ကွန်ဆာဗေးတစ် ဝါဒ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ကွန်ဆာဗေးတစ်ဝါဒ (Conservatism ) ဆိုသော စကားလုံးမှာ လက်တင်ဘာသာ conservare မှ ဆင်းသက်လာပြီး ထိန်းသိမ်းရန်ဟု အဓိပ္ပာယ် ရသည်။ ကွန်ဆာဗေးတစ် ဝါဒမှာ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အတွေးအမြင် တစ်ခုဖြစ်ပြီး ထုံးတမ်းစဉ်လာ နှင့် မဏ္ဍိုင်များကို ထိန်းသိမ်းပြီး မဖြစ်နိုင်သည့် အဆုံးတွင် လူ့အဖွဲ့အစည်းအတွင်း အနည်းဆုံးနှင့် ဖြည်းဖြည်းချင်း ပြောင်းလဲရန် လိုလားသော အတွေးအခေါ်မျိုးဖြစ်သည်။ အချို့သော ကွန်ဆာဗေးတစ်များသည် အားလုံးကို တည်ငြိမ်စွာ ဆက်လက်ရှိနေစေရန် အရာအားလုံးကို သူ့နဂိုရ်အတိုင်း ထိန်းသိမ်းသွားရန် လိုလားသည်။ ထိုအသုံးအနှုံးကို ပြင်သစ် တော်လှန်ရေး အပြီး ၁၈၁၉ တွင် ဖရန်ဆွိုက် ရီနေးဒီ ချက်တူး ဘရိုင်ယန် (François-René de Chateaubriand) က စတင် အသုံးပြုခဲ့သည်။ ထိုအချိန်မှစပြီးလျှင် အတွေးအမြင်များစွာတို့အတွက် ထိုအသုံးအနှုန်းကို သုံးနှုန်းကြလေသည်။

နိုင်ငံရေးသိပ္ပံပညာတွင် ယခုလက်ရှိ ကွန်ဆာဗေးတစ်ဟု ခေါ်ဆိုနေကြသော အတွေးအမြင်များအတွက် အိုင်းရစ်နိုင်ငံရေးသမား အက်ဒမွန် ဘက်ဂ် ကို မကြာခဏ ညွှန်းဆိုလေ့ ရှိကြသည်။ ယခင်က ဗြိတိသျှ ကွန်ဆာဗေးတစ်ပါတီ၏ ဥက္ကဌဖြစ်သော ဟေးလ်ရှန် ကမူ "ကွန်ဆာဗေးတစ်ဝါဒ ဆိုသည်မှာ ဒဿနမဟုတ်ဘဲ လွတ်လပ်သော လူ့အဖွဲ့အစည်း အဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ဆောင်ရွက်ကြသည့် အဆုံးသတ်မဲ့ အလုပ်အကိုင် အပြုအမူနှင့် ဆက်တိုက်တွန်းအား တစ်ခုသာလျှင် ဖြစ်ပြီး လူတို့၏ ခိုင်မြဲနက်နဲစွာ ကျင့်ကြံတတ်သော သဘာဝနှင့် ဆက်စပ်နေသည်။" ဟု ဆိုခဲ့လေသည်။ ကွန်မြူနစ်၊ လီနင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒတို့ကို ဆန့်ကျင်သည်။ လက်ယာဝါဒဖြစ်ပြီး ဥရောပနှင့် ဓနသဟာယနိုင်ငံများတွင် ကွန်ဆာ​ဗေးတစ်ပါတီများရှိကြသည်။

ကွန်ဆာဗေး​တစ်[ပြင်​ဆင်​ရန်​]

