အရင်းရှင်ဝါဒ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
၁၆၃၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်း၌ ကုန်သွယ်မှု ပြုလုပ်နေပုံကို ရေးဆွဲထားသည့် ပန်းချီကား။

အရင်းရှင်ဝါဒသည် စီးပွားရေးစံနစ် တစ်ခုဖြစ်ပြီး၊ ကုန်ထုတ်လုပ်မှု အရင်းအနှီးများ အားလုံးကို ပုဂ္ဂလိကမှ ပိုင်ဆိုင်သည်။ လခစား အလုပ်သမားသည် ကိုယ့်ကိုယ်ကို အငှားချထားခြင်းအပေါ် အဓိကထားသည်။ ထုတ်လုပ်မှု၊ တောင်းဆိုမှုနှင့် ဈေးနှုန်းတို့သည် အစိုးရ၏လုပ်ထုံးလုပ်နည်းများ ဆိုသည်ထက် ဈေးကွက်များမှ အနည်းဆုံးတော့ လွှမ်းမိုးလျက်ရှိသည်။ အမြတ်သည် စီးပွားရေးလုပ်ငန်းတွင် ရင်းနှီးမြှပ်နှံထားသည့် ပိုင်ရှင်ဆီသို့ ရောက်ရှိသွားသည်။ အရင်းရှင်စံနစ်သည် စီးပွားရေးနှင့် ရောင်းဝယ်ရေး ကိစ္စအဝဝအတွက် လုပ်ပိုင်ခွင့်၊ လဲလှယ်မှုအတွက်ထုပ်လုပ်ခြင်း (ကုန်ပစ္စည်းထုတ်လုပ်ခြင်း) နှင့် အရင်းအနှီးစုဆောင်းခြင်း ကိစ္စရပ်များလည်းအပါအဝင် အားလုံးတို့ကို ဆက်ခံပိုင်ခွင့်ရှိသည်။ အရှင်းရှင် စံနစ်၏ အခြားအားလုံးသောပုံစံများကို ထိမ်းချုပ်ထားသည့် ငွေကြေးအရင်းရှင်စံနစ် ဖြစ်ထွန်းလာမှုကို လည်း ကြည့်မြင်နိုင်သည်။

အရင်းရှင်စနစ်ဟူသည် ကုန်ထုတ်အရင်းအနှီးများကို ပုဂ္ဂလိကပိုင် ဆိုင်သော လူမှုစီးပွားရေးစနစ် တစ်ရပ် ဖြစ်သည်။ စီးပွားကုန်သွယ်ရေး လုပ်ငန်းတစ်ခု၌ မရှိမဖြစ်သော လုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ မြေယာ အဆောက်အဦးများနှင့် ငွေကြေး အရင်းအနှီးများကို ပုဂ္ဂိက အရင်းရှင်လူနည်းစုက အကြွင်းမဲ့ ပိုင်ဆိုင်ပြီးလျှင် အလုပ်သမား တို့၏ လုပ်အားကို ရောင်းကုန်ပစ္စည်းအဖြစ် တန်ဖိုးဖြတ်ဝယ်ယူ ၍ အမြတ်အစွန်းရရေးကိုသာ အဓိက ဦးတည်ကာ ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချသော စီးပွားရေးစနစ်လည်း ဖြစ်သည်။

အရင်းရှင်စနစ်သည် ဥရောပနိုင်ငံများ၌ စက်မှုတော်လှန်ရေး (စက်မှုလက်မှု အရေးပုံ)နှင်အတူ ပေါ်ပေါက် လာခဲ့သောစနစ် ဖြစ်သည်။ ၁၆ ရာစုနှစ်တွင် မြေရှင်ပဒေသရာဇ်စနစ် ပျက်ဆုံး သွားခဲ့သဖြင့် ထိုစနစ်နေရာ တွင် အရင်းရှင်စနစ်က အစားဝင် ရောက်လာခဲ့ခြင်း ဖြစ်သည်။ မြေရှင်ပဒေသရာဇ်တို့သည် ဆင်းရဲသား၊ မြေကျွန်ယာကျွန်များ၊ လက်မှုပညာသည် အလုပ် သမားများနှင့် ကုန်သည်ပွဲစားများ အစရှိသော ပြည်သူလူထု တစ်ရပ်လုံးအပေါ်တွင် စီးပွားရေးအရ ခေါင်းပုံဖြတ် အမြတ် ကြီးစားကာ သဘောရှိ ချယ်လှယ်လာခဲ့ကြသည်။ ထိုအခါ ကုန်သည် လူတန်းစားနှင့် တောင်သူလယ်သမား၊ အလုပ်သမား တို့ ပူးပေါင်းလာကြပြီးလျှင် ကုန်ပစ္စည်း ထုပ်လုပ်ရောင်းချရေး လုပ်ငန်းကို တိုးချဲ့ လုပ်ကိုင်လာခဲ့ကြသည်၊နောင်အခါတွင် ကုန်သည် လူတန်းစားများသည် ရောင်းဝယ်ရေးလုပ်ငန်းမှ အမြတ်အစွန်းများ ရရှိလာကြ ပြီးလျှင် ဓနဥစ္စာ အမြောက်အမြားကို စုဆောင်းမိလာကြသည်။ သို့ဖြင့် ကုန်သည်များသည် မိမိတို့ စုဆောင်း ရရှိသော ဓနဥစ္စာ အရင်း အနှီးများဖြင့် ကုန်ထုတ် အလုပ်ရုံ၊ စက်ရုံများ တည်ထောင်၍ လက်မှုပညာသည် အလုပ်သမားများ၏ လုပ်အားကို အခပေး ဝယ်ယူကာ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခဲ့ကြသည်။

