ပနားမား စာရွက်စာတမ်းများ

ဝီကီပီးဒီးယား မှ
၂၀၁၆ ဧပြီ ၁၅ ရက်နေ့‌ ပေါက်ကြားမှုတွင် အမှုပတ်သက်သော နိုင်ငံရေးသမားများ ၊ အစိုးရအမှုထမ်းများ သို့မဟုတ် အရင်းနှီးဆုံးအဆက်အသွယ်များရှိရာ နိုင်ငံများ (၂၀၁၆ မေလ ၁၉ ရက်နေ့)

ပနားမားစာရွက်စာတမ်းများ  မှာ ပင်လယ်ကမ်းလွန်လုပ်ငန်း ၂၁၄၄၈၈ ကျော်၏ ဘဏ္ဍာရေး နှင့် ရှေ့နေ-အမှုသည်ဆိုင်ရာ အသေးစိတ် သတင်းအချက်အလက်များ ပါဝင်သော သတင်းပေါက်ကြားခဲ့သည့် စာရွက်စာတမ်းပေါင်း ၁၁.၅ သန်း ဖြစ်သည်။ စာရွက်စာတမ်းများအနက်မှ အချို့မှာ ၁၉၇၀ နှစ်များကတည်းကဖြစ်ပြီး ပနားမားဥပဒေအကျိုးတော်ဆောင်အဖွဲ့ နှင့် ကော်ပိုရိတ်ရေးရာဝန်ဆောင်မှုလုပ်ငန်း မော့ဆက်ခ်ဖွန်စီကာထံမှ ရယူကာ အမည်မဖော်သည့်သတင်းပေးသူက ၂၀၁၅ ခုနှစ်တွင် ဖွင့်ချခဲ့ခြင်းဖြစ်သည်။

ချမ်းသာကြွယ်ဝသူများနှင့် အစိုးရအမှုထမ်းများ၏ ယခင်က လူသိမခံသော ဘဏ္ဍာရေးသတင်းအချက်အလက်များ ပါဝင် သည်။ ပင်လယ်ကမ်းလွန်စီးပွားရေးလုပ်ငန်းများမှာ တရားဝင်သည်ဆိုသော်လည်း လိမ်လည်မှု ၊ အခွန်ရှောင်မှု နှင့် နိုင်ငံတကာ ကန့်သတ်ပိတ်ဆို့မှုအား ရှောင်ကွင်းရန်ကဲ့သို့ တရားမဝင်ရည်ရွယ်ချက်များဖြင့် မော့ဆက်ခ်ဖွန်စီကာ၏ အချို့သော ဟန်ပြကော်ပိုရေးရှင်းများကို အသုံးပြုခဲ့သည်ကို သတင်းထောက်များက တွေ့ရှိရသည်။

Süddeutsche Zeitung (SZ) သတင်းစာမှ ဂျာမန်သတင်းထောက် Bastian Obermayer ထံသို့ စာရွက်စာတမ်းများ ပေါက်ကြားစေခဲ့သူ သတင်းပေး "ဂျွန်ဒိုး (အမည်မသိ)" မှာ အမည်ရင်းကို လူသိမခံဘဲရှိရာတွင် စုံစမ်းစစ်ဆေးမှုတွင် ပါဝင် သည့် ဂျာနယ်လစ်များကိုပင် အသိမခံခဲ့ပေ။ "ကျတော့်အတွက်အသက်အန္တရာယ်ရှိတယ်" ဟု သူက ပြောခဲ့သည်။ ၂၀၁၆ ခုနှစ် မေလ ကြေညာချက်တွင် ဂျွန်ဒိုးက ဝင်ငွေမညီမျှမှုကြောင့် ယင်းသို့ဖွင့်ချမှုပြုခဲ့သည်ဟု အကြောင်းပြချက်ပေးပြီး "စာရွက်စာတမ်းများက ဖော်ပြတဲ့ မတရားမှုရဲ့ အတိုင်းအတာကို သဘောပေါက်နားလည်တဲ့အတွက်” စာရွက်စာတမ်းများကို ပေါက်ကြားစေခဲ့သည်ဟု ဆိုသည်။ မည်သည့် အစိုးရဌာန သို့မဟုတ် ထောက်လှမ်းရေးအေဂျင်စီအတွက်မျှ အမှုထမ်းခြင်း မပြုဖူးကြောင်းနှင့် တရားစွဲခံရမှုမှ ကင်းလွတ်ခွင့်ရမည်ဆိုပါက အမှုလိုက်များအား ကူညီရန် ဆန္ဒရှိသည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။ ပနားမားစာရွက်စာတမ်းများအား သတင်းပေးသူထံမှ ဤကြေညာချက် အမှန်တကယ်ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း SZ  က အတည်ပြုပြီးသည့်နောက်တွင် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းဖော်ထုတ်ရေးဂျာနယ်လစ်များ အဖွဲ့ (အိုင်စီအိုင်ဂျေ) က စာရွက်စာတမ်းအပြည့်အစုံကို ၎င်း၏ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့သည်။

ပါဝင်သောအချက်အလက်များ၏ ပမာဏများပြားမှုကြောင့် SZ  က အိုင်စီအိုင်ဂျေ ထံ အကူအညီတောင်းခံခဲ့သည်။ နိုင်ငံပေါင်း ၈၀ ကျော်ရှိ သတင်းဌာနအဖွဲ့အစည်းပေါင်း ၁၀၇ ခုမှ ဂျာနယ်လစ်များက ဥပဒေအကျိုးတော်ဆောင်လုပ်ငန်း၏ လုပ်ငန်း ဆောင်ရွက်ချက်များ အသေးစိတ်ပါဝင်သည့် စာရွက်စာတမ်းများကို စိတ်ဖြာလေ့လာခဲ့ကြသည်။ ၁ နှစ်ကျော် လေ့လာပြီးသည့်နောက် ၂၀၁၆ ဧပြီလ ၃ ရက်နေ့တွင် ပထမဆုံးသော သတင်းဆောင်းပါးများကို စာရွက်စာတမ်း စောင်ရေ ၁၅၀ နှင့် တကွ ပုံနှိပ်ထုတ်ပြန်ခဲ့သည်။ ဤပရောဂျက်မှာ ဒေတာသတင်းပညာဆိုင်ရာ ဆော့ဖ်ဝဲများ အသုံးပြုမှု နှင့်  မိုဘိုင်းလ်အသုံးပြု ပူးပေါင်းလုပ်ဆောင်မှု၏ အရေးပါသောမှတ်ကျောက်တရပ်ဖြစ်သည်။

