ယမ်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ယမ်းကို မည်သည့်အခါကစ၍ တီထွင်ခဲ့သည်ကို မည်သူမျှ မပြောနိုင်ချေ။ အမှန်မှာ ယမ်းကို မည်သူတစ်ဦး တစ်ယောက်ကမျှ မတီထွင်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ယမ်းကို စစ်ဘက်နှင့် အခြားဘက်များ၌ မီးကို ဖြစ်ပေါ်လာစေ ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ရှေးခေတ် တရုတ်လူမျိုးတို့သည် ထိုကဲ့သို့သော မီးလောင် စေနိုင်သည့် သတ္တိရှိသောပစ္စည်း၏ အကြောင်းကို သိခဲ့ကြလေ သည်။ ခရစ် ၆၇၃ ခုနှစ်တွင် ကွန်စတန်တီနိုပယ်မြို့ကို ကာကွယ်သူများက ဆာရဆင်တို့ အား တိုက်ခိုက်ရာ၌ ပထမ စ၍ အသုံးပြုခဲ့ကြသည့် ဂရိမီးသည် မျက်မှောက်ခေတ် ယမ်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် ထိုစဉ်က ယမ်းကို အမြောက်ဆံ၊ သို့မဟုတ် သေနတ်ကျည်ဆံ များကို ပစ်ခတ်သည့်ပစ္စည်းအဖြစ် အသုံးမပြုနိုင်ခဲ့ချေ။ ယမ်း များကို မီးရှို့ပြီးလျှင် နံရံတံတိုင်းကြီးများ၏ အောက်ခြေ၌ဝိုင်းရံ ထားသော ရန်သူများအပေါ်သို့ လောင်းချခြင်းကိုသာ ပြုလုပ်နိုင် ခဲ့လေသည်။ ရော်ဂျာဗေကင်အမည်ရှိ အင်္ဂလိပ်လူမျိုး ဘုန်းကြီး တစ်ပါးနှင့် ဗာထိုးရှဗာ့အမည်ရှိ ဂျာမန်လူမျိုး ဘုန်းကြီးတစ်ပါး တို့က ၁၃ ရာစုနှစ် နောက်ပိုင်းနှင့် ၁၄ ရာစုနှစ် စောစောပိုင်း တွင် ယမ်း၌ မည်သည့်ဓာတ်ပစ္စည်းများ ပါဝင်ကြောင်း အသီး အသီး ဖော်ပြနိုင်ခဲ့ကြလေသည်။ ယမ်းကို အမြောက်၌ စတင်၍ အသုံးပြုနိုင်ခဲ့ကြလေသည်။ ယမ်းကို အမြောက်၌ စတင်၍ အသုံးပြုနိုင်ခဲ့သည်မှာ ၁၃၂၆ ခုနှစ်တွင် ဖြစ်သည်ဟု ဖလော် ရင့်မြို့ မှတ်တမ်းများတွင် တွေ့ရသည်။ သမိုင်းဆရာတစ်ဦးကမူ ကရေးဆီးတိုက်ပွဲ (၁၃၄၆ ခုနှစ်)တွင် အမြောက်များကို အသုံး ပြုသည်ဟု ဖော်ပြထားသည်။ သို့သော် ထိုအမြောက်များသည် မြင်းများနှင့် လူများကို ခြောက်လှန့် ရုံသာသာမျှသာ ဖြစ်ပေ လိမ့်မည်။

ယမ်းကို အရေးပါစွာ အသုံးပြုနိုင်ခဲ့ခြင်းမှာ ပုန်ကန် လျက်ရှိသော ဗဲရွန်မှူးမတ်များ၏ ရဲတိုက်နံရံကြီးများကို ဖြိုခွဲ ပစ်ရာတွင် ဖြစ်သည်။ သို့ဖြင့် ပုန်ကန်နေကြသော မှူးမတ်များ သည် ရဲတိုက်ကြီးများတွင် ကောင်းစွာနေထိုင်ကာ ဘုရင်နှင့် တိုင်းပြည်ရှိ လူများကို အာခံ၍ မနေနိုင်ကြတော့ချေ။ ထို့ နောက်တွင် ယမ်းကို လက်နက်ငယ်များတွင် အသုံးပြုလာနိုင်ခဲ့ ကြသဖြင့် သေနတ်တစ်လက်ရှိသော သာမန်လူတစ်ယောက် သည် သံချပ်ကာအင်္ကျီများ ဝတ်ဆင်ထားသည့် မြင်းစီးသူရဲ ကောင်းကြီးတစ်ဦးထက် စစ်ပွဲတွင် ပို၍ ကြောက်စရာ ကောင်း လာခဲ့လေသည်။

ရှေးခေတ် ယမ်းသည် ယခုခေတ်ရှိ သာမန်ယမ်းမှုန့် အနက်နှင့် မထူးခြားလှချေ။ ထိုယမ်းတွင် ယမ်းစိမ်း (ပိုတက် ဆီယမ် နိုက်ထရိတ်)၊ မီးသွေးနှင့် ကန့်တို့ကို ရောစပ်ထား သည်။ ထိုဓာတ်ပစ္စည်းများကို ရောစပ်သည့် အချိုးများသည် တစ်ချိန်နှင့် တစ်ချိန်တွင် မတူကြချေ။ ယခုအခါတွင် အသုံးပြု နေကြသည့် အချိုးမှာ ယမ်းစိမ်း ၇၅ ရာခိုင်နှုန်း၊ မီးသွေး ၁၅ ရာခိုင်နှုန်းနှင့် ကန့် ၁ဝ ရာခိုင်နှုန်း ဖြစ်သည်။ ထိုဓာတ်ပစ္စည်း များကို ညက်အောင် ကြိတ်၍ သမအောင် အခြောက်ခံရသည်။ ထို့နောက် ဒလိမ့်များဖြင့် လိုသည့်အရွယ်များဖြစ်အောင် ကြိတ် ခွဲထားကြသည်။

ယခုခေတ်တွင် မီးပန်းများနှင့် ပေါက်ကွဲစေသော ပစ္စည်း များ ပြုလုပ်သောအခါ၌သာလျှင် ထိုယမ်းမျိုးကို အသုံးပြုကြ တော့သည်။ စစ်ဘက်တွင် အသုံးပြုသည့် ယမ်းများသည် မီးခိုး မထွက်သော ယမ်းမှုန့်များနှင့် အလွန်ပေါက်ကွဲစေသော ပစ္စည်း များသာ ဖြစ်ကြသည်။ ထိုမီးခိုးမထွက်သော ယမ်းမှုန့်ကို ၁၈၈၄ ခုနှစ်တွင် ပြင်သစ်လူမျိုးတို့က စစ်ဘက်တွင် ပထမစ၍ အသုံးပြုနိုင်ခဲ့ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)