အပူ

ဝီကီပီးဒီးယား မှ
သတ္တုဒြပ်သား၌ အပူချိန် မြင့်သွား၍ လူ့မျက်စေ့နှင့် မြင်တန်သော အပူ စွမ်းအင်ဖြာမှုများ အလင်းအဖြစ်လည်း ထုတ်လွှတ်နေပုံ

အပူစွမ်းအင် (အင်္ဂလိပ်: thermal energy or heat energy) ဆိုသည်မှာ ဒြပ်ထုအပိုင်းအစတိုင်း၌ အစဉ်ခိုကပ်နေသော စွမ်းအင်တမျိုး ဖြစ်ပြီး၊ ထိုစွမ်းအင်ကြောင့် အရာဝတ္ထု၏ အမှုန်တို့မှာ တုန်ခါမှုသဘော အစဉ်ရှိနေကာ ၎င်းတုန်ခါမှုကို အပူချိန်အဖြစ် တိုင်းတာ ရရှိနိုင်သည်။ ထို့နောက် ၎င်းအပူချိန် ကွာခြားမှုရှိသော အရာဝတ္ထုများ ဆက်စပ်မှု ရှိသည်နှင့် တပြိုင်နက် အပူချိန် တူညီသွားကြသည်အထိ အပူစွမ်းအင်တို့ စီးကူးဖလှယ်ကြမည်။[၁]

လောက(Universe)တွင် အပူစွမ်းအင် ရှိသော်လည်း အအေးစွမ်းအင်ဟု မရှိချေ။ အပူစွမ်းအင် ပမာဏ လျော့နည်းသော အရာဝတ္ထုတို့သာ ရှိနိုင်သည်။ ဥပမာအားဖြင့် ရေခဲတုံးကို လူက လက်နှင့်ထိကိုင်၍ အေးသည်ဟု ခံစားရခြင်းမှာ အအေးစွမ်းအင်ကို ခံစားရခြင်း မဟုတ်ပေ။ အပူချိန်ပိုနည်းနေသော ရေခဲတုံးထံသို့ အပူချိန်ပိုများနေသော လက်ဖျားထံမှ အပူစွမ်းအင်တို့ စီးကူးခြင်းသာ ပကတိ ဖြစ်ပျက်နေသည်။ အရေပြားထံမှ ထိုသို့ အပူစွမ်းအင်မှာ လျော့ထွက်နေကြောင်း အာရုံခံဆဲလ်များက ပေးပို့သည့် လျှပ်စီးငယ် သတင်းအချက်အလက်များကို ဦးနှောက်က လက်ခံဖတ်ရှုနေခြင်းသည်ပင်လျှင် လူက ခံစားသိရှိမှုတမျိုးကို ရရှိနေခြင်း ဖြစ်သည်။ ၎င်းကို "အေးသည်"ဟု လူ့ဘာသာစကားဖြင့် သမုတ်ကြသည်။

အပူစွမ်းအင် လုံးဝကင်းစင်နေသည့် ဒြပ်ထုသည် အပူချိန်အားဖြင့် သုည ကယ်လ်ဗှင် (0 K) ဖြစ်နေမည်။ ၎င်းမှာ -273° C ခန့်နှင့် ညီမျှသည်။ သို့သော် မည်သည့် ဒြပ်ထုမှ ထိုအပူချိန်အတိအကျသို့ ရောက်နိုင်ခြင်း မရှိ၍ အပူစွမ်းအင် လုံးဝကင်းစင်သော ဒြပ်ထု မရှိနိုင်ဟု ကောက်ချက်ချကြသည်။
အပူ

ရူပဗေဒအသိအားဖြင်း စွမ်းအင်ဟူသမျှသည် အလုပ်ပြီးမြောက်စေသဖြင့် အလုပ်ပြီးမြောက်မှု (work done) အဖြစ် ပြောင်းလဲနိုင်သော စကေလာ တိုင်းဖွယ်များ ဖြစ်သည်။ သို့ဖြင် အလုပ် (work done) နှင့် ယူနစ်ချင်း တူသည်၊ နိုင်ငံတကာစံယူနစ် အားဖြင့် J (joul; ဂျူးလ်) ဖြစ်သည်။

လူသားတို့ ပတ်ဝန်းကျင်တွင်[ပြင်ဆင်ရန်]

