နေပြည်တော် ဗစ်တိုးရီးယား မုဒိမ်းမှု
၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်တွင် ရန်ကုန် CID ရုံးရှေ့၌ ဆန္ဒပြနေကြပုံ | |
| တည်နေရာ | နေပြည်တော်၊ သပြေကုန်း၊ Wisdom Hill မူကြိုကျောင်း |
|---|---|
| အခင်းဖြစ်ပွားသည့်ရက် | ၁၆ မေ ၂၀၁၉ |
| အမှုဖွင့်တိုင်ကြားသည့်ရက် | ၁၇ မေ ၂၀၁၉ |
| ရဲတပ်ဖွဲ့မှ သံသယရှိသူအား ဖမ်းဆီးသည့်ရက် | ၃၀ မေ ၂၀၁၉ (ပထမအကြိမ်) ၃ ဇူလိုင် ၂၀၁၉(ဒုတိယအကြိမ်) |
| တရားရုံး စတင်စစ်ဆေးသည့်ရက် | ၄ ဇူလိုင် ၂၀၁၉ |
| သံသရှိသူအား တရားရှင် လွှတ်ပေးသည့်ရက် | ၁၈ ဒီဇင်ဘာ ၂၀၁၉ |
| အမှုအမျိုးအစား | သက်ငယ်မုဒိမ်းမှု |
| စွဲချက်ပုဒ်မ | ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ |
| နစ်နာသူ | ဗစ်တိုးရီးယား (အမည်ဝှက်) |
| စွပ်စွဲခံရသူ | အောင်ကျော်မျိုး (ခ) အောင်ကြီး |
| လက်ရှိအခြေအနေ | တရားခံအစစ်အမှန်အား ဖော်ထုတ်နိုင်ခြင်း မရှိသေး |
| တရားစွဲဆိုမှုများ |
|
နေပြည်တော် ဗစ်တိုးရီးယား မုဒိမ်းမှု သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် နေပြည်တော်၊ သပြေကုန်းရှိ Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်း၌ ဖြစ်ပွားခဲ့သည့် နှစ်နှစ်ခွဲအရွယ် ကျောင်းသူလေး (အမည်ဝှက် - ဗစ်တိုးရီးယား) အား မုဒိမ်းကျင့်ခဲ့သည့် ဖြစ်စဉ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ယင်းအမှုသည် နိုင်ငံ့အကြီးအကဲများကိုယ်တိုင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအား အမှုကို မပေါ်ပေါ်အောင် ဖော်ထုတ်ရန် မှာကြားခဲ့ရသည်အထိ ထူးခြားခဲ့သည့်အပြင်၊ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူအများကို အမျက်ဒေါသထွက်စေခဲ့ပြီး တရားမျှတမှုရရှိရေးအတွက် လူထုဆန္ဒပြပွဲများကို ဖြစ်ပေါ်စေခဲ့သည့် အမှုတစ်ခုဖြစ်သည်။[၁][၂]
ရဲတပ်ဖွဲ့သည် အဆိုပါမူကြိုကျောင်းမှ ကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး (ခ) အောင်ကြီးကို သံသယရှိသူအဖြစ် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် တရားစွဲဆိုခဲ့သည်။ သို့သော်လည်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအပေါ် လူထုက မကျေနပ်သဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင် ရန်ကုန်မြို့ရှိ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဦးစီးဌာန (CID) ရုံးရှေ့၌ လူထောင်ပေါင်းများစွာ စုရုံးကာ ဆန္ဒပြခဲ့ကြသည်။[၃]
တရားခွင်အတွင်း ခိုင်လုံသော သက်သေအထောက်အထားများ မပြနိုင်ခြင်းနှင့် အရေးကြီးသည့် CCTV မှတ်တမ်းများ ပျောက်ဆုံးနေခြင်းတို့ကြောင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက အောင်ကြီးအား တရားရှင် ပြန်လည်လွှတ်ပေးခဲ့သည်။ အဆိုပါမုဒိမ်းမှုသည် အမှုဖြစ်ပွားပြီး ၇ နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း (၂၀၂၆ ခုနှစ်အထိ) ယနေ့တိုင် တရားခံအစစ်အမှန်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့်အတွက် "တရားခံပျောက်ဆုံးနေသော မုဒိမ်းမှု" အဖြစ် လူသိများဆဲဖြစ်သည်။[၄]
အမှုဖြစ်စဉ် အကျဉ်းချုပ်