စာရွက်စာတမ်းများပေါက်ကြားခဲ့ရာ နိုင်ငံဖြစ်သည့် ပနားမားကို အစွဲပြုလျက် ယင်းစာရွက်စာတမ်းများကို ပနားမား စာရွက်စာတမ်းများဟု အမည်ပေးခဲ့သော်လည်း ကမ္ဘာတလွှား၌ အစိုးရနှင့်နိုင်ငံ့ပုံရိပ်ညစ်နွမ်းမည်ကို စိုးရိမ်သဖြင့် ပနားမား အစိုးရက ယင်းကဲ့သို့အမည်ပေးခြင်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ပြီး ပနားမားနိုင်ငံတွင်းနှင့် အခြားအရပ်ဒေသများမှ လုပ်ငန်းများမှာလည်း ထို့အတူပင်ဖြစ်သည်။ သို့ဖြစ်ရာ ပေါက်ကြားမှုအပြီး ရက်သတ္တပတ်အနည်းငယ်ကြာမြင့်သည့်နောက် “စာရွက်စာတမ်းများထက်သာလွန်သော ပနားမား” အမည်ရ ကြော်ငြာကမ်ပိန်း ဖြစ်စေခဲ့သည်။ သတင်းမီဒီယာအချို့ကမူ ဇတ်လမ်းဖော်ပြရာတွင် “မော့ဆက်ခ်ဖွန်စီကာ စာရွက်စာတမ်းများ”ဟူသည့် အမည်ကို အသုံးပြုခဲ့သည်။

ဖွင့်ချမှုများ[ပြင်ဆင်ရန်]

အများဆုံးဖော်ပြခံရသည့် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် အိုက်စ်လန်းကျွန်းနိုင်ငံ ဝန်ကြီးချုပ် Sigmundur Davíð Gunnlaugsson တို့၏ စီးပွားရေးလုပ်ဆောင်မှုများအပြင် မော့ဆက်ခ်ဖွန်စီကာ တည်ထောင်ထားသည့် ဟန်ပြကုမ္ပဏီပေါင်း ၂၁၄၀၀၀ တို့၏ ရှယ်ယာဝင်များနှင့် ဒါရိုက်တာများအကြောင်း ကိုယ်ရေးသတင်းအချက်အလက်များ အပြင် ၎င်းတို့၏ ဘဏ္ဍာငွေကြေးပေးချေမှု အချို့လည်း ပါဝင်သည်။ ပင်လယ်ကမ်းလွန် ဟန်ပြကုမ္ပဏီ တခု ပိုင်ဆိုင်သည်ဆိုရုံမျှဖြင့် (ယင်းအချက်တခုတည်းက) တရားဥပဒေနှင့် မဆန့်ကျင်သော်လည်း တခါတရံတွင် တရားဥပဒေနှင့်သွေဖည်သော ရည်ရွယ်ချက်ဖြင့် ဟန်ပြကုမ္ပဏီအချို့ကို အသုံးပြုနိုင်ဖွယ်ရာရှိသည်။

ကမ္ဘာ့နိုင်ငံရေး ၊ အားကစားနှင့် အနုပညာဆိုင်ရာ အရေးပါသောပုဂ္ဂိုလ်များ၏ စီးပွားရေးငွေပေးငွေယူမှုများကို စုံစမ်း ဖော်ထုတ်ရေး အဖွဲ့တွင်ပါဝင်သည့် ဂျာနယ်လစ်များက တွေ့ရှိရသည်။ ငွေပေးငွေယူမှုများစွာမှာ တရားဝင်သည် ဆိုသော် လည်း အခြားအမှုများစွာတွင် အချက်အလက်မပြည့်စုံသည့်အတွက် ပဟေဠိဖြစ်နေဆဲပင်။ ဥပဒေဆိုင်ရာမလျော်ကန်မှုသာ မဟုတ်ပါက ကျင့်ဝတ်နှင့်ညီသည့် ပုံပေါ်သည်။ အချို့ဖွင့်ချမှုများ - ဥပမာအားဖြင့် ဆင်းရဲနွမ်းပါးသည့် နိုင်ငံများမှ အင်အားကြီး လုပ်ငန်းများနှင့် ဓနရှင်များ၏ အခွန်ရှောင်မှု - မှာ ကိုယ်ကျင့်တရားအတွက် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ဥပမာဆိုရလျှင် The Namibian  ၏ အဆိုအရ Octea Beny Steinmetz အမည်ဖြင့် မှတ်ပုံတင်ထားသော ဟန်ပြကုမ္ပဏီတခုမှာ ၂၀၁၂-၂၀၁၅ ကာလအတွင်း ၎င်း၏တင်ပို့ကုန်သည် ပျမ်းမျှလထက် ၂ ဆ ပိုမြင့်ခဲ့သော်လည်း ဆီရာလီယွန်နိုင်ငံရှိ Koidu မြို့တော်သို့ ပိုင်ဆိုင်မှုအခွန် အမေရိကန်ဒေါ်လာ ၇ သိန်း ထက်မနည်း ပေးရန် ကြွေးကျန်နေသည့်အပြင် ဘဏ်ကြွေး ဒေါ်လာ သန်း ၁၅၀ တင်နေသည်။ Steinmetz ကိုယ်တိုင်ပင်လျှင် ဒေါ်လာ သန်း ၆၀၀၀ ပုဂ္ဂလိကတန်ကြေးရှိသည်။

အိုင်စီအိုင်ဂျေသတင်းထောက်များ၏ အဆိုအရ စာရွက်စာတမ်းများတွင် ပါရှိသော အခြား ပင်လယ်ကမ်းလွန် ဟန်ပြကုမ္ပဏီ ငွေပေးချေမှုများမှာ ငွေကြေးလဲလှယ်မှုဥပဒေများ ၊ ကုန်သွယ်ရေးကန့်သတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းသော် လည်းကောင်း နိုင်ငံရေးအဂတိလိုက်စားမှုမှ မြစ်ဖျားခံလာခြင်းသော်လည်းကောင်း ဖြစ်ဖွယ်ရာရှိသည်။ ဥပမာပြရလျှင် -

  • ဥရုဂွေးနိုင်ငံက လူ ၅ ဦးအား ဖမ်းဆီးပြီး မက္ကဆီကန်မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့တခုအတွက် မော့ဆက်ခ်ဖွန်စီကာ ဟန်ပြကုမ္ပဏီများမှတဆင့် ငွေကြေးခဝါချပေးမှုဖြင့် တရားစီရင်ခဲ့သည်။
  • [ဆီနီဂေါနိုင်ငံရေးသမား] ကာရင်ဝေ့ဒ်က DP World (DP) ထံမှ ငွေပေးချေမှု လက်ခံရရှိခဲ့သည်ဆိုသော သက်သေအထောက်အထားအသစ်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု  အိုင်စီအိုင်ဂျေ၏ စုံစမ်းဖော်ထုတ်ရေး ပါတနာ Ouestaf က သတင်းပို့ခဲ့သည်။ သူနှင့် ကာလရှည်မိတ်ဆွေ တဦးမှာ ယင်းအတွက် အပြစ်ထင်ရှားရှိကြောင်း ဆုံးဖြတ်ခံရပြီး ယင်းတရားခွင်မှာ တရားမျှတမှု မရှိဘဲ တရားခံ၏အခွင့်အရေးများအား ချိုးဖောက်ခဲ့သည်ဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုသည်။ Ouestaf   ဆောင်းပါးက တရားခွင်တင်စစ်ဆေးစီရင်ခြင်းနှင့် ပတ်သက်၍ မဖော်ပြသော်လည်း DP ကုမ္ပဏီခွဲ တခု နှင့် အဆိုပါသူငယ်ချင်းအမည်ဖြင့် မှတ်ပုံတင်ထားသော ဟန်ပြကုမ္ပဏီတခုမှတဆင့် ဝေ့ဒ်ထံ ငွေပေးချေမှုများအား မော့ဆက်ခ်ဖွန်စီကာစာရွက်စာတမ်းများက ဖော်ပြနေသည်ကို Ouestaf  ဂျာနယ်လစ်များက တွေ့ရှိရသည်ဟု ဆိုသည်။
  • ဆွစ်ရှေ့နေ Dieter Neupert မှာ အမှုသည်၏ ရန်ပုံငွေများအား မလျော်မကန်ပြုမှု ၊ လက်ဝါးကြီးအုပ်စိုးမိုးသူများနှင့် ကာတာတော်ဝင်မိသားစုများအား ငွေကြေးများသိုဝှက်ထားရာတွင် အကူအညီပေးသည်ဟု အစွပ်စွဲခံရသည်။