တစ်ချိန်တည်းတွင် ဥရောပနိုင်ငံများ၌ သိပ္ပံပညာအစွမ်း ကြောင့် စက်မှုကိရိယာများကို တီထွင် သုံးစွဲလာကြသဖြင့် ကုန်ထုတ်စက်ရုံ အလုပ်ရုံများမှာလည်း တိုးတက် ကျယ်ပြန့်လာ ခဲ့လေသည်။ ဤသို့ဖြင့် ကုန်သည် လူတန်းစားတို့သည် စက်ရုံ အလုပ်ရုံပိုင် အရင်းရှင် လူတန်းစားဘဝသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အရင်းရှင်စနစ်သည် ကုန်ထုတ် အရင်းအနှီး၊ အရင်းရှင်နှင့် အလုပ်သမားတို့ ပါဝင် ဖွဲ့စည်းထားသောစနစ် ဖြစ်သည်။ ကုန်ထုတ်အရင်းအနှီးဆိုသည်မှာ မြေယာများ၊ မြေတွင်း မြေပေါ်ရှိ သဘာဝဓာတ်သတ္တု ပစ္စည်းများ၊ သစ်တောများ၊ မြစ်ချောင်း၊ တူးမြောင်း၊ အင်းအိုင်၊ ပင်လယ်များ၊ ကုန်းကြမ်း ကုန်ရိုင်းများ၊ စက်ရုံအလုပ်ရုံများ၊ ကုန်ထုတ်ကိရိယာများ ကုန် ပစ္စည်းဖြန့်ဝေရေး လုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဘဏ်တိုက်များ၊ ကုမ္ပဏီများ၊ အစုရှယ်ယာများ၊ ငွေပင်ငွေရင်းများ စသည်တို့ကို ပေါင်းရုံး ခေါ်ဝေါ်ခြင်း ဖြစ်သည်။

အရင်းရှင် စီးပွားရေးစနစ်တွင် ဆိုခဲ့သော ကုန်ထုတ်အရင်း အနှီးဟူသမျှကို ပုဂ္ဂလိကအရင်းရှင်တစ်ဦးကသော်လည်းကောင်း၊ အရင်းရှင်တစ်စုကသော်လည်းကောင်း ပိုင်ဆိုင်လေသည်။ ကုန်ထုတ်လုပ်ငန်းတစ်ခုအတွက် ငွေပင်ငွေရင်း မြှုပ်နှံ တည်ထောင်သော အရင်းရှင်လည်း ရှိပြီ။ ကုန်ထုတ် အရင်း အနှီးများလည်း ရှိပြီ။ ဤမျှဖြင့် ကုန်ထုတ်လုပ်ငန်းကြီး လှုပ်ရှားလည်ပတ်နိုင်ပါပြီလော။ မည်သည့်နည်းနှင့်မျှ မလည် ပတ်နိုင်သေးချေ။ အကြောင်းသော်ကား ကုန်ထုတ်လုပ်ငန်း တစ်ရပ်၏ ပင်မအချက်အချာ ကျသော၊ အခြေခံကျသော လုပ်အား လိုနေသေးသောကြောင့် ဖြစ်သည်။

ထိုကြောင့် ကုန်ထုတ်လုပ်ငန်း၏ အဓိက အချက်အချာ ကျသော အခြေခံမောင်းနှင့်အားမှာ အလုပ်သမားပင် ဖြစ် သည်။ အလုပ်သမားများသည် အရင်းရှင်တို့အား မိမိတို့၏ လုပ်အားကို ရောင်းကုန်အဖြစ်ဖြင့် ရောင်းချသည်။ အလုပ် သမားများက မိမိတို့၏ လုပ်နိုင်စွမ်းရည်အလိုက်၊ အလုပ်ချိန် အပိုင်းအခြားအလိုက် လုပ်ကိုင်ပေးသော လုပ်အားအတွက် အရင်းရှင်က အခကြေးငွေ ပေးသည်။ တစ်နည်းဆိုသော် အလုပ်သမားတို့၏ လုပ်အားသည်လည်း ကုန်ထုတ်အရင်း အနှီးတစ်မျိုးပင် ဖြစ်သည်။

