နိုင်ငံရေးစပက်ထရမ်

ဝီကီပီးဒီးယား မှ

နိုင်ငံရေး စပက်ထရမ် (အင်္ဂလိပ်: Political Spectrum) ဆိုသည်မှာ နိုင်ငံရေးအမြင်များကို ခန့်မှန်းခြေတိုင်းတာသော တိုင်းတာမှုစနစ်တစ်မျိုးဖြစ်သည်။ ထိုသို့တိုင်းတာရာတွင် ကိုဩဒိနိတ်ဝင်ရိုးများဖြင့် နိုင်ငံရေးဝါဒများကို ကိုယ်စားပြု၍တိုင်းတာသည်။[၁] ထိုတိုင်းတာမှုစနစ်ကို နိုင်ငံရေး ‌အရပ်မျက်နှာ (Political Compass) နှင့် နိုင်ငံရေးမြေပုံ (Political Map) ဟူသောအခေါ်အဝေါ်များနှင့်လည်း ရည်ညွှန်းလေ့ရှိသည်။[၂][၃][၄][၅]

ထိုတိုင်းတာမှုစနစ်အများစုတွင် လက်ဝဲနှင့်လက်ယာနှစ်ဖက်ကိုအခြေခံပြီး ပြင်သစ်နိုင်ငံတော်လှန်ရေးကာလပြီးနောက် လွှတ်တော်အတွင်း နေရာထိုင်ပုံအစီအစဉ်ကို မှီ၍ဖြစ်ပေါ်လာသည်ဟုဆိုကြသည်။[၆] ယခုခေတ်နိုင်ငံရေးလောကတွင် ယေဘုယအားဖြင့် ကွန်မြူနစ်ဝါဒ နှင့် ဆိုရှယ်လစ်ဝါဒတို့ကို လက်ဝဲဘက်၌ထားရှိပြီး ကွန်ဆာဗေးတစ်ဝါဒ နှင့် ဖက်ဆစ်ဝါဒတို့ကို လက်ယာဘက်၌ထားရှိထားသည်။[၁] လက်ဝဲ၊ လက်ယာဘက်တို့၌မတည်ဘဲ အလယ်၌ရှိနေခြင်းကို အလယ်အလတ်ဝါဒ (Centrism) ဟုခေါ်ဆိုသည်။ လစ်ဘရယ်ဝါဒ တွင်မူ လူမှုလစ်ဘရယ်ဝါဒ (Social Liberalism) ကို လက်ဝဲဘက်၌ ထားရှိပြီး ကွန်ဆာဗေးတစ်လစ်ဘရယ်ဝါဒ (Conservative Liberalism) သို့မဟုတ် ကလက်ဆီကယ်လစ်ဘရယ်ဝါဒ (Classical Liberalism) ကို လက်ယာဘက်၌ထားရှိသည်။[၇][၈]

နိုင်ငံရေးစပက်ထရမ်တွင် အဓိကအားဖြင့်ဝင်ရိုးနှစ်ခုရှိရာ ပထမဝင်ရိုးမှာ စီးပွားရေးနည်းအရ လက်ဝဲမှလက်ယာ (Economic Left- Right) ဟူ၍ဖြစ်ရာ ဒုတိယဝင်ရိုးမှာ လူမှုနည်းအရ အာဏာရှင်မှလွတ်လပ်ခြင်း (Authority-Liberty) ဟူ၍ဖြစ်ကြသည်။[၁][၉] သို့သော်နိုင်ငံရေးသိပ္ပံပညာရှင်များကမူ ထိုတိုင်းတာမှုစနစ်ကို ရိုးရှင်းလွန်းကြောင်းနှင့် အခြားနိုင်ငံရေးဝါဒများလည်းပါဝင်သင့်ကြောင်း ဝေဖန်ကြသည်။[၁၀]

အခေါ်အဝေါ်သမိုင်းကြောင်းနှင့်ပြောင်းလဲလာမှု[ပြင်ဆင်ရန်]

လက်ဝဲ နှင့် လက်ယာ အခေါ်အဝေါ်များသည် ပြင်သစ်နိုင်ငံတော်လှန်ရေးဖြစ်ခဲ့ပြီးနောက် လွှတ်တော်အတွင်းနေရာထိုင်ပုံမှ ဖြစ်ပေါ်လာခဲ့သည်။ လွှတ်တော်နာယကဖက်မှ ကြည့်ရှုသောအခါ အရစ်စတိုကရေစီ သို့မဟုတ် ဘုရင်စနစ်နှင့် ခရစ်ယာန်ရေးဝါဒတို့ကို ထောက်ခံသူများသည် ညာဘက်အခြမ်းတွင်ထိုင်ခဲ့ကြပြီး ရီပတ်ပလစ်ကန်ဝါဒ၊ ပြည်သူ့လွတ်လပ်ရေးဝါဒ နှင့် ဘာသာရေးလွပ်လပ်ခွင့်ဝါဒ (secularism) တို့ကိုထောက်ခံသူများသည် ဘယ်ဘက်အခြမ်း၌ထိုင်ခဲ့ကြသည်။[၆] ထို့အပြင် အရင်းရှင်များနှင့် ဘူဇွာများကိုလည်း လက်ဝဲဘက်အခြမ်းတွင် တွေ့ရသည်။ ထိုကာလ၌ အရင်းရှင်တို့သည် ဈေးကွက်လွတ်လပ်ခြင်းကို ထောက်ပံ့ခဲ့ကြသည်။ တော်လှန်ရေးကာလအတွင်းတွင် အနိမ့်လူတန်းစားများသည် ဘုရင်စနစ်ကိုတော်လှန်လိုသည့်အတွက် လက်ဝဲဘက်ကိုဝင်ရောက်ခဲ့ကြသည်။