ရာထူးလက်ရှိ နှင့် ကမ္ဘာ့ခေါင်းဆောင်ဟောင်း ၁၂ ဦး ၊ အခြား အစိုးရအမှုထမ်းနှင့် နိုင်ငံရေးသမား ၁၂၈ ဦး ၊ ကျော်ကြားသူများ ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် နိုင်ငံပေါင်း ၂၀၀ ကျော်မှ ဓနရှင် ရာပေါင်းများစွာ၏ အမည်ဖော်ပြခံရသည်။

အခွန်ကင်းလွတ်ရာနယ်မြေများ[ပြင်ဆင်ရန်]

From a leaked internal memorandum

Ninety-five per cent of our work coincidentally consists in selling vehicles to avoid taxes.

Mossack Fonseca[၁]

ပုဂ္ဂိုလ်တဦးချင်းနှင့် လုပ်ငန်းများမှာ အကြောင်းပြချက်အမျိုးမျိုးဖြင့် ပင်လယ်ကမ်းလွန်စာရင်းများ ဖွင့်လှစ်ကြခြင်းဖြစ်ပြီး အချို့မှာ တရားဝင်သည်ဆိုသော်လည်း ကျင့်ဝတ်အရ မေးခွန်းထုတ်စရာဖြစ်သည်။ ဥပမာပြရလျှင် ပိုင်ရှင်ကွယ်လွန်ခဲ့ပါက အစ္စလာမ်အမွေဆက်ခံမှုထုံးတမ်းဖြင့် စီရင်ခံရခြင်းမှ ရှောင်ရှားနိုင်ရန် စီးပွားရေးလုပ်ငန်းများက အလိုရှိခြင်းဖြစ်မည်ဟု ဒူဘိုင်းအခြေစိုက် ကနေဒီယန်ရှေ့နေတဦးက မှတ်ချက်ပြုသည်။ အချို့နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများမှာ ၎င်းတို့၏ ရန်ပုံငွေကို ဒေါ်လာငွေကြေးဖြင့်သာ ကိုင်ဆောင်ထားလိုကြခြင်းကြောင့်ဟု ဘရားဇီးနိုင်ငံသားရှေ့နေတဦးက ဆိုသည်။ အိမ်ခြံမြေအစီအမံမှာ ဥပဒေဘောင်အတွင်းမှ အခွန်ရှောင်နည်း ဥပမေယျတခုဖြစ်သည်။

အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူ စတန်လေကူးဘရစ်မှာ ၎င်းသေဆုံးချိန် ၁၉၉၉ ခုနှစ်၌ ပုဂ္ဂလတန်ကြေး ခန့်မှန်းခြေ ဒေါ်လာ သန်း ၂၀ ရှိပြီး အများစုကို ၁၉၇၈ ခုနှစ်တွင် ၎င်းဝယ်ယူခဲ့သော ၁၈ရာစု အင်္ဂလိပ်စံအိမ်၌ ရင်းနှီးမြုပ်နှံခဲ့သည်။ သူ၏ ကျန်ရှိသော ဘဝသက်တမ်းတလျှောက်လုံးတွင် ထိုစံအိမ်၌ နေထိုင်ခဲ့သည့်အပြင် The ShiningFull Metal Jacket နှင့် Eyes Wide Shut  ရုပ်ရှင် ဇတ်ဝင်ခန်းများကိုလည်း ထိုနေရာ၌ပင် ရိုက်ကူးခဲ့သည်။ မော့ဆက်ခ်ဖွန်စီကာ တည်ထောင်ပေးသော ဦးပိုင်ကုမ္ပဏီ ၃ ခုမှာ ယင်းစံအိမ်ကို ပိုင်ဆိုင်ပြီး ထိုကုမ္ပဏီ ၃ ခုကို ၎င်း၏သားသမီးမြေးမြစ်များအတွက် တည်ထောင်ထား သော နာမည်ခံယုံကြည်အပ်နှံမှု လုပ်ငန်းက ခန့်ခွဲသည်။ ကူးဘရစ်မှာ ဗြိတိန်နိုင်ငံတွင် နေထိုင်သော အမေရိကန်နိုင်ငံသား ဖြစ်ရာ ယုံကြည်အပ်နှံမှုလုပ်ငန်းမရှိလျှင် အစိုးရ ၂ ရပ်လုံးအား လွှဲပြောင်းမှုအခွန်များ ပေးဆောင်ရမည်ဖြစ်ပြီး ထိုသို့ ပေးဆောင်နိုင်ရန် စာရင်းရှင်းဖျက်သိမ်းသည့်အရင်းအနှီးများ ဖြစ်စေရေးအတွက် အိမ်ခြံမြေကို ရောင်းချရန် ဖိအားပေးခံရ မည်ဖြစ်သည်။ ကူးဘရစ်ကို ၎င်း၏သမီးများအနက်မှ တဦးနှင့်အတူ မြေမြုပ်သင်္ဂြိုဟ်ထားပြီး ကျန်ရှိသည့် မိသားစုမှာ ယင်းနေရာ၌ပင် ဆက်လက်နေထိုင်ဆဲဖြစ်သည်။

Poster issued by the British tax authorities to counter offshore tax evasion

အခြားအသုံးပြုများမှာ သဲကွဲစွာမသိရှိရပေ။ တရုတ်နိုင်ငံ၏ တရားဥပဒေနှင့် ဖီလာဆန့်ကျင်သည့် ပြည်ပမတည်ရင်းနှီးငွေများ စုဆောင်းရန်အတွက် တရုတ်ကုမ္ပဏီများက ပင်လယ်ကမ်းလွန် ကော်ပိုရေရှင်းများ တည်ထောင်ခြင်းဖြစ်နိုင်သည်။ ကမ္ဘာပေါ် ရှိ အမွေစားအမွေခံ အာဏာလက်လွှဲအုပ်ချုပ်မှုအချို့တွင် အထက်တန်းစားလူ့မလိုင်များဘက် တရားဥပဒေ မျက်နှာလိုက် သည် ဖြစ်ရာ ၎င်းတို့အနေဖြင့် ပင်လယ်ကမ်းလွန်ကုမ္ပဏီများအား အသုံးပြု၍ ရေနံကန်ထရိုက်များကို မိမိတို့ဘာသာ လုပ်ပိုင်ခွင့်ချပေးခြင်းဖြစ်စေ ၎င်းတို့၏သားသမီးများထံ ရွှေတူးဖော်ခွင့်ချပေးခြင်းဖြစ်စေ လုပ်နိုင်သည်။ သို့သော် အပြည်ပြည်ဆိုင်ရာတရားဥပဒေအရ ယင်းကဲ့သို့စီးပွားရေးလုပ်ဆောင်မှုများမှာ တခါတရံ၌ တရားစွဲဆိုခံရမည် ဖြစ်သည်။