ကမ္ဘာဂြိုဟ်ရှိ သက်ရှိများ ရှင်သန်ရန် လိုအပ်သော စွမ်းအင်ကို နေမှ အပူစွမ်းအင်အဖြစ် အဓိက ရရှိသည်။ အလင်းသည်လည်း အပူစွမ်းအင် အသွင်ကွဲတမျိုးဟု သိမှတ်နိုင်သည်။ လျှပ်စစ်သံလိုက်လှိုင်းများအနက် လူတို့၏ မျက်စေ့မှ အာရုံခံဆဲလ်များ ခံစားနိုင်သော အလင်းရောင်များမှာ အပူစွမ်းအင် ပမာဏအားဖြင့် ခပ်နည်းနည်းသာ ရှိသည်။ ထို့ထက် စွမ်းအင်မြင့်၍ လှိုင်းအလျားတိုသော (ဥပမာအားဖြင့် ခရမ်းလွန်ရောင်ခြည်) လျှပ်စစ်သံလိုက်လှိုင်းများကို ဒြပ်ထုများက စုပ်ယူလျှင်မူ ရရှိသည့် အပူစွမ်းအင် ပမာဏ ပိုများပေမည်။ သို့ဖြင့် လျှပ်စစ်သံလိုက်လှိုင်းကို ဝတ္ထုတခုထံမှ ဖြာလွတ်ထွက်လာသော အပူစွမ်းအင် အစအနများဟု သိနားလည်နိုင်သည်။
မီးလောင်ခြင်းသည်လည်း လောင်စာအမှုန်များက အပူစွမ်းအင် များပြားလုံလောက်သွားခြင်းကြောင့် (စွမ်းအင် မြင့်လျက် တုန်ခါ ပြုတ်ထွက်ကာ) လေထဲရှိ အောက်စီဂျင်မော်လီကျူးများနှင့် ဓာတ်ပြုရာမှ အပူစွမ်းအင် ဖြာထွက်မှုပင် ဖြစ်လေသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အပူကို စွမ်းအင်အဖြစ် မမြင်ဘဲ အရာဝတ္ထုတစ်ခုအနေဖြင့် ကာလကြာညောင်းစွာ အမှတ်မှားလာခဲ့ကြရာ ခရစ် ၁၇၉၈-၉၉ ခုနှစ်သို့ ရောက်သောအခါ ကောင့် ရမ်းဖှို့ နှင့် ဆာရ် ဟန်ဖှရီ ဒေဗီ ဆိုသူ ပုဂ္ဂိုလ်ကြီးနှစ်ဦးက ထိုအယူ ဟောင်းကို တော်လှန်လိုက်ကြလေသည်။ (ဒေဗီဆာဟန်ဖရီ။)
ထိုပုဂ္ဂိုလ်ကြီးနှစ်ဦး၏လက်တွေ့ စမ်းသပ်မှုများအရ အပူသည် မြင်နိုင်၊ကိုယ်တွယ် နိုင်သည့်အရာဝတ္ထုမဟုတ်၊ ဒြဗ်ဝတ္ထုများအတွင်းရှိ မြူတို့၏ တုန်လှုပ်မှုပင်ဖြစ်သည်ဟု ထုတ်ဖော်လိုက်ကြသည်။ ဆိုလိုရင်း မှာ မော်လီကျူးခေါ် မြူတို့၏ တုန်လှုပ်မှုသည် အပူဓာတ်ကို ဖြစ်ပေါ်စေသည်ဟု ဆိုလိုသည်။ သို့သော် ထိုပုဂ္ဂိုလ်ကြီးနှစ်ဦး ၏ စမ်းသပ်မှုများနှင့် ဆိုလိုရင်း သဘောတို့မှန်ကန်ပုံကို နောင် နှစ်ပေါင်း ၄ဝ အကြာတွင် ဂျိမ်း ပရက်စကော့ ဂျူးလ် က တစ်ဖန် မိမိ၏ စမ်းသပ်တိုင်းတာမှုဖြင့် ထပ်မံရှင်းပြမှ ကမ္ဘာက နားလည်လက်ခံလာလေသည်။ ဂျူးလ်သည် အပူနှင့်အလုပ်တို့ ဆက်စပ်နေပုံ၊ မည်သို့တိုင်းတာရရှိပုံတို့နှင့်တကွ အပူ၏ စံတင်ခုကိန်းကိုပါ သတ်မှတ်ခဲ့ရာ ထိုခုကိန်းကို ယခုထက်တိုင် အောင် လက်ခံသုံးစွဲလျက်ရှိသည်။(ဂျူးလဂျေပီ။)


