လိုက်ဘေးရီးယားနိုင်ငံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
လိုက်ဘေးရီးယား သမ္မတနိုင်ငံ
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
ဆောင်ပုဒ်: The love of liberty brought us here
နိုင်ငံတော်သီချင်း: All Hail, Liberia, Hail!
မြို့တော်
နှင့် အကြီးဆုံးမြို့
မွန်ရိုးဗီးယားမြို့
ရုံးသုံးဘာသာများ အင်္ဂလိပ်ဘာသာ
အစိုးရ သမ္မတနိုင်ငံ
 •  သမ္မတ အဲလန် ဂျွန်ဆန် ဆာလိဖ်
 •  ဒုတိယသမ္မတ ဂျိုးဆက် ဘိုကိုင်
ထူထောင်ရေး
 •  လွတ်လပ်ရေး ရခြင်း ဇူလိုင် ၂၆ရက်၊ ၁၈၄၇ 
 •  လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ ဇန်နဝါရီ ၆ရက်၊ ၁၉၈၆ 
ဧရိယာ
 •  စုစုပေါင်း ၁၁၁,၃၆၉ km² (၄၃,၀၀၀ sq mi) (အဆင့်: ၁၀၃)
 •  ရေဖုံးလွှမ်းမှု (%) ၁၃.၅၁၄
လူဦးရေ
 •  ခန့်မှန်း ၃,၄၇၆,၆၀၈ (၂၀၀၈) (အဆင့် - ၁၃၀)
 •  လူဦးရေသိပ်သည်းမှု ၃၅.၅/km² (၉၂/sq mi)/km2 (အဆင့် - ၁၈၀)
HDI ၀.၃၀၀ (အနိမ့်)
(အဆင့် - ၁၆၂)
ငွေ လိုက်ဘေးရီးယန်း ဒေါ်လာ
Calling code +၂၃၁
Internet TLD .lr

လိုက်ဘေးရီးယားနိုင်ငံ၏ တရားဝင်အမည်မှာ လိုက်ဘေးရီးယား သမ္မတနိုင်ငံ ဖြစ်ပြီး အာဖရိကတိုက် အနောက်ဘက် ကမ်းရိုးတန်းတွင် တည်ရှိသော နိုင်ငံဖြစ်သည်။ အနောက်ဘက်တွင် ဆီရာလီယွန်နိုင်ငံ၊ မြောက်ဘက်တွင် ဂီနီနိုင်ငံ၊ အရှေ့ဘက်တွင် အိုင်ဗရီကို့စ်နိုင်ငံ (အိုင်ဗိုရီကို့စ်) နှင့် တောင်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာတို့က ဝန်းရံလျှက် ရှိသည်။ ၂၀၀၈ ခုနှစ် လူဦးရေစာရင်း အရ လူဦးရေ ၃,၄၇၆,၆၀၈ ဦး ရှိပြီး အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၁၁၁,၃၆၉ ကီလိုမီတာ (၄၃,၀၀၀ စတုရန်းမိုင်) ရှိသည်။ မြို့တော်မှာ မွန်ရိုးဗီးယားမြို့ ဖြစ်သည်။

အုပ်ချုပ်သူလူတန်းစားမှာ အမေရိကန် နီးဂရိုးများ၏ အဆက်အနွယ် ၂ဝဝဝဝ ခန့်ဖြစ်သည်။ သူတို့သည် ပရိုတက်စတန့် ဂိုဏ်းဝင်များဖြစ်၍ အင်္ဂလိပ်စကားပြောသည်။ ကမ်းရိုးတန်းတစ်လျှောက်တွင် လူယဉ်ကျေး နီဂရိုး ၆ဝဝဝဝ ခန့်ရှိသည်။ အတွင်းပိုင်းတွင် နေထိုင်သူတို့မှာ မွတ် စလင်နှင့် အယူဝါဒမဲ့သူများဖြစ်၏။ လူဖြူထောင်ပေါင်း အနည်းငယ်ခန့်လည်း ထိုနိုင်ငံတွင် နေထိုင်ကြသည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