[ပြင်ဆင်ရန်]၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ဗစ်တိုးရီးယားဟု အမည်ဝှက်ပေးထားသည့် ကလေးငယ်သည် ကျောင်းမှ ပြန်လာပြီးနောက် ယင်းနေ့ညနေပိုင်းတွင် မိန်းမကိုယ်အတွင်းမှ သွေးများထွက်နေသည်ကို မိခင်ဖြစ်သူက စတင်တွေ့ရှိခဲ့သည်။ အစိုးရဆေးရုံ၏ စစ်ဆေးချက်များအရ အဆိုပါဒဏ်ရာမှာ အဓမ္မပြုကျင့်ခံရမှု၏ ရလဒ်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီးနောက် အမှုဖြစ်စဉ် စတင်ပေါ်ပေါက်လာခဲ့သည်။ ၎င်းကလေးငယ်အား နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးတွင် ဆေးစစ်ချက်ယူခဲ့ရပြီး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် HIV ကာကွယ်ဆေးနှင့် အခြားလိုအပ်သော ဆေးဝါးများကို တိုက်ကျွေးခဲ့ရသည်။နောက်ရက်တွင် မိခင်ဖြစ်သူသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁) ရဲစခန်း၌ တိုင်ကြားချက်ဖွင့်လှစ်ကာ အမှုဖွင့်ခဲ့သည်။[၅]
သံသယရှိသူအား ဖမ်းဆီးခြင်းနှင့် ပြန်လည်လွှတ်ပေးခြင်း
[ပြင်ဆင်ရန်]အမှုဖွင့်ပြီးနောက် ရဲတပ်ဖွဲ့နှင့်အတူ Wisdom Hill မူကြိုကျောင်းမှ CCTV မှတ်တမ်းများကို ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူက ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါမှတ်တမ်းတွင် မူကြိုကျောင်းအတွင်းသို့ ဝင်ရောက်ခဲ့သည့် အမျိုးသားတစ်ဦးကို ဖခင်ဖြစ်သူက တွေ့ရှိခဲ့ပြီးနောက်၊ Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး (ခ) အောင်ကြီးကို သံသယရှိသူအဖြစ် ၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဦးစီးဌာန (CID) သို့ လွှဲပြောင်းပေးခဲ့သည်။ သို့သော်လည်း CID က စစ်ဆေးရာတွင် ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခြင်းမရှိဟုဆိုကာ ဖမ်းဆီးထားသည့် အောင်ကြီးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်။ [၆]
ဒုတိယအကြိမ် ဖမ်းဆီးခြင်းနှင့် တရားစွဲဆိုခြင်း
[ပြင်ဆင်ရန်]နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ရောက်ရှိနေသည့် ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို CID ရဲတပ်ဖွဲ့က လေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။ ဇူလိုင်လ ၄ ရက်နေ့တွင် ၎င်းအား နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် တရားစွဲဆိုခဲ့သည်။[၇]
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် သမ္မတအိမ်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ် အောင်နိုင်သူက အောင်ကျော်မျိုး (ခ) အောင်ကြီးကို ဖမ်းဆီးခဲ့ခြင်းမှာ ခိုင်မာသည့် သက်သေအထောက်အထားများ ရှိသောကြောင့်သာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းမီဒီယာများအား တရားဝင် ပြောကြားခဲ့သည်။အောင်ကြီးအား ပထမအကြိမ် ခေါ်ယူစစ်ဆေးစဉ်က သိမ်းဆည်းထားသည့် ၎င်း၏ အတွင်းခံဘောင်းဘီတွင် သုက်ပိုး (Sperm) တွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ကလေးငယ်၏ ဒဏ်ရာနှင့် ပတ်သက်၍ ၎င်း၏ မှန်းဆချက်ကို အောက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။[၈]
ကလေးက ဒီအရွယ်လေးမှာ ဒီလူကြီးက လုပ်တာကို ကလေးက ဒီလောက်လေးပဲလားလို့ (ဒီလောက်လေးပဲ ဒဏ်ရာရသလားလို့) အဲသလို သုံးသပ်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ သို့သော် ကျွန်တော်တို့ ဒါနှမချင်း မစာနာလို့ ပြောတာ မဟုတ်ပါဘူး။ ကလေးက ပြောနေတာ သူလက်နဲ့ လုပ်ပါတယ်လို့ ပြောနေတာ။ အဲသလိုဆိုရင် ဘာပြုလို့ sperm (သုက်ပိုး) ရှိနေတာလဲလို့ ခင်ဗျားတို့ မေးမှာပေါ့။ သူလည်း ဒီလိုစိတ်များရှိနေခဲ့ရင် ဒီထဲမှာ နှိုက်ထားမယ်လို့ (ပေါင်ကြားကို ညွှန်ပြရင်းပြော) ကျွန်တော်တို့ သုံးသပ်ရပါတယ်။ နှိုက်ထားပြီးတော့မှ ကလေးကို နှိုက်လိုက်ရင်တော့ ဒီ sperm ဟာ ပါသွားနိုင်ပါတယ်။