လုပ်အားကို ပိုင်ဆိုင်သော အလုပ်သမားများ၊ အလုပ်သမား တို့၏ ကြံစည်တီထွင်မှုများ၊ အသိဉာာဏ် ဗဟုသုတများ၊ ကျွမ်းကျင်မှုများနှင့် ကုန်ထုတ်အရင်းအနှီးများ အားလုံးကို စုပေါင်းသိမ်းရုံးလျက် ကုန်ထုတ် စွမ်းအားစုဟူ၍ ခေါ်ဆိုပေ သည်။ ယင်းကုန်ထုတ်စွမ်းအားစုသည်ပင်လျှင် ကုန်ထုတ် လုပ်ငန်းတစ်ခု၏ ပင်မ သွေးကြော ဖြစ်လေသည်။ ကုန်ထုတ် စွမ်းအားစုတွင်လည်း အလုပ်သမားတို့၏ လုပ်အားသည် ပဓာန အကျဆုံးသော အင်အားဖြစ်သည်။ ဆိုလိုသည်မှာ ကုန်ထုတ် လုပ်ငန်းတစ်ရပ် လည်ပတ်အောင်မြင်အောင် စွမ်းဆောင် လုပ် ကိုင်ပေးသူမှာ လုပ်အားရှင် အလုပ်သမားပင် ဖြစ်သည်။ သို့ဆိုလျှင် ကုန်ထုတ်လုပ်ငန်း၏ အဓိက လုပ်အားရှင်ဖြစ် သော အလုပ်သမးတို့သည် မိမိတို့ လုပ်အား အလျောက် သင့်တင့်မျှတသော လုပ်ခကို ရရှိကြပါ၏လော။ အရှင်းရှင် စီးပွားရေးစနစ်တွင် သင့်တင့်မျှတသော လုပ်ခကို မရနိုင်ကြ ချေ။ ဤသည်ပင်လျှင် အရင်းရှင်စနစ်၏ ထင်ရှားသော ဝိသေသလက္ခဏာတစ်ရပ် ဖြစ်ပေသည်။ အရင်းရှင်စနစ်တွင် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်

ရာတွင် အမြတ်အစွန်းကို ပဓာနထားသည်။ အမြတ်များများ ရရေးသည် အရင်းရှင်စနစ်၏ အန္တိမ ရည်မှန်းချက်ဖြစ်သည်။ အရင်းရှင်တစ်ဦးအဖို့ အမြတ်အစွန်း ပို၍ ပို၍ ရမည်ဆိုလျှင် စက်တိုင်၌ တက်ရတက်ရ ဝန်မလေးဟူ၍ ကမ္ဘာကျော် အဆို တစ်ရပ် ရှိလေသည်။

ထိုကြောင့် အရင်းရှင်သည် အလုပ်သမား၏ လုပ်အားကို မိမိ၏ကိုယ်ကျိုးအတွက် ခေါင်းပုံဖြတ်ရန် လိုအပ်လာသည်။ အလုပ်သမားတို့၏ အစွန်းထွက်တန်ဖိုး ကို ရနိုင်သမျှယူရန် ဦးတည်လာရသည်။ အစွန်းထွက်တန်ဖိုးဆိုသည်မှာ အရင်းရှင် သည် အလုပ်သမားတစ်ဦး၏ ၁ဝဝ တန်သော လုပ်အားကို ၁ဝ သာ ပေးပြီး ပိုသော ၉ဝ တန် လုပ်အား၏ အကျိုးကျေးဇူးများ ကို မိမိ၏အရင်းအနှီးတိုးပွားရေးအတွက် အခမဲ့ ရယူလိုက်သော တန်ဖိုးဖြစ်သည်။ အလုပ်သမားအား လုပ်သင့်သည့်အချိန်ထက် ပို၍ စေခိုင်းခြင်းနှင့် လုပ်အား တန်ဖိုးကို အပြည့်အဝ မပေး ခြင်းတို့ဖြင့် အရင်းရှင်သည် အစွန်းထွက်တန်ဖိုးကို မိမိ ကိုယ် ကျိုးအတွက် ထုတ်ယူခြင်း ဖြစ်သည်။ ထိုကြောင့် အရင်းရှင် စနစ်၌ အလုပ်သမားသည် လုပ်အားပေးသလောက် လုပ်ခကို မည်သည့်အခါမှ အပြည့်အဝ မရရှိနိုင်ပေ။

ဤသို့ဖြစ်ရသည်မှာ အရင်းရှင်စနစ်၏ တစ်ကိုယ်ကောင်း ဆံသော (ဝါ) တိုင်းပြည်လူထုအကျိုးထက် မိမိအကျိုးကို ပို၍ ရှေးရှုသော အခြေခံ သဘောတရားများကြောင့် ဖြစ်သည်။ အရင်းရှစ်စနစ်၏ အခြေခံ သဘောတရားများကား (၁) ကုန်ထုပ်လုပ်မှု၏ ဖြန့်ချိမှုကို အရင်းရှင်လူနည်းစု ကသာ ချုပ်ကိုင်ထားခြင်း၊ (၂) မိမိအတွက် အကျိုးရှိမည်ထင်သော ကုန်ပစ္စည်းများကိုသာ စီမံကိန်း မရှိပဲ အလျှံပယ် ထုတ်လုပ် ခြင်း၊ (၃) အရင်းမဲ့လုပ်သားတို့၏ လုပ်အားကို ခေါင်းပုံဖြတ် ခြင်း၊ (၄) အမြတ်အစွန်း ပို၍ပို၍ ရရှိရေးကိုသာ မျှော်မှန်း ခြင်း၊ (၅) ငွေသာပဓာနသဘောထားဖြင့် အစိုးရအာဏာကို ငွေဖြင့် မြှူဆွယ် ၍ မိမိအကျိုးအတွက် အသုံးချခြင်း စသည် တို့ ဖြစ်လေသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း အရင်းရှစ်စနစ်သည် စက်မှု လုပ်ငန်း တိုးတက်မှုနှင့်အတူ တိုးတက်လာခဲ့သဖြင့် ရှေးဦးပိုင်း အရှင်းရှင်စနစ်ကို စက်မှုအရင်းရှင်စနစ်ဟူ၍ ခေါ်ဆိုခဲ့ကြသည်။ နှစ်ဆယ်ရာစု အစပိုင်း ရောက်လာသောအခါ သိပ္ပံပညာနှင့် စက်မှုအတတ်ပညာရှင်တို့၏ အလုပ်အကျွေးပြုမှုကြောင့် အရင်း ရှင်စနစ်သည် အမြင့်ဆုံးနှင့် နောက်ဆုံးအဆင့်ထိ ရောက်ရှိလာ ခဲ့သည်။

