်အောင်ပင် တတ်မြောက် ကျွမ်းကျင်၍ နေလေပြီ။

သို့နှင့် ကျိုက်လတ်နယ်၊ ဖျာပုံနယ် တို့သို့ ရောက်ရှိ လာသမျှသော စာရေး ဆရာများ၊ သဘင်သည် များနှင့် ပြုံးချို ကလေး တို့သည် မကြာခဏ ပညာ ပြိုင်ဆိုင် တိုက်ခိုက် ကြရသည်။ အပိုလုံး မပါ စကားလုံး တိုင်းတွင် အဓိပ္ပာယ် ပြည့်ပြည့်စုံစုံနှင့် ထိမိစွာ ရေးနိုင်သော ပြုံးချို ကလေး ကသာ သာသည်ချည်း များလေသည်။

ဦးပြုံးချိုသည် စာပေ ဘက်တွင်သာ ထူးချွန်သည် မဟုတ်သေး။ အသက်မွေးရာ၊ ဝမ်းကျောင်းရာ ဖြစ်သော ပညာ အရပ်ရပ် တို့၌လည်း သူ မတူအောင် ထူးချွန် တတ်မြောက် ပေသေးသည်။ သို့ ထူးချွန်တတ်မြောက် လာနိုင်ရန် အတွက်လည်း ဆရာကြီး ဦးပြုံးချိုသည် ၁၃ နှစ်သား အရွယ် လောက်မှ စ၍ မိဘတို့နှင့် အတူ မနေဘဲ 'ကိုယ့်ထူး ကိုယ်ချွန်' သဘောမျိုးဖြင့် ကွမ်းခြံကုန်း မြို့နှင့် အခြား မြို့များသို့ သွားရောက် နေထိုင်ကာ၊ ထိုထို ပညာ များကို မနေမနား ကြိုးစား ရှာမှီးခဲ့ခြင်း ဖြစ်ပေသည်။

ဦးပြုံးချိုသည် ပန်းချီ ကိုလည်း ကောင်းစွာ ရေးတတ်၏။ သူကိုယ်တိုင် ဦးစီး တည်ထောင်သော ဇာတ်ပွဲ များတွင် နန်းတော်ကား၊ မြို့ရိုးကား၊ တောကား၊ တောင်ကား မှန်သမျှ သူကိုယ်တိုင် ပန်းချီ ဆရာ လုပ်၌ ရေးဆွဲ တပ်ဆင်သော ကားများ ဖြစ်ချေသည်။

ပန်းချီ ပညာ တွင်သာ မဟုတ်သေး။ ပန်းပု၊ ပန်းပဲ အတတ် ကိုလည်း တတ်ကျွမ်းပေသေး၏။ သံထည်များ ပန်းဖောက်သော လုပ်ငန်း ကိုလည်း တတ်စွမ်း ပေသေး၏။ 'အင်ဂျင်နီယာ' ခေါ် ဗိသုကာ အတတ် ကိုလည်း တတ်ကျွမ်း ပေသေး၏။ ဤတွင် ဦးပြုံးချို အသက် အစိတ်ခန့်က နိုင်ငံခြားမှ ရောင်းချသော စလင်ဒါ - တလုံးထိုး မီးသင်္ဘော ကလေးများ၊ သံပတ် သင်္ဘော ကလေးများ မြန်မာပြည်တွင် မပေါ်သေး။ သို့ရာတွင် ဤကဲ့သို့ နမူနာ အဖြစ် ကြည့်ရန် ပစ္စည်း မရှိ ပါဘဲလျက် အလျား လေးပေ၊ ငါးပေ ခန့်ရှိ မီးသင်္ဘော ကလေး တစင်းကို ဦးပြုံးချို တည်ဆောက်ရာ တနေ့သော အခါတွင် ကျိုက်လတ် မြို့သို့ ရောက်ရှိ လာသော အရေးပိုင် မေဂျာ မက္ကဆွဲက ဦးပြုံးချိုက လက်မှတ် မရကြောင်း၊ သို့ရာတွင် ဧရာဝတီ မီးသင်္ဘောကို မောင်းသော သင်္ဘောကြီး စက်ဝင်း ထဲသို့ ဝင်၍ ကြည့်ခွင့် ပြုသဖြင့် သုံးကြိမ်ခန့် ဝင်ရောက် ကြည့်ရှု ခဲ့ရဖူး သောကြောင့် ယခု ကဲ့သို့သော မီးသင်္ဘော ကလေးကို လုပ်တတ် လာကြောင်းနှင့် ဖြေလျှင် အရေးပိုင် လုပ်သူက နောက်နောင် မလုပ်ရန် အကြောင်း၊ အစိုးရက ဖမ်းနိုင်ကြောင်း ရယ်မော ပြောဆိုကာ ဦးပြုံးချို၏ သင်္ဘောကို ငွေ ၅ဝိ ပေး၍ ဝယ်ယူ သွားဖူးသည်။