— ဒုရဲချုပ် အောင်နိုင်သူ, ၂၀၁၉ ဇူလိုင် ၅ ရက်၊ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲ
အဆိုပါ ပြောကြားချက်သည် လူမှုကွန်ရက်သုံးစွဲသူများအကြား လှောင်ပြောင်ဝေဖန်မှုများစွာ ဖြစ်ပေါ်စေခဲ့ပြီး သိပ္ပံနည်းကျ စစ်ဆေးချက်များထက် မှန်းဆချက်များအပေါ် အခြေခံသည်ဟု ဝေဖန်ခံခဲ့ရသည်။[၉]
တရားစွဲဆိုခြင်း နှင့် ရုံးထုတ်စစ်ဆေးခြင်း
[ပြင်ဆင်ရန်]ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍ ၂၀၁၉ ဇူလိုင် ၁၅ ရက်နေ့၌ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။ စစ်ဆေးခြင်းမရှိသေးပဲ ရှေ့နေကိုယ်စားလှယ်စာတင်ခြင်း နှင့် အခြားဥပဒေဆိုင်ရာကိစ္စရပ်များကိုသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။[၁၀]
တရားစီရင်ရေး ဖြစ်စဉ်နှင့် သက်သေခံချက်များ
[ပြင်ဆင်ရန်]အောင်ကျော်မျိုး (ခ) အောင်ကြီးအား တရားစွဲဆိုပြီးနောက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ဦးဆောင်သည့်အဖွဲ့က ရှေ့နေပါဝါ တင်သွင်းခဲ့သည်။ထို့နောက် တရားခွင်အတွင်း စစ်ဆေးမှုများ၌ အဓိကသက်သေဖြစ်သူ ဗစ်တိုးရီးယားက ၎င်းအား အဓမ္မပြုကျင့်သူမှာ "ကိုကို" ဖြစ်ပြီး "ဆရာမနှင်းနု သိသည်" ဟု ထွက်ဆိုခဲ့သည့်အပြင်၊ ဓာတ်ပုံများဖြင့် ပြသ၍ မေးမြန်းရာတွင်လည်း ကိုကိုညီညီဆိုသူ၏ ဓာတ်ပုံကို ပြသခဲ့သည်။တစ်ဖက်တွင် ဗစ်တိုးရီးယားအမှုမှ စွပ်စွဲခံ ကလေးနှစ်ဦး ကျောင်းကိုမလာဖူးဘူးဟု ကျောင်းတာဝန်ခံက ငြင်းဆိုခဲ့သည့်အပြင် Wisdom Hill မူကြိုကျောင်းဘက်မှလည်း ၎င်းတို့ကျောင်း၌ မုဒိမ်းမှုဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ကျောင်းတက်နေသည့် ကလေးမိဘများကို ခေါ်ယူကာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။[၁၁]ဆရာမ နှင်းနုသည်လည်း ဘီဘီစီနှင့် အင်တာဗျူးတွင် ဘယ် ကိုကို ကိုမှ မဆူလိုက်တာ ဆရာ၊ ကိုကို ဆိုတဲ့ နာမည်လည်း မရှိဘူး ၊ သမီးကလည်း ကိုကို ဆိုတဲ့ နာမည်နဲ့ လာမတိုင်ဘူးဟု ငြင်းဆန်ခဲ့သည်၊[၁၂]
အမှုတွင် အရေးကြီးဆုံးဖြစ်သည့် Wisdom Hill မူကြိုကျောင်းမှ CCTV မှတ်တမ်းများနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် ရုံးချိန်းတွင် တရားရုံးသို့ ရောက်ရှိလာသည့် CCTV အထိုင်စက် (DVR+Hard-disk) ကို ကျွမ်းကျင်ပညာရှင်များက စစ်ဆေးရာ အခင်းဖြစ်ပွားသည့် မေလ ၁၆ ရက်နေ့ မှတ်တမ်းများ အပါအဝင် အခြားမှတ်တမ်းများ လုံးဝ ပါဝင်လာခြင်း မရှိတော့ပေ။ CCTV ထိန်းသိမ်းသူ ရန်နောင်ဌေး၏ ထွက်ဆိုချက်အရ အခင်းဖြစ်ပွားသည့်နေ့ မှတ်တမ်းကို Memory Stick ဖြင့် ကူးယူ၍ ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း၊ နောက်ပိုင်းတွင် CID မှ အထိုင်စက်ကို ဖြုတ်ယူသွားခဲ့သော်လည်း ပြန်လည်အပ်နှံရာတွင် ကျောင်းပိုင်ရှင်ထံသာ အပ်နှံခဲ့ကြောင်း သိရသည်။နိုဝင်ဘာလ ၆ ရက် ရုံးချိန်းတွင် ကျွမ်းကျင်ပညာရှင်များက စစ်ဆေးခဲ့သော်လည်း အခင်းဖြစ်ပွားခဲ့သည့် မေလ ၁၆ ရက်နေ့ မှတ်တမ်းများမှာ ပြန်လည်ပေါ်ပေါက်လာခြင်း မရှိတော့ဘဲ လုံးဝ ပျောက်ဆုံးသွားခဲ့သည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းမှ ကျွမ်းကျင်သူများက တရားရုံးခွင့်ပြုချက်ဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဖော်ထုတ်ခဲ့ကြသော်လည်း အဆိုပါ အရေးကြီးမှတ်တမ်းများကို ပြန်လည်ရရှိခဲ့ခြင်း မရှိပေ။[၁၃]
နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီး ဒေါက်တာတင်မိုးမိုးခိုင်၏ ထွက်ဆိုချက်အရ ကလေးငယ်၏ မိန်းမကိုယ်မှ ထွက်သည့် အရည်စစ်ဆေးချက် ဓာတ်ခွဲခန်းမှန်ပြားကို ဇွန်လ ၈ ရက်နေ့တွင် CID မှ ဒုတိယရဲမှူးကြီး လှဟန် ပါဝင်သည့်အဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ [၁၄]
စီရင်ချက်နှင့် နောက်ဆက်တွဲဖြစ်စဉ်များ
[ပြင်ဆင်ရန်]တရားလိုပြသက်သေများ ဖြစ်ကြသည့် ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နှင့် ဆရာမများ၏ ထွက်ဆိုချက်အရ အောင်ကြီးမှာ ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း ထွက်ဆိုခဲ့ကြသည်။ တရားခွင်အတွင်း ခိုင်လုံသော သက်သေအထောက်အထား မပြနိုင်ခြင်းကြောင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက အောင်ကြီးအား တရားရှင် ပြန်လွှတ်ပေးခဲ့သည်။[၁၅]
အောင်ကြီး လွတ်မြောက်ပြီးနောက် တစ်ရက်အကြာ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နစ်နာသူ ဗစ်တိုးရီးယား၏ အမည်ရင်း၊ မိဘများ၏ အမည်များနှင့် ကိုယ်ရေး အချက်အလက်များကို ထုတ်ဖော် ပြောသည့်အပြင် ‘ ရဲဇာနည်’ Facebook စာမျက်နှာတွင် ထုတ်ဖော် ပြသမှုကြောင့် လူထု၏ အပြင်းအထန်ဝေဖန်ခြင်းကိုခံခဲ့ရသည်။[၁၆]
တန်ပြန်တရားစွဲဆိုမှုများ
[ပြင်ဆင်ရန်]ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ကလေးငယ်၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ခဲ့မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိကြီး (၃) ဦးနှင့် ရဲဇာနည် Facebook စာမျက်နှာ တာဝန်ခံတို့ကို တရားစွဲဆိုနိုင်ရန် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) က နိုင်ငံတော်သမ္မတထံ စာတင်၍ ခွင့်ပြုချက်တောင်းခံခဲ့သည်။တရားစွဲဆိုရန် လျှောက်ထားခြင်းခံရသည့် အရာရှိကြီးများမှာ - ၁။ ရဲမှူးချုပ် စိုးနိုင်ဦး (မှုခင်းရဲတပ်ဖွဲ့မှူး) ၂။ ရဲမှူးကြီး မင်းဟန် (မှုခင်းညွှန်ကြားရေးမှူး) ၃။ ရဲမှူးကြီး သာဒွန်း (မှုခင်းရဲတပ်ဖွဲ့ဌာနမှူး) တို့ ဖြစ်ကြသည်။၎င်းတို့သည် ပြည်သူ့ဝန်ထမ်းများ ဖြစ်နေသည့်အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများဖြင့် တရားစွဲဆိုနိုင်ရန် ဥပဒေနှင့်အညီ ကြိုတင်ခွင့်ပြုမိန့် (Sanction) တောင်းခံခဲ့ခြင်း ဖြစ်သည်။ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက အဆိုပါလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်တစ်ခုလုံးကို စိန်ခေါ်နေသည့် ဗစ်တိုးရီးယားအမှုတွင် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။[၁၇][၁၈][၁၉]
အမှုဖြစ်ပွားနေစဉ်အတွင်း BBC သတင်းဌာနနှင့် ရှေ့နေ ဒေါ်စုဒါလီအောင် တို့၏ သီးသန့်အင်တာဗျူး၌ အောင်ကြီးဘက်မှ ရှေ့နေ ဒေါ်စုဒါလီအောင်၏ ဖြေကြားချက်များသည် ၎င်းသားများ၏ စိတ်ပိုင်းဆိုင်ရာကိုများစွာ ထိခိုက်နစ်နာစေသည့်အတွက်ဟုဆိုပြီး Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ (က) (၂) ဖြင့် တရားလို ပြုလုပ်ကာ ဒေါ်စုဒါလီအောင်အား ပုဗ္ဗသီရိမြို့နယ်တရားရုံး၌ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် တရားစွဲဆိုခဲ့သည်။[၂၀]