ဤအဆင့်တွင် ကုန်ပစ္စည်းများကို အပြိုင်အဆိုင် ထုတ်လုပ် လာခြင်း၊ ပြည်တွင်းပြည်ပ ဈေးကွက်များကို လက်ဝါးကြီးအုပ် လာခြင်း၊ ပြည်တွင်း၌သာမက ပြည်ပ၌လည်း အရင်းအနှီး မြောက်မြားစွာ မြှပ်နှံ၍ ကုန်ပစ္စည်းများ ထုတ်လုပ်လာခြင်း စသော လုပ်ငန်းအဆင့်ဆင့်ကို အရင်းရှင်စနစ်က အတော မသတ် တိုးချဲ့ လုပ်ကိုင်လာခဲ့ကြသည်။ သို့ဖြင့် အရင်းရှင်စနစ် သည် စက်မှုအရင်းရှင်စနစ်၊ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်၊ ဘဏ္ဍာ အရင်းရှင်စနစ်နှင့်နယ်ချဲ့အရင်းရှင်စနစ်ဟူသော အမည် အမျိုးမျိုးဖြင့် ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် ရေပန်းစား ခဲ့သည်။

အရင်းရှင်စနစ်သည် ကုန်ထုတ်လုပ်ငန်းနှင့် ကုန်ပစ္စည်း ဖြန့်ချိရေးလုပ်ငန်းတွင် အမြတ်အစွန်းကိုသာ အဓိကထား၍ စီမံကိန်းမရှိပဲ အပြိုင်အဆိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်း ကြောင့်၊ စီးပွားရေးတွင် တရားမရှိ ဓားမရှိဖြစ်လာခြင်း၊ ကမ္ဘာ့ စီးပွားရေးကပ်ကြီးများ မကြာခဏ ပေါ်ပေါက်ခြင်း၊ အလုပ် လက်မဲ့ ပြဿနာများ တာရှည်ခြင်း၊ အများပြည်သူတို့ ဆင်းရဲ ကြပ်တည်းခြင်းနှင့် နောက်ဆုံးတွင် နိုင်ငံအချင်းချင်း စီးပွားရေး စစ်ပွဲများ ဖြစ်ပွားခြင်းတို့ကိုသာ ပေးစွမ်းနိုင်သော စနစ်ဟူ၍ ဆိုရှယ်လစ် စီးပွားရေးပညာရှင်တို့က ကောက်ချက် ချကြ ပေသည်။[၁]

အနည်းငယ်အငြင်းပွားမှု[ပြင်ဆင်ရန်]

အရင်းရှင်ဝါဒ၏အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် ယေဘူယျသဘောတူညီချက် မရှိသလို၊ လေ့လာဆန်းစစ် ထားသည့် အမျိုးအစားအဖြစ် မည်သို့အသုံးပြုရမည် ဆိုသည်မှာလည်း မရှိပါ။ အမျိုးမျိုးသော သမိုင်းဝင် ကိစ္စရပ်များ အပေါ် အခြေခံ၍ အရင်းရှင်စံနစ်ကို အချိန်အခါအလိုက်၊ နေရာဒေသအလိုက်၊ နိုင်ငံရေးများနှင့်ယဉ်ကျေးမှုအလိုက် အသုံးချနိုင်သည်။ စီးပွားရေးပညာရှင်များ၊ နိုင်ငံရေးစီးပွားရေး ပညာရှင်များ နှင့် သမိုင်းပညာရှင်များ တို့သည် အရင်းရှင်စံနစ်ကို လေ့လာဆန်းစစ်ရာတွင် ကွဲပြားသည့် အထင်အမြင်များ ရှိကြသည်။ သမိုင်းသုတေသီများ၊ လူမှုစီးပွားပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ မ နုဿဗေဒပညာရှင်များ နှင့် တွေးခေါ်ပညာရှင်များသည် အရင်းရှင်စံနစ်ကို မည်ကဲ့သို့အဓိပ္ပါယ်ဖွင့်ဆို မည် ဆိုသည်ကို ငြင်းခုံခဲ့ကြသည်။ သို့သော်လည်း ကုန်ထုတ် အရင်းအနှီးများအား ပုဂ္ဂလိကပိုင်ဆိုင်ခြင်း၊ ဈေးကွက်တွင်အမြတ်ရရန် ကုန်ပစ္စည်းများ သို့မဟုတ် လုပ်ဆောင်မှုများကို ဖန်တီးခြင်းနှင့် ဈေးနှုန်းနှင့်လုပ်ခများသည် အရင်းရှင်စံနစ်၏အစိတ်အပိုင်းဖြစ်သည် ဆိုသည်များအပေါ် အနည်းငယ်သာ အငြင်းပွားမှုရှိသည်။

အရင်းရှင်စံနစ်အပေါ် အမျိုးမျိုးကွဲပြားနေမှု[ပြင်ဆင်ရန်]

