မာတိကာသို့ ခုန်သွားရန်

နျူကလိယ

ဝီကီပီးဒီးယား မှ
ဟီလီယမ် အက်တမ်၏ ပုံကြမ်း။ အလယ်မှ နယူကလိယ တွင် အနီရောင် ပရိုတွန် နှင့် အပြာရောင် နယူထရွန်

အက်တမ် တစ်ခု၏ နျူကလီးယပ်စ် (ခေါ်) ဗဟိုဆန် သည် နျူကလီးယား အပြင်းစက်၏ သက်ရောက်မှု ခံရသော နျူကလီယွန်တို့က အလွန်သိပ်သည်းသော နေရာအဖြစ် တည်ရှိနေကြသည့် အစုအထွေး ဖြစ်သည်။ ပရိုတွန် နှင့် နျူထရွန် တို့ကသာ နျူကလီးယပ်စ်အဖြစ် စုဝေးပါဝင်တတ်ပြီး နျူကလီးယား အပြင်းစက်၏ သက်ရောက်ချက် မခံရသော အီလက်ထရွန်မှာမူ နျူကလီးယပ်စ် (ဗဟိုဆန်)အတွင်း မပါဝင်ချေ။
နျူကလီးယပ်စ် တို့၏ သဘာဝနှင့် အချင်းသတ္တိများကို မလေ့လာမီ ယင်းတို့မှာ ပါရှိသော ဒြပ်မှုန်များအကြောင်း အကြမ်းဖျင်းလေ့လာ ကြည့်လျှင် နျူကလီးယပ်စ် တွင် ပရိုတွန် (proton) နှင့် နျူထရွန် (neutron) ဟူသော အခြေခံအမှုန် ၂ မျိုးနှင့်ဖွဲ့စည်းထားသည်ကိုတွေ့မြင်ရသည်။ ဟိုက်ဒရိုဂျင်အက်တမ်၏ နျူကလိယတွင်ပင် ပရိုတွန်တစ်လုံး ပါရှိပြီး ယင်းမှာ လျှပ်စစ် +e ( e = အီလက်ထရွန်ဒြပ်မှုန်တစ်ခုတွင်ရှိသောလျှပ်စစ်ပမာဏ) ရှိသည်​။ ဒြပ်ထုမှာ အီလက်ထရွန် ဒြပ်ထုထက် ၁၈၃၀ ဆမျှရှိသည်။ နျူထရွန်သည် လျှပ်စစ်ဓာတ်မရှိ၊ဓာတ်ပြယ်နေသည်။ပရိုတွန်ထက် အနည်းငယ်(၀.၁%)ပို၍လေးသည်။

နျူကလီးယပ်စ် (nucleus) တစ်ခုတွင် ရှိသော ပရိုတွန် အရေအတွက်နှင့် နျူထရွန် အရေအတွက်တို့ ပေါင်းလဒ်သည် ယင်းနျူကလီးယပ်စ်၏ ဒြပ်ညွှန်းကိန်း (mass number)ပင်ဖြစ်သည်။

ဥပမာ..A=Z+N

A = နျူကလိယ ဒြပ်ညွှန်းကိန်း
Z = ပရိုတွန် အရေအတွက် (atomic number)
N = နျူထရွန် အရေအတွက်

ယေဘုယျအားဖြင့် နျူကလီးယပ်စ်၏ ဒြပ်ညွှန်းကိန်းသည် ၄ဝ အောက် ရောက်ပါက ယင်းတို့အား ပေါ့သော နျူကလီးယပ်စ်အဖြစ် သတ်မှတ်ပါသည်။ ၄ဝ မှ ၁၀ဝ ကြားရှိသော နျူကလီးယပ်စ်များကို အလယ်အလတ် လေးသော နျူကလီးယပ်စ်များအဖြစ် သတ်မှတ်ပြီး၊ ၁၀ဝ ထက် ကျော်သော နျူကလီးယပ်စ်များကို လေးသော နျူကလီးယပ်စ်များ အဖြစ် သတ်မှတ်ကြသည်။