တရားဝင်စံပြုထားသောအဓိပ္ပာယ်ဖွင့်ဆိုချက်မရှိသော်လည်း The Economist နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ပင်လယ်ကမ်းလွန်ဘဏ္ဍာရေးစင်တာ သို့မဟုတ် အခွန်ကင်းလွတ်ရာနယ်မြေဟု ခေါ်ဆိုပြီး နယ်မြေခံမဟုတ်သော လူပုဂ္ဂိုလ် နှင့် စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးလုပ်ဆောင်ရာတွင် သတင်းအချက်အလက်များ လူသိခံရန် မလိုအပ်သည့်အပြင် အခွန်အနည်းငယ်သာပေးဆောင်ရသည့် ဝန်ဆောင်မှုများအား အဓိကထားပံ့ပိုးပေးသည့် ဘဏ္ဍာရေးအဆောက်အအုံများ ရှိရာ နယ်မြေတခုကို ဆိုလိုသည်။

"ပင်လယ်ကမ်းလွန် ဘဏ္ဍာရေးစင်တာများအား အသိသာဆုံးအသုံးပြုမှုကတော့ အခွန်ရှောင်ဖို့ပဲဖြစ်သည်" The Economist က ဖြည့်စွက်ရေးသားသည်။ ချမ်းသာကြွယ်ဝသူနှင့် နွမ်းပါးသူများအကြား အလှမ်းကျယ်လာသည့် ကွာဟချက် ဖြစ်သော ဝင်ငွေတန်းတူညီမျှမှုမရှိခြင်းအတွက် အခွန်ကင်းလွတ်ရာနယ်မြေများကို  Oxfam က ၎င်း၏ ၂၀၁၆ နှစ်ပတ်လည် အစီရင်ခံစာတွင် ထည့်သွင်းပြစ်တင်ခဲ့သည်။ "ကော်ပိုရေးရှင်းကြီးများနှင့် ဓနရှင်များအနေဖြင့် တရားမျှတသည့် ဝေပုံကျ ပေးချေမှုကို ရှောင်ရှားရန် ခွင့်ပြုပေးသည့် ကမ္ဘာလုံးဆိုင်ရာစနစ်၏ ဗဟိုချက်တွင် အခွန်ကင်းလွတ်ရာနယ်မြေများ ရှိနေပါ တယ်။" ဟု Oxfam အမေရိကား၏ ဥက္ကဋ္ဌ ရေမန် စီ အော်ဖန်ဟိုင်ဇာက ဆိုသည်။ "အများပြည်သူအတွက် အခရာကျ သည့် ဝန်ဆောင်မှုများ ပံ့ပိုးပေးရေးနှင့် မြင့်တက်လာသည့် တန်းတူညီမျှမှုမရှိခြင်းများကို ဖြေရှင်းရေးတွင် လိုအပ်သည့် သယံဇာတများကို ရယူခြင်းမပြုနိုင်ရန် အစိုးရအဖွဲ့များ ၊ ချမ်းသာသူ ဆင်းရဲသူများအား ပိတ်ပင်တားဆီးနေခြင်းပဲ ဖြစ်ပါတယ်"

နိုင်ငံတကာအခြေစိုက်ကုမ္ပဏီများ၏ အမြတ်အစွန်း ရွှေ့ပြောင်းခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ တနှစ်လျှင် ၎င်းတို့နိုင်ငံ ဝင်ငွေ၏ ၂ ရာခိုင်နှုန်းနီးပါးရှိသော အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ သိန်း ၁ ‌သောင်း ၃ ထောင်ခန့် နစ်နာလျက်ရှိသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) သုတေသီများက ၂၀၁၅ ဂျူလိုင်လတွင် ခန့်မှန်းခဲ့ကြသည်။ ဟန်ပြကုမ္ပဏီများမှာ “အလုံးအရင်းအလိုက် ငွေကြေးခဝါချမှုများစွာတွင် အရေးပါသောကဏ္ဍ၌ ပါဝင်ခဲ့” ပြီး “လာဘ်ပေးလာဘ်ယူပြု” ရန် နည်းလမ်း တရပ်လည်းဖြစ်သည်ဟု ယူရိုပိုလ် ဘဏ္ဍာရေးစုံစမ်းထောက်လှမ်းမှုအဖွဲ့ အကြီးအကဲ အီဂေါအန်ဂျလီးနီက ပြောသည်။ “ကုန်သွယ်ခွန်ချိုးဖောက်ခြင်း အကြံအစည်များအား ဒီဇိုင်းပုံထုတ်ခြင်းနှင့် သံသယဖြစ်ဖွယ်ရာ ငွေပေးငွေယူမှုများအား မမြင်ယောင်ပြုခြင်းမှာ ဘဏ်လုပ်ငန်းရှင်များနှင့် စာရင်းကိုင်များအတွက် တနွယ်ငင်တစင်ပါ အလုပ်ဖြစ်လာသည်” ဟု အခွန်အကောက်တရားမျှတမှုကွန်ယက်က ၂၀၁၂ အစီအရင်ခံစာတစောင်တွင် ကောက်ချက်ချခဲ့သည်။

လူကြိုက်များသည့် ဟန်ပြကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှု တခုမှာ ဥရောပနှင့် မြောက်အမေရိကတိုက်ရှိ အိမ်ခြံမြေများဖြစ်ရာ ငွေကြေးခဝါချမှု၏ ဂယက်ကို ပထမကမ္ဘာလည်း ရိုက်ခတ်ခံရသည်။ လန်ဒန်မိုင်ယာမီနျူးယော့ခ်ပါရီဗန်ကူးဗားနှင့် ဆန်ဖရန်စ္စကိုမြို့ အားလုံး ရိုက်ခတ်ခံရသည်။ ဇိမ်ခံအိမ်ရာရှယ်ယာများအား ခေတ္တလက်လွှဲအဝယ်ပြသည့် လုပ်နည်းလုပ်ဟန်ကို မိုင်ယာမီမြို့ရှိ မိုးထိအောင်ထောင်တက်နေသည့် အိမ်ရာဈေးနှုန်းအဖြစ် မကြာခဏ ညွှန်းဆိုခံရသည်။ ၂၀၁၅ ခုနှစ် အိမ်ရောင်းချရမှု၏ ၉၀ ရာခိုင်နှုန်းမှာ ငွေသားဖြင့် ရောင်းဝယ်ခြင်းဖြစ်သည်ဟု မိုင်ယာမီအိမ်ခြံမြေ အကျိုးတော်ဆောင်အဖွဲ့က ဆိုသည်။ "ရင်းနှီးမြုပ်နှံမှုအဖြစ် ရုပ်ဖျက်ထားတဲ့ ငွေမည်းအစုလိုက်အပြုံလိုက် မိုင်ယာမီမြို့ထဲ စီးဝင်လာခဲ့ပါတယ်” ယခင် ကွန်ဂရက်စုံစမ်းစစ်ဆေးသူ ဂျက်ဘလွန်းက ဆိုသည်။ မိုင်ယာမီမြို့တွင် ကွန်ဒိုပိုင်ရှင် ၇၆ ရာခိုင်နှုန်းက ငွေသားဖြင့် ပေးချေခြင်းဖြစ်ရာ ယင်းမှာ ငွေကြေးခဝါချမှုဆိုင်ရာ အန္တရာယ်သတိပေးမှု (red flag) အဖြစ် ရှုမြင်ခံရသော လုပ်နည်းလုပ်ဟန်တခုဖြစ်သည်။