စီးပွားရေးပညာရှင်များသည် အစိုးရမှဈေးကွက်များအပေါ် ထိမ်းချုပ်မှုတွင်မပါဝင်ခြင်း ( ကြားဝင်မရှုပ်ရေး ) ဆိုသည့် အမိန့်ဒီဂရီ နှင့် ပိုင်ဆိုင်ခွင့်များအပေါ်တို့တွင်သာ ထုံးစံအတိုင်းအာရုံစိုက်ကြသည်။ နိုင်ငံရေး စီးပွားရေး ပညာရှင်များ အများစုသည် ပုဂ္ဂလိကပိုင်ဆိုင်မှု၊ အာဏာ ပိုင်များနှင့် ဆက်ဆံရေး၊ လခစား အလုပ်သမား နှင့် လူတန်းစားတို့အပေါ်တွင်သာ အာရုံစိုက်ကြသည်။အရင်းရှင်စံနစ်သည် စီးပွားရေးတိုး တက်မှုကို အားပေးသည်ဆိုသည်ကို ယေဘူယျအားဖြင့်သဘောတူညီကြသည်။ မတူညီကြသည့်ဈေးကွက်များ ကျယ်ပြန့်လာသည်အထိ “လွတ်လွတ်လပ်လပ်” နေကြသည်။ ထိုနည်းတူစွာ မည်သည့်ပစ္စည်းများကို ပုဂ္ဂလိကပိုင်ဆိုင်ရမည်၊ မည်သည်တို့ကို မပိုင်ဆိုင်ရဆိုသည့် ဆုံးဖြတ်ပေးသောစည်းမျဉ်းသည် နိုင်ငံရေးများနှင့် မူဝါဒတို့၏ ကိစ္စတစ်ရပ်ဖြစ်ပြီး၊ များစွာသောနိုင်ငံများတွင် “ရောထွေးနေသည့်စီးပွားရေး” ရှိသည်။

အရင်းရှင်ဝါဒ သည် စံနစ်တစ်ခုအဖြစ် ဥရောပတွင် ၁၆ ရာစုနှစ်မှ စ၍ နှစ်စဉ်ဖွံ့တိုးတက်လာခဲ့သည်ဆိုသော်လည်း၊ အရင်းရှင်နှင့်တူသည့် အဖွဲ့အစည်းများသည် ရှေးခေတ်ကမ္ဘာကြီးကထဲမှရှိနေခဲ့ပြီး၊ ကုန်သည်အရင်းရှင်စံနစ် သည် နောက်ပိုင်းအလယ်ခေတ်နှစ်များတွင် လျင်မြန်စွာဖွံ့ဖြိုးလာခဲ့သည်။ အရင်းရှင်ဝါဒ သည် မြေရှင်ယာရှင်စံနစ် ချုပ်ငြိမ်းသွားပြီးနောက်တွင် အနောက်ကမ္ဘာ၌ လွှမ်းမိုးလာခဲ့သည်။ အရင်းရှင်စံနစ်သည် ဥရောပတစ်လွှား တဖြေးဖြေးခြင်း ပျံ့နှံ့သွားခဲ့ပြီး၊ ၁၉ နှင့် ၂၀ ရာစုနှစ်များ တွင် ကမ္ဘာ့နေရာအနှံ့အပြားသို့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးလာခြင်း၏ အဓိကအရင်းအနှီးအဖြစ် အထောက်အကူပြုခဲ့ သည်။

အရင်းရှင်စံနစ်အပေါ် အမျိုးမျိုးကွဲပြားနေမှုများတွင် သဘောတရားပညာရှင်များအပေါ်မူတည်၍ ခေတ်မရှိ တော့သည့် အရင်းရှင်စံနစ်၊ ကော်ပိုရိတ်အရင်းရှင်စံနစ်၊ ဆွေမျိုးသားချင်းအရင်းရှင်စံနစ်၊ ငွေကြေးအရင်းရှင် စံနစ်၊ ကြားဝင်မရှုပ်ရေးအရင်းရှင်စံနစ်၊ နည်းပညာအရင်းရှင်စံနစ်၊ အရင်းရှင်ဝါဒလက်သစ်၊ နှောင်းပိုင်းအရင်းရှင်ဝါဒ၊ အရင်းရှင်ဝါဒလွန်စံနစ်၊ နိုင်ငံတော်အရင်းရှင်စံနစ် နှင့် နိုင်ငံတော်လက်ဝါးကြီးအုပ်အရင်းရှင်စံနစ် စသည်ကဲ့သို့သော သဘောထားအမြင်များပါဝင် သည်။ အရင်းရှင်စံနစ်ဆန့်ကျင်ရေး နှင့် အားလုံးအညီအမျှကြေကွဲရခြင်း၊ ကော်ပိုရိတ်ဝါဒနှင့် အခစားကျွန်ကဲ့သို့သော စံနစ်များနှင့်အတူ ပူးတွဲနေသော မကောင်းမြင်မှုများသည် လည်းရှိနေသည်။

စီးပွားရေးအခြေခံပစ္စည်းများ[ပြင်ဆင်ရန်]