နျူကလီးယပ်စ် (ဗဟိုဆန်) ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ပရိုတွန် နှင့် နျူထရွန် ၂ မျိုးခြုံပြီး နျူကလီယွန် (nucleons) ဟု ခေါ်လေ့ရှိကြသည်။ နျူကလီးယပ်စ် အမျိုးမျိုးမှာ ပရိုတွန်နှင့် နျူထရွန်အရေအတွက် အချိုးအဆ အမျိုးမျိုး ပေါင်းစပ်ပါဝင်နေသည်။

အရေအတွက် အချိုးအသွင်ကွဲ တစ် ခုရှိသော ပရိုတွန်-နျူထရွန် အဖွဲ့အစည်းကို နျူကလိုဒ်(nuclide) တစ်မျိုးဟုခေါ်သည်။ သို့ရာတွင် နျူကလိုဒ် တစ်ခုသည် အက်တမ်၏ နျူကလီးယပ်စ် ဖြစ်ချင်မှ ဖြစ်မည်။ တွေ့ရှိပြီး နျူကလိုဒ် ၁၄၄၀ ကျော်အနက် အခြေခိုင်သောအမျိုးအစား နှင့်အခြေမခိုင်သော ရေဒီယိုသတ္တိကြွမှု (radioactivity) ရှိသည့် အမျိုးအစားဆ ဟူ၍ ၂မျိုး ရှိသည်။ သဘာဝဒြပ်စင် အမျိုးအစား ၉၂ မျိုးနှင့်ယှဉ်လျှင် နျူပလိုဒ် အမျိုးကွဲအရေအတွက်မှာ အတော်များနေသည်။ အကြောင်းမှာ အချို့အက်တမ်များသည် ပရိုတွန် အရေအတွက် တူခြင်းအားဖြင့် ဒြပ်စင်အမျိုးအစားချင်း တူသော်လည်း နျူထရွန် အရေအတွက်ချင်း ကွဲပြားခြင်းအားဖြင့် (အလေးချိန် အတိအကျတို့က ကွာခြားကာ) နျူကလိုဒ် အသွင်ကွဲ အမျိုးမျိုး ရှိနေခြင်း ဖြစ်သည်။

နျူကလိုဒ် တစ်ခုကို အကြမ်းဖျင်းအားဖြင့် အလွန်ကျစ်လျစ်ပြီး ခပ်လုံးလုံးပုံစံရှိသော ပရိုတွန်-နယူထရွန် အဖွဲ့အစည်းတစ်ခုအဖြစ်ယူဆနိုင်သည်။ အားအပြင်း၏ စုစည်းပေးမှုကြောင့် အချင်းချင်း တွန်းကန်နေသည့် လျှပ်ဖိုဓာတ်ဆောင် ပရိုတွန်များပင် ဤအစုအဝေးအတွင်း ပူးကပ်နေနိုင်သည်။

လျှပ်စစ်သံလိုက်ဓာတ် သဘာဝအတိုင်း ဖြစ်ပေါ်သည့် ပရိုတွန် အချင်းချင်း တွန်းကန်အားက အစဉ် ရှိနေသည်။ သို့သော် တည်ငြိမ်သော နျူကလိုဒ်တို့၌ နျူကလီးယား အားအပြင်းက ထိုတွန်းအားထက် သာလွန်နေသည်။

ဤအားမျိုး၏ သဘာဝကို တိတိကျကျ မဖော်ပြနိုင်သေးသော်လည်း ဤအားသည်ပြင်းအားအလွန်ကြီးပြီး နယူကလီယွန်( ပရိုတွန်ရော နယူထရွန်ပါ) များအကြား သက်ရောက်တဲ့ ဆွဲအားအသစ်တစ်မျိုးဟုယူဆရပေမည်။ ယခင်က သိပြီးသားဖြစ်သော ဒြပ်ဆွဲအား နှင့် သံလိုက်အားမျိုးတွေနှင့်ကွာခြားမှုရှိသော တသီးတခြား အားတစ်မျိုးသာ ဖြစ်နိုင်သည်။ ဤအားကို နျူကလီးယပ်စ် ပေါင်းစည်းအား ( ဝါ ) နျူကလီးယား အပြင်းစက် ဟု ခေါ်သည်။

ကိုးကား[ပြင်ဆင်ရန်]