အနောက်ဘက်ကမ်းခြေရှိ ပါလမစ်အငူမှသည် မနိုမြစ်အထိ ၃၂၅ မိုင်မျှ ကျယ်ပြန့်သည်။ လိုက်ဘေးရီးယားနိုင်ငံ၏ ကမ်းခြေသည် မြေနိမ့်ဖြစ်သည်။ မြောက်ဘက်တွင် အနားကွပ်သဖွယ်တည်ရှိသော နင်ဗာတောင်တန်းသည် ပေ ၆ဝဝဝ မျှမြင့်မားသည်။ လိုက်ဘေးရီးယားနိုင်ငံ၏ ရာသီဥတူမှာ အလွန်ပူပြင်း ၍ စိုထိုင်းသည်။ အပူပြင်းဆုံးအချိန်မှာ ဇန်နဝါရီလတွင်ဖြစ်၍ ဆောင်းကူး ရာသီနှင့် နွေရာသီတွင် မိုးအလွန်ကောင်းသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

လိုက်ဗီးရီးယားနိုင်ငံ တည်ထောင်ရာ၌ အမေရိကန်ပြည်ထောင်စု ၏ အကူအညီ များစွာပါဝင်ခဲ့၍ ယခုလည်း အမေရိကန် အကူအညီနှင့် မကင်းသေးပေ။ ၁၉ ရာစုနှစ်ဦးပိုင်းတွင် ကျွန်ဘဝမှ လွတ်မြောက်သော နီးဂရိုးများအား မိမိတို့ဇာတိ အာဖရိကတိုက်၌ ပြန်လည်နေရာချထားပေးရန် စိုင်းပြင်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၌ ပေါ်ပေါက်လာသည်။ ဤအရေး ကို တိုးတက်သော နီးဂရိုးများအပြင် ကရုဏာသက်သော လူဖြူများကလည်း သဘောကျကြသည်။ သို့ဖြင့် ၁၈၂၂ ခုနှစ်မှစ၍ နီးဂရိုးများဇာတိဌာနေ အာဖရိကမြေသို့ ပြန်ကြပြီးလျှင် ယခု မွန်ရိုးဗီးယားမြို့တည်ရာအနီးတွင် ပထမဦးဆုံးအကြိမ် အခြေစိုက်နေထိုင်ခဲ့လေရာ ၁၈၄၇ ခုနှစ်တွင် ထိုသို့ ရောက်လာသော အမေရိကန်နီးဂရိုးများသည် နိုင်ငံတစ်ခုဖွဲ့နိုင်လောက်အောင် အားရှိလာပေသည်။ သို့ဖြစ် ယင်းသည့်နှစ်တွင် လွတ်လပ်သော လိုက်ဗီးရီးယားသမ္မတနိုင်ငံကို တည်ထောင်နိုင်ခဲ့ပေသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ စည်းမျဉ်းကို ရေးဆွဲရာ၌ အမေရိကန်ပြည်ထောင်စု၏ အခြေခံစည်းမျဉ်း အတိုင်း ရေးဆွဲသည်။

လိုက်ဗီးရီးယားနိုင်ငံသည် ပထမနှင့် ဒုတိယကမ္ဘာစစ်များအတွင်း က အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်အဖြစ် ပါဝင်တိုက်ခိုက်ခဲ့သည်။ ဗာဆေးစာချုပ်တွင် ပါဝင်၍လက်မှတ်ရေးထိုးသည်။ နိုင်ငံပေါင်းချုပ်အသင်း တွင်လည်း မူလပါဝင်သော အသင်းဝင်တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ် အတွင်းဖြစ်သော ၁၉၄၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုနှင့် လက်မှတ်ရေးထိုး၍ မိမိမြေပေါ်၌ လေဆိပ်ဆောက်ခွင့်ပြုခဲ့ သည်။ ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လိုက်ဘေးရီးယားနိုင်ငံ သည် ဂျာမနီနှင့် ဂျပန်နိုင်ငံတို့အား စစ်ကြေညာခဲ့သည်။ လိုက်ဘေးရီးယား နိုင်ငံသည် ကုလသမဂ္ဂဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။

