စာကလေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စာကလေး
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Aves]]
မျိုးစဉ် [[Passeriformes]]
မျိုးစဉ်သေး [[Passeri]]
မျိုးရင်း '''Passeridae'''

စာကလေး စာကလေး အမျိုးမျိုး ရှိသည့်အနက် ပါဏဗေဒအရ 'ပါစာဒိုမက်စတီကပ်'၊ 'ပါစာ မွန်တန်နပ်'၊ 'ပါစာ ဖလေဗျိုလပ်' အမည်ရှိ စာကလေးတို့သည် ထင်ရှား၏။ 'ပါစာဒိုမက်စတီ ကပ်' စာကလေးကို အိမ်စာဟူ၍ သိကြသည်။ ထိုစာကလေးသည် အလျား ၆ လက်မအထိ ရှိတတ်သည်။ ဦးခေါင်းသည် မွဲပြာ၍ ရင်အုပ်မှာ နက်၏။ ပူအိုက်သော ရာသီဥတုတွင် အလွန်ဆူညံစွာ အော်မြည်တတ်သည်။ သားပေါက်ချိန်တွင် သာမန်ချိန်ထက် စူးရှစွာ အော်မြည်တတ်သည်။ ထိုစာကလေးများကို တောမှာထက် မြို့၌ အတွေ့ရများသည်။

မြန်မာနိုင်ငံတွင် လွင်ပြင်များ၌ ကျက်စားလေ့ရှိသည်။ မြစ်ချောင်းအနီးအပါးရှိ တံငါတဲများတွင် တွေ့ရသည်။ တစ်နှစ်ပတ်လုံး သားပေါက်၏။ အသိုက်ကို တဲထဲ၊ အိမ်ထဲမှာ ပြုလုပ်တတ်ကြသည်။

ထိုစာကလေးမျိုးကို ဥရောပတိုက်၊ အာရှတိုက်၊ အာဖရိကတိုက် မြောက်ပိုင်းတို့တွင် အနှံ့အပြား တွေ့ရသည်။ အမေရိကတိုက်နှင့် ဩစတြေးလီးယားတိုက်တို့၌လည်း ရှိသည်ဟု ဆို၏။ 'ပါစာ မွန်တန်နပ်'စာကလေးမျိုးသည် အိမ်စာကလေးနှင့် ခပ်ဆင်ဆင်တူသည်။ သို့ရာတွင် အော်မြည်ရာ၌ အသံကွဲပြားသည်။ မြန်မာနိုင်ငံတွင် ထိုစာကလေးမျိုးကို တောရွာတို့မှအပ တဲအိမ်၊ စရပ်၊ ဘုန်းကြီးကျောင်း စသော အဆောက်အအုံများ၌ တွေ့ရသည်။ တစ်နှစ်ပတ်လုံး သားပေါက်၏။ အသိုက်ကို အိမ်များ၊ သစ်ပင်အခေါင်းများ၌ ပြုလုပ်တတ်သည်။ ထိုစာမျိုး၏ဥမှာ 'ဒိုမက်စတီကပ်' စာကလေးဥထက် ငယ်သည်။ တစ်မြုံလျှင် ၄ ဥမှ ၅ ဥအထိ ရှိသည်။

စာဝါ[ပြင်​ဆင်​ရန်​]

'ပါစာ ဖလေဗျိုလပ်' စာကလေးမျိုးကို စာဝါဟူ၍ သိကြသည်။ အလျား ၅ ၁/၂ လက်မရှိသည်။ အခြားစာကလေးများထက် အသံကျယ်သည်။ တောအရပ်ရှိ လဟာပြင်နှင့် စိုက်ခင်းများ၌ တွေ့ရသည်။ တစ်နှစ်ပတ်လုံး သားပေါက်၏။ တစ်ခါတစ်ရံ အခြားစာကလေးများနှင့် ရော၍ နေတတ်ကြသည်။ ဤစာမျိုးကို မြန်မာ ယိုးဒယား၊ အင်ဒိုချိုင်းနားနိုင်ငံများတွင် တွေ့ရသည်။ မြန်မာနိုင်ငံတွင် ရခိုင်တိုင်း၊ ချင်းတောင်ဒေသ၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ တောင်ပိုင်းရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များတွင် အမြဲနေသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အများဆုံးတွေ့ရ၏။ မေမြို့တစ်ဝိုက်ရှိ စိုက်ခင်းများတွင် ကျက်စားသည်။ပေ ၄ဝဝဝ အမြင့်အထိ နေနိုင်ကြသည်။ စာဗူးတောင်းသည် မြက်ခြောက်၊ လျှော်မျှင် စသည်တို့ဖြင့် အိမ်မိုးစွန်း၊ သစ်ပင်၊ ချုံဖုတ်ပင်များ၌ တွဲလျားကျအသိုက် ရက်လုပ်၍ နေတတ်သည်။ ထိုစာမျိုးကို အင်္ဂလိပ်လို 'ဗီးဗားပတ်' ဟူ၍ ခေါ်သည်။ စာဗူးတောင်း မျိုးခွဲစားရှိရာ စာခေါင်း ကွက်၊ စာဝတီး၊ စာဘုန်းကြီးတို့သည် ထိုစာမျိုးထဲတွင် ပါသည်။

ထိုစာကလေးများ အသိုက်ရက်လုပ်ထားပုံမှာ စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။ အသိုက်ကို အိမ်တန်စက်မြိတ် သို့မဟုတ် သစ်ကိုင်းတို့တွင် တွယ်လျက်လုပ်တတ်သည်။ အသိုက် ပုံသဏ္ဌာန် မှာ အထက်မှ ခပ်သေးသေးဆင်းလာပြီး အလယ်တွင် ကြီးနေသည်။ အောက်ဖက်၌ ဝင်ပေါက်ထွက်ပေါက်အတွက် ခပ်သေးသေး အခေါင်းတစ်ခု ရှိသည်။ အချို့ အသိုက်များတွင် အပေါက်ကို ဘေး၌ထားသည်။ အသိုက်လုပ်နေစဉ် အလွန်ဆူညံစွာ အော်မြည်တတ်ကြသည်။ မိုးတွင်းအခါ၌ သားပေါက်ကြသည်။

ထိုစာမျိုးကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား တွေ့ရသည်။ မြန်မာနိုင်ငံတွင် လွင်ပြင်များ၌ အများအားဖြင့် တွေ့ရတတ်သည်။[၁]


စာကလေးအမျိုးမျိုး ရှိသည်။ ဦးခေါင်းမွဲပြာ၍ ရင်အုပ်နက်သည်။ အထက်လွှတ်ရန် မြို့ထဲတွင် လှည့်လည်ရောင်းချသည်ကို တွေ့ရတတ်သည်။ အုတ်လိုက်ကျက်စားတတ်၍ ရေကန်၊ မြစ်ခေျာင်းအနီးတွင် တွေ့ရတတ်သည်။ စပါးခင်းများကို ဖျက်ဆီးတတ်သည်။ ဥမှာရှည်မျော၍ ပြာမွဲမွဲရှိသည်။ ဥရောပတိုက်၊ အာဖရိကတိုက်မြောက်ပိုင်းနှင့် အာရှတိုက်အနှံ့အပြားတွင် တွေ့ရှိရသည်။ ပသျှူးစာ၊ ပဲခူးစာ စသော စာအမျိုးအမည်များလည်း ရှိသည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  2. လှသမိန်၏ ဗဟုသုတစွယ်စုံ