အကြမ်းဖျင်း သဘောတရား[ပြင်ဆင်ရန်]

ဒြပ်ဝတ္ထုအသီးအသီး၌ပါရှိသော မော်လီကျူးတို့သည် အမြဲတမ်း တုန်လှုပ်လျက်ရှိသဖြင့် အပူလည်း အမြဲတမ်းပင် ရှိသည်။ သို့ရာတွင် မော်လီကျူးများ သာမန်အခါထက်တိုးတက် လျင်မြန်စွာ တုန်လှုပ်လာမှ အပူမှာ သိသာလာသည်။ အပြင်းအထန် တုန်လှုပ်သောအခါ ပူရုံမက မီးပင် ထတောက်နိုင်ပေသည်။ ထိုကြောင့် တောမီးလောင်ခြင်းသည် ခြောက်သွေ့သော သစ်ကိုင်းများ အချင်းချင်း ပွတ်တိုက်မိရာမှ အတွင်းရှိ မော်လီကျူးများ ပြင်းထန်စွာ တုန်လှုပ်မှုကြောင့် မီးထတောက်ကာ တစ်တောလုံး ကူးဆက် လောင်ကျွမ်းခြင်း ဖြစ်လေသည်။ အရာဝတ္ထုတစ်ခုခုကို အပူတိုက်ပေးသောအခါ ထိုအပူကြောင့် အလေးချိန်တိုး၍ မလာပေ။ သို့ရာတွင် ထိုအရာဝတ္ထု အတွင်းရှိ မော်လီးကျူးများ တစ်ခုနှင့်တစ်ခု ကန်ကျောက်တုန်လှုပ်မှု ပြင်းထန်လာသည့်အတွက် မော်လီကျူးတစ်ခုနှင့် တစ်ခုတို့၏ အကွာအဝေးမှာ ပိုမိုဝေးကွာလာကာ အရာဝတ္ထုကိုယ်ထည်သည် ယခင်က ထက်ကား (ကြီးထွား) လာရလေ သည်။ မီးရထားသံလမ်းတစ်လျှောက်ကို ကြည့်သောအခါ သံလမ်း အဆက်တိုင်း၌ သံလမ်းချင်းထိမနေစေပဲ အနည်းငယ် ခွာထားသည်ကို တွေ့ရလိမ့်မည်။ ထိုသို့ ခွာထားခြင်းမှာ နွေအခါ နေပူလာသောအချိန်၌ သံလမ်းရှည်ထွက်လာသောအခါ အတော်ကျအောင် နေရာပေးထားခြင်းပင် ဖြစ်လေသည်။ ဤသို့အပူကြောင့် ကားထွက်လာရာတွင် အရာဝတ္ထုတို့သည် အမျိုး အစားကိုလိုက်၍ ကားထွက်ပုံချင်း မတူကြပေ။ ပုံစံမှာ အရွယ်တူညီသော မှန်စတစ်ခုနှင့် သွပ်စတစ်ခုတို့ကို အညီအမျှ အပူ တိုက်ပေးသည်ဆိုပါစို့။ အပူတိုက်ပေးပြီးနောက် တိုင်းတာကြည့်လျှင် သွပ်စက မှန်စထက် ပိုပြီး ကြီးနေသည်၊ (ဝါ) ကားလာ သည်ကို တွေ့ရပေမည်။