  • ၁၈၄၇ လိုက်ဘေးရီးယား လွတ်လပ်ရေးရရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ (အမေရိကိုလိုက်ဘေးရီးယမ်း ဥပဒေ ဟု လူသိများ - Americo-Liberian Rule)
  • ၁၉၇၁ William Tolbert (Junior) သမ္မတဖြစ်လာ
  • ၁၉၈၀ Tolbert ကို လုပ်ကြံ၍ Samuel K. Doe အာဏာသိမ်း
  • ၁၉၉၀ NPFL သူပုန်အဖွဲ့ဝင် ဂျွန်ဆင်က Samuel K. Doe ကို ထိန်းချုပ်
  • ၁၉၉၀ - ၁၉၉၇ သူပုန်များနှင့် အာဏာရအစိုးရ ပြည်တွင်းစစ်ဖြစ်ပွားသော ကာလ၊ ECOWAS က ငြိမ်းချမ်း ရေး သဘောတူညီမှုများရရှိအောင် ကူညီဆောင်ရွက်၊ လက်နက်ဖျက်သိမ်း၍ ငြိမ်းချမ်းရေး လက်မှတ်ထိုးရန် ကြိုးစား
  • ၁၉၉၇ ကုလသမဂ္ဂအကူအညီဖြင့် ရွေးကောက်ပွဲကျင်းပ၊ ချား(စ)တေလာ အနိုင်ရ၍ သမ္မတဖြစ်လာ
  • ၂၀၀၂ ချား(စ)တေလာက အရေးပေါ်အခြေအနေ ကြေငြာ၊ အိမ်နီးချင်းနိုင်ငံများရှိ သူပုန်များနှင့် စစ်ပွဲများဖြစ်ပွား
  • ၂၀၀၃ ချား(စ)တေလာကို စစ်ရာဇဝတ်ကောင်အဖြစ် စွဲချက်တင်၊ ဩဂုတ်တွင် ပြည်နှင်ဒဏ်ပေး၊ ကုလသမဂ္ဂအကူအညီဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်၊ အောက်တိုဘာတွင် Gyude Bryant သမ္မတဖြစ်လာ

ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းကာလများ[ပြင်ဆင်ရန်]

၁၉၄၂ တွင် လိုက်ဘေးရီးယားသည် အမေရိကန်နှင့် ကာကွယ်ရေးပဋိညာဉ်စာချုပ် ချုပ်ဆိုသည်။ စာချုပ်တွင် လိုက်ဘေးရီးယား၏ မဟာမိတ်များကို သဘာဝရာဘာကုန်ကြမ်းထောက်ပံ့ပေးရန် သဘောတူညီခဲ့သည်။ ကမ္ဘာစစ်အတွင်း ရာဘာသည် မဟာဗျူဟာ ကုန်စည်တစ်ခုဖြစ်ခဲ့သည်။ အမေရိကန်အပါအဝင် ၎င်း၏ မဟာမိတ်များ ကို ရာဘာကုန်ကြမ်းများ ပံ့ပိုးပေးရန် လိုက်ဘေးရီးယားက တာဝန်ယူခဲ့သည်။ ထို့အပြင် အမေရိကန်အတွက် ထောက်ပို့ရေးလမ်းကြောင်း အသုံးပြုရန်နှင့် စစ်ဘက်သွားလာရေးလမ်းကြောင်းများလွယ်ကူစေရန် ဖြတ်သန်းခွင့် ပြုခဲ့ရသည်။ စစ်အခြေစိုက်စခန်းများ တည်ဆောက်၍ အာဖရိကတိုက်ပွဲများကို အမေရိကန်များ အသာစီးရ အောင် ကူညီပေးခဲ့ရသည်။ လိုက်ဘေးရီးယားသည် ပင်လယ်ကမ်းရိုးတန်းရှိနိုင်ငံဖြစ်သည့်အတွက် ရေလမ်း အားသာချက်များကို အခြားသော အလယ်အာဖရိကနိုင်ငံများထက် ပိုမိုရရှိခဲ့သည်။ စာချုပ်ပါ ကာကွယ်ရေးဧရိယာများတွင် အမေရိကန်က စစ်သုံးလေယာဉ်ကွင်းများ တည်ဆောက်ရန်လည်း သဘောတူညီ ခဲ့ရသည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင် လိုက်ဘေးရီးယားတွင် အမေရိကန်တပ်သား ၅၀၀၀ ခန့် ထားရှိခဲ့သည်။ ထိုတပ်သားများကို လိုက်ဘေးရီးယားရှိ အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတွင် အကူအညီပေးရန် ရည်ရွယ်၍ ထားရှိခဲ့သည်။ အကြောင်းမှာ စစ်ကြောင့် ပျက်စီးသွားသော အခြေခံအဆောက်အအုံများကို နိုင်ငံ့ဖွံ့ ဖြိုးတိုးတက်ရေး၊ နိုင်ငံတည်ဆောက်ရေးအတွက် အားဖြည့်ပေးရန် ဟုယူဆရသည်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကိုလိုက်ဘေးရီးယမ် များသည် လိုက်ဘေးရီးယား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အကြောင်းပြု၍ စီးပွားရေးအကျိုးအမြတ်များနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို လက်ဝါးကြီးအုပ်ကြီးစိုးခဲ့သည်။