အရင်းရှင်စနစ်တဖြည်းဖြည်းကြီးမားလာသောအခါ ဘုရင်စနစ်ကိုဖယ်ချနိုင်ခဲ့လေသည်။ သို့သော်အရင်းရှင်တို့သည် မူလလက်ဝဲဘက်ဝါဒများမှသွေဖည်လာခဲ့ရာ ဘုရင်စနစ်နေရာကိုအစားထိုးသကဲ့သို့ ဖြစ်လာခဲ့လေသည်။ "Laissez-faire" ခေါ်လွတ်လပ်သောဈေးကွက်စနစ်ကိုလည်း ကျင့်သုံးခြင်းမရှိတော့ပေ။ သို့ဖြစ်ရာအရင်းရှင်စနစ်သည် ‌လက်ဝဲမှလက်ယာဘက်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့အပြင် ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့တွင် ဆိုရှုယ်လစ်စနစ်ဟုဆိုသော်လည်း အာဏာဖြင့်အုပ်ချုပ်ခဲ့သောကြောင့် လက်ဝဲအာဏာရှင်စနစ် (Authoritarian-left) ကဲ့သို့ဖြစ်ခဲ့သည်။

လေ့လာရေးဆွဲမှုများ[ပြင်ဆင်ရန်]

နိုင်ငံရေးသိပ္ပံပညာရှင်များသည် နိုင်ငံရေးစပက်ထရမ်ကို မည်သို့ရေးဆွဲရမည် ကိုလေ့လာစမ်းသပ်ခဲ့ကြသည်။

လီယိုနတ် ဖာဂူဆန်[ပြင်ဆင်ရန်]

၁၉၅၀ ခုနှစ်တွင် လီယိုနတ် ဖာဂူဆန် (Leonard W. Ferguson) သည် အောက်ပါ ၁၀ ချက်များကိုအခြေခံ၍ နိုင်ငံ‌ရေးစပက်ထရမ်ကို‌ ရေးဆွဲခဲ့သည်။

ထိုသို့ရေးဆွဲရာတွင် ဖာဂူဆန်သည် အဓိကဝင်ရိုးသုံးခုကို ထုတ်လုပ်နိုင်ခဲ့သည်။ ယင်းတို့မှာ ဘာသာရေးဝါဒ (religionism)၊ လူသားဆန်မှု (humanitarianism) နှင့် အမျိုးသားရေးဝါဒတို့ဖြစ်ကြသည်။ ဘာသာရေးဝါဒတွင် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်နှင့် သန္ဓေတားဆီးခြင်းကို ကန့်ကွက်ခြင်း၊ လူသားဆန်မှုဝါဒတွင် စစ်ပွဲများနှင့် ကြီးမားသောပြစ်ဒဏ်ပေးခြင်းကို ကန့်ကွက်ခြင်းနှင့် အမျိုးသားရေးဝါဒတွင် ဆင်ဆာလုပ်ခြင်း၊ ဥပဒေရေးစသည်တို့အပေါ်ထင်မြင်ချက်များ ဟူ၍ဖော်ပြခဲ့သည်။

ဖာဂူဆန်၏တိုင်းတာမှုစနစ်သည် သီအိုရီနှင့်မတွက်ထုတ်ဘဲ လက်တွေ့ဘဝမှတွက်ယူခဲ့သောကြောင့် တိုင်းတာရာတွင် ကွဲလွဲမှုရှိနိုင်သောကြောင့် သတိပြုရန်လိုအပ်သည်။[၁၁] အမျိုးသားရေးဝါဒအချက်ကို တိကျစွာမတိုင်းတာနိုင်သော်လည်း ကျန်သောအချက်များကိုမူ ‌တိုင်းတာ၍ရနိုင်သည်။[၁၂][၁၃]

ဟန်စ် အိုင်းဇန့်(ခ်)[ပြင်ဆင်ရန်]

ဟန်စ် အိုင်းဇန့်ခ် အမြင်အရရေးဆွဲထားသော နိုင်ငံရေးစပက်ထရမ်

စိတ်ပညာရှင် ဟန်စ် အိုင်းဇန့်(ခ်) (Hans Eysenck) သည် ဗြိတိသျှနယ်မြေအတွင်း နိုင်ငံရေးသဘောထားများကို လေ့လာခဲ့သည်။ သူသည် လက်ဝဲလက်ယာနှစ်ဖက် ဆန့်ကျင်ဖက်ဖြစ်သော ကွန်မြူနစ်ဝါဒနှင့်နာဇီဝါဒတို့တွင် တူညီမှုများရှိနိုင်သည်ဟု ယုံကြည်ခဲ့သည်။ သူ၏ "Sense and Nonsense in Psychology" စာအုပ်တွင်[၁၄] လူအများအား သတင်းစာတို့တွင်တွေ့ရသော နိုင်ငံရေးအကြောင်းအရာများကို သဘောတူကြောင်းမတူကြောင်းတို့ကိုဖော်ပြစေခဲ့သည်။ ထိုသို့တွက်ယူရာမှ အိုင်းဇန့်(ခ်)သည် "Radicalism" (R-factor) နှင့် "Though/Tender-Mindedness" (T-factor) ဟူသောအချက်နှစ်ချက်ကို ဖော်ထုတ်နိုင်ခဲ့ပေသည်။ အိုင်းဇန့်(ခ်)၏ R-factor ဝင်ရိုးသည် လက်ဝဲ-လက်ယာဝင်ရိုးနှင့်ဆင်တူပြီး T-factor ဝင်ရိုးသည် ဥပဒေတင်းကျပ်မှု-လွတ်လပ်မှုဝင်ရိုးနှင့်ဆင်တူသည်။

အိုင်းဇန့်(ခ်)၏တွက်ယူမှုသည် ဖာဂူဆန်၏တွက်ယူမှုနှင့်လည်းဆင်တူသည်။ အိုင်းဇန့်(ခ်)၏ ဝင်ရိုးများကို ၄၅ ဒီဂရီခန့်တိမ်းစောင်းလိုက်ပါလျှင် ဖာဂူဆန်၏သတ်မှတ်ချက်များကိုရရှိနိုင်သည်။[၁၅] ဂျာမနီနိုင်ငံဆွီဒင်နိုင်ငံ[၁၆]ပြင်သစ်နိုင်ငံ[၁၅] နှင့် ဂျပန်နိုင်ငံ[၁၇] တို့တွင်နိုင်ငံရေးအမြင်များကို တိုင်းတာသောအခါ အိုင်ဇန့်(ခ်)၏ နည်းဖြင့်တိုင်းတာကြသည်။