ဤမျှသာ မကသေး။ 'ပညာရှာ၊ ပမာ သူဖုန်းစား' ဟူသော ဩဝါဒကို လက်ကိုင် ထားပေသော ဦးပြုံးချိုသည် ကမ်းနားတွင် ငါးသလောက် ပိုက်ထိုး နေသော ခေါ်တော ကုလားထံ ချဉ်းကပ်၍ ပိုက်ကွန် ထိုးတတ် အောင်လည်း သင်ယူသည်။ ယုတ်စွ အဆုံး နိုင်ငံတော် အစိုးရက ခွင့်မပြုသည့် ငွေဒင်္ဂါး အတု သွန်းလုပ်နည်း ကိုပင် လေ့လာ တတ်မြောက် ကျွမ်းကျင်သည်။

မီးကျည်၊ မီးပန်း၊ ဗြောက်အိုး၊ ပေထုပ် စသော လုပ်ငန်း သည်လည်း ဦးပြုံးချို အဖို့ အထူးအဆန်း မဟုတ်ပေ။ ထို့ကြောင့် ပထမ ကမ္ဘာစစ်ကြီး ဖြစ်စ ၁၉၁၅ ခုနှစ် အတွင်း တနေ့သော အခါတွင် ဖျာပုံ အပိုင် သမိတ်ထော ရွာမှ ဘုန်းကြီးပျံ ပွဲတော် တခု အတွက် ပေထုပ် တထုပ်လျှင် ၅ ကျပ် နှုန်းဖြင့် ဦးပြုံးချိုက လက်ခံ လိုက်လေသည်။ ထိုစဉ်က ဆိုလျှင် ပေထုပ် ပြုလုပ်ရာ၌ အသုံး ပြုရသည့် 'ပေါ်တက်' ဆေးမှုန့်ကို အစိုးရက လိုင်စင် ထုတ်ပေး ထားသူများသာ ဝယ်နိုင်သည်။ သို့ရာတွင် ဆေးဆရာ အလုပ် ကိုလည်း တဖက် တလမ်း အားဖြင့် လုပ်ကိုင် ကုသ ပေးနေသော ဦးပြုံးချို အဖို့ ပေါ်တက် ဆေးမှုန့် ဝယ်ရန် မခဲယဉ်း။ ထို့ကြောင့် ပေထုပ် လုပ်ရန် အတွက် ယမ်း၊ ဆေးဒန်း၊ ကန့်၊ ပေါ်တက် စသော ဆေးမှုန့် များကို ကျောက်ပျဉ်တွင် တပုံစီ တင်ထားခိုက် နှီးကြောဖြင့် မေ့လျော့၍ ခြစ်မိရာ ကြီးစွာသော အသံဖြင့် ပေါက်ကွဲကာ ဦးပြုံးချို တကိုယ်လုံး မီးလောင် ခံလိုက်ရ ဖူးလေသည်။ ထို့ကြောင့်လည်း ဦးပြုံးချိုက မိမိ၏ အဖြစ်သနစ် အကြောင်းစုံကို ဘိုကလေး မြို့ရှိ အမိန့်တော်ရ ရှေ့နေ ဦးဘဦး၊ မြို့ပိုင် ဦးဘနှင့် အခြား မိတ်သင်္ဂဟ များထံသို့ မေတ္တာ စာတစောင် ရေးသား ပေးပို့ လိုက်ပေ၏။ ထိုမေတ္တာ စာတွင် - "... ကြောက်ချင်စရာ အတတ် အသည်းထိတ်စရာ့မကြာ၊ ငရဲနိမိတ်ပြတာ မီးအလျှံ ထပြီး၊ အနီး မှန်သမျှ အပြေးလောင်၊ ကလေးနှစ်ကောင်မလဲ ပက်လက်လဲ၊ အမွေး အတောင်လဲ တက်တက်မွဲ၊ အသွေးအရောင်က ဒက်ဒယက် သူရဲ၊ မျက်ခွက်မဲလို့ ငချိုပြုံး၊ တကိုယ်လုံး အဖူးထ၊ ဘီလူးဘဝ တဖန် ပြောင်းပြီး၊ ရန်မမောင်းတွေ ဗလဝစုပြန်၊ အကုသလံ ဓမ္မံ ပဋိစ္စ၊ အမှန်စိတ်ချ၍ တရားနဲ့ငြီးတုန်း၊ မယားဇနီးက ကျယ်စွာငို၊ သား၊ သမီးက ကယ်ပါဆို၊ အနား၊ အနီး လယ်ယာတခိုတို့က ဘယ်ဟာလိုသလဲလို့ ဆောစွာမေး၊ ဩသဓာဆေးနဲ့ ချက်ချင်းသတ်၊ မျက်စဉ်းခတ်လို့ အုန်းရည်ပေးတော့မှ၊ နှလုံး အနေအေးပြီး ချမ်းသာမည့်ဒုက္ခေ၊ နန်းဇာတိရုပ်နဂို အသွေးကောင်းအောင်၊ ဘိုကလေးပြောင်းကာ အထူးဘဝကူးဖို့၊ ဦးဘဦး သမ္မာဒေဝက၊ ထာဝရေမဖို့ အရင်းအမြစ်၊ အရာရာတို့ကို၊ ကျွန်ုပ် မောင်ပြုံးချိုက သတင်း မေတ္တာစာ ပို့လိုက်ပါသည်။" စသည်ဖြင့် ပါရှိရာ ထို မေတ္တာစာကို ရလျှင် ရချင်း ရင်းနှီး လှစွာသော ထိုမိတ်သင်္ဂဟ အပေါင်းက ဦးပြုံးချို ရှိရာ ပတက်သဗျ ချောင်းသို့ မော်တော်ကြီး တစင်းနှင့် သွားရောက် ခေါ်ငင် ပြီးလျှင် ငွေကုန် ကြေးကျ အထူး ခံကာ ဆေးဝါး ကုမ ပေးကြသော ဟူ၏။