Cold War (စစ်အေးကာလ)[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအတွင်း အမေရိကန်က အာဖရိကတွင် ဆိုဗီယက်ဩဇာလွှမ်းမိုးမှုကို ခုခံနိုင်ရန် မူဝါဒများချမှတ်ခဲ့သည်။ လိုက်ဘေးရီးယား သမ္မတ Tubman က အဆိုပါ မူဝါဒကို သဘောတူညီခဲ့ သည်။ ထိုမူဝါဒကို အကောင်အထည်ဖော်ရန် လိုက်ဘေးရီးယားသည် အမေရိကန်ထံမှ ၁၉၄၆ မှ ၁၉၆၀ ခုနှစ် အတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရရှိခဲ့သည်။ ၁၉၆၂ မှ ၁၉၈၀ အတွင်း လိုက်ဘေးရီးယားကို အမေရိကန်က ဒေါ်လာ သန်း ၂၈၀ ထောက်ပံ့ခဲ့သည်။ ၁၉၇၀ ခုနှစ်၊ သမ္မတ Tolbert တက်လာ၍ အရှေ့အုပ်စုဖြစ်သော ဆိုဗီယက်ယူနီယံ၊ တရုတ်၊ ကျူးဘား စသည့် ကွန်မြူနစ်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးလမ်းများ ခင်းခဲ့သည်။ ထိုမှစ၍ လိုက်ဘေးရီးယားသည် ပြည်တွင်း စစ်အတွင်းသို့ တစ်စတစ်စ ဝင်ရောက်လာခဲ့သည်။

ပထမ လိုက်ဘေးရီးယား ပြည်တွင်းစစ် (၁၉၈၉- ၁၉၉၆)[ပြင်ဆင်ရန်]

၁၉၈၀ နောက်ပိုင်း ဒူးအစိုးရအာဏာသိမ်းပြီးကာလများတွင် လိုက်ဘေးရီးယား၏ စီးပွားရေး အခြေအနေ ကျဆင်းခဲ့သည်။ ထို့အတူ ဒူးအစိုးရကို ဆန့်ကျင်သည့် အုပ်စုများလည်း များသထက် များလာခဲ့သည်။ ဒူးသည် ပြည်တွင်းဆန့်ကျင်ဘက်အုပ်စုများကို အမြဲတမ်းဖိနှိပ်ခဲ့သည်။ ဒူးသည် သူ၏ ဆန့်ကျင်ဘက်အုပ်စုများဖြစ်သည့် ဂိုင်အိုနှင့် မန်နိုအုပ်စုများကို ဖိနှိပ်မှုပိုမို ပြင်းထန်ခဲ့သည်။