အိုင်းဇန့်(ခ်)၏ နိုင်ငံရေးအမြင်နှင့် သူ၏ သုတေသန[ပြင်ဆင်ရန်]

အိုင်းဇန့်(ခ်)သည် နာဇီဝါဒနှင့် ကွန်မြူနစ်ဝါဒတို့တွင် တင်းကျပ်မှုရှိသောကြောင့် ထိုဝါဒနှစ်ခုကိုချိတ်ဆက်နိုင်သည်ဟုယုံကြည်သည်။[၁၅] သူသည် နာဇီဂျာမနီမှထွက်ခွာခဲ့ပြီး အင်္ဂလန်နိုင်ငံ၌နေထိုင်ခဲ့သည်။ အာဏာရှင်စနစ်ကိုမနှစ်သက်ရာ စတာလင်ဝါဒ (Stalinism) နှင့် အရှေ့ဂျာမနီအစိုးရတို့အ‌ကြောင်းကိုဝေဖန်ခဲ့သည်။[၁၈] အမျိုးသားရေးဝါဒကိုမလိုလားသော်လည်း သူသည်အင်္ဂလိပ်အမျိုးသားပါတီ (National Party (UK)) ကိုထောက်ပံ့မှုများရှိခဲ့ရာ သူ့အားအင်တာဗျူးတွင် ထိုသို့သောအငြင်းပွားဖွယ်အမြင်များကို မေးမြန်းခဲ့ကြသည်။[၁၉][၂၀][၂၁] သို့ဖြစ်ရာသူ၏နိုင်ငံရေးသုတေသနများကို အခြားသောပညာရှင်များက မေးခွန်းထုတ်လာခဲ့ကြသည်။ အထူးသဖြင့် အာရုံကြောပညာရှင် စတီဖင် ရို့(စ်) (Stephen Rose) သည် အိုင်းဇန့်(ခ်)အား သူ၏သုတေသနပြုလုပ်ရာတွင် သူ၏နိုင်ငံရေးအမြင်များကို ထည့်သွင်းထားနိုင်ကြောင်းစွပ်စွဲခဲ့သည်။[၂၂][၂၃]

ဝေဖန်မှုများ[ပြင်ဆင်ရန်]

အိုင်းဇန့်(ခ်)၏နိုင်ငံရေးစပက်ထရမ်ကို အောက်ပါအချက်များဖြင့်ဝေဖန်ခဲ့ကြသည်။

  • T-factor ဝင်ရိုးတွင် နိုင်ငံရေးအမြင်များ ထည့်သွင်းရန်ခက်ခဲခြင်း
  • အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ်ကို ထိုနည်းအရ နှိုင်းယှဉ်ရန်ခက်ခဲ့သည့်အပြင် လက်ဝဲအာဏာရှင်စနစ်ကို အများစုကလက်မခံနိုင်ကြခြင်း[၂၄]
  • သူ၏သုတေသနပြုလုပ်ရာတွင် စိတ်ပိုင်းဆိုင်ရာအချက်အလက်များဖြင့်သာပြုလုပ်ထားရာ မဝေခွဲနိုင်သောအဖြေများသာရနိုင်ခြင်း[၂၅]
  • သူသည် ကွန်မြူနစ်နှင့် နာဇီဝါဒတို့ကို အလွန်ပြင်းထန်သည်ဟုယူဆထားခြင်း[၂၆]
  • သူ၏သုတေသနကို စစ်တမ်းကောက်ခြင်းဖြင့်သာ ပြုလုပ်ထားခဲ့ရာ ထိုစပက်ထရမ်နှင့်တွက်ယူပါက လက်ဝဲနှင့်လက်ယာ နိုင်ငံရေးနေရာကိုတိကျစွာမပေးစွမ်းနိုင်ခြင်း[၂၇][၂၈][၂၉]

မီလ်တွန် ရိုကိ(ရှ်)[ပြင်ဆင်ရန်]

၁၉၇၃ ခုနှစ်တွင် မီလ်တွန် ရိုကိ(ရှ်) (Milton Rokeach) သည် အိုင်းဇန့်(ခ်)၏တိုင်းတာမှုစနစ်ကို အားမရဖြစ်ကာ မိမိကိုယ်ပိုင်တိုင်းတာမှုစနစ်ကို ပြုလုပ်ခဲ့သည်။ သူ၏ "The Nature of Human Values" စာအုပ်တွင် လွတ်လပ်မှုနှင့် တန်းတူညီမျှမှုတို့ကိုအခြေခံ၍ ရေးဆွဲထားကြောင်း ဖော်ပြထားသည်။[၃၀]

ရိုကိ(ရှ်)သည် လက်ဝဲဘက်သည် တန်းတူညီမျှမှုကို လက်ယာဘက်ထက် ပိုမိုအလေးပေးသည်ဟုဆိုခဲ့သည်။ အိုင်းဇန့်(ခ်)၏သုတေသနကိုဝေဖန်ခဲ့သော်လည်း နာဇီနှင့်ကွန်မြူနစ်တို့တွင် တူညီချက်ရှိကြောင်းဖော်ထုတ်ခဲ့သည်။ ထိုတူညီချက်မှာ လွတ်လပ်မှုကို ဆိုရှုယ်ဒီမိုကရေစီ၊ ဒီမိုကရက်တစ်ဆိုရှုယ်လစ် နှင့် အရင်းရှင်တို့လောက် အလေးပေးမှုမရှိခြင်းဖြစ်သည်။[၃၀]

ရိုကိ(ရှ်)သည် သူ၏စနစ်ကိုပြုလုပ်ရာတွင်ဦးစွာ ဟစ်တလာ၏ နာဇီဝါဒ၊ လီနင်၏ ကွန်မြူနစ်ဝါဒ၊ ဘေရီ ဂိုးဝါးတား (Barry Goldwater) ၏ အရင်းရှင်ဝါဒနှင့် ဆိုရှုယ်လစ်စာရေးဆရာတို့၏ ဆိုရှုယ်လစ်ဝါဒ စသောနိုင်ငံ‌ရေးဝါဒစာအုပ်များကို လေ့လာစိစစ်ခဲ့သည်။ ထို့နောက်အပြင်လူများကို ထိုစာအုပ်၌ပါဝင်သော "လွတ်လပ်ခြင်း" နှင့် "ညီညွတ်မှု"တို့နှင့်သက်ဆိုင်သည့်စကာလုံးများကို အကြိမ်ရေတွက်စေ၍ အဆင့်သတ်မှတ်ချက်ကိုပေးစေခဲ့သည်။ ထို့နောက်ရိုကိ(ရှ်)သည် ထိုအဖြေများကို စိစစ်ခဲ့ပြီးအောက်ပါအတိုင်း သတ်မှတ်ခဲ့သည်။