ကွန်ဆာဗေးတစ်ဝါဒ ဆယ့်ရှစ်ရာစုနှောင်းပိုင်းနဲ့ ဆယ့်ကိုးရာစုအစောပိုင်းကာလတွေမှာ ကွန်ဆာဗေးတစ်အတွေးအခေါ်နဲ့ နိုင်ငံရေးအယူအဆတွေ စတင်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ပြင်သစ်တော်လှန်ရေးက စတင် ဖော်ကျူးလိုက်တဲ့ စီးပွားရေးနဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကို တုန့်ပြန်ချက်အနေနဲ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဥရောပတိုက်မှာ ပေါ်ထွက်လာခဲ့တဲ့ ကွန်ဆာဗေးတစ်ဝါဒမှာ နိုင်ငံရေးတွေးခေါ်ပညာရှင် Joseph de Maistre (၁၇၅၃-၁၈၂၁) သဏ္ဍာန်ဖော်ခဲ့တဲ့ သွင်ပြင်လက္ခဏာတွေ အများအပြား ပါဝင်လာပါတယ်။ ဒီသဏ္ဍာန်မှာ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ပြီး၊ အစဉ်အလာဓလေ့ထုံးစံတွေကို တရားသေဆုပ်ကိုင်ထားမှုတွေ ပါဝင်ပါတယ်။ သို့ပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့မှာ ပေါ်ထွက်လာတဲ့ ကွန်ဆာဗေးတစ် ဝါဒကတော့ နိုင်ငံရေးတွေးခေါ်ပညာရှင် Edmund Burke (၁၇၂၉- ၉၇) ရဲ့ ထိန်းသိမ်းရေးအတွက် ပြောင်းလဲရေး ဆိုတဲ့ သဘောတရားကို အခြေခံထားခဲ့တာကြောင့် အောင်မြင်တဲ့ ကွန်ဆာဗေးတစ် ဝါဒတရပ်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ (၁၉၅၀) နှောင်းပိုင်းကာလတွေမှာတော့ ဗြိတိန်နိုင်ငံက ကွန်ဆာဗေးတစ်ပါတီဟာ စစ်ပွဲပြီးကာလ ပြန်လည်တည်ဆောက်ရေးနဲ့ လူမှုပြုပြင်ပြောင်းလဲရေးတွေကို စတင်လက်ခံလာခဲ့ပြီး၊ ဆိုရှယ်ဒီမိုကရေတစ်ဝါဒထဲက သဘောတရားအချို့ကိုလဲ လက်ခံလာကြပါတယ်။ (၁၉၇၀) ကာလတွေရောက်တော့ ဒီအတွေးအခေါ်တွေကို အသစ်ထပ်မံပေါ်ထွက်လာတဲ့ လက်ယာသစ် (New Right) ဝါဒက ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။ ကွန်ဆာဗေးတစ်ဝါဒရဲ့ အခြေခံစည်းမျဉ်းကတော့ အစဉ်အလာ၊ ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်း စောင့်ရှောက်ရေး ဖြစ်ပါတယ်။ အစဉ်အလာတွေဟာ ခေတ်သမိုင်းအဆက်ဆက်မှာ ဖြတ်သန်းပေါ်ထွက် လာခဲ့တဲ့ ဉာဏ်ပညာတွေကို ပေါင်းစုထားတာဖြစ်ပြီး၊ နှစ်ပေါင်းများစွာ လေ့လာစမ်းသပ်ထားပြီး ဖြစ်တာကြောင့် နောင်မျိုးဆက်တွေရဲ့ အကျိုးစီးပွားတွေအတွက် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက် သင့်ကြောင်း ကွန်ဆာဗေးတစ်ဝါဒီတွေက ယူဆကြပါတယ်။ ကွန်ဆာဗေးတစ်တွေက သူတို့ရဲ့ ဆောင်ရွက်ချက်တွေဟာ လက်တွေ့ကျသော အခြေအနေ၊ လက်တွေ့ကျသော မျှော်မှန်းချက်များနဲ့ အညီပေးထွက်လာတာ ဖြစ်တဲ့အတွက် ကွန်ဆာဗေးတစ်ဝါဒကို နိုင်ငံရေးအိုင်ဒီရော်လော်ဂျီအဖြစ် မသတ်မှတ်ပဲ ဘ၀ချဉ်းကပ်မှုတခုအနေနဲ့ ရှုမြင်ဖို့ ငြင်းဆိုချက်တွေ ပြုလုပ်ကြပါတယ်။ ကွန်ဆာဗေးတစ်ဝါဒအရ လူသားတွေဟာ မှီခိုတတ်တဲ့ သဘောသဘာ၀ရှိတဲ့အတွက် တည်ငြိမ် အေးချမ်းသော