ချား(စ)တေလာနှင့် NPFL (၁၉၈၀ - ၁၉၈၉)[ပြင်ဆင်ရန်]

ချား(စ)တေလာကို ၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဂိုလာလူမျိုးမိခင်နှင့် အမေရိကိုလိုက်ဘေးရီးယမ်းဖခင် တို့မှ မွေးဖွားသည်။ တေလာသည် အမေရိကန်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ်၊ ဝက်ဟမ်ရှိ Bentley College ၌ ၁၉၇၂ မှ ၁၉၇၇ ခုနှစ်အထိ (၆) နှစ်ကြာ ပညာသင်ကြားခဲ့ပြီး စီးပွားရေးဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၀ “ဒူးအစိုးရ” အာဏာသိမ်းပြီးကာလနောက်ပိုင်း ၁၉၈၃ ခုနှစ်တွင် လိုက်ဘေးရီးယားအစိုးရက ဝရမ်းထုတ်၍ အစိုးရ၏ သံတမန်ရေးရာရန်ပုံငွေများ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရပြီး ၁၉၈၄ တွင် မန်ဆာချူးဆက်၌ ထောင်ကျခဲ့သည်။ ၁၉၈၅ တွင် ထောင်မှ လွတ်မြောက်ခဲ့ပြီး လစ်ဗျားသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဂိုင်အိုနှင့် မန်နိုမျိုးနွယ်စုများကို စုစည်းပြီး National Patriotic Front of Liberia (NPFL) ဆိုသည့် သူပုန်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

NPFL[ပြင်ဆင်ရန်]

NPFL ၏ ခေါင်းဆောင် ဂျွန်ဆင်သည် ဒူးအစိုးရကို အာဏာသိမ်းမှု ပြုခဲ့သည်။ ၁၉၉၇ ခုနှစ်ရောက်မှ NPFL မှ ချား(စ)တေလာသည် သမ္မတအဖြစ်ကို ရောက်ရှိခဲ့သည်။

ဒုတိယ လိုက်ဘေးရီးယား ပြည်တွင်းစစ် (၁၉၉၇ - ၂၀၀၃)[ပြင်ဆင်ရန်]

၁၉၉၇ ရွေးကောက်ပွဲတွင် ချား(စ)တေလာသည် ရ၅.၃၃ %ဖြင့် သမ္မတဖြစ်လာခဲ့သည်။ ယူနတီပါတီ၏ ခေါင်းဆောင် အယ်လင် ဂျွန်ဆင်ဆာလိ(ဖ)သည် စုစုပေါင်းမဲ၏ ၉.၅၈ % သာရရှိခဲ့သည်။ တေလာ၏ National Patriotic Party သည်အထက်လွှတ်တော်၏ နေရာ ၂၆ နေရာတွင် ၂၁ နေရာ အထိရရျှိခဲ့ပြီး၊ အောက်လွှတ် တော်၏ ၆၄ နေရာတွင် ၄၉ နေရာရရှိခဲ့သည်။ ၁၉၉၇ ရွေးကောက်ပွဲသည် လွတ်လပ်၍ မျှတသော ရွေးကောက် ပွဲဖြစ်သည်ဟု သတ်မှတ်ခဲ့ကြသော်လည်း သမ္မတ ချား(စ)တောလာသည် ၎င်း၏ အာဏာစက်ကို ဖြန့်ကျက်နိုင် သမျှ ဖြန့်ကျက်၍ အာဏာရှင်ရာထူးကို ကျင့်သုံးခဲ့သည်။ ချား(စ)တေလာ သမ္မတဖြစ်လာသောအခါ တေလာကို ဆန့်ကျင်သည့် အစိုးရအရှိများသည် ရာထူးများမှ နှုတ်ထွက်၍ သူပုန်အဖွဲ့များထူထောင်ကာ ပြည်တွင်း လက်နက်ကိုင်အဖွဲ့များအဖြစ် တေလာအစိုးရနှင့် စစ်ပွဲများ ဆင်နွှဲခဲ့သည်။ အဆိုပါ အစိုးရအရာရှိဟောင်းများ ဖွဲ့စည်းထားသည့် သူပုန်တပ်များသည်လည်း မိမိတို့လုပ်ပိုင်ခွင့်နှင့် အာဏာရရှိမှုကို တေလာက လက်ဝါးကြီး အုပ်ခြင်းကြောင့်ဖြစ်သည်။ ထိုသူပုန်တပ်များရှိခေါင်းဆောင်များကို စစ်ခေါင်းဆောင်များဟု သတ်မှတ်သည်။ အစိုးရနှင့် သူပုန်တို့သည် မိမိ အကျိုးစီးပွားရရှိမှုကို လုယူရင်းဖြစ်ပွားသည့် စစ်ပွဲများပင် ဖြစ်သည်။