  • ဆိုရှယ်လစ်သမားများ (ဆိုရှယ်လစ်ဝါဒ)- လွတ်လပ်မှုအဆင့် ၁၊ ညီညွတ်မှုအဆင့် ၂
  • ဟစ်တလာ (နာဇီဝါဒ)- လွတ်လပ်မှုအဆင့် ၁၆၊ ညီညွတ်မှုအဆင့် ၁၇
  • ဂိုးဝါးတား (အရင်းရှင်ဝါဒ)- လွတ်လပ်မှုအဆင့် ၁၊ ညီညွတ်မှုအဆင့် ၁၆
  • လီနင် (ကွန်မြူနစ်ဝါဒ)- လွတ်လပ်မှုအဆင့် ၁၇၊ ညီညွတ်မှုအဆင့် ၁

အမေရိကန်နိုင်ငံရေးစပက်ထရမ်ကို ပြုလုပ်ရာတွင်လည်း ထိုနည်းစနစ်ကို အသုံးပြုကြသည်။[၃၁][၃၂]

ဟန်စ် အိုင်းဇန့်(ခ်) (ဒုတိယအကြိမ်)[ပြင်ဆင်ရန်]

နောက်ပိုင်းတွင် ဟန်စ် အိုင်းဇန့်(ခ်)သည် မိမိ၏တိုင်းတာမှုစနစ်ကိုပြန်လည်ပြင်ဆင်လိုခဲ့သည်။[၃၃] ထိုသို့ပြင်ဆင်ရာတွင် သူသည်စီပွားရေးဆိုင်ရာ အချက်များကိုထည့်သွင်းခဲ့သည်။ လက်ဝဲ-လက်ယာဝင်ရိုးအကြားတွင် "S-factor" ခေါ် ဆိုရှုယ်လစ်-အရင်းရှင်စနစ် ဝင်ရိုးကိုထည့်သွင်းခဲ့သည်။ ထို "S-factor" သည်"R-factor" နှင့် ကောင်းမွန်စွာချိတ်ဆက်နိုင်သည့်အပြင် လက်ဝဲ-လက်ယာနေရာကိုပါ ဖော်ပြနိုင်ခဲ့သည်။ "S-factor" သည်စီးပွားရေးဆိုင်ရာကို အလေးပေးပြီး "R-factor" သည် ဥပဒေရေးဆိုင်ရာတို့ကို အလေးပေးပါသည်။

ရောနယ် အင်ဂဲဟာ့(တ်)[ပြင်ဆင်ရန်]

ရောနယ် အင်ဂဲဟာ့(တ်) (Ronald F. Inglehart) သည် World Values Survey ဖြင့်ကမ္ဘာတစ်ဝန်းမှလူများအား မိမိနိုင်ငံအပေါ်ထင်မြင်ချက်များကို စစ်တမ်းကောက်ယူခဲ့သည်။ ထိုသို့ကောက်ယူခြင်းဖြင့် အင်ဂဲဟာ့(တ်)သည် ဝင်ရိုးနှစ်ခုကိုပြုလုပ်နိုင်ခဲ့သည်။ "ဘာသာရေးလွတ်လပ်ခွင့်-ရိုးရာဓလေ့ဝါဒ" (secularism-traditionalism) ဝင်ရိုးတွင် ဥပဒေလိုက်နာရေး၊ သန္ဓေတားဆီးရေး၊ တိုင်းပြည်မြတ်နိုးရေး စသည်တို့ပါဝင်ပြီး "ရပ်တည်ရခြင်း-လွတ်လပ်စွာပြောဆိုနိုင်ခြင်း" (survivalism-self expression) ဝင်ရိုးတွင် လူမျိုးကွာခြားမှုကိုလက်ခံခြင်း၊ လိင်တူစုံမက်ခြင်းအပေါ်အမြင်များ၊ နိုင်ငံရေးကိစ္စရပ်များတွင်ပါဝင်လိုခြင်း စသည်တို့ပါဝင်သည်။[၃၄]

အင်ဂဲဟာ့(တ်)၏ World Values Survey စစ်တမ်းအရ ရေးဆွဲထားသော နိုင်ငံရေးစပက်ထရမ်

ထိုစပက်ထရမ်နှင့် ပက်သက်၍ ၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ထုတ်လုပ်ခဲ့သော "The Economist" သတင်းစာတွင် ဆွေးနွေးခဲ့သည်။ ဒေါင်လိုက်ဝင်ရိုးတွင် ရိုးရာဓလေ့နှင့် ဘာသာရေးကိစ္စရပ်များကို ရေးဆွဲထားသည်။ ထိုဝင်ရိုး၏အောက်ဆုံးသည် ရေးရိုးစွဲခြင်းကိုကိုယ်စားပြုပြီး ထိပ်ဆုံးသည် ဘာသာရေးလွတ်လပ်ခွင့်ကို ကိုယ်စားပြုပါသည်။ ရေပြင်ညီဝင်ရိုးသည်လည်း ဘယ်ဘက်ဆုံး၌ ဥပဒေလိုက်နာရခြင်းကိုကိုယ်စားပြုပြီး ညာဘက်ဆုံး၌ လွတ်လပ်စွာဖော်ပြနိုင်ခြင်းကိုကိုယ်စားပြုပါသည်။ ထိုစပက်ထရမ်၌ နိုင်ငံများကိုထည့်သွင်းကြည့်သောအခါ ဥရောပနိုင်ငံများသည် ညာဘက်ထပ်၌လည်းကောင်း၊ အင်္ဂလိပ်စကားပြော‌သောနိုင်ငံများသည် ညာဘက်အလယ်၌ လည်းကောင်း၊ လက်တင်အမေရိကန်န်ိုင်ငံများသည် ညာဘက်အောက်၌လည်းကောင်း၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် တောင်အာရှနိုင်ငံများသည် ဘယ်ဘက်အောက်၌လည်းကောင်း၊ ကွန်မြူနစ်နိုင်ငံဟောင်းများသည် ဘယ်ဘက်အပေါ်၌လည်းကောင်း အသီးသီးတည်ရှိကြသည်။