အရင်ရှင်စီပွားရေးစံနစ်သည် ဆက်လက်ဖေါ်ပြမည့် အခြေခံပစ္စည်းများ၏ အပြန်အလှန်အကျိုးပြုမှုဖြင့် ထွက်ပေါ်လာသည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။ကုန်ပစ္စည်းတစ်ခုသည် ဈေးကွက်တစ်ခုတွင် ဖလှယ်ရန်အတွက် ထုတ်လုပ်ထားသည့် ပစ္စည်းတစ်ခု ဖြစ်သည်။ ပစ္စည်းများတွင် နှစ်မျိုးနှစ်စားရှိသည်။ အရင်းအနှီးကုန်ပစ္စည်းများ နှင့် စားသုံးကုန်ပစ္စည်းများ ဖြစ်သည်။ အရင်းအနှီးကုန်ပစ္စည်းများ (ဥပမာ- မြေ၊ ကုန်ကြမ်းများ၊ ကိရိယာများ၊ လုပ်ငန်းသုံးစက်များနှင့် စက်ရုံများ) သည် စားသုံးကုန်ပစ္စည်းများ (ဥပမာ- တယ်လီဗေးရှင်းကားများ၊ ကွန်ပျူတာများ၊ အိုးအိမ်များ)ထုတ်လုပ်ရန်အသုံးပြုပြီး၊ အခြားသောသူများသို့ ရောင်းချရန်ဖြစ်သည်။ အရင်းရှင်စံနစ် သည် တစ်ဦးချင်းဖြစ်စေ၊စုပေါင်း၍ဖြစ်စေ၊နိုင်ငံတော်၏ပစ္စည်းကိရိရာများမှတစ်ဆင့် အရင်းအနှီး ပိုင်ရှင်အတွက် အကျိုးအမြတ်တစ်ခု ရယူခြင်း သို့မဟုတ် ဝန်ဆောင်မှုရယူခြင်းဖြစ်စေ ပိုင်ဆိုင်ခွင့်ပေးထားသည်။

ငွေကြေးသည် လဲလှယ်မှုစံတစ်ခုဖြစ်ပြီး၊ ပစ္စည်းများအားလုံး နှင့် လူသုံးကုန်ပစ္စည်းများကို စံတန်ဘိုးတစ်ခုသို့ ရောက်ရှိစေရန် ဆောင်ရွက်ပေးသည်။ ငွေကြေးသည် ကုန်ပစ္စည်း ပါဝင်နေသည့် ဖလှယ်ခြင်းကို ပိုင်းခြားပေး လိုက်ခြင်းအားဖြင့် ထုကြီးထည်ကြီးပစ္စည်းများ ကုန်ဖလှယ်မှုကို ဖယ်ရှားပြစ်လိုက်သည်။ ဤနည်းအားဖြင့် ငွေကြေး သည် စားသုံးကုန်ပစ္စည်းဖလှယ်ခြင်းကို အားပေးခြင်းမှတစ်ဆင့် အထူးပြုဆောင်ရွက်ခြင်း နှင့် ကုန်သွယ်ရေးကို များစွာဖြည့်ဆည်းပေးသည်။ အရင်းရှင်စံနစ်သည် ထပ်မံ၍ ငွေကို အခြားသောလဲလှယ်ရန် လွယ်ကူသည့် ပစ္စည်းများအဖြစ်သို့ ရွှေ့ပြောင်းထားခြင်း၊ နှင့် ပိုင်ဆိုင်မှု၊ ဖလှယ်မှု၊ အတိုးနှင့် အခြားအမျိုးမျိုးသော ငွေကြေး ပစ္စည်းကိရိယာများဖြင့် ငွေကို တိုးပွားစေသည်။ သို့သော်လည်း ငွေကို လုပ်အားခ၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်ခများအတွက် ကြားခံဖလှယ်သည့်ပစ္စည်းအဖြစ် အသုံးပြုသည့်အပြင်၊ အဖိုးတန်သတ္တုများနှင့် အလားတူစွာ တန်ဖိုးရှိလှောင်ကုန်ပစ္စည်းအဖြစ်လည်း သိမ်းဆည်းထားသည်။ အလုပ်သမားတွင် အားလုံးသော ကာယနှင့် ဉာဏလူသားအရင်းအမြစ်များပါဝင်ပြီး၊ ကုန်ပစ္စည်းတစ်ခု၏ပုံစံတစ်ခုကိုအခြားတစ်ခုသို့ ပြောင်းလဲသွားစေရန် လိုအပ်သည့်စွန့်ဦးတည်ထွင်မှု စွမ်းရည်နှင့်အုပ်ချုပ်ရေး ကျွမ်းကျင်မှု များလည်း ပါဝင်သည်။ ထုတ်လုပ်ရေးသည် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ ကို ပြုလုပ်ပေးရသည့် လုပ်ဆောင်ချက်ဖြစ်သည်။

အစိုးရ၏အခန်းကဏ္ဍ[ပြင်ဆင်ရန်]

ပြိုင်ဆိုင်မှုစည်းကမ်းထိမ်းသိမ်းခြင်း၊ စားသုံးသူကာကွယ်ရေး နှင့် ပြိုင်ဆိုင်မှုဥပဒေ