လိုက်ဘေးရီးယားအမျိုးသမီးများ / Women of Liberia (2002)[ပြင်ဆင်ရန်]

၂၀၀၂ ခုနှစ်တွင် ပြည်တွင်းစစ်ဒဏ်ကြောင့် ထိခိုက်နစ်နာရသော လိုက်ဘေးရီးယားပြည်သူများထဲမှ အမျိုးသမီး တစ်စုသည် ငြိမ်းချမ်းရေးလှုပ်ရှားမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။ အဆိုပါ အမျိုးသမီးများသည် ပြည်တွင်းစစ် ဒဏ်ကြောင့် ငတ်မွတ်ခေါင်းပါးသော ပြည်သူများ၊ စစ်ဒဏ်ကြောင့် ဒုက္ခိတဖြစ်သွားသော ပြည်သူများနှင့် သေဆုံးသွားကြသည့် ပြည်သူများအပြင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများစသည့် အထွေထွေထိခိုက် နာကျင်မှုများကြောင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုတစ်ရပ်ကို ဆင်နွှဲခြင်းဖြစ်သည်။

ထိုအမျိုးသမီးများသည် ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဦးတည်လုပ်ဆောင်ခြင်းဖြစ်သည်။ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ကို မရောထွေးစေရန် အထူးသတိထားကြသည်။ လိုက်ဘေးရီးယားအမျိုးသမီးများက ဦးဆောင်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် လက်နက်ဖျက်သိမ်းရေး စသည့် အရေးကိစ္စများကို ဦးတည်လုပ်ဆောင်ရန် အစိုးရနှင့် စစ်သူပုန်အဖွဲ့များကို အကြမ်းမဖက်သောနည်းဖြင့် ဖိအားပေးခဲ့ကြသည်။ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ခရစ်ယာန်အမျိုးသမီးများနှင့် မူဆလင်အမျိုးသမီးများ၏ ပေါင်းစည်းအင်အားကို ပြသခဲ့သည်။ ထို့အပြင် ဘာသာရေးဖြင့် အစိုးရကို ဖိအားပေးခဲ့သည်။ အစိုးရနှင့် စစ်သူပုန်များ ငြိမ်းချမ်းရေးသဘောတူညီချက်များ လုပ်ဆောင်ရန် လိုက်ဘေးရီးယားအမျိုးသမီးတစ်ရပ်လုံး လိင်မှုဆိုင်ရာငြင်းဆန်မှုများကိုပင် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့သည်။ လိုက်ဘေးရီးယားအမျိုးသမီးများ သည် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အကြမ်းမဖက်သော နည်းနာပေါင်းစုံကို အသုံးပြု၍ လူထုဖိအားတစ် ရပ်ဖြစ်အောင် လုပ်ဆောင်ခဲ့ကြသည်။