အပူကို တိုင်းတာရာတွင် အတိုင်းနှစ်မျိုးရှိ၍ ယင်းတို့မှာ အပူ(အအေး) ချိန်နှင့် အပူပမာဏတို့ ဖြစ်လေသည်။ အရာဝတ္ထုတစ်ခုသည် မည်မျှပူသည် (အေးသည်)ကို သာမန်အားဖြင့် စင်တီဂရိတ်နှင့် ဖာရင် ဟိုက်ဒီဂရီ အမှတ်ပြ ပြဒါးတိုင် ([[သာမို မီတာ]]) များဖြင့် တိုင်းတာလေ့ရှိသည်။ ဒြပ်ဝတ္ထုတွင်ရှိသော မော်လီကျူးများ ပိုမိုလျင်မြန်စွာ တုန်လှုပ် လာသောအခါ ထိုဒြဗ်ဝတ္ထု၏အပူချိန်အမှတ်သည် မြင့်လာသည်။ ထိုကြောင့် အပူ(အအေး)ချိန်သည် မော်လီကျူးတို့၏ တုန်လှုပ်မှုနှုန်းအပေါ်၌ တည်လျက် ရှိပေသည်။
သို့ရာတွင် အပူချိန်အမှတ်ချင်းတူညီသော ရေတစ်စည်နှင့် ရေတစ်ခွက်ကို စဉ်းစားကြည့်ပါ။ ရေတစ်စည်တွင် ရှိသော အပူ ပမာဏမှာ ရေတခွက်တွင်ရှိသော အပူပမာဏထက် များရပေမည်။ တစ်ဖန် အလေးထုချင်း တူညီစေကာမူ ပစ္စည်းတစ်ခုနှင့် တစ်ခု အမျိုးချင်း ကွဲပြားပါကလည်း ပါရှိသောအပူပမာဏမှာ မည်သည့်နည်းနှင့်မျှ တူညီလိမ့်မည် မဟုတ်ပေ။ ပုံစံမှာ အလေး ထုချင်း တူညီသောရေနှင့် ပြဒါးကို အပူတိုက်ပေး ကြည့်မည် ဆိုပါစို့။ အပူချိန်အမှတ်ချင်း ညီတူညီမျှ တက်ရလေအောင် ကျွန်ုပ်တို့သည် ပြဒါးထက်ရေကို အပူပိုပြီး တိုက်ပေးရသည်ကို တွေ့ရပေလိမ့်မည်။ လက်တွေ့စမ်းသပ်ချက်အရ ပြဒါး အလေး ချိန် တပေါင်နှင့် ရေအလေးချိန် တစ်ပေါင်ကို အပူချိန်အမှတ် တစ်ဒီဂရီ တက်စေလိုသောအခါ ပြဒါးကို တိုက်ပေးရသော အပူထက် အဆပေါင်း ၃ဝ ကြီးသောအပူဖြင့် ရေကို တိုက်ပေး ရသည်ကို တွေ့ရလေသည်။ ထိုကြောင့် အပူ ပမာဏသည် အရာဝတ္ထု တစ်ခု၏ အလေးထုနှင့် အမျိုးအစားအပေါ်တွင် တည်ရှိကြောင်း သိအပ်ပေသည်။
အပူပမာဏကို ကယ်လိုရီအားဖြင့်လည်းကောင်း၊ ဗြိတိသျှ အပူခုကိန်း အားဖြင့်လည်းကောင်း တိုင်းတာလေ့ ရှိသည်။ ကယ်လိုရီတစ်ခုမှာ တစ်ဂရမ်လေးသောရေကို အပူချိန်စင်တီ ဂရိတ် တစ်ဒီဂရီ မြှင့်တင်ရန် လိုအပ်သည့် အပူပမာဏ၊ သို့မဟုတ် အပူစွမ်းအင်ဖြစ်သည်။ ကယ်လိုရီကို သိပ္ပံ ကိစ္စ အဝဝတွင် အသုံးအများဆုံး ဖြစ်သည်။ ဗြိတိသျှ အပူခုကိန်း တစ်ခုမှာမူ တစ်ပေါင်လေးသောရေကို ဖာရင်ဟိုက် တဒီဂရီ မြှင့်တင်ရန် လိုအပ်သည့် အပူပမာဏ၊ သို့မဟုတ်၊ အပူစွမ်းအင် ဖြစ်သည်။ ထိုခုကိန်းကို အင်ဂျင်နီယာများ အသုံးပြုလေ့ ရှိကြသည်။

