အမျိုးသားရေးဝါဒ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အမျိုးသားရေးဝါဒဟူသည်မှာ နိုင်ငံတစ်နိုင်ငံစည်းလုံးညီညွတ်ခြင်း၏ ကြီးမြတ်ခြင်းကို ပုံကြီးချဲ့ထားသောအတွေးအမြင်ဟု အချို့ကဆိုကြသည်။ ထိုအမျိုးသားရေးအတွေးအမြင်သည် အများအားဖြင့် မြေခြားရေခြားမှ လာရောက်ကျူးကျော်နေထိုင်သူများနှင့်ထိုသူများ၏ ဒေသခံများအပေါ်ဖိနှိပ်မှုများမှ ပေါ်ပေါက်လာလေ့ရှိသည်။ အဓိကအခြေခံသော ခံယူချက်မှာ နယ်မြေခြားမှ လာရောက်သူများ၏ အုပ်ချုပ်မှုကိုခံရသည်မှာ လုံးဝလက်မခံသင့်သောအရာဖြစ်သည်ဟူသော အတွေးအခေါ်ပင်ဖြစ်သည်။ အမျိုးသားရေးဝါဒသည် အခြားသဘောတရားရေးရာလမ်းစဉ်တခုခုလွှမ်းမိုးပြီးနှင့်သောနိုင်င်ငံများအားလုံးလိုလိုတွင် ထပ်ဆင့်၍တည်ရှိနေလေ့ရှိပြီး သာဓကအားဖြင့် ဒီမိုကရေစီလွှမ်းမိုးသည်ဆိုသောအမေရိကန်ရှိ ရှေးရိုးစွဲဝါဒ(conservatism)သည် အမေရိကန်အမျိုးသားရေးဝါဒနှင့်ပေါင်းစပ်ထားရပြီး ပုံဖျက်ထားသောအမည်ခံကွန်မြူနစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်လည်း ကွန်မြူနစ်ဝါဒထက် အမျိုးသားရေးဝါဒအတွေးအမြင်က ပိုမို၍ရှေ့တန်းရောက်နေသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။

အမျိုးသားရေးဝါဒ၏ပထမဆုံးမျိုးစေ့အနေဖြင့် အလယ်ခေတ်ဉာဏ်ပွင့်လင်းချိန်အတွင်း(Renaissance-၁၅ရာစုဝန်းကျင်)တွင်အုပ်စိုးနေကြသော သက်ဦးဆံပိုင်ဘုရင်များ၏ ညီညွတ်သောနိုင်ငံတော်၏စွမ်းအားနှင့် အာဏာစက်ပုံစံများကို ဝါဒဖြန့်ရာမှ စတင်ပေါ်ပေါက်လာခဲ့သယောင်ရှိသည်။ အမျိုးသားရေးဝါဒပုံစံတခုဟူ၍ ပီပီပြင်ပြင်ပေါ်ပေါက်လာသည်မှာ ပြင်သစ်တော်လှန်ရေးတွင်ဖြစ်သည်။၁၇၉၂တွင် ပြင်သစ်သည် ပရူးရှားစစ်တပ်၏ ကျူးကျော်မှုကိုခံရသည့်အခါပြင်သစ်“ပြည်သူ”များ (အမှန်တကယ်အားဖြင့်ပြင်သစ်ဟုခေါ်တွင်နေသောနယ်မြေဒေသအတွင်းရှိသမျှလူများကို ပြင်သစ်လူမျိုးဟူ၍ ပြီးစလွယ်ခေါ်၍မရပဲ မျိုးနွယ်စုများကွဲပြားမှုများရှိသည်) ‘နိုင်ငံတော်’ကိုလက်နက်တပ်ဆင်ကာကွယ်ကြဟူသော အမျိုးသားရေးခံယူချက်ဖြင့် အပျော်တမ်းပြည်သူ့စစ်များက အသေအချာလေ့ကျင့်ထားပြီးဖြစ်သော စစ်တပ်ကိုအနိုင်ယူခဲ့သည်။

