ဇီးကွက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဇီးကွက်
Spotted Owlet (Athene brama)- Pair in Foreplay at Bharatpur I IMG 5472.jpg
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
Least Concern
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက:
Animalia
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Aves
မျိုးစဉ်:
Strigiformes
မျိုးရင်း:
Strigidae
မျိုးစု:
Athene
မျိုးစိတ်:
A. brama
ဒွိနာမ
Athene brama
Temminck, 1821

ဇီးကွက်သည် အိန္ဒိယနိုင်ငံမှ အရှေ့တောင်အာရှအထိ အပူပိုင်း အာရှဒေသတွင် တွေ့ရှိရသည့် ငှက်တစ်မျိုး ဖြစ်သည်။ ဇီးကွက်များသည် ယာတောများ လူနေရပ်ကွက်များတွင် ကျက်စားနေထိုင်ကြသည်။ ၎င်းတို့သည် သစ်ခေါင်းများ၊ ကျောက်ဆောင် သို့မဟုတ် အဆောက်အဦးများရှိ အပေါက်များတွင် အသိုက်ဖွဲ့ အိပ်တန်းတက်ကြသည်။ တစ်သားလျှင် ဥ ၃ လုံးမှ ၅ လုံးအထိ အုလေ့ရှိသည်။

ဇီးကွက်သည် မျိုးစဉ် 'စတြစ်ဂျီဖောမီး' တွင်၎င်း၊ မျိုးရင်း 'တိုက်တွန်းနိဒီး' တွင်၎င်း ပါဝင်၏။ ဇီးကွက်အမျိုးပေါင်း ၂၅ဝ ခန့်ရှိသည်။ ဇီးကွက်ကို သမပိုင်း၊ အပူပိုင်းနှင့် အအေးလျှော့ အာတိတ်ဒေသကဲ့သို့သော နေရာများတွင်သာမက၊ ကုန်းပြင်နှင့် အဆက်အသွယ်မရှိသော ပင်လယ်ကျွန်းများတွင်လည်းတွေ့ရ သည်။ ၆ လက်မမျှပင်မရှိသော ဇီးကွက်အငယ်ဆုံးကို အမေရိ ကန်ပြည်ထောင်စု၏ အနောက်တောင်ပိုင်းနှင့် မက္ကဆီကို အနောက်ပိုင်းတို့တွင် တွေ့ရသည်။ အကြီးဆုံး ဇီးကွက်ကိုမူ ကနေဒါနှင့် အလာစကာကျွန်းဆွယ်ရှိ တောနက်များတွင် တွေ့ရ ၏။ ထိုဇီးကွက်သည် အလျား လက်မ ၃ဝ ရှိ၍၊ အတောင်ကို ဖြန့်လိုက်သောအခါတွင် တစ်စွန်းမှ တစ်စွန်းသို့ ၅၄ လက်မမှ လက်မ ၆ဝ ထိရှိသည်။ ဇီးကွက်တွင် ကြီး၍ ကျယ်ပြန့်သော ဦးခေါင်းနှင့် မျက်လုံးပတ်လည်တွင် ဖြာထွက်နေသော အမွှေး များရှိခြင်းကြောင့် ယင်းကိုလွယ်ကူစွာ မှတ်မိနိုင်သည်။ ထို အမွှေးများသည် နားတွင်လည်းရှိသည်။ ထိုမျက်လုံးများသည် အခြားငှက်များ၏ မျက်လုံးများကဲ့သို့ မဟုတ်ဘဲ၊ ရှေ့သို့သာ စိုက်ကြည့်နေတတ်သည်။ ဇီးကွက်၏ မျက်စိသည် လူ၏ မျက်စိ ကဲ့သို့ မျက်တွင်း၌ မလှုပ်ရှားနိုင်ချေ။ ထိုကြောင့် ရွေ့ရှားနေ သည့် အရာတစ်ခုကို ကြည့်လိုသော အခါတွင် ခေါင်းကိုပါ ရွေ့ပေးရသည်။ ဇီးကွက်မျက်စိ၌ မျက်တောင်ရှည်များရှိသည်။

ဇီးကွက်၏ကိုယ်သည် တို၍တုတ်သည်။ နုတ်သီးကောက်သည်။ ခြေထောက်သန်၏။ ခြေသည်းထက်သည်။ အချို့ဇီးကွက်၏ ဦးခေါင်းပေါ်တွင် အမွှေးများစု၍ နေတတ်သည်။ ဇီးကွက်၌ ထူထပ်သော အမွှေးအတောင်များရှိသည်။ ထိုကြောင့် ဇီးကွက် သည် ကိုယ်ကြီးပုံရလေသည်။ ဇီးကွက်သည် မြန်မြန်ပျံသန်း နိုင်သော်လည်း အမွှေးနုများ ထူထပ်စွာရှိသဖြင့် အခြားငှက်များ ကဲ့သို့ ပျံသန်းသော အခါတွင် အသံမမြည်ချေ။ သားကောင်ကို အသံမကြားစေဘဲ ထိုးသုတ်နိုင်သည်။ များစွာသော ဇီးကွက်မျိုး တို့သည် နေ့အချိန်၌ မြင်နိုင်သော်လည်း အမြင်မသန်ချေ။