အရင်းရှင်စံနစ်တစ်ခုတွင် အစိုးရသည် ပုဂ္ဂလိကပိုင်ဆိုင်မှုကိုတားမြစ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက် ချင်းကို သူတို့ကျေနပ်နေသည့်အလုပ်နေရာမှ ပိတ်ပင်တားဆီးခြင်း မပြုလုပ်ပါ။ အစိုးရသည် လုပ်ငန်းကုမ္ပဏီများအား မည်သို့လုပ်ခပေးရမည်၊ ကုန်ပစ္စည်းဈေးနှုန်းကိုမည်သို့ထားရမည်ဆိုသည်ကို ဆုံးဖြတ်ခြင်းမှ ရှောင်ကြဉ်သည်။ သို့ရာတွင် များစွာသောနိုင်ငံများတွင် အနည်းဆုံးလုပ်ခ နှင့် အနိမ့်ဆုံး အာမခံမှုစံများ ရှိနေကြသေးသည်။ အရင်းရှင်စံနစ်အပေါ် အချို့သော အမြင်များ၏အောက်တွင် အစိုးရသည် ငွေစက္ကူထုတ်ခြင်း၊ လူထုအသုံး အဆောင်များကိုကြီးကြပ်ပေးခြင်း နှင့် ပုဂ္ဂလိကကန်ထရိုက်များအားပံ့ပိုးပေးခြင်းကဲ့သို့သော စီးပွားရေး ဆောင်ရွက်မှုအများအပြားကို လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံအများစုတွင် လက်ဝါးကြီးအုပ်မှုများနှင့် ဈေးနှုန်းကိုင်ထားသည့် ကုန်သည်အုပ်စုကြီးများ တည်ထောင်ခြင်းမှ တားဆီးထားသည့် ပြိုင်ဆိုင်မှုဥပဒေ များ ရှိသည်။

လက်ဝါးကြီးအုပ်ဆန့်ကျင်ရေးဥပဒေများရှိနေသော်လည်း ကြီးမားသည့်ကော်ပိုရေးရှင်းကြီး များသည် အချို့ ၏သော လုပ်ငန်းများတွင် လက်ဝါးကြီးအုပ်လုနီးနီး လုပ်ကိုင်နိုင်ကြသည်။ အချို့သော လုပ်ငန်းများသည် ဈေးကွက်အတွင်းသို့ အရှုံးခံ ဈေးချဝင်ရောက်၍ နေရာရပြီးနောက်တွင် အရှုံးကာမိစေရန် ဈေးပြန်တင်သည်။ နိုင်ငံအများတွင် လူထုအသုံးအဆောင်များ (ဥပမာ – လျှပ်စစ်၊ အပူပေးလောင်စာ၊ ဆက်သွယ်ရေးများ) သည် အတိုင်းအတာ ကြီးမားသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် အတွက်ကြောင့် အစိုးရ၏ စည်းမျဉ်းစည်ကမ်းများ အောက်တွင် လက်ဝါးကြီးအုပ်ခွင့် ပေးထားနိုင်သည်။ အစိုးရ ကိုယ်စားလှယ်ဌာနများသည် လေကြောင်းလိုင်းများ နှင့် အသံလွှင့်ခြင်းလုပ်ငန်းများတွင် လုပ်ဆောင်မှုစံနှုန်းများကို စည်းကမ်းကျနစေသည်။ ဖြည့်စွက်ရလျှင်၊ အစိုးရသည် ငွေလုံးငွေရင်းစီးဆင်းမှု၊ ငွေဖေါင်းပွမှုနှင့်အလုပ်လက်မ့ ကဲ့သို့သောကိစ္စရပ်များကို ထိမ်းချုပ်ရန်၊ အတိုးနှုန်းကဲ့သို့သော ငွေကြေးလုပ်ဆောင်မှုများ အသုံးပြုခြင်းကို ထိမ်းညှိပေးသည်။

အရင်းရှင်စံနစ်ဝေဖန်ရေး နှင့် အရင်းရှင်စံနစ်ဆန့်ကျင်ရေး[ပြင်ဆင်ရန်]

စက်မှုလုပ်သားတစ်စု၏ကမ္ဘာ ကြော်ငြာပိုစတာ (၁၉၁၁)

အရင်းရှင်စံနစ်အား မှတ်သားလောက်အောင်ဝေဖန်သူများတွင် ဆိုရှယ်လစ်များ၊ မင်းမဲ့စရိုက်ဝါဒသမား များ၊ ကွန်မြူနစ်များ၊ အတတ်ပညာရှင်များ၊ အစဉ်အလာထိမ်းသိမ်းလိုသူအချို့၊ လက်မှုပညာရှင်များ၊ ပြည်သူ့ဝါဒ၊ မွှေနှောက်သူများ နှင့် အချို့သော အမျိုးသားရေးပုံစံဝါဒီများ ပါဝင်ကြသည်။ မတ်စ်ဝါဒသမားများသည် ကွန်မြူနစ်ဝါဒသို့ နောက်ဆုံးမပြောင်းလဲမှီ ဆိုရှယ်လစ်သို့ဦးတည်သည့် အရင်းရှင်စံနစ်တော်လှန်ရေး တစ်ခုကို ဘက်လိုက်ပြောဆိုသွားခဲ့သည်။ မတ်စ်ဝါဒသည် လူမှုဒီမိုကရေစီ နှင့် အလုပ်သမားပါတီများ အပေါ် ဩဇာငြောင်းခဲ့ပြီး၊ ထိုနည်းတူစွာ အချို့သောအလယ်အလတ် ဒီမိုကရက်တစ်ဆိုရှယ်လစ်များ အပေါ်လည်း လွှမ်းမိုးခဲ့သည်။ အရင်းရှင်စံနစ်၏များစွာသော အသွင်အပြင်များသည် ကမ္ဘာမှုပြုခြင်း ဆန့်ကျင်ရေး၏ ထိုးနှက်တိုက်ခိုက်မှုများအောက်တွင်လည်း ခံနေရပြီး၊ ထိုလှုပ်ရှားမှုသည် ကော်ပိုရိတ် အရင်းရှင်စံနစ်ကို အဓိကထားဆန့်ကျင်ခဲ့သည်။