၂၀၁၆ အိမ်ရာဈေးနှုန်းမှာ ၂၀၀၇ ထက် ၅၀ ရာခိုင်နှုန်းမြင့်တက်သွားသော လန်ဒန်မြို့ရှိ အိမ်ခြံမြေများမှာလည်း မကြာခဏပင် ပင်လယ်ရပ်ခြားရင်းနှီးမြုပ်နှံသူများက ဝယ်ယူကြခြင်းဖြစ်သည်။ ဗြိတိန် ပြည်တွင်းရာဇဝတ်မှုခင်းအေဂျင်စီ အကြီးအကဲ ဒေါ်နယ်လ်တွန်းက ၂၀၁၅ ၌ ပြောကြားခဲ့ရာတွင် “ခဝါချထားတဲ့ ငွေကြေးတွေကြောင့် လန်ဒန်အိမ်ခြံမြေဈေးကွက် တဖက်စောင်းနင်းဖြစ်ခဲ့ရပါတယ်။ ၎င်းတို့ရဲ့ အရင်းအနှီးတွေကို ယူကေနိုင်ငံမှာ သိမ်းထားချင်တဲ့ ပင်လယ်ရပ်ခြား ရာဇဝတ်သားများကြောင့် ဈေးနှုန်းများ သွေးရိုးသားရိုးမဟုတ်ဘဲ ထိုးတက်သွားပါတယ်။" အသက် ၃၅ နှစ်အောက် လန်ဒန်မြို့သား သုံးပုံတပုံမှာ အိမ်ဝယ်ယူရန် မတတ်နိုင်ပေ။

မြို့ပြစီမံကိန်းသုတေသီ နှင့် ဗြိတိသျှကိုလံဘီယာတက္ကသိုလ်မှ အကူပါမောက္ခဖြစ်သူ အန်ဒီယန်းက ပြည်ပဝယ်ယူသူများကြောင့် ထိခိုက်ခံရဖွယ်ရှိသည့် ဗန်ကူးဗားမြို့ရှိ အိမ်ခြံမြေရောင်းဝယ်မှုများကို လေ့လာခဲ့ရာ ဗန်ကူးဗားမြို့ရှိ ဈေးအကြီးဆုံး ရပ်ကွက်များရှိ အရောင်းအဝယ် ၁၈ ရာခိုင်နှုန်းမှာ ငွေသားဖြင့်ပေးချေခြင်းဖြစ်ပြီး ပိုင်ရှင် ၆၆ ရာခိုင်နှုန်းမှာ တရုတ် နိုင်ငံသားများသော်လည်းကောင်း မကြာမီက တရုတ်နိုင်ငံမှ ဝင်ရောက်လာကြသူများသော်လည်းကောင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ ပြည်ပရင်းနှီးမြုပ်နှံသူများနှင့်စပ်လျဉ်းသည့် အချက်အလက်များပိုမို ပေးအပ်ရန် တောင်းဆိုမှုကို ပြည်နယ် အစိုးရအဖွဲ့က ငြင်းဆန်ခဲ့သည်။ ကနေဒါသုံးဒေါ်လာငွေ ၃ သန်းထက်မနည်း တန်ကြေးရှိသော ၂၀၁၄ ဗန်ကူးဗား အိမ်အရောင်းအဝယ်၏ ၇၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားများဖြစ်ကြသည်။ တရုတ်နိုင်ငံရှိ သစ်လုပ်ငန်းအတွက် ကနေဒါဒေါ်လာသန်း ၅၀ ချေးယူခဲ့ပြီး ချေးငွေအနက်မှ ကနေဒါဒေါ်လာ ၇ သန်းခွဲထုတ်ယူပြီးနောက် ပြည်တော်ပြန်သွားသော တရုတ်နိုင်ငံသား တဦးအား China CITIC Bank Corp က ၂၀၁၆ ဇွန်လ ၂၄ ရက်နေ့တွင် ကနေဒါနိုင်ငံ၌ တရားစွဲဆိုခဲ့သည်။ ၂၀၁၄ ဇွန်လ ၃ လပတ် ကာလအတွင်း ဗြိတိသျှကိုလံဘီယာရှိ ဗန်ကူးဗား နှင့် ဆာရေးအရပ်၌ တန်ကြေး စုစုပေါင်း ကနေဒါဒေါ်လာ ၇.၃ သန်းရှိသည့် အိမ် ၃ လုံးကို ထိုသူက ဝယ်ယူခဲ့သည်။

နိုင်ငံတကာဘဏ်လုပ်ငန်း[ပြင်ဆင်ရန်]

"ဂျီ-၂၀ ညီလာခံမှာ ဒီပြဿနာကို အရေးဆိုကြတော့မှာပဲ" ဟု အိန္ဒိယနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံတမန် Tomasz Kozlowski က ဟောကိန်းထုတ်ခဲ့သည်။ "အခွန်အကောက်အာဏာပိုင်များအကြား အခွန်အကောက်ဆိုင်ရာ သတင်း အချက်အလက်တွေ ဖလှယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ ကျတော်တို့ လိုအပ်ပါတယ်။”

ပနားမား ၊ ဗနွားတူ နှင့် လက်ဘနွန်နိုင်ငံများအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့ (အိုအီးစီဒီ) က ဂျီ-၂၀ နိုင်ငံများ၏ တောင်းဆိုမှုဖြင့် ၂၀၁၆ တွင် ပြန်လည်အသက်သွင်းလိုက်သည့် ပူးပေါင်းဆောင်ရွက်မှု မပြုသော အခွန်ကင်းလွတ်ရာနယ်မြေများစာရင်းတွင် ၎င်းတို့ ပါဝင်လာသည်ကို မြင်တွေ့ဖွယ်ရာရှိသည်ဟု စုံစမ်းစစ်ဆေးမှု တွင် ပါဝင်သော ပြင်သစ်သတင်းစာစောင် Le Monde က သတိပေးခဲ့သည်။ ဖော်ပြပါ ၃ နိုင်ငံမှာ နိုင်ငံတကာ ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် အိုအီးစီဒီ၏ ယေဘုယျလမ်းညွှန်မှု ၃ ရပ်လုံးအား လိုက်နာခြင်းမပြုပေ။