ပထမ ကမ္ဘာစစ်ကြီး ပြီးခါနီး အင်္ဂလိပ် သက္ကရာဇ် ၁၉၁၇ ခုနှစ်ခန့်တွင် စပါးယိုရွာမှ ဦးဘရှင် ထောင်သော ဇာတ်အဖွဲ့တွင် ဦးပြုံးချိုသည် အုပ်ချုပ်သူ ဇာတ်ဆရာကြီး အဖြစ် လိုက်ပါ ဦးစီး ခဲ့ရသည်။

ထိုအချိန်တွင် ရန်ကုန်မြို့၌ ပညာ့ အလင်း သတင်းစာမှာ အထူး ထင်ပေါ် ကျော်ကြားလျက် ရှိလေသည်။ အယ်ဒီတာ ဌာနတွင် လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး က ကြီးမှူးလျက်၊ ခေတ်ကာလ စာပေ ဘက်တွင် ဆရာ ပီမိုးနင်း၊ ဆရာရွှေ၊ လန်ဒန်အတ် ရုပ်ရှင် ဒါရိုက်တာ ဦးပုကြီး၊ သူရိယ ဦးပုကလေး၊ အမ် - ဖိုးချိန် စသည် တို့က တာဝန် ယူလျက် ရှိကြ၏။ တိုက်ရှင် သူဌေး ဖြစ်သော ဦးတင်နှင့် သူဌေး ကတော် ဒေါ်ဆင့် တို့မှာ ထိုဆရာ များ၏ သစ္စာ၊ သမာဓိ၊ ပညာ စသည် တို့ကြောင့် စီးပွား အလွန် တိုးတက် နေသော အချိန် အခါ ဖြစ်ပေသည်။