အခြားသောရေးဆွဲမှုများ[ပြင်ဆင်ရန်]

ဂရင်းဘတ်နှင့်ဂျိုနက်စ်[ပြင်ဆင်ရန်]

၂၀၀၃ ခုနှစ်တွင်ထုတ်လုပ်ခဲ့သော "Psychological Bulletin" ဂျာနယ်တွင် ဂျက်ဖ် ဂရင်းဘတ် (Jeff Greenberg) နှင့် အီဗာ ဂျိုနက်စ် (Eva Jonas) တို့သည် လက်ဝဲ-လက်ယာဝင်ရိုးနှင့် "Ideological rigidity" ခေါ် ဝါဒခိုင်မာမှုဟူ‌သော ဝင်ရိုးနှစ်ခုပါရှိသော စပက်ထရမ်ကိုရေးဆွဲခဲ့သည်။ သူတို့၏အဆိုအရ ဝါဒခိုင်မာမှုသည် ခေါင်းဆောင်များအားလိုက်နာမှု၊ အမျိုးသားရေးဝါဒ၊ အတိုက်အခံမလိုလားမှု စသည်တို့နှင့်ဆက်နွယ်သည်။ ထိုဝါဒခိုင်မာမှုမြင့်နေပါက အစိုးရသည်အစွန်းရောက်ဝါဒကို ကျင့်သုံးသည်ဟုဆိုနိုင်သည်။[၃၅]

ပေါ်နဲလ်၏ဇယား[ပြင်ဆင်ရန်]

၁၉၆၃ ခုနှစ်တွင် ဂျယ်ရီ ပေါ်နဲလ် (Jerry Pournelle) သည် နိုင်ငံရေးသိပ္ပံဘာသာ ပါရဂူဘွဲ့အတွက်ကျမ်းပြုစုရာ ဝင်ရိုးနှစ်ခုပါရှိသောစပက်ထရမ်ကို ရေးဆွဲခဲ့သည်။ ရေပြင်ညီဝင်ရိုးသည် "statism" ခေါ် အစိုးရအာဏာအပေါ်ထင်မြင်ချက်ကို တိုင်းတာသည်။ ညာဘက်အဆုံးသည် "state worship" ခေါ် အစိုးရကိုလုံးဝလိုက်နာခြင်းဖြစ်ပြီး ဘယ်ဖက်အဆုံးသည် "individualism" ခေါ် တစ်ဦးတည်းဝါဒ ဖြစ်သည်။ ဒေါင်လိုက်ဝင်ရိုးသည် လူမှုတိုးတက်ရေးအပေါ်ထင်မြင်ချက်ကို ကိုယ်စားပြုသည်။ အပေါ်ပိုင်းသည် "rational" ခေါ် အခြားရိုးရာဓလေ့များကို လက်ခံနိုင်ခြင်းဖြစ်ပြီး အောက်ပိုင်းသည် "irrational" ခေါ် ရှေးရိုးစွဲအတိုင်းသာထားခြင်းဖြစ်သည်။

ပေါ်နဲလ်၏ဇယား

နိုလန်၏ဇယား[ပြင်ဆင်ရန်]

၁၉၆၉ ခုနှစ်တွင် ဒေးဗစ် နိုလန် (David Nolan) သည် မိမိကိုယ်ပိုင်စပက်ထရမ်ကို ရေးဆွဲခဲ့သည်။ ထိုစပက်ထရမ်၏ ဝင်ရိုးနှစ်ခုသည် ပြည်သူလွတ်လပ်မှုနှင့် စီးပွားရေးလွတ်လပ်မှု ဟူ၍ဖြစ်ကြသည်။ လက်ဝဲနိုင်ငံရေးသမားများသည် ဘယ်ဘက်၌လည်းကောင်း၊ လစ်ဘရယ်များသည် ထိပ်၌လည်းကောင်း၊ လက်ယာနိုင်ငံရေးသမားများသည် ညာဘက်၌လည်းကောင်း၊ အာဏာရှင်များသည် အောက်၌လည်းကောင်း အသီးသီးတည်ရှိကြသည်။ ထို့အပြင် အလယ်အလတ်သမားများကိုလည်း အလယ်၌ပင်ထည့်သွင်းထားသည်။

နိုလန်၏ဇယား

မစ်ရှဲလ်၏တိုင်းပြည်အုပ်ချုပ်မှုရှစ်ရပ်[ပြင်ဆင်ရန်]

၂၀၀၆ ခုနှစ်တွင် နိုင်ငံရေးသီအိုရီပညာရှင် ဘရိုင်ယန် ပက်ထရစ် မစ်ရှဲလ် (Brian Patrick Mitchell) သည် အင်္ဂလိပ်-အမေရိကန်သမိုင်းကိုလေ့လာကာ "kratos" ခေါ် အာဏာအသုံးချမှုနှင့် "archy" ခေါ် အဆင့်ခွဲခြားမှုတို့ကို အခြေခံ၍ နိုင်ငံရေးအမြင်လေးရပ်ကိုထုတ်ဖော်နိုင်ခဲ့သည်။[၃၆] ယင်းတို့မှာ

  • ရီပတ်ဗလစ်ကန် ဥပဒေရေးဝါဒ (Republican constitutionalism) = pro archy, anti kratos
  • လစ်ဘရယ် တစ်ကိုယ်တည်းဝါဒ (Libertarian individualism) = anti archy, anti kratos
  • ဒီမိုကရက်တစ် တိုးတက်ရေးဝါဒ (Democratic progressivism) = anti archy, pro kratos
  • ပလူတိုကရက်တစ် အမျိုးသားရေးဝါဒ (Plutocratic nationalism) = pro archy, pro kratos