  • မေတ္တာရပ်ခံချက်အရ သတင်းအချက်အလက်ဖလှယ်ခြင်း။
  • လက်မှတ်ရေးထိုးထားသည့် သတင်းအချက်အလက်စံနှုန်းများဆိုင်ရာ နိုင်ငံစုံသဘောတူညီချက်။
  • ၂၀၁၇ သို့မဟုတ် ၂၀၁၈ တွင် သတင်းအချက်အလက်အလိုအလျောက်ဖလှယ်ခြင်းကို အကောင်အထည်ဖော်ရန် ကတိကဝတ်။

အိုအီးစီဒီ ၊ ဂျီ-၂၀ သို့မဟုတ် ဥရောပသမဂ္ဂအနေဖြင့် နယ်ပယ်တခုထက်မနည်းတွင် လိုအပ်ချက်ရှိသော နိုင်ငံများအတွက် အခြားစာရင်း ပြုစုနိုင်သည်။ ပနားမားဗနွားတူ နှင့် လက်ဘနွန်ကဲ့သို့ ယင်းစံသတ်မှတ်ချက်တခုတလေနှင့်မျှ မကိုက်ညီ သည့် နိုင်ငံများမှာ အမည်ပျက်စာရင်းဝင်ပြီး စံသတ်မှတ်ချက်တခုနှင့်သာကိုက်ညီသည့် နိုင်ငံများမှာ အဖြူအမည်း မသဲကွဲ သည့် စာရင်းတွင် ပါရှိသည်။ အကယ်၍ ၂၀၁၆ ဧပြီလက ဤအဖြူအမည်းမသဲကွဲသည့်စာရင်းသာ ရှိခဲ့ပါလျှင် အန်တီဂွါနှင့် ဘာဘူဒါဘဟာရိန်းဘရူနိုင်းဒိုမီနီကာလိုင်ဘေးရီးယားနာအူရူ ၊ စမိုအာ ၊ တိုဘာဂိုနှင့် ယူနိုက်တက် အာရပ် စော်ဘွားများ နိုင်ငံ စသည့် ၉ နိုင်ငံပါဝင်ခဲ့မည် ဖြစ်သည်။

သတင်းခန်း ထောက်ပံ့ပို့ဆောင်ရေး[ပြင်ဆင်ရန်]

၂.၆ တယ်ရာဘိုက်ပမာဏ ဒေတာများ၏ စစ်မှန်မှုကို အတည်ပြုရန်လိုအပ်သည့် လုပ်ငန်းအတိုင်းအတာကိုSüddeutsche Zeitung က သဘောပေါက်သိမြင်ခဲ့သည်နှင့်တပြိုင်နက် အပြည်ပြည်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးဂျာနယ်လစ်များ အဖွဲ့က သုတေသန နှင့် စာရွက်စာတမ်းများ ပြန်လှန်သုံးသပ်ခြင်းများအတွက် ကူညီစီစဉ်ပေးခဲ့သည်။ The Guardian ၊ ဘီဘီစီ ၊ Le MondeSonntagsZeitungFalterLa Naciónဂျာမန် ရုပ်သံထုတ်လွှင့်ရေး NDR နှင့် WDR ၊ ဩစတြီးယန်း ရုပ်သံ ထုတ်လွှင့်ရေး ORF နှင့် နောက်ပိုင်းတွင် အခြားသတင်းဌာနများမှ သတင်းထောက်များ ၊ ရင်းမြစ်များကို လူစုဆောင်းခဲ့ သည်။ အဆုံးသတ်တွင် မော့ဆက်ခ်ဖွန်စီကာနှင့် ဆက်နွယ်သော လူပုဂ္ဂိုလ်များနှင့် အဖွဲ့များအား စုံစမ်းထောက်လှမ်းရန် အတွက် "ဘာသာစကား ၂၅ မျိုး သုံးစွဲလျက်ရှိသော မီဒီယာသတင်းဌာန ၁၀၀ မှ သတင်းထောက်များ က စာရွက်စာတမ်းများ ကို အသုံးပြုခဲ့သည်”

စီမံကိန်းစီမံခန့်ခွဲမှုရေးရာ စဉ်းစားသုံးသပ်မှုများတွင် လုံခြုံဘေးကင်းရေးကို ထည့်တွက်ခဲ့သည်။ အသက်အန္တရာယ်ရှိသည့် အတွက် သတင်းထောက်များနှင့် ကုဒ်ဖြင့်ကာကွယ်ထားသော ချန်နယ်များမှတဆင့်သာ ဆက်သွယ်ရန် နှင့် မျက်နှာချင်းဆုံ တွေ့ဆုံမှု မပြုရေး သဘောတူညီပေးရန် ဂျွန်ဒိုးက အတင်းအကြပ်တောင်းဆိုခဲ့သည်။

၎င်းတို့၏ သတင်းပေး ၊ ပေါက်ကြားထားသည့် စာရွက်စာတမ်းများ ၊ အချက်အလက်များသာမက ငွေကြေး ကိုင်တွယ် ဆောင်ရွက်ပုံအား လူသိမခံချင်ကြသော အကျင့်ပျက်ခြစားသည့် အာဏာရှင်များ လက်အောက်တွင် နေထိုင်ကြရပြီး စုံစမ်း စစ်ဆေးရာတွင် ပါဝင်သည့် ၎င်းတို့ပါတနာများ၏ ဘေးကင်းရေးအတွက်ပါ SZ က လုံခြုံရေးအတွက် စိုးရိမ်ခဲ့သည်။ လက်ထိလက်ရောက် ကိုင်တွယ်အသုံးပြုမှု ကန့်သတ်ထားပြီး အင်တာနက်ချိတ်ဆက်ထားခြင်းမပြုသည့် လုံခြုံစိတ်ချ ရသောကွန်ယက်ဖွဲ့ထားသည့် ကွန်ပျူတာများဖြင့် ဒေတာများကို အခန်းတခုအတွင်း သိမ်းဆည်းထားသည်။ ဂျာနယ်လစ်များ၏ စီမံချက်လုပ်ငန်း ဧရိယာအတွင်း ဝင်ရောက်နိုင်မှုကို ဂါးဒီးယန်းကလည်း ကန့်သတ်ထားသည်။ ကွန်ပျူတာများအား ဖျက်ဆီးရန်ဖြစ်စေ ဒရိုက်ဗ်များကို ခိုးယူရန်ဖြစ်စေ ခဲယဉ်းစေရန်အတွက် SZ ဂျာနယ်လစ်များက ဒရိုက်ဗ်များ၏ ဝက်အူများကို ပြောင်ပြောင်လက်လက် လက်သည်းဆိုးဆေးများ သုတ်လိမ်းခြင်းဖြင့် အခွင့်မရဘဲကိုင်တွယ်မှု သိသာစေရန် (tamper-evident) ပြုလုပ်ခဲ့သည်။