ဒေါ်ဥမ္မာလှိုင်မှဆက်၍ ဗစ်တိုးရီးယား၏ဖခင်ဖြစ်သူ၊ ဗစ်တိုးရီးယား၏ ဦးလေးဖြစ်သူနှင့် အဒေါ်ဖြစ်သူ၊ အောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်၊ တရားလိုဘက်မှလိုက်ပါ ဆောင်ရွက်နေသည့် ဒေါ်ရွက်နုအောင်နှင့် ဒေါက်တာဝင်းကိုကိုသိန်း (သက္ကမိုးညိုအကောင့်ပိုင်ရှင်) တို့အား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ (က) (၂) ဖြင့် စက်တင်ဘာ ၂၆ ရက်တွင် ထပ်မံအမှုဖွင့်ခဲ့ပြန်သည်။ထိုသို့ ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းအမှုကိုမူ ရဲတပ်ဖွဲ့က ၂၀၂၀ပြည့်နှစ် မတ်လထဲတွင် အမှုပိတ်သိမ်းခဲ့သည်။[၂၁]
၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁၈ရက်တွင် ဗစ်တိုးရီးယားအမှုတွင် ကျူးလွန်သူအဖြစ် စွပ်စွဲခံရပြီး အချုပ်သားဘဝဖြင့် ၆ လကျော်ကြာ အမှုရင်ဆိုင်ခဲ့ရသည့် ကိုအောင်ကြီး (ခ) အောင်ကျော်မျိုးသည် ၎င်း၏ ဂုဏ်သိက္ခာနှင့် မိသားစု နစ်နာမှုများအတွက် ရဲတပ်ဖွဲ့ထံမှ နစ်နာကြေး ကျပ်သိန်း ၅,၀၀၀ ရလိုကြောင်း နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ တရားမမှုအဖြစ် လျှောက်ထားခဲ့သည်။[၂၂]
ရဲချုပ်အား တရားစွဲဆိုခြင်း နှင့်ပတ်သတ်သည့် အဆိုပါအမှုတွင် တရားပြိုင်ဖြစ်သူ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးအား တရားရုံးက ဆင့်ခေါ်ခဲ့ရာ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁၅ ရက် ရုံးချိန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေဌာနမှ ကိုယ်စားလှယ်များ လာရောက်ခဲ့သည်။ တရားလိုရှေ့နေ ဦးခင်မောင်ဇော်၏ အဆိုအရ ရဲတပ်ဖွဲ့ဘက်မှ ညှိနှိုင်းရန် ကမ်းလှမ်းမှုမရှိဘဲ အမှုကို တရားခွင်၌သာ အဆုံးထိ ရင်ဆိုင်ဖြေရှင်းသွားမည်ဟု အကြောင်းပြန်ခဲ့သည်။ ကိုအောင်ကြီးကလည်း ၎င်းအနေဖြင့် ငွေကြေးတစ်ခုတည်းအတွက် မဟုတ်ဘဲ ထိခိုက်ခဲ့ရသည့် ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာအတွက် အမှုကို အဆုံးထိ ရင်ဆိုင်သွားမည်ဟု ပြောကြားခဲ့သည်။ဒက္ခိဏခရိုင်တရားရုံးက အဆိုပါတရားမမှုကို ရက်ပေါင်း ၅၄၀ (တစ်နှစ်ခွဲ) အတွင်း အပြီးစစ်ဆေးရန် ညွှန်ကြားထားသည်။ ဗစ်တိုးရီးယားအမှု စတင်ပေါ်ပေါက်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလမှစတင်၍ (၂၀၂၆ ခုနှစ်အထိ) ရဲတပ်ဖွဲ့သည် ကိုအောင်ကြီးမှလွဲ၍ အခြားမည်သည့် သံသယတရားခံကိုမျှ ထပ်မံဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။[၂၃]
လူထုလှုပ်ရှားမှုများနှင့်တုန့်ပြန်ချက်များ
[ပြင်ဆင်ရန်]သံသယရှိသူ အောင်ကျော်မျိုး (ခ) အောင်ကြီးအား ပြန်လည်လွှတ်ပေးခဲ့ပြီးနောက်၊ ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူနှင့် ဧရာဝတီသတင်းဌာနတို့၏ သီးသန့်အင်တာဗျူးတွင် ကလေးငယ်က ၎င်း၏ဖခင်အား ပြောဆိုခဲ့သည့် “ကိုကိုလုပ်တာ” နှင့် “ဆရာမနှင်းနု သိတယ်” ဆိုသည့် ပြောကြားချက်များ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ဖခင်ဖြစ်သူ၏ တစ်ဆင့်စကား ပြောကြားချက်အပေါ် အခြေခံ၍ လူမှုကွန်ရက်သုံးစွဲသူများအကြား တရားမျှတမှုအတွက် အပြင်းအထန် ဝေဖန်မှုများ ပေါ်ပေါက်ခဲ့သည်။
နိုင်ငံတော်၏ တုံ့ပြန်မှု
[ပြင်ဆင်ရန်]ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိစေရန် ‘Justice for Victoria’ ဟူသော စာသားများဖြင့် လူမှုကွန်ရက်တွင် လှုံ့ဆော်တောင်းဆိုခဲ့ကြသည့်အပြင်၊ နေပြည်တော် အပါအဝင် မြို့ကြီးအတော်များများတွင် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အမှုမှန်ကို မပေါ်ပေါ်အောင် ဖော်ထုတ်ရန် နိုင်ငံတော်အကြီးအကဲများက တာဝန်ရှိသူများထံ မှာကြားထားပြီးဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။လူမှုကွန်ယက်သုံးစွဲသူများကမူ တစ်လကျော်ကြာမြင့်လာမှုနှင့် ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများကို ဝေဖန်ခဲ့ကြသည်။ဤသို့ဖြင့် မြို့ကြီးများတွင် အောက်ပါအတိုင်း ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ကြသည်။ [၂၄]
| မြို့အမည် | ရက်စွဲ | ခန့်မှန်းလူအင်အား | ဆန္ဒပြသည့်ပုံစံနှင့် တောင်းဆိုချက်များ |
|---|---|---|---|
| ရန်ကုန် | ၆ ဇူလိုင် ၂၀၁၉ | ၆,၀၀၀ ခန့် | အင်းစိန်ရှိ စီအိုင်ဒီရုံးရှေ့တွင် အဖြူရောင်တီရှပ်များ ဝတ်ဆင်၍ "ဗစ်တိုးရီးယားအတွက်တရားမျှတမှု" စသောဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခြင်း။ စစ်ဆေးမှုမြန်ဆန်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေးနှင့် တရားမျှတမှုရှိရေး တောင်းဆိုခဲ့ကြသည်။[၂၅][၂၆] |
| တောင်ကြီး | ၆ ဇူလိုင် ၂၀၁၉ | ၁၀၀ ခန့် | ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှ စူဠာမုနိဘုရားအထိ လမ်းလျှောက်ဆန္ဒပြခြင်း။ ပြစ်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုသည်။[၂၇] |
| ပြည် | ၆ ဇူလိုင် ၂၀၁၉ | ၁၀၀ ခန့် | ဗိုလ်ချုပ်မြင်းစီးရုပ်မှ ဘူတာရှေ့အထိ ဗီနိုင်းများဖြင့် အသံတိတ်ဆန္ဒပြခြင်း။[၂၈] |
| တောင်ငူ | ၇ ဇူလိုင် ၂၀၁၉ | ၃၀၀ ခန့် | ရွှေဆံတော်ဘုရား အရှေ့ဘက်မုခ်မှစတင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခြင်း။[၂၉] |
| မန္တလေး | ၈ ဇူလိုင် ၂၀၁၉ | ၁,၀၀၀ ခန့် | မဟာအောင်မြေမြို့နယ် ၆၆ လမ်းမှ မနော်ရမ္မံကွင်းအထိ ဆန္ဒပြခြင်း။ သုံးဘီးကား ၈၀ ခန့်လည်း ပါဝင်ခဲ့သည်။ တရားဥပဒေစိုးမိုးရေးနှင့် သက်ငယ်မုဒိန်း ပပျောက်ရေး တောင်းဆိုခဲ့ကြသည်။[၃၀] |
| မကွေး | ၁၄ ဇူလိုင် ၂၀၁၉ | ၅၀၀ ခန့် | ကန်သာရပ်ကွက် အေးစေတီအနီးမှ စတင်၍ တရားမျှတမှုရရှိရေးနှင့် နောက်ထပ်ဗစ်တိုးရီးယားများ မပေါ်ပေါက်စေရေးအတွက် ဆန္ဒပြခြင်း။[၃၁] |
| ပုသိမ် | ၁၄ ဇူလိုင် ၂၀၁၉ | ၂,၀၀၀ ခန့် | အမှုမှန်ပေါ်ပေါက်ရေးနှင့် ကလေးသူငယ်များ လုံခြုံသည့် ပတ်ဝန်းကျင်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခြင်း |
| ဘားအံ | ၁၄ ဇူလိုင် ၂၀၁၉ | ၁၀၀ ခန့် | ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေးနှင့် ဖြောင့်မတ်မှန်ကန်သော တရားစီရင်ရေးအတွက် ဆန္ဒထုတ်ဖော်ခြင်း။ |
| လားရှိုး | ၁၄ ဇူလိုင် ၂၀၁၉ | ၂၀၀ ခန့် | တရားမျှတမှုရရှိရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆန္ဒထုတ်ဖော်ခြင်း။ |
နောက်ပိုင်းဖြစ်ရပ်များ
[ပြင်ဆင်ရန်]အစိုးရမှ နေပြည်တော်ရှိ မူကြိုကျောင်း ၇ ကျောင်းကို ခေတ္တပိတ်ခဲ့သည်။ အင်တာနက်သုံးစွဲသူအများစုသည် မိန်းကလေးငယ်တစ်ဦး၏ အရိပ်ပုံစံပါရှိသော ပုံတွင် "Justice for Victoria"ဟု ခေါင်းစဉ်တပ်ထားသော ပုံကို Facebook profile picture အဖြစ်ပြောင်းလဲခဲ့ပြီး အမှုအတွက် တရားမျှတမှုကို ပါဝင်တောင်းဆိုခဲ့ကြသည်။[၃၂] လူမှုကွန်ယက် အထူးသဖြင့် Facebook ပေါ်တွင် ပြည်သူအများမှ အစိုးရအနေဖြင့် ပါဝင်ရန်တောင်းဆိုခဲ့ကြပြီး အစိုးရဘက်မှလည်း အမှန်တရားပေါ်ထွက်လာစေရန် ကတိပြုခဲ့သည်။
ဇူလိုင်လ ၁ ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန သည် နေပြည်တော်တစ်ဝှမ်း Wisdom Hill အပါအဝင် မူကြိုကျောင်း ၁၀ ကျောင်းကို တည်ထောင်ခွင့်ပြုမိန့်မရှိဘဲ ဖွင့်လှစ်ထားသည့်အတွက် ပိတ်ပစ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ [၃၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Deputy Police Chief Defends Handling of Toddler Sexual Assault Case"၊ The Irrawaddy၊ 5 July 2019။
- ↑ "State leaders order justice for sexually abused child in Nay Pyi Taw" (in en)၊ Eleven Media Group၊ 1 July 2019။
- ↑ "Thousands protest Myanmar child rape"၊ Bangkok Post၊ 6 July 2019။
- ↑ Myanmar Now (2019-12-18)။ "အောင်ကြီးမဟုတ်ရင် ဘယ်သူလဲ" ဗစ်တိုးရီးယားအတွက် တရားမျှတမှုခရီး ဤတွင်ပြီးပြီလား (in en-US)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ ဧရာဝတီ (2019-12-23)။ ပြည်သူများ၏ ရှုတ်ချခြင်း ခံလိုက်ရသည့် ရဲတပ်ဖွဲ့ (in en-US)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ "Child-rape suspect appears in court" (in en-US)၊ The Myanmar Times၊ 5 July 2019။ 6 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 5 July 2019။
- ↑ RFA၊ သီဟထွန်း၊ (2020-12-10)။ နစ်နာမှုပြန်ကုစားဖို့ ရဲတပ်ဖွဲ့ကို ပြန်တရားစွဲတာလို့ ကိုအောင်ကြီးရှေ့နေပြော (in my)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ ဗစ်တိုးရီးယားအမှု ပထမဆုံးရုံးချိန်း စစစ်ပြီ (in my) (2019-07-15)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ "ဗစ်တိုးရီးယား အမှုအတွက် လူသက်သေ၊ ရုပ်ဝတ္ထုသက်သေများ" (in my)၊ BBC News မြန်မာ။
- ↑ ဗစ်တိုးရီးယားအမှု တရားစွဲဆိုခံရသူ ကိုအောင်ကြီးကို ရုံးထုတ်၊ ဇူလိုင် ၂၄ ရက်နေ့ ရုံးချိန်းရမန်ယူ (in en)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ RFA (2020-12-18)။ ရဲတပ်ဖွဲ့ကို တရားစွဲထားတဲ့ ကိုအောင်ကြီးရဲ့ နစ်နာမှု တရားရုံးက လက်ခံ (in my)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ Wisdom Hill ကျောင်း ဗစ်တိုးရီးယား အမှု - သမီးလေး အတွက် အမှန်တရားကို ဖော်ထုတ်ပေးဖို့ ဆရာမတောင်းဆို (in my) (2019-07-05)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ ဗစ်တိုးရီးယားနှင့် တရားဥပဒေစိုးမိုးရေးအပေါ် မေးခွန်းများ (in my)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ "ဗစ်တိုးရီးယား အမှု - ကလေးကို တရားရုံးမှာ ဘယ်လို စစ်မလဲ" (in my)၊ BBC News မြန်မာ။
- ↑ Myanmar Now (0001-11-30)။ ဗစ်တိုးရီးယားကိုယ်တိုင်ထွက်ဆိုသည့်တရားခွင် (in en-US)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ ရဲသတင်းစာရှင်းလင်းမှု ဥပဒေနဲ့ မညီဟု ဝေဖန်ခံရ (in my) (2019-12-19)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ မှုခင်းရဲတပ်ဖွဲ့အရာရှိသုံးဦးကို တရားစွဲဖို့ သမ္မတထံလျှောက်ထား (in my) (2020-01-15)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ ဧရာဝတီ (2019-12-27)။ ရဲတပ်ဖွဲ့တာဝန်ရှိသူများကို တရားစွဲရန် စာရေးဆရာ ထင်လင်းဦးအား ကိုယ်စားလှယ် လွှဲအပ် (in en-US)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ ဧရာဝတီ (2020-01-02)။ ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူများကို တရားစွဲရန် ပြင်ဆင်နေ (in en-US)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Now (0001-11-30)။ ကိုအောင်ကြီး၏ ရှေ့နေကို ကျပ်သိန်း ၁၀၀ ဖြင့်အာမခံပေး (in en-US)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ ဗစ်တိုးရီးယားမိသားစုပါ ၆ ဦးကို ကျောင်းကြီးကြပ်ရေးမှူးကဖွင့်သည့်အမှု ရဲပိတ်သိမ်း (in en-US) (0001-11-30)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Now (0001-11-30)။ ကျပ်သိန်း ၅၀၀၀ ရလိုကြောင်း တရားစွဲဆိုမှုအတွက် ရဲချုပ်ကို တရားရုံးဆင့်ခေါ်မည် (in en-US)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Now (0001-11-30)။ သိန်း ၅၀၀၀ ရလိုကြောင်း တရားစွဲဆိုခံရမှု ညှိနှိုင်းရန်မရှိဟု ရဲတပ်ဖွဲ့အကြောင်းပြန် (in en-US)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ "Protesters in Myanmar demand justice after 2-year-old raped" (in en)၊ The Washington Post၊ 6 July 2019။ 6 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 6 July 2019။
- ↑ "Protesters in Myanmar demand justice after 2-year-old was allegedly raped"၊ The Japan Times၊ 6 July 2019။ 6 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 6 July 2019။
- ↑ "Thousands protest amid outcry over Myanmar child-rape case"၊ CNA၊ 6 July 2019။ 6 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 6 July 2019။
- ↑ Wisdom Hill မူကြိုကျောင်းသူအမှု အမှုမှန်ပေါ်ရေးနှင့် သက်ငယ်မုဒိမ်း ပပျောက်ရေး တောင်ကြီး တွင် ဆန္ဒပြ (in en)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ DVB TV News (2019-07-07)။ DVB - ပြည်မြို့မှာ ဗစ်တိုးရီးယားအတွက် ရာချီပြီးဆန္ဒပြ။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ Victoria အမှု တရားမျှတမှုရှိစေရေး တောင်ငူမြို့နေပြည်သူ အင်အား ၃၀၀ ခန့်ဖြင့် စုပေါင်း ဆန္ဒထုတ်ဖော် (in my)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ပေါက်ရေး မန္တလေးတွင် ဆန္ဒပြ (in en)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးနှင့် ပတ်သက်၍ မကွေး၊ ပုသိမ်၊ ဘားအံ၊ လားရှိုးနှင့် ပခုက္ကူမြို့တွင် ဆန္ဒထုတ်ဖော် (in my)။ 2026-04-15 တွင် ပြန်စစ်ပြီး။
- ↑ "Myanmar shuts nurseries, makes arrest in rape of 2-year-old" (in en-US)၊ Straits Times၊ 4 July 2019။
- ↑ "Govt Pledges Truth will be Revealed in Toddler Rape Case" (in en-US)၊ The Irrawaddy၊ 2 July 2019။