သို့သော် နေ့အချိန်တွင် ကောင်းစွာမြင်နိုင်သော ဇီးကွက်မျိုး လည်းရှိသည်။ ဇီးကွက်၏ လည်ပင်းသည်တို၍ တုတ်၏။ ခြေ ထောက်များသည် ကိုယ်၏ နောက်ပိုင်းခပ်ကျကျတွင် ရောက် နေသဖြင့် နားနေသည့်အခါ မတ်တတ်ရပ်နေသည်ဟု ထင်ရ သည်။

ဇီးကွက်သည် ကိုယ်ဖြတ်သတ္တဝါများ၊ ဖားများ၊ တီများ၊ အင်းဆက်ပိုးများကို စားသည်။ အများအားဖြင့် အစာကို အရှင် လိုက်ဖမ်းလေ့ရှိသည်။ တစ်ခါတစ်ရံ လတ်ဆတ်သော အသေ ကောင်များတွေ့လျှင်လည်း ကောက်ယူလေ့ရှိသည်။ အချို့ဇီးကွက် တို့သည် ရေတိမ်၌ရှိသောငါးများကို ဖမ်းယူတတ်သည်။ ဇီးကွက် သည် သိမ်းငှက်ကဲ့သို့ အစာကိုမစားမီ ကိုက်ဖဲ့လေ့ရှိသည်။ သားကောင်ငယ်ငယ်ကိုသာ တစ်ကောင်လုံး မျိုချတတ် သည်။ ထိုနောက်မှ မကြေနိုင်သည့် အရိုး၊ အကြေးခွံ၊ အမွှေးအတောင် များကို ပြန်ထုတ်ပစ်သည်။

ဇီးကွက်သည် အသိုက်လုပ်ရာ၌ မကျွမ်းကျင်ချေ။ အများ အားဖြင့် သစ်ခေါင်းများ၌ဖြစ်စေ၊ လိုဏ်ခေါင်း များ၌ဖြစ်စေ၊ မြေအောက်တွင်းများ၌ဖြစ်စေ၊ လူမနေဘဲ စွန့်ပစ်ထားသော အိမ် များ၌ဖြစ်စေ၊ ကျီများ၌ဖြစ်စေ၊ သိမ်းနှင့်ကျီးတို့၏ အသိုက် ဟောင်းများ၌ဖြစ်စေ အသိုက်ကို ဖြစ်ကတတ်ဆန်းလုပ်လေ့ရှိ သည်။ ဇီးကွက်ဥသည် အဖြူရောင်တွင် အဝါရောင်သော်၎င်း၊ အပြာရောင်သော်၎င်း သန်းနေတတ်သည်။ အများအားဖြင့် ၃ ဥ၊ ၄ ဥ အုတတ်သော်လည်း အချို့ဇီးကွက်တို့သည် ၁၂ ဥထိ အုတတ်သည်။ အသိုက်ကို အဖိုနှင့် အမ နှစ်ဦးစလုံးက စောင့် ရှောက်သည်။ ဇီးကွက်ကြီးသည် အသိုက်ကိုလာ၍နှောင့်ရှက်သော ရန်သူများအား ရဲရင့်စွာကာကွယ်သည်။ ဇီးကွက်ကလေးများ သည် ထူထဲသော မွှေးနုဖြူများရှိ၍ ချစ်စဖွယ်ကောင်းသည်။ ထိုအကောင်ကလေးများသည် အခြားငှက်ငယ်များထက် ပို၍ကြာ ရှည်စွာ အသိုက်တွင်း၌ နေကြသည်။

မြန်မာနိုင်ငံရှိ ဇီးကွက်သည် ၈ လက်မခန့်ရှိသည်။ ထို ဇီးကွက်မျိုး၏ နားရွက်၌ အမွှေးစုများမရှိချေ။ မြန်မာနိုင်ငံ အလယ်ပိုင်း၌ ဇီးကွက်ကို အတွေ့ရများသည်။ ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်မြစ်ဝှမ်း၊ ဟင်္သာတမြို့ပဲခူးမြို့ တို့တွင်လည်း အတွေ့ရများသည်။ ခင်ပုပ် သို့မဟုတ် မြီးဝန်၊ တောလုံ၊ တီးတုတ်(ဒီးဒုတ်)၊ ကုပ်ကလူ၊ လင်ကောင်ပိုး(ဝါ) ငှက်ဆိုး တို့သည် ဇီးကွက်မျိုးတွင်ပါဝင်ကြသည်။ [၁]


ဆိုရိုး[ပြင်ဆင်ရန်]

ဇီးကွက် သည် ရှေးဆိုရိုးဖြစ်သော မသူတော်ခုနစ်ပါး ဟုခေါ်သည့် တိရစ္ဆာန် ခုနစ်မျိုးတွင် အပါအဝင်ဖြစ်သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)