လူ့အဖွဲ့အစည်းရှိဖို့ လိုအပ်ပါတယ်။ လူသားတွေကို တကိုယ်ကောင်းစိတ်တွေ၊ လောဘတွေနဲ့ အာဏာရူးသွပ်စိတ်တွေက လွှမ်းမိုးထားတဲ့အတွက် လူသားတွေဟာ စိတ်ပိုင်းဆိုင်ရာအရ ပျက်ယွင်းနေသူများလဲ ဖြစ်ပါတယ်။ ဒါကြောင့် ရာဇဝတ်မှုများ၊ တည်ငြိမ်အေးချမ်းရေး ပျက်စီးမှုများ ပေါ်ထွက်လာရခြင်း ဖြစ်တဲ့အတွက် အင်အားကြီးမားသော နိုင်ငံတော်၊ တင်းကြပ်တဲ့ ဥပဒေ၊ ပြင်းထန်သော ပြစ်ဒဏ်ပေးမှုများနဲ့ ငြိမ်ဝပ်ပိပြားရေးကို တည်ဆောက်ဖို့လိုတယ်လို့ ကွန်ဆာဗေးတစ် ဝါဒီ များက ယုံကြည်ကြပါတယ်။ ဒါတင်မကပဲ အချို့လူတွေဟာ ကိုယ်ပိုင်အကျိုးစီးပွားကို ရယူခံစားဖို့အတွက် ဗဟုသုတ၊ အတွေ့ အကြုံနဲ့ ပညာရေးတွေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ဦးဆောင်မှု၊ လမ်းညွန်မှုနဲ့ ပံ့ပိုးမှုတွေကို မိဘက သားသမီးတွေကို ပေးအပ်သလိုပုံစံမျိုးနဲ့ လုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်းနဲ့ အထက်မှ အာဏာကျင့်သုံးမှု ရှိရမှာဖြစ်ကြောင်း ကွန်ဆာဗေးတစ်များက ယုံကြည်လက်ခံကြပါတယ်။ ဒါကြောင့် authority ဟာ ကွန်ဆာဗေးတစ်ဝါဒရဲ့ အဓိက တန်ဖိုးဖြစ်ပြီး၊ လွတ်လပ်မှုဟာလဲ တာဝန်ဝတ္တရားနဲ့ ပူးတွဲတည်ရှိကြောင်း အဆိုပြုထားကြပါတယ်။ ဒီလို နိုင်ငံတော်မှ ပြည်သူအား မိဘမှ သားသမီးကို စောင့်ရှောက်ခြင်းကဲ့သို့ အုပ်ချုပ်သောသဏ္ဍာန်၊ တာဝန်ဝတ္တရား၊ hierarchy စတဲ့ သဘောတရားများအပေါ် အခြေခံထားတဲ့ ကွန်ဆာဗေးတစ်ဝါဒကို paternalistic conservatism လို့ သတ်မှတ်ခေါ်တွင်ကြပါတယ်။ ဥရောပကွန်ဆာဗေးတစ်များက နောက်ထပ်ဖော်ထုတ်ထားတဲ့ အခြေခံသဘောတရားတရပ်ကတော့ ခရစ်ယန်ဒီမိုကရေစီ သဘောတရာ းဖြစ်ပါတယ်။ ဒီသဘောတရားကို ဂျာမန် ခရစ်ယန် ဒီမိုကရက်များရဲ့ လူမှုဈေးကွက် ဒဿနိကဗေဒ (social market philosophy) မှာ တွေ့မြင်နိုင်ပါတယ်။ ဒီဒဿနိကဗေဒရဲ့ အခြေခံတန်ဖိုးကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများနဲ့ ပြိုင်ဆိုင်များပြုလုပ်ရာမှာ ဈေးကွက် မဟာဗျူဟာများကို အသုံးပြုရာက ရရှိလာတဲ့ အမြတ်အစွန်းများကို လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားအတွက် ပြန်လည် အသုံးပြုမှုဖြစ်ပါတယ်။ ခရစ်ယန်ဒီမိုကရေစီ သဘောတရားက ဘုရားရှိခိုးကျောင်းများ၊ သမဂ္ဂများနဲ့ စီးပွားရေး လုပ်ငန်းများ အကြားမှာ လူမှုရေးပေါင်းစည်းမှု (social partnership) ကို အရေးကြီးတန်ဖိုးတခုအနေနဲ့ သတ်မှတ်ထားပါတယ်။ အချို့တွေးခေါ်ပညာရှင် များကတော့ ဒါကို compassionate conservatism လို့ ဖွင့်ဆိုဖော်ပြကြပါတယ်။

ကိုးကား[ပြင်​ဆင်​ရန်​]

[၁]

  1. နိုင်ငံ​ရေးအယူ၀ါဒများ(http://hinthars.blogspot.com/2015/08/blog-post_71.html?m=1)