သိပ္ပံပညာပြဆိုချက်အရ ကျွန်ုပ်တို့သည် အရာဝတ္ထုတစ်ခုခု ကို ဖာရင်ဟိုက်ဒီဂရီ -၄၅၉၊ သို့မဟုတ် စင်တီဂရိတ် ဒီဂရီ- ၂၇၃ သို့တိုင်အောင် အအေးခံပေးနိုင်ပါက ထိုအရာဝတ္ထုအတွင်း ရှိ မော်လီကျူးတို့၏ လှုပ်ရှားမှုမှာ လုံးဝငြိမ်သက်သွားသဖြင့် အပူလည်း လုံးဝကင်းမဲ့သွားပေလိမ့်မည်။ သို့သော် လက်တွေ့ အားဖြင့်ကား အဆုံးစွန်သုညဒီဂရီအမှတ်ဟု ခေါ်လေ့ရှိသော ထိုအအေးဆုံးအမှတ်သို့တိုင်အောင် မည်သူမျှ မစွမ်းဆောင် နိုင်သေးချေ။

ဒြဗ်ဝတ္ထုတို့သည် အပူချိန်ကိုလိုက်၍၊ တစ်နည်း မော်လီကျူးတို့၏ တုန်လှုပ်မှု အမြန်အနှေးကို လိုက်၍ ရုပ်အခြေအနေ ပြောင်းလဲကြပုံမှာ အတော်စိတ်ဝင်စားဘွယ်ကောင်း ပေသည်။ မော်လီကျူးတို့၏ တုန်လှုပ်မှုကို တဖြည်းဖြည်း လျင်မြန်စေခြင်းဖြင့် ဒြဗ်ဝတ္ထုတို့ကို အေးရာမှ ပူစေသောအခါ ဒြဗ်ဝတ္ထုသည် အခဲမှ အရည်သို့လည်းကောင်း၊ အရည်မှ အငွေ့သို့ လည်းကောင်း ပြောင်းလဲတတ်သည်။ တစ်ဖန် မော်လီကျူး တို့၏ တုန်လှုပ်မှုကို တဖြည်းဖြည်း နှေးစေခြင်းဖြင့် ဒြဗ်ဝတ္ထုကို ပူရာမှ အေးစေသောအခါတွင်လည်း အငွေ့မှ အရည်သို့ လည်းကောင်း၊ အရည်မှ အခဲသို့လည်းကောင်း ပြောင်းလဲသွားတတ်လေသည်။

အပူစီးကူးနည်းများ[ပြင်ဆင်ရန်]

အပူသည် (၁) ဒြပ်သားတလျှောက် စီးကူးခြင်း၊ (၂) ဒြပ်သားတို့ ဝှေ့လှည့်ကာ အပူဖလှယ်ခြင်း၊ (၃) စွမ်းအင်ဖြာထွက်ခြင်း ဟူသော နည်းသုံးနည်းဖြင့် ကူးစက်ဖလှယ်နိုင်သည်။

ဒြပ်သားတလျှောက် အပူ စီးကူးခြင်း[ပြင်ဆင်ရန်]

ဒြပ်သားတစ်ခု၏ အမှုန် အစုအဝေး အပိုင်းအစများ နေရာမရွှေ့ဘဲ ၎င်းတို့၏ တုန်ခါမှုကိုသာ လက်ဆင့်ကမ်းခြင်းဖြင့် စွမ်းအင်ကို ကူးစက်လက်ဆင့်ကမ်းနိုင်သည်။ ဤသို့ဖြင့် အစိုင်အခဲဒြပ်သားများ အပူစီးကူးမှု ပြုနိုင်သည်။ ဥပမာအားဖြင့် အပူစီးကူးမှုကောင်းသော သံချောင်း၏ အစွန်းတဘက်တည်းကိုသာ မီးတောက်အတွင်း ထားရှိလျှင်လည်း ဤသို့ ဒြပ်သားတလျှောက် အပူစီးကူးခြင်း (thermal conduction) ကြောင့် ကျန်သော မီးတောက်နှင့် ဝေးရာ အစွန်းမှာလည်း မကြာမီ အပူချိန် မြင့်တက်လာမည်ကို အလွယ်တကူ လက်တွေ့ စမ်းကြည့်နိုင်သည်။
အပူချိန် ကွာခြားသော ဒြပ်သားထု ၂ခု (သံချောင်းတစ်ချောင်းတည်း၏ တစ်ဝက်နှင့် ကျန်တစ်ဝက် အဖြစ်လည်း တွက်ချက်စဉ်းစားနိုင်။) မျက်နှာပြင်ချင်း ထိစပ်မှု ရှိစေလျှင် ဖြစ်ပေါ်သော အပူစွမ်းအင် စီးကူးနှုန်းမှာ ဤသို့ ဖြစ်အံ့။