ဘာသာရေးအများစုသည် အရင်းရှင်စံနစ်၏ သီးခြားအစိပ်အပိုင်းများကို ဝေဖန်ကြသည် သို့မဟုတ် ဆန့်ကျင်ကြသည်။ ရိုးရာဂျူးအယူဝါဒ၊ ခရစ်ယာန်အယူ နှင့် အစ္စလန်ဘာသာတို့သည် အတိုးဖြင့် ငွေချေးခြင်းကို တားမြစ်ထားသည်ဆိုသော်လည်း၊ အစ္စလန်ဘာသာဝင်ဘဏ်လုပ်ငန်း၏ နည်းစံနစ်များ သည် ဖွံ့ဖြိုးလာခဲ့သည်။ ခရစ်ယန်အယူတွင်၊ အထူးသဖြင့်၎င်း၏ ရုပ်ဝါဒီအသွင်အပြင်များတွင်၊ အရင်းရှင်ဝါဒအတွက် ဆုတောင်းခြင်း နှင့် ဝေဖန်ခြင်း နှစ်ခု၏မူလအစ တစ်ခုရှိသည်။ အိန္ဒိယတွေးခေါ်ပညာရှင် ပီအာရ်ဆာကား (P.R. Sarkar)၊ အနန္တမာဂလှုပ်ရှားမှုကိုစတင်တည်ထောင်သူ၊ သည် အရင်းရှင်စံနစ်၏ပြဿနာများအား ရှာဖွေသတ်မှတ်ရန် လူမှုသံသရာဥပဒေကို ဖေါ်ထုတ်ခဲ့သည်။

ပဋိပက္ခများ[ပြင်ဆင်ရန်]

ဝေဖန်သူများထောက်ပြပြောဆိုကြသည်မှာ အရင်းရှင်စံနစ်သည် ဥစ္စာဓနခွဲဝေမှု နှင့် အာဏာခွဲဝေမှု တို့တွင် မမျှမတဖြစ်နေပြီး၊ ဈေးကွက် လက်ဝါးကြီးအုပ်မှု သို့မဟုတ် လူနည်းစုလက်ဝါးကြီးအုပ်မှု (နှင့် အစိုးရ လူနည်းစုအုပ်ချုပ်မှုဖြင့်)၊ နယ်ချဲ့ဝါဒ၊ တန်ပြန်တော်လှန်ရေးစစ်ပွဲများ နှင့် အမျိုးမျိုးသောပုံစံများ ဖြစ်သည့် စီးပွားရေးနှင့်ယဉ်ကျေးမှု ခေါင်းပုံဖြတ်ခြင်း၊ အလုပ်သမားများနှင့် အလုပ်သမားသမဂ္ဂဝင်များအား ဖိနှိပ်ခြင်း၊ လူမှုရေးရန်လိုမှုများ၊ စီးပွားရေးမညီမျှမှု၊ အလုပ်လက်မဲ့၊ နှင့် စီးပွားရေးမတည်ငြိမ်မှု များဆီသို့ တိမ်းစောင်းသွားနိုင်သည်။ အရင်းရှင်ဝါဒသည် ဆိုရှယ်လစ်များပါဝင်ပတ်သက်ခြင်းဖြင့် ထိုပါဝင်သောထုတ်လုပ်မှုတွင် လက်မခံနိုင်စရာဖြစ်စေခြင်းနှင့် စီးပွားရေးဦးတည်ချက်လမ်းကြောင်းများ အစီအစဉ်မကျခြင်း ၊ ရှေ့နောက်မညီမှုများဖြစ်ပွားခြင်းနှင့် အတွင်းပိုင်း ပဋ္ဋိပက္ခ တို့ ကိုဖြစ်ပေါ်စေသည်။

ပတ်ဝန်းကျင်ထိမ်းသိမ်းရေးသမားများပြောဆိုသည်မှာအရင်းရှင်စံနစ်သည် စဉ်ဆက်စီးပွားရေး တိုးတက်မှုကို လိုလားသဖြင့်၊ အကန့်အသတ်ဖြင့်ရှိနေသည့်ကမ္ဘာမြေကြီး၏သဘာဝအရင်းအမြစ်များ နှင့် အခြားသော ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်သည့် အရင်းအမြစ်များကို မလွဲမရှောင်သာ သုံးစွဲဖျောက်ဖျက်ပစ်ရသည်။ အင်မင်နျူရယ် ဝါလက်စ်စတိန်း (Immanuel Wallerstein) ကဲ့သို့သော အလုပ်သမားသမိုင်းပညာရှင်များ နှင့် ပညာရှိများမှ ထောက်ပြပြောဆိုသည်မှာ အလုပ်သမားအား မလွတ်လပ်စေခြင်း - ကျွန်ပြုထားခြင်း၊ စာချုပ်ဖြင့်ခိုင်းစေခြင်း၊ အကျဉ်းချထားခြင်း နှင့် အခြားသော အတင်းအကြပ်လုပ်ခိုင်းခြင်း - သည် အရင်းရှင်ဆက်ဆံရေးများနှင့်အတူ ယှဉ်တွဲလျှက်ရှိနေသည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)