အမှုသည်ကိုယ်စား စီးပွားရေးလုပ်ငန်းလုပ်ဆောင်နေစဉ် နှင့် လုပ်ငန်းအား အုပ်ချုပ်စီမံနေသည့်ကာလအတွင်း မော့ဆက်ခ် ဖွန်စီကာဆောင်ရွက်ခဲ့သည့် အီးမေးလ်များ ၊ စာချုပ်များ ၊ အက္ခရာတင်မှတ်တမ်းများ ၊ စကန်ဖတ်ထားသော စာရွက်စာတမ်းများနှင့်တကွ ဟန်ပြကုမ္ပဏီတခုချင်းစီအတွက် သီးခြားဖိုလ်ဒါတခုစီပါဝင်သော ဖိုင်အစုအဝေးကြီးတခုအတွင်းသို့ စာရွက်စာတမ်းများ အား  ဂျာနယ်လစ်များက စုစည်းထည့်သွင်းထားသည်။ ပေါက်ကြားလာသည့်ဖိုင်များအနက် ၄.၈ သန်းမှာ အီးမေးလ်များ ၊ ၃ သန်းမှာ ဒေတာ့ဘေ့စ်စာရင်းသွင်းချက်များ ၊ ၂.၂ သန်းမှာ ပီဒီအက်ဖ်ဖိုင်များ ၊ ၁.၂ သန်းမှာ ရုပ်ပုံများ ၊ စာဖိုင်ပေါင်း ၃ သိန်း ၂ သောင်းနှင့် အခြားဖော်မတ်ဖြင့် ၂၂၄၂ စောင်ဖြစ်သည်။

ဂျာနယ်လစ်များက အလိုရှိသူယူနိုင်သည့်ဆော့ဖ်ဝဲပက်ကေ့ချ်များဖြစ်သော Apache Solr နှင့် Apache Tika တို့ကို အသုံးပြု၍ စာရွက်စာတမ်းများကို အညွှန်းစာရင်းပြုစုပြီး Blacklight ပေါ် အခြေပြုတည်ဆောက်ထားသော custom interface ဖြင့် ရယူ ခဲ့သည်။ Süddeutsche Zeitung သတင်းထောက်များကလည်း Nuix အမည်ရ ဩစတြေးလျကုမ္ပဏီတခုက လှူဒါန်းသည့် နာမည်တူ ကုမ္ပဏီပိုင်ဆော့ဖ်ဝဲကို အသုံးပြုခဲ့သည်။  

Süddeutsche Zeitung သတင်းထောက်များက Nuix ကို အသုံးပြု၍  optical character recognition (အိုစီအာ) ဖြင့် စကန်ဖတ်ထားသော စာရွက်စာတမ်း သန်းပေါင်းများစွာကို ဆောင်ရွက်ခဲ့ရာတွင် ပါဝင်သောအချက်အလက်များမှာ ပို၍ ရှာဖွေရလွယ်ကူပြီး စက်ဖြင့်ဖတ်နိုင်လာစေသည်။ ထို့နောက်တွင် ခွဲခြမ်းစိတ်ဖြာသုံးသပ်ရေးအတွက် ပုဂ္ဂလနှင့် ကော်ပိုရိတ် အမည်များကို စာရွက်စာတမ်းများမှ ထုတ်နှုတ်ယူရန် စီမံကိန်းသတင်းထောက်အများစုမှာ Neo4J နှင့် Linkurious တို့ကို သုံးပြီး Nuix အသုံးပြုခွင့်ရှိသော အချို့သူမှာလည်း ဤအတွက် Nuix ကို အသုံးပြုကြသည်။ ထို့နောက်တွင် ပြုစုထားသော လူစာရင်းများနှင့် ဆောင်ရွက်ထားသောစာရွက်စာတမ်းများကို သတင်းထောက်များက တိုက်ဆိုင်စစ်ဆေးသည်။ သတင်း အချက်အလက်များအား လေ့လာသည် ၊ လူများ အခန်းကဏ္ဍများ ငွေကြေးစီးဆင်းမှု နှင့် ဖွဲ့စည်းပုံ တရားဝင်ဖြစ်မှုတို့အကြား ချိတ်ဆက်နိုင်ရန် ကြိုးပမ်းသည်။

ယူအက်စ် ဘဏ်လုပ်ငန်းနှင့် SEC ကျွမ်းကျင်သူ ဒေးဗစ် ပီ ဝက်ဘ်ဘာက ပနားမားစာရွက်စာတမ်းများမှ ရရှိသော သတင်း အချက်အလက်များအား ပြန်လှန်သုံးသပ်ရာတွင် ဂျာနယ်လစ်များအား ကူညီခဲ့သည်။

ဤအချက်အလက်များပေါ်မူတည်၍ အပိုဆောင်းသတင်းဆောင်းပါးများ ထုတ်ပြန်ခဲ့ပြီး ကုမ္ပဏီများစာရင်းအပြည့်အစုံကို ၂၀၁၆ မေလ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ပနားမားစာရွက်စာတမ်းများ စုံစမ်းဖော်ထုတ်မှုတွင် အမှုပတ်သက်နေသော ပင်လယ်ကမ်းလွန်လုပ်ငန်းပေါင်း ၂ သိန်းကျော် နှင့် ၂၀၁၃ ပင်လယ်ကမ်းလွန်ပေါက်ကြားမှု (အော့ဖ်ရှောလိခ်) စုံစမ်း ဖော်ထုတ်မှုတွင် ပါဝင်ပတ်သက်နေသော ထပ်တိုးကုမ္ပဏီပေါင်း ၁ သိန်းကျော်၏ သတင်းအချက်အလက်များပါဝင်သည့် ရှာဖွေနိုင်သောဒေတာဘေ့စ်တခုကို ၂၀၁၆ မေလ ၉ ရက်နေ့တွင် ထုတ်လွှင့်ကြောင်း အိုင်စီအိုင်ဂျေက ကြေညာခဲ့သည်။ ၎င်း၏ ဒေတာဘေ့စ်ထံမှ ပေါက်ကြားခဲ့သော စာရွက်စာတမ်းများကို လူသိထင်ရှားထုတ်ပြန်ခြင်းမပြုရန် မော့ဆက်ခ်ဖွန်စီကာ က အိုင်စီအိုင်ဂျေအား တောင်းဆိုခဲ့သည်။ ယင်းကုမ္ပဏီက ကြေညာချက်တစောင်တွင် “တရားမဝင်လုပ်ရပ်အား ရပ်တန်းကရပ်ရန်နှင့် ထပ်မံလုပ်ဆောင်မှုမပြုရန် အကြောင်းကြားစာကို ပေးပို့ပြီးဖြစ်ကြောင်း” ဖော်ပြခဲ့သည်။

ပေါက်ကြားခဲ့သော အချက်အလက်ချည်းသက်သက်ကပင်လျှင် ၂၀၁၀ ဝီကီလိခ်ကေဘယ်လ်ဂိတ် ပေါက်ကြားမှု (၁.၇ GB) ၊ ၂၀၁၃ အော့ဖ်ရှောလိခ် (၂၆၀ GB) နှင့် ၂၀၁၅ ၃.၃ GB ရှိ ဆွစ်ဇ်လိခ်တို့ထက် အဆများစွာ သာလွန်သည်။ နှိုင်းယှဉ်ကြည့်ပါက ပနားမားစာရွက်စာတမ်း၏ ၂.၆ တဲရာဘိုက်မှာ ၂၆၆၀ GB နှင့်ညီမျှသည်။