  • သည် ထိစပ်နေသည့် အချိန်ပမာဏ။
  • သည် ထိစပ်မျက်နှာပြင်ကို ဖြတ်သန်း၍ (အပူချိန်မြင့်ရာ ဒြပ်ထုမှ အပူချိန်နိမ့်ရာ ဒြပ်ထုသို့) စီးကူးသွားသော အပူစွမ်းအင် ပမာဏ။
  • သည် မျက်နှာပြင်ချင်း ထိစပ်နေမှု၏ အကျယ်အဝန်း
  • သည် ဒြပ်ထု၂ခု၏ အပူချိန်ချင်း ကွာခြားမှု ပမာဏ။
  • သည် ဒြပ်ထု အစွန်း၂ဘက်ကြား အကွာအဝေး

ဒြပ်သားတို့ ဝှေ့လှည့်ကာ အပူဖလှယ်ခြင်း[ပြင်ဆင်ရန်]

သဲကန္တာရကို ဖြတ်သန်းလာသော လေသည် မခံမရပ်နိုင်အောင်ပူသည်။ မီးဖိုကို ဖြတ်လာသော လေသည်လည်း အလွန်ပူသည်ကို တွေ့ရသည်။ ဤသို့ဖြစ်ခြင်းမှာ အပူသည် တိုက်ခတ်လာသည့် လေဖြင့်အတူ လိုက်ပါလာခြင်း ကြောင့်ဖြစ်သည်။ ထိုကြောင့် အပူသယ်ဆောင်ခြင်းဆိုသည်မှာ လေပူ၌သာမဟုတ်၊ ရေနွေးနှင့် ရေနွေးငွေ့တို့၌လည်း ပါရှိနိုင် သည်။ အေးသောနိုင်ငံများတွင် တိုက်တာအိမ်ရာများကို နွေး စေရန်အတွက် လေပူ၊ ရေပူ၊ သို့မဟုတ် ရေနွေးငွေ့များ စီးဖြတ် ရာ ပြွန်များကို လိုအပ်သလို တပ်ဆင်ထားကြလေသည်။

လျှပ်စစ်သံလိုက်လှိုင်းအဖြင့် ဖြာစေခြင်း[ပြင်ဆင်ရန်]