သူဌေးကတော် ဒေါ်ဆင့်မှာ ဘာသာရေးကို အထူး တလည်ပင် ကြည်ညို ကိုင်းရှိုင်းသူ ဖြစ်သည့် အလျောက် လယ်တီ ဆရာတော် ဘုရားကြီး၏ ဩဝါဒ အရ လိုက်နာ ကျင့်သုံး ပြီးလျှင် သံခိပ်၊ ကုမ္မာရီ အသင်းများ တည်ထောင် ပြုစုသော အသင်း ခေါင်းဆောင် တဦးလည်း ဖြစ်ပေသည်။ ထို့ကြောင့် ပင်လျှင်လည်း ပညာ့ အလင်း သတင်းစာ တိုက်ပေါ်တွင် နေ့စဉ် လိုလိုပင် ရဟန်း ပညာတတ်၊ လူပညာ တတ်များ အမြဲမပြတ် စုဝေး ဆွေးနွေးလေ့ ရှိကြသည်။ တနေ့သော် ဆရာတော် ဘုရားကြီးများ စုံညီခိုက် အဘိဓမ္မာ တရား စကားသို့ ရောက်ရှိ သွားလေရာ အယ်ဒီတာ တဦးက ဓမ္မ ဂီတချိုး 'တေးဘုမ္မာ' သီချင်းကို ဆို၍ ပြမိ သဖြင့် ဆရာတော် ဘုရားက "ဟဲ့ - ဒီသီချင်း ဘယ်သူ ရေးတာလဲဟ" ဟု မေးမြန်းတော် မူသည်။ "ကျိုက်လတ်မြို့က ဆရာ ဦးပြုံးချိုပါ ဘုရား" ဟု ပြန်လည် လျှောက်တားလျှင် "ဟံ - ဒီလူကို ရအောင် ခေါ်ပြီး မင်းတို့ သတင်းစာ တိုက်မှာ အသုံးပြုကြ။ ဒီလို စွယ်စုံ တတ်တဲ့ လူမျိုး တသောင်းမှာ တယောက် မရှိဘူးဟ" ဟု မိန့်တော် မူလေသည်။

ဤသို့ အားဖြင့် ဦးပြုံးချိုမှာ ရန်ကုန်မြို့သို့ ရောက်၍ ပညာ့ အလင်း သတင်းစာ တိုက်တွင် အယ်ဒီတာ ဖြစ်ရ လေတော့သည်။

ပညာ့ အလင်း သတင်းစာတွင် "စိန္ဈာသက္က" ဟူသော ကလောင် အမည်ဖြင့် အထူး ကျော်ကြား၏။ ထို့နောက် မြန်မာ့ အလင်း သတင်းစာ တိုက်သို့ ကူးပြောင်း လုပ်ပြန်သော အခါ ၌လည်း မြန်မာ့ အလင်း သတင်းစာတွင် 'ဖိုးမင်းကျော်'၊ 'အရူးတော် နေဒွန်း' စသော ကလောင် အမည် များဖြင့် အထူး လူကြိုက် များပြန် လေတော့သည်။ ထိုစဉ် အတွင်း 'အောင်ဇေယျတု' ဆေးတိုက်ရှင် ဦးဖိုးဘနှင့် အတူ ကျိုက်ထီးရိုး ဘုရားသို့ ဘုရားဖူး သွားခိုက် အပြန်တွင် 'ကျိုက်ထီးရိုး နတ်လမ်းညွှန်' စာအုပ်ငယ်ကို သိမှတ်စရာ အကြောင်းအရာများ အပြင် သောလုံး၊ သောကွက်များ ကိုပါ ဖြည့်စွက် ညှပ်သွင်း ရေးသားရာ ဆရာ ဦးပြုံးချိုတွင် ပို၍ပင် စာဖတ် ပရိသတ် တိုး၍ လာခဲ့သည်။

မြန်မာ့ အလင်းမှ တဖန် သမဝါယမ ဝန်ထောက် ဦးငြိမ်း၏ 'မောရဝတီ သတင်းစာ' တိုက်သို့ ရောက်ရှိ လုပ်ကိုင် ပြန်လေသည်။ ထိုအခါ ထိုပုံနှိပ်တိုက်မှ ထုတ်ဝေသော 'မြန်မာ့ ရီဗျူး ဂျာနယ်' ကိုလည်း အယ်ဒီတာ တဦး အဖြစ် ကူညီ ရေးသား ပေးရ၏။