အမည်တပ်ဖော်ပြခံရသူများ[ပြင်ဆင်ရန်]

ပင်လယ်ကမ်းလွန်စီးပွားရေးလုပ်ငန်းများမှာ ၎င်းတို့ မှတ်ပုံတင်ထားသည့် နေရာများရှိ တရားဥပဒေအရ တရားဝင်ဖြစ်ပြီး များသောအားဖြင့် လုံးဝတရားဝင်သော်လည်း မော့ဆက်ခ်ဖွန်စီကာ ဟန်ပြ ကော်ပိုရေးရှင်းအချို့ကို လိမ်လည်မှု ၊ ခိုးဝှက်မှု ၊ အခွန်ရှောင်ခြင်း နှင့် နိုင်ငံတကာကန့်သတ်ပိတ်ဆို့မှုအား ရှောင်ကွင်းခြင်းအပါအဝင် တရားမဝင်ရည်ရွယ်ချက်များအတွက် အသုံးပြုခဲ့ကြောင်းကို သတင်းထောက်များက တွေ့ရှိရသည်။

အဆင့်မြင့်နိုင်ငံရေးခေါင်းဆောင်များ နှင့် ၎င်းတို့၏ ဆွေမျိုးများ ၊ ကျော်ကြားသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဥပဒေ အကျိုးတော်ဆောင်လုပ်ငန်းအကြားက ဆက်နွယ်မှုများကို ဧပြီ ၃ ရက်နေ့မှ အစီရင်ခံစာများတွင် မှတ်ချက်ပြုထားသည်။ ပြည်သူ့ဝန်ထမ်းများအပါအဝင် ချမ်းသာကြွယ်ဝသူများက ပုဂ္ဂလဘဏ္ဍာရေး သတင်းအချက်အလက်များကို လူသိမခံဘဲ ထားနိုင်ကြောင်း သတင်းပေါက်ကြားခဲ့သည့်စာရွက်စာတမ်းများက သရုပ်ဖော်ပြလျက်ရှိသည်။

အာဂျင်တီးနား ၊ အိုက်စ်လန် ၊ ဆော်ဒီအာရေဗျ ၊ ယူကရိန်းနှင့် ယူနိုက်တက်အာရပ်စော်ဘွားများနိုင်ငံတို့မှ ထိုစဉ်က နိုင်ငံ့ ခေါင်းဆောင် သို့မဟုတ် အစိုးရခေါင်းဆောင် ၅ ဦး ၊ အစိုးရအရာထမ်းများ ၊ နီးစပ်သူဆွေမျိုးသားချင်းများ ၊ နိုင်ငံပေါင်း ၄၀ ကျော်မှ အစိုးရခေါင်းဆောင်အမျိုးမျိုး၏ ရင်းနှီးသည့်အဆက်အနွယ်များကို ကနဦးအစီရင်ခံစာများက ထုတ်ဖော်ခဲ့သည်။ စာရွက်စာတမ်းများတွင် ဖော်ပြပါရှိသည့် ထိုစဉ်ကရာထူးလက်ရှိ နိုင်ငံ့ခေါင်းဆောင်များမှာ ယူနိုက်တက်အာရပ်စော်ဘွားများ နိုင်ငံ သမ္မတ Khalifa bin Zayed Al Nahyan ၊ ယူကရိန်းနိုင်ငံသမ္မတ Petro Poroshenko ၊ ဆော်ဒီအာရေဗျဘုရင်ဆာလ်မန် နှင့် အိုက်စ်လန်နိုင်ငံဝန်ကြီးချုပ် Sigmundur Davíð Gunnlaugsson တို့ဖြစ်သည်။

စာရွက်စာတမ်းများတွင် ဖော်ပြခံရသော နိုင်ငံ့ခေါင်းဆောင်ဟောင်းများတွင် ပါဝင်သူများမှာ -

  • ၁၉၈၆-၁၉၈၉ ခုနှစ်၌ သမ္မတတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် သေဆုံးခဲ့သည့် ဆူဒန်သမ္မတ Ahmed al-Mirghani
  • ကာတာစော်ဘွားဟောင်း Hamad bin Khalifa Al Thani လူဇင်ဘတ်နိုင်ငံတွင် ဘဏ်စာရင်းဖွင့်ထားသော Afrodille S.A. နှင့် တောင်အာဖရိကကုမ္ပဏီ ၂ ခု၏ ရှယ်ယာများ ပိုင်ဆိုင်သည်။ လူဇင်ဘတ်နိုင်ငံရှိ တရုတ်ဘဏ်၌ ပုံသေအပ်နှံငွေ ရှိသော Rienne S.A. နှင့် Yalis S.A. တို့၏ ရှယ်ယာအများစုကိုလည်း ၎င်းကပိုင်ဆိုင်ထားသည်။ ဆွေမျိုးသားချင်းတဦးက ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်သည် - ကာတာဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဟောင်း Sheikh Hamad bin Jassim Al Thani

ဝန်ကြီးချုပ်ဟောင်းများ

  • ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် Bidzina Ivanishvili 
  • ယူကရိန်းနိုင်ငံမှ Pavlo Lazarenko 
  • ၎င်း၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၏ ပြောဆိုမှုအရ အီရတ်ဒုသမ္မတဟောင်းလည်းဖြစ် ဝန်ကြီးချုပ်လည်းဖြစ်သူ Ayad Allawi မှာ လုပ်ကြံရန်ကြိုးပမ်းခံရပြီးနောက်ပိုင်းတွင် ပနားမားနှင့် ဗြိတိသျှဗားဂျင်း ကျွန်းစုများတွင် မှတ်ပုံတင်ထား သော မော့ဆက်ခ်ဖွန်စီကာ ဟန်ပြကုမ္ပဏီများမှတဆင့် အိုးအိမ်ခြံမြေပိုင်ဆိုင်သည်။ အိုးအိမ်ခြံမြေများမှ ရရှိ သော ဝင်ငွေကို သတင်းပို့ပြီး အခွန်ကို "အချိန်မှန် မဆိုင်းမတွ" ပေးဆောင်သည်ဟု ဖြည့်စွက်ပြောကြားသည်။
  • မော်လ်ဒိုဗာနိုင်ငံမှ Ion Sturza 
  • ဂျော်ဒန်နိုင်ငံမှ Ali Abu al-Ragheb

ဝန်ကြီးချုပ်ဟောင်းများ ၊ သမ္မတဟောင်းများနှင့် ဘုရင်များ၏ မိသားစုဝင်နှင့် အဆက်အနွယ်ပေါင်း ၆၁ ဦးကို သတင်းပေါက်ကြားခဲ့သည့် စာရွက်စာတမ်းများအရ

အခြား အမှုသည်များတွင် နိုင်ငံပေါင်း ၄၀ ကျော်မှ ထိပ်တန်းမဟုတ်သော အစိုးရအရာရှိကြီးများ နှင့် ၎င်းတို့၏ ဆွေမျိုးနီးစပ်များ ၊ အဆက်အနွယ်များပါဝင်သည်။

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Guardian: how the rich