နေနှင့် ကျွန်ုပ်တို့ ကမ္ဘာ၏ အကြားတွင် ကျယ်ပြန့်၍ ဒြပ်သားကင်းမဲ့သော လေဟာနယ်ကြီးသာ ရှိသည်။ ထိုကြောင့် ကျွန်ုပ်တို့ဆီသို့ အပူရှိန် ရောက်လာသည်မှာ အပူစီးခြင်း၊ သို့မဟုတ် အပူသယ်ဆောင် ခြင်းတို့ဖြင့် ရောက်လာနိုင်ရန် အကြောင်းမရှိ၊ ကြားခံဒြပ်သားကြောင့် မဟုတ်ဘဲ လျှပ်စစ်သံလိုက်လှိုင်း အဖြစ် ရောက်လာခြင်းသာဖြစ်ပေသည်။ ဒြပ်သား ကိုယ်ထည်တစ်ခု၏ အမှုန်များ တုန်ခါမှုကြောင့် အပူလှိုင်းများ ဖြစ်ပေါ်လာပြီးလျှင် ပတ်ဝန်းကျင်သို့ အစဉ် ပျံ့နှံ့သွားလေသည်။ သို့သော် အပူလှိုင်းတိုင်းကို မျက်စိဖြင့် မမြင်နိုင်ချေ။ အပူလှိုင်းဟုခေါ်ရသော်လည်း သာမန် သဘောအားဖြင့် ထိုလှိုင်းများကိုယ်တိုင်က အပူမဟုတ်ကြ ပေ။ မိမိတို့နှင့် တွေ့ထိမိသော အရာဝတ္ထုတို့တွင် အပူကို ဖြစ်ပေါ်စေသည့် လျှပ်စစ်နှင့်သံလိုက် စက်ကွင်းများ ဂယက်ထ ပျံ့နှံ့မှုတို့ ဖြစ်လေသည်။
အပူလှိုင်းတို့နှင့် အရာဝတ္ထုတစ်ခုခု တွေ့ထိသောအခါ အပူ လှိုင်းအချို့ကို အရာဝတ္ထုက စုတ်ယူလိုက်၍ ကျန်အပူလှိုင်း များကို ပြန်၍ဟတ်ထုတ်လိုက်လေသည်။ ထိုသို့ စုတ်ယူလိုက်သည့် အပူလှိုင်းတို့၏ စွမ်းအင်ကြောင့် အရာဝတ္ထု အတွင်းရှိ အမှုန်များ တုန်လှုပ်လာကာ အရာဝတ္ထုကို ပူလာစေသည်။ အရာဝတ္ထုတို့သည် အပူလှိုင်းကို စုတ်ယူရာတွင် တစ်ခုနှင့်တစ်ခု သတ္တိချင်း မတူညီကြချေ။ အမည်းရောင်ရှိသည့်ပစ္စည်းသည် အဖြူရောင်ပစ္စည်းထက် အပူလှိုင်းကို ပိုမိုစုတ်ယူနိုင်သည်။ ထိုကြောင့် နွေအခါတွင် အဖြူထည်များကို ဝတ်ဆင်ခြင်းဖြင့် ကျွန်ုပ်တို့သည် အပူဒဏ်မှ ပို၍ သက်သာခွင့်ရကြလေသည်။ ရှေးနှစ်ပေါင်း ကုဋေကုဋာကပင် နေ၏အပူရှိန်သည် ကမ္ဘာပေါ်သို့ ကျရောက်နေခဲ့ပြီးလျှင် ကျောက်မီးသွေး၊ ဓာတ်ဆီ၊ ဓာတ်ဆီအငွေ့၊ ထင်းစသော လောင်စာများထဲတွင် ခိုအောင်း သိုမှီးပြီးနေခဲ့လေသည်။ ထိုကြောင့် ယခုအခါ ကျွန်ုပ် တို့သည် အစားအစာချက်ပြုတ်ခြင်း၊ အလုပ်ရုံစက်ရုံ မီးရထား စသည်တို့တွင် ထိုထင်းမီးလောင်စာတို့ကို လောင်ကျွမ်းစေခြင်း ဖြင့် အပူစွမ်းအင်ကို ထုတ်နုတ်၍ အသုံးချနေနိုင်ခြင်း ဖြစ်ပေသည်။ ဓာတ်ပစ္စည်းတို့၏ ဓာတ်ဖောက်ပြန်မှုနှင့် လျှပ်စစ်ဓာတ် ကို အသုံးပြုခြင်းတို့ဖြင့်လည်း အပူကို ဖန်တီးရယူနိုင်ပေသည်။ အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ် ပဆာဒီး နားမြို့၌ နေ၏အပူရှိန်ကို တိုက်ရိုက်အသုံးချထားသည့် နေမိုတာစက်ကြီးများ ရှိသည်။ ထိုစက်များတွင် နေပူရှိန်ကို ပြောင်းလုံးပုံ ဗွိုင်လာရေနွေးအိုးပေါ်သို့ စုရုံးကျရောက်စေရန် အနေအထားအံကိုက် တပ်ဆင်ထားသော မှန်ကလေးပေါင်း များစွာဖြင့် စီမံထားသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် အပူကို ရှေးကစ၍ အလုပ်လုပ်ရန်အတွက် အမျိုးမျိုး အသုံးချခဲ့လေရာ ဂျိမ်းဝပ်စသော ရှေးအင်ဂျင်နီယာများကြောင့် တစ်ဖန် ကျွန်ုပ်တို့သည် ရေနွေးငွေ့စက်၊ မော်တော်အင် ဂျင်စက်တို့ဖြင့် အပူ၏လုပ်အားကို ထုတ်ယူကာ သယ်ယူပို့ဆောင်ရေး၊ ဓာတ်မီးထွန်းညိ|ရေး စက်အမျိုးမျိုးကို ခုတ်မောင်း လည်ပတ်ရေးတို့အတွက် အသုံးချနိုင်ခဲ့ပြန်လေသည်။ ယခုအခါတွင် အပူကို လျှပ်စစ်ဓာတ်ဖြင့်လည်း သက်သာလွယ်ကူစွာ ထုတ်နုတ်ကာ နေရာ အနှံ့အပြားမှာပင် တိုးတက်အသုံးချလျက် ရှိပေသည်။[၂]

အကိုးအကား[ပြင်ဆင်ရန်]

  1. Van Wylen, Gordon; Sonntag, Richard (1978). Fundamentals of Classical Thermodynamics (Second edition, SI Version, Revised Printing ed.)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)