မစ်ရှဲလ်သည် ထိုအမြင်များကို ဒေါင်လိုက်ဝင်ရိုး "kratos-akrateia" (အာဏာသုံးမှု-မသုံးမှု) နှင့် ရေပြင်ညီဝင်ရိုး "archy-anarchy" (အဆင့်ခွဲမှု-မခွဲမှု) တို့တွင်ထည့်သွင်းခဲ့သည်။ ဒီမိုကရက်တစ် တိုးတက်ရေးဝါဒကို ဘယ်ဖက်အောက်၌လည်းကောင်း၊ ပလူတိုကရက်တစ် အမျိုးသားရေးဝါဒကို ညာဘက်အောက်၌လည်းကောင်း၊ ရီပတ်ဗလစ်ကန် ဥပဒေရေးဝါဒကို ညာဘက်အပေါ်၌လည်းကောင်း၊ လစ်ဘရယ် တစ်ကိုယ်တည်းဝါဒကို ဘယ်ဖက်အပေါ်၌လည်းကောင်း ထားခဲ့သည်။ သို့ဖြစ်ရာ လက်ဝဲလက်ယာကွာခြားမှုသည် အဆင့်ခွဲခြားခြင်းကို လက်မခံခြင်း၊ ခံခြင်းအပေါ်မူတည်၍ ခွဲခြားနိုင်သည်။

မစ်ရှဲလ်၏ အမေရိကန်နိုင်ငံရေးအမြင်ပြဇယား

မစ်ရှဲလ်သည် ထိုနိုင်ငံရေးအမြင်လေးရပ်ကိုအခြေခံ၍ နိုင်ငံရေးဝါဒရှစ်မျိုးကို ထပ်မံခွဲခြားခဲ့သည်။ တိုတက်ရေးဝါဒ (Progressivism)၊ တစ်ဦးတည်းဝါဒ (Individualism)၊ ရှေးရိုးကွန်ဆာဗေးတစ်ဝါဒ (Paleoconservative) နှင့် ခေတ်သစ်ကွန်ဆာ‌ဗေးတစ်ဝါဒ (Neoconservative) တို့သည် ထိုအမြင်လေးရပ်နှင့်ကိုက်ညီပြီး ရှေးလစ်ဘရယ်ဝါဒ (Paleolibertarianism)၊ ဘာသာရေးကွန်ဆာဗေးတစ်ဝါဒ (Theoconservatism)၊ လူအစုဝါဒ (Communitarianism)၊ အစွန်းရောက်ဝါဒ (Radicalism) တို့သည် ထိုအမြင်တို့ကြား၌ထည့်သွင်းနိုင်သည်။

Mitchell's Eight Ways

အကွက်ချစနစ်[ပြင်ဆင်ရန်]

"Spatial Model" ခေါ် အကွက်ချစနစ်တွင် မဲပေးသူများသည် နိုင်ငံရေးပြဿနာများ[၃၇][၃၈]၊ သေးငယ်သောပြဿနာရပ်များ[၃၉] နှင့် ပြိုင်ပွဲကိုယ်စားလှယ်များ၏အမြင်တို့ကို[၄၀] စိစစ်‌၍မဲပေးကြသည်။ ထိုသို့မဲပေးရာတွင် စီးပွားရေးအမြင်၊ အဂတိလိုက်စားမှု၊ ကျန်းမာရေးတန်ဖိုးထားမှု စသောအချက်များစွာတို့တွင် ထိုကိုယ်စားလှယ်သည် မည်သို့သောအချက်တွင် မည်သို့ရှိသည်ကို နေရာချမဲပေးကြသည်။[၃၇]

သို့ဖြစ်ရာ ဤဆောင်းပါး၌ပါဝင်သော စပက်ထရမ်အများစုသည် ထိုအချက်အလက်များစွာပါဝင်သည့် စနစ်ကိုအကျဉ်းချုပ်ထားခြင်းဟု ဆိုနိုင်သည်။ ဂျာမနီနိုင်ငံအတွင်းလေ့လာချက်အရ နိုင်ငံရေးပါတီများကို စပက်ထရမ်နှင့်တိုင်းတာလိုလျှင် အနည်းဆုံးအချက်အလက်လေးချက် ပါဝင်ရမည်ဟုဆိုထားသည်။[၄၁]

အခြားအကြံ‌ပေးထားသောပုံစံများ[ပြင်ဆင်ရန်]

ထိုပုံစံတွင် ရေပြင်ညီဖြစ်သော လက်ဝဲ-လက်ယာဝင်ရိုး (socio-economic; left-right) ပါဝင်ပြီး ဒေါင်လိုက်ဖြစ်သော အာဏာရှင်-လွတ်လပ်မှုဝင်ရိုး (socio-cultural; authoritarian-libertarian) ပါဝင်သည်။ လေးစိတ်ပိုင်းတစ်ပိုင်းစီကို နိုင်ငံရေးအရောင်များဖြင်ကိုယ်စားပြုသည်။ ယင်းစနစ်သည် အသုံးအများဆုံးသော တိုင်းတာမှုစနစ်ဖြစ်သည်။[၄၂][၄၃][၄၄] ("The Political Compass" လည်းရှု)
ဝင်ရိုးသုံးခုပါရှိသော အသင့်တင့်နှင့်အစွန်းရောက်ဝါဒများပါဝင်သည့် နိုင်ငံ‌ရေးစပက်ထရမ်
စီးပွားရေးအမြင်အရ ရေးဆွဲထားသော နိုင်ငံရေးစပက်ထရမ်

