ဒြပ်ဆွဲအား

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

လွန်ခဲ့သည့်နှစ်ပေါင်း ၃ဝဝ ကျော်က အသက် ၂၃ နှစ်အရွယ်ရှိ လူငယ်တစ်ဦးသည် တစ်နေ့တွင် အင်္ဂလန်ပြည်ရှိ တစ်ခုသော ဥယျာဉ်အတွင်း၌ တစ်ကိုယ်တည်း ထိုင်လျက်ရှိစဉ် အနီးအနားရှိ ပန်းသီးပင်ပေါ်မှ ပန်းသီးတစ်လုံး ကျလာသည်ကို သတိထားမိလိုက်လေသည်။ ထိုသို့ သတိထား မိလိုက်သည့် အခိုက်အတန့်တွင် သူ့စိတ်ထဲ၌ ထိုပန်းသီးသည် အခြားတစ်ပါးသို့ လွင့်စဉ်မသွားဘဲ အဘယ့်ကြောင့် မြေကြီး ပေါ်သို့ ကြွေကျရသနည်း။ မြေကြီး၌ ထိုပန်းသီးကို ဆွဲငင်သည့် သတ္တိထူးတစ်ခုခု ရှိလေသလော၊ ထိုသို့ဖြစ်က လသည် အဘယကြောင့် ကမ္ဘာမြေပေါ်သို့ ကြွေကျခြင်းမရှိပဲ နေရ သနည်း။ လသည် ကမ္ဘာကို လမ်းကြောင်း မှန်မှန်ဖြင့် အစဉ် တစ်စိုက် လှည့်ပတ်နေခြင်းနှင့် ဤပန်းသီး မြေကြီးပေါ်သို့ ကြွေကျခြင်း တို့သည် တစ်နည်းတစ်လမ်း အဆက်အသွယ် ရှိသလော၊ အာကာသလောကရှိ နေကြယ်ဂြိုဟ် အားလုံးတို့၏ သွားလာမှုတို့နှင့်လည်း အဘယ်ပုံ သက်ဆိုင် သနည်း စသဖြင့် မေးခွန်းပေါင်းများစွာ တစ်သီတစ်တန်း ထွက်ပေါ်လာလေသည်။ ထိုအချိန်မှစ၍ သူသည် အဖြေမှန်ကို မရမခြင်း ကြံဆတွေးတော လာခဲ့ရာ နောင်သော် ကမ္ဘာက ယနေ့ထက်တိုင် ချီးကျူးလက်ခံရသော ဂရက်ဗစ်တီခေါ် အာကဍ္ဎနသတ္တိ အကြောင်ကို သဘာဝစည်းနှင့်တကွ ဖော်ထုတ်နိုင်ခဲ့ပေသည်။ ထိုသူကား ကမ္ဘာ့ရှေ့တန်း သိပ္ပံ ပညာရှင် တစ်ဦးဖြစ်သူ အိုင်ဇပ် နယူတန်ပင်တည်း။

အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင် အိုင်ဆပ် နယူတန်၊ (၁၆၄၂-၁၇၂၇)

ပန်းသီးပုံကလေးကို ယခုအခါ အများကပင်ပြုလုပ် ပြီးနောက် မိမိ၏ အယူအဆများကို ထုတ်ဖော်ကြေညာလေ သည်။ အာကာသအတွင်း ရှိရှိသမျှသော ဒြဗ်ဝတ္ထုအားလုံး၌ အချင်းချင်း ဆွဲငင်သည့်အား အသီး အသီးရှိကြသည်။ နေသည် ကမ္ဘာကို ဆွဲငင်၏။ ကမ္ဘာကလည်း နေကို ဆွဲငင်၏။ လက ကမ္ဘာကို ဆွဲငင်၏။ ကမ္ဘာကလည်း လကို ဆွဲငင်၏။ သို့ရာတွင် ထိုသို့ ဆွဲငင်သည့် အားချင်းမှာ တစ်ခုနှင့်တစ်ခု မတူကြချေ။ ပုံပမာ-ပန်းသီးနှင့် ကမ္ဘာမြေကြီးတို့သည် တစ်ခု နှင့်တစ်ခု ဆွဲငင်ကြသော်လည်း ကမ္ဘာသည် ပန်းသီးရှိရာသို့ လိုက်ပါခြင်းမရှိပဲ ပန်းသီးကသာ ကမ္ဘာမြေကြီးပေါ်သို့ကြွေ ကျခြင်းမှာ ပန်းသီးတွင် ပါဝင်သော ဒြဗ်ပမာဏက ကမ္ဘာမြေ ကြီးတွင် ပါဝင်သော ဒြဗ်ပမာဏအောက် မနှိုင်းရှည့်လောက် အောင် နည်းပါးသွားသောကြောင့် ဖြစ်သည်။ တစ်ဖန် အရာဝတ္ထု အချင်းချင်း ဆွဲငင်ကြရာတွင် အရာဝတ္ထုတို့၏ စပ်ကြားရှိ အကွာအဝေး သည်လည်း အရေးကြီးသည့် အချက် ဖြစ်သည်။ အဓိပ္ပာယ်မှာ အရာဝတ္ထုတို့သည် နီးကပ်လျှင် ဆွဲအားကြီးမား ၍ ဝေးလျှင် ဆွဲအားနည်းပါးသွားလေသည်။ ဤဆွဲအားကို ဂရက်ဗစ်တီ ဆွဲအားဟု ခေါ်၍ နျူတန်က ထိုဆွဲအားနှင့် သက်ဆိုင်သည့် သဘာဝစည်း ကို ဂရက်ဗစ်တီ ဆွဲအားစည်းဟူ၍ ပြဋ္ဌာန်းခဲ့လေသည်။ အရာဝတ္ထုနှစ်ခုတွင် တစ်ခုကိုတစ်ခု ဆွဲငင်နေ သည့် ဆွဲအား၏ ပမာဏကို ရှာလို သောအခါ အရာဝတ္ထုတို့၏ ဒြဗ်ထုချင်းမြောက်၍ မြောက်ရ ကိန်းကို အရာဝတ္ထုတို့၏ စပ်ကြားရှိ အကွာအဝေး၏ နှစ်ထပ်ကိန်းနှင့် စားရသည်။ ရလဒ်သည် အရာဝတ္ထုနှစ်ခု အချင်းချင်း ဆွဲငင်သောအား၏