ထိုမှ တဖန် 'ဝါဏိဇ္ဇ' ခေါ် သတင်းစာတွင် အယ်ဒီတာ အဖြစ် လုပ်ကိုင်ခွင့် ရပြန်သည်။ ထို ဝါဏိဇ္ဇ သတင်းစာတွင် လုပ်ကိုင် နေဆဲ ရန်ကုန်မြို့ အရှေ့ပိုင်း ၅၁ လမ်းတွင် ဖွင့်လှစ် ထားသော အမျိုးသား ပုံနှိပ်တိုက် ပိုင်ရှင် 'နေရှင်နယ်' ဦးမြင့်၏ တိုက်တွန်းချက် အရ 'မဟာ ဂီတ ပေါင်းချုပ်ကြီး' ပြုစု စီရင်၍ ပထမ ဦးဆုံး အကြိမ် ထိုပုံနှိပ်တိုက် မှာပင် အုပ်ရေ ၃,ဝဝဝ စက်တင် ပုံနှိပ် ထုတ်ဝေသည်။

ပညာ့အလင်းသတင်းစာတွင် “စိန္တာသက္က” ကလောင်အမည် ဖြင့်ရေးသားခဲ့သည်။ ထို.နောက် မြန်မာ့အလင်း သတင်းစာတိုက် တွင် “မိုးမင်းကျော်” ၊ “အရူးဘော်နေဒွန်း” စသော ကလောင်အမည်များ နှင့်လူကြိုက် များခဲ့သည်။

ဤအတော အတွင်း ရန်ကုန် ယူနီဗာစီတီ တက္ကသိုလ်မှ မြန်မာ ဆရာကြီး ဦးပွား၏ တိုက်တွန်းချက် အရလည်း ဒေဝကုမ္ဘန် ပြဇာတ်ကို သွားရောက် သင်ကြား ပို့ချ ပေးပေ သေးသည်။

ထို့နောက် သူရိယ သတင်းစာ တိုက်တွင် မြန်မာဘက် ဆိုင်ရာ ပညာရှိ ဦးလွန်း ခေါ် 'သခင် ကိုယ်တော်မှိုင်း' နုတ်ထွက် သွားသည့် နေရာ၌ ဦးပြုံးချို ဝင်ရောက် လုပ်ကိုင် ရပြန်သည်။

ဆရာကြီး ဦးပြုံးချို ရေးသားခဲ့သော စာပေလက်ရာ များမှာ-

  1. တေးဘုမ္မာ သီချင်း
  2. နေဧလိမ်နည်း
  3. မဟာဂီတပေါင်းချုပ်
  4. ကျိုက်ထီးရိုးနတ်လမ်းညွှန်
  5. မဟာဂီတတ္တဒီပနီ (မပြီးဆုံး)
  6. ကစားနည်းအမျိုးမျိုးကျမ်း

တို.ဖြစ်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

သူရိယ သတင်း စာတိုက်တွင် လုပ်ကိုင် နေစဉ် အတွင်း 'ကစားနည်း အမျိုးမျိုးကျမ်း' နှင့် 'နေဧ၏ လိမ်နည်း အမျိုးမျိုး' ကို ရေးသား ပြီးစီးသည်။ နောက် 'မဟာဂီတတ္ထ ဒီပနီကျမ်း' ကို ကြိုးပမ်း ပြုစု နေခိုက် သက္ကရာဇ် ၁၂၈၉ ခုနှစ် တပို့တွဲလဆန်း ၄ ရက် ဗုဒ္ဓဟူးနေ့ ညဉ့် အချိန် ဗိုလ်တထောင် ၆၁ လမ်း အိမ်အမှတ် ၂၅ တွင် အသက်အားဖြင့် ငါးဆယ်ခန့် အရွယ်၌ ဆရာကြီး ဦးပြုံးချို အနိစ္စ ရောက်ရ ရှာလေ သတည်း။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်သော်နှင့် သားသမီး (၁၀) ဦး ကျန်ရစ်ခဲ့သည်။ ရုပ်ကလာပ်ကို ကျိုက်လတ်မြို့သို့ ယူဆောင်၍ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်
  2. မဟာဂီတ ပေါင်းချုပ်ကြီး' လာ ဦးပြုံးချို၏ အတ္ထုပ္ပတ္တိ စာတမ်း။