အခြားအကြံပေးထားသောဝါဒဝင်ရိုးများမှာ အောက်ပါအတိုင်းဖြစ်ကြသည်။

  • လူအစုဝါဒ-တစ်ဦးတည်းဝါဒ (communitarianism vs. individualism)။ တစ်ခါတစ်ရံတွင် အာဏာရှင်-လွတ်လပ်ရေး (totalitarianism vs. libertarianism) ဟူ၍လည်း ရည်ညွှန်းနိုင်သည်။[၄၅]
  • ပဋိပက္ခဖြေရှင်းနိုင်မှု- လက်ဝဲဘက်သည် ပြဿနာများကို ‌တိုက်ရိုက်ဖြေရှင်းခြင်း၊ အလယ်ဖက်သည် ညှိနှိုင်းခြင်းဖြင့်ဖြေရှင်းခြင်း၊ ညာဘက်သည် အကြမ်းဖက်နည်းဖြင့်ဖြေရှင်းခြင်းတို့ဖြစ်ကြသည်။[၄၆]
  • ဘာသာ‌‌စွဲအစိုးရ-ဘာသာရေးကင်းသောအစိုးရ (clericalism vs. anti-clericalism)။ ယင်းဝင်ရိုးကို အမေရိကနိုင်ငံနှင့် ဥရောပနိုင်ငံများ၏ နိုင်ငံရေးတွင်တွေ့ရသည်။
  • မြို့ပြအရပ်-ကျေးလက်အရပ် (urban vs. rural)။ ယင်းဝင်ရိုးသည် ဥရောပနိုင်ငံများ၊ ဩစတြေးလျနိုင်ငံနှင့် ကနေဒါနိုင်ငံရေးတွင် အရေးပါသည်။
  • အခြားနိုင်ငံ၏ကိစ္စတွင် ဝင်ရောက်စွက်ဖက်မှု-မစွက်ဖက်မှု (nterventionism vs. non-interventionism)
  • အခြားနိုင်ငံများဖြင့်ပေါင်းစည်းမှု-တစ်နိုင်ငံတည်းရပ်တည်မှု (multilateralism vs. isolationism/unilateralism)
  • အနုနည်း-အကြမ်းဖက် (pacifism vs. militancy)။ အမေရိကန်နိုင်ငံတွင် ထိုဝင်ရိုးကို "ခို-သိမ်းငှက်" ဟူ၍တင်စားပါသည်။
  • လွတ်လပ်စွာ ရောင်းဝယ်လဲလှယ်နိုင်မှု-ထိန်းချုပ်ထားသောရောင်းဝယ်လဲလှယ်မှု (free trade vs. fair trade)
  • လူမျိုး‌ပေါင်းစုံဝါဒ-လူမျိုးဆွဲဝါဒ (multiculturalism vs. nationalism)
  • အမြန်ပြောင်းလဲမှု၊ တိုးတက်မှု-ရှေးရိုးစွဲမှု၊ နောက်ပြန်‌ ပြောင်းမှု (radical, progressive vs. conservative, reactionary)
  • ပြည်ထောင်စုစနစ်-ဖက်ဒရယ်ပြည်ထောင်စုစနစ်-ဒေသမှခွဲ‌ခြားမှုစနစ် (unionism vs. federalism vs. separatism)