နောက်ပြီးတွင် နပိုလီယံဦးဆောင်သော စစ်တပ်၏ အမျိုးသားရေးဝါဒမသိမသာနောက်ခံထားသော အခြေအနေမှာ ဥရောပတလွှားနယ်ကျွံလာခဲ့ပြီး ပြင်သစ်၏သိမ်းပိုက်ခြင်းခံရသော ဥရောပနိုင်ငံများ၌လည်း တန်ပြန်အမျိုးသားရေးဝါဒများပေါ်ထွန်းလာခဲ့သည်။ နပိုလီယံကို တွန်းလှန်ကြသော ကာလအတွင်းမှစ၍ ၁၉ရာစုရောက်သည်အထိ ဥရောပတတိုက်လုံးကို အမျိုးသားရေးဝါဒများ ပျံ့နှံ့နေခဲ့ပြီး ၂၀ရာစုနှောင်းပိုင်းတွင်တော့ ထိုဥရောပနိုင်ငံများ၏ ကမ္ဘာတလွှားရှိ ကိုလိုနီနယ်ပယ်များဆီအထိ အမျိုးသားရေးဝါဒအတွေးအခေါ်များပျံ့နှံ့လာခဲ့သည်။ အီတလီနှင့် ဂျာမဏီနိုင်ငံတို့မှာ အသည်းဆုံးဖြစ်သည်။ထိုကာလအတွင်းမှ အီတလီစာရေးဆရာ မက်ဇီနီ(Giuseppe Mazzini)ကဆိုလျှင် "လူသားဟူသမျှသည် ‘နိုင်ငံတော်’ တရပ်ရပ်ကို ကိုယ်စားပြုထားမှသာလျှင် လူဖြစ်ရကျိုးနပ်မည်ဖြစ်ပြီး တဦးချင်းလွတ်မြောက်မှုကို အဓိကထားသော လွတ်လပ်မျှတမှုဝါဒထက် နိုင်ငံတော်တခုလုံးလွတ်မြောက်မှုရရေးကပို၍အရေးကြီးသည်ဟုဆိုပြီး ပညာရေးတွင်လည်း တဦးပုဂ္ဂလဦးတည်သောအတွေးအခေါ်ကို ဖုံးလွှမ်းထားနိုင်စေရေးအတွက် အမျိုးသားရေးဝါဒအသိထည့်ပေးထားရမည်"ဟုဆို၏။

ယနေ့ခေတ်တွင်တော့ အမျိုးသားဝါဒလွှမ်းမိုးသောနိုင်ငံအများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြသည်။ ၂၁ရာစုရောက်လာသည့်အခါတွင်တော့ အမျိုးသားရေးဝါဒမှာ တိုင်းတပါးမှစစ်ရေးအရ ကျူးကျော်ဝင်ရောက်အုပ်ချုပ်သည်ကို တွန်းလှန်သည်ထက် စီးပွားရေးအရ ဝင်ရောက်ချယ်လှယ်အုပ်ချုပ်နေကြသည်ကို တွန်းလှန်သည့်ပုံစံပြောင်းလာခဲ့သည်။ဤဝါဒမှာ အခြားရှိသမျှသောဝါဒများထက် စိတ်ခံစားမှုများအပေါ်တွင် မှီခိုမှုရှိနေသောသဘောရှိပြီး တစ်ဦး၏ နိုင်ငံတော်အမြင်နှင့် အခြားတစ်ဦး၏နိုင်ငံတော်အမြင်တို့သီးခြားမဖြစ်ပဲ ဒွေးရောယှက်တင်ဖြစ်လာသည့်အခါ၊တစ်နည်းအားဖြင့် အမျိုးသားအမြင်သည် လူမျိုးစုကွဲပြားမှုအမြင်နှင့်မကွဲပြားပဲဖြစ်လာသည့်အခါ အမျိုးသားရေးဝါဒတစ်ခုဖြင့်လွှမ်းမိုးထားသော နိုင်ငံတခုအတွင်း၌ပင် လူမျိုးစုအသီးသီးက အမျိုးသားရေးဝါဒအသီးသီးကို ဆွဲကိုင်ကာ နိုင်ငံကို အစိတ်စိတ်အမွှာမွှာဖြစ်နိုင်သည့် အန္တာရာယ်အထိရှိလာနိုင်သည်။ နိုင်ငံအသီးသီးကို ခြိမ်းခြောက်လာနိုင်သော အဆိုပါ အမျိုးသားရေးဝါဒကို ဒေသတွင်းအမျိုးသားရေးဝါဒ(regional nationalism)ဟူ၍လည်းခေါ်ကြ၏။