ငြိမ်းချမ်းရေးလှုပ်ရှားမှု အစမှာ အမျိုးသမီးခေါင်းဆောင် Leymah Gbowee ဦးဆောင်၍ ငါးဈေးတွင် အမျိုးသမီး များစုဝေးကာ သမ္မတတေလာ အာရုံစိုက်လာအောင် လုပ်ဆောင်သည့် ဆန္ဒပြမှုမျိုးဖြင့် စတင်ခဲ့သည်။ ထိုမှ အစပြု၍ လိုက်ဘေးရီးယားအမျိုးသမီးများ၏ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကို လုပ်ဆောင်နိုင်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် ချား(စ)တေလာကို နိုင်ငံရေးခိုလှုံခွင့်ပေး၍ သမ္မတရာထူးမှ ဖြုတ်ချနိုင်ခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်ကို ထူထောင်ပေးခဲ့ပြီး အဆိုပါ အောင်မြင်မှုသည် လိုက်ဘေးရီးယားအမျိုးသမီးများ၏ အောင်ပွဲဖြစ်ခဲ့သည်။ ၁၄ နှစ်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကို အမျိုးသမီးများ၏ ဦးဆောင်လှုပ်ရှားမှုဖြင့် ချုပ်ငြိမ်းစေခဲ့ပြီး နိုင်ငံ့၏ ပထမဆုံးအမျိုးသမီး သမ္မတ ကို ရွေးကောက်နိုင်ခဲ့သည်။ အဆိုပါ အမျိုးသမီးသမ္မတမှာ - အယ်လင်ဂျွန်ဆင်ဆာလိ(ဖ) ဖြစ်သည်။ [၁]

သယံဇာတ (Natural resources)[ပြင်ဆင်ရန်]

လိုက်ဘေးရီးယားတွင် သံ၊ သတ္ထုရိုင်း၊ သစ်၊ စိန်နှင့် ရွှေ စသည့် သယံဇာတများထွက်ရှိသည်။ လိုက်ဘေးရီးယားနိုင်ငံ၏ အဓိကထွက်ကုန်များမှာ ကော်ဖတ်(ရော်ဘာ)၊ အုန်းသီးဆန်၊ အုန်းဆီ၊ ရွှေနှင့် သံရိုင်းတို့ဖြစ်သည်။ လိုက်ဘေးရီးယားနိုင်ငံသည် စီပွားရေးအားဖြင့် ကော်ဖတ်ကို လုံးဝဆိုသလို အမှီပြုအားထားရ ပေသည်။ ကျယ်ပြန့်လှသော ကော်ဖတ်ခြံများကို အမေရိကန် ကော်ပိုရေးရှင်း အဖွဲ့များက ပြုစုလုပ်ကိုင်လျက်ရှိသည်။

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

ပထမဆုံးမီးရထားလမ်းများကို လိုက်ဘေးရီးယား သတ္တုတူးဖော်ရေးကုမ္ပဏီက ဆောက်လုပ်၍ ၁၉၅၁ ခုနှစ် တွင်ပြီးစီးသည်။ ရထားလမ်းမှာ မြို့တော်ဖြစ်သော မွန်ရိုးဗီးယားမှ အနောက် မြောက်ဘက် ဗိုမီတောင်များဒေသသို့ မိုင် ၄ဝ မျှရှည်လျားသည်။ အတွင်း ဘက်သို့ မော်တော်ကားလမ်းမများကိုလည်း ဖောက်လုပ်ထားရာ နိုင်ငံပိုင် လမ်း မိုင်ပေါင်း ၁၂ဝဝ မျှ ဖောက်လုပ်ပြီးစီးပေပြီ။ မီးသင်္ဘောများသည် စိန်ပေါမြစ်တစ်လျှောက် ၂၅ မိုင် ခုတ်မောင်းနိုင်၍ ကဗယ်လာမြစ်တစ် လျှောက်မိုင် ၅ဝ မျှခုတ်မောင်းနိုင်သည်။ မွန်ရိုးဗီးယားမြို့မှ မိုင် ၅ဝ ကွာ ဝေးသည့် ရောဗတ်ဖီးတွင်ရှိသော လေဆိပ်သည် အာဖရိကတိုက်၌ ခေတ်မီသော လေဆိပ်တစ်ခုဖြစ်ပေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Liberia - Wikipedia, the free encyclopedia
  • မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)