ကိုးကားချက်များ[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Heywood၊ Andrew (2017)။ Political Ideologies: An Introduction (6th ed.)။ Basingstoke: Macmillan International Higher Education။ pp. 14–17။ ISBN 9781137606044OCLC 988218349
  2. Petrik, Andreas (2010-12-03). "Core Concept "Political Compass". How Kitschelt's Model of Liberal, Socialist, Libertarian and Conservative Orientations Can Fill the Ideology Gap in Civic Education" (in en). JSSE – Journal of Social Science Education: 4–2010: Social Science Literacy I: In Search for Basic Competences and Basic Concepts for Testing and Diagnosing. doi:10.4119/jsse-541. 
  3. "Who is left, who is right?" (in en) (June 2005). Physica A: Statistical Mechanics and Its Applications 351 (2–4): 593–604. doi:10.1016/j.physa.2004.12.038. Bibcode2005PhyA..351..593S. 
  4. Lester, J. C. (September 1996). "The Political Compass and Why Libertarianism is not Right-Wing" (in en). Journal of Social Philosophy 27 (2): 176–186. doi:10.1111/j.1467-9833.1996.tb00245.x. ISSN 0047-2786. 
  5. Stapleton, Julia (October 1999). "Resisting the Centre at the Extremes: 'English' Liberalism in the Political Thought of Interwar Britain" (in en). The British Journal of Politics and International Relations 1 (3): 270–292. doi:10.1111/1467-856X.00016. ISSN 1369-1481. 
  6. ၆.၀ ၆.၁ Knapp, Andrew; Wright, Vincent (2006). "1 French political traditions in a changing context" (ebk). The Government and Politics of France (5 ed.). Taylor and Francis. ISBN 978-0-203-40260-3.
  7. Griffin၊ Roger (1995)။ Fascism။ Oxford University Press။ pp. 8, 307။ ISBN 978-0-19-289249-2
  8. Eatwell၊ Roger (2003)။ "A 'Spectral-Syncretic' Approach to Fascism"။ in Kallis၊ Aristotle A. (ed.)။ The fascism reader။ Routledge။ p. 71။ ISBN 978-0-415-24359-9
  9. Love၊ Nancy Sue (2006)။ Understanding Dogmas and Dreams (Second ed.)။ Washington, District of Columbia: CQ Press။ p. 16။ ISBN 9781483371115OCLC 893684473
  10. Fenna၊ Alan; Robbins၊ Jane; Summers၊ John (2013)။ Government Politics in Australia။ Robbins, Jane., Summers, John. (10th ed.)။ Melbourne: Pearson Higher Education AU။ pp. 126 f။ ISBN 9781486001385OCLC 1021804010
  11. SAS(R) 3.11 Users Guide, Multivariate Analysis: Factor Analysis
  12. Ferguson, L.W. (1941). "The Stability of the Primary Social Attitudes: I. Religionism and Humanitarianism". Journal of Psychology 12 (2): 283–8. doi:10.1080/00223980.1941.9917075. 
  13. Kirkpatrick, C. (1949). "Religion and humanitarianism: a study of institutional implications". Psychological Monographs: General and Applied 63 (9): i-23. doi:10.1037/h0093615. 
  14. politics။ 5 May 2016 တွင် ပြန်စစ်ပြီး။
  15. ၁၅.၀ ၁၅.၁ ၁၅.၂ Eysenck, H.J. (1956)။ Sense and nonsense in psychology။ London: Penguin Books။
  16. Eysenck, H.J. (1953). "Primary social attitudes: A comparison of attitude patterns in England, Germany, and Sweden". Journal of Abnormal and Social Psychology 48 (4): 563–8. doi:10.1037/h0054347. PMID 13108438. 
  17. Dator, J.A. (1969)။ "Measuring attitudes across cultures: A factor analysis of the replies of Japanese judges to Eysenck's inventory of conservative-progressive ideology"။ in Schubert၊ Glendon A.; Danelski၊ David Joseph (eds.)။ Comparative judicial behavior: cross-cultural studies of political decision-making in the East and West။ Oxford University Press။
  18. Eysenck, H.J. (1981). "Left-Wing Authoritarianism: Myth or Reality?, by Hans J. Eysenck" Political Psychology
  19. "An Interview with Prof. Hans Eysenck", Beacon February 1977
  20. Stephen Rose, "Racism" Nature 14 September 1978, volume 275, page 86
  21. Billig, Micheal. (1979) "Psychology, Racism and Fascism", Chapter 6, footnote #70. Published by A.F. & R. Publications.
  22. Stephen Rose, "Racism Refuted", Nature 24 August 1978, volume 274, page 738
  23. Stephen Rose, "Racism", Nature 14 September 1978, volume 275, page 86
  24. Stone, W.F. (1980). "The myth of left-wing authoritarianism". Political Psychology 2 (3/4): 3–19. doi:10.2307/3790998. 
  25. "Authoritarianism and Eysenck's P-scale" (1981). Journal of Social Psychology 113 (2): 231–4. doi:10.1080/00224545.1981.9924374. 
  26. "Eysenck's Tender-Mindedness Dimension: A critique" (March 1956). Psychological Bulletin 53 (2): 169–176. doi:10.1037/h0045968. PMID 13297921. 
  27. Wiggins, J.S. (1973) Personality and Prediction: Principles of Personality Assessment. Addison-Wesley
  28. Lykken, D. T. (1971) Multiple factor analysis and personality research. Journal of Experimental Research in Personality 5: 161–170.
  29. Ray JJ (1973) Factor analysis and attitude scales. The Australian and New Zealand Journal of Sociology 9(3):11–12.
  30. ၃၀.၀ ၃၀.၁ Rokeach၊ Milton (1973)။ The nature of human values။ Free Press။
  31. "Freedom and Equality: Two values of political orientation" (Winter 1978). Journal of Communication 28: 45–51. doi:10.1111/j.1460-2466.1978.tb01561.x. 
  32. "Values in presidential inaugural addresses: A test of Rokeach's two-factor theory of political ideology" (1984). Psychological Reports 55 (3): 683–6. doi:10.2466/pr0.1984.55.3.683. 
  33. Eysenck, Hans (1976). "The structure of social attitudes". Psychological Reports 39 (2): 463–6. doi:10.2466/pr0.1976.39.2.463. 
  34. The WVS Cultural Map of the World။ World Values Survey။ 19 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 January 2021 တွင် ပြန်စစ်ပြီး။
  35. "Psychological Motives and Political Orientation—The Left, the Right, and the Rigid: Comment on Jost et al. (2003)" (2003). Psychological Bulletin 129 (3): 376–382. doi:10.1037/0033-2909.129.3.376. PMID 12784935.  Archived 7 April 2008 at the Wayback Machine.
  36. Mitchell၊ Brian Patrick (2007)။ Eight ways to run the country: a new and revealing look at left and right။ Greenwood Publishing။ ISBN 978-0-275-99358-0
  37. ၃၇.၀ ၃၇.၁ "An Expository Development of a Mathematical Model of the Electoral Process" (1970-01-01). The American Political Science Review 64 (2): 426–448. doi:10.2307/1953842. “Since our model is multi-dimensional, we can incorporate all criteria which we normally associate with a citizen's voting decision process — issues, style, partisan identification, and the like.” 
  38. "Multidimensional Spatial Voting with Non-separable Preferences" (2015-07-01). Political Analysis 23 (3): 415–428. doi:10.1093/pan/mpv013. ISSN 1047-1987. “The spatial model of voting is the work horse for theories and empirical models in many fields of political science research, such as the equilibrium analysis in mass elections ... the estimation of legislators’ ideal points ... and the study of voting behavior. ... Its generalization to the multidimensional policy space, the Weighted Euclidean Distance (WED) model ... forms the stable theoretical foundation upon which nearly all present variations, extensions, and applications of multidimensional spatial voting rest.” [လင့်ခ်သေ]
  39. If voter preferences have more than one peak along a dimension, it needs to be decomposed into multiple dimensions that each only have a single peak. "We can satisfy our assumption about the form of the loss function if we increase the dimensionality of the analysis — by decomposing one dimension into two or more"
  40. "The Source of Election Results: An Empirical Analysis of Statistical Models of Voter Behavior" (June 2008). “Assume that voters care about the “attributes” of candidates. These attributes form a multi-dimensional “attribute space.”” 
  41. "Political space representations with approval data" (2015-09-01). Electoral Studies 39: 56–71. doi:10.1016/j.electstud.2015.04.003. “The analysis reveals that the underlying political landscapes ... are inherently multidimensional and cannot be reduced to a single left-right dimension, or even to a two-dimensional space. ... From this representation, lower-dimensional projections can be considered which help with the visualization of the political space as resulting from an aggregation of voters' preferences. ... Even though the method aims to obtain a representation with as few dimensions as possible, we still obtain representations with four dimensions or more.” 
  42. Forman၊ F. N.; Baldwin၊ N. D. J. (1999)။ Mastering British Politics (အင်္ဂလိပ်ဘာသာစကားဖြင့်)။ London: Macmillan Education UK။ pp. 8 f။ doi:10.1007/978-1-349-15045-8ISBN 9780333765487
  43. Jones၊ Bill; Kavanagh၊ Dennis (2003)။ British Politics Today။ Kavanagh, Dennis. (7th ed.)။ Manchester: Manchester University Press။ p. 259။ ISBN 9780719065095OCLC 52876930
  44. Körösényi၊ András (1999)။ Government and Politics in Hungary။ Budapest, Hungary: Central European University Press။ p. 54။ ISBN 9639116769OCLC 51478878
  45. "Paul Among Liberals and Communitarians" (2005). Pacifica 18 (1): 33–52. doi:10.1177/1030570X0501800103. 
  46. Blattberg၊ Charles (2009)။ "Political Philosophies and Political Ideologies"။ Patriotic Elaborations: Essays in Practical Philosophy။ McGill-Queen's University Press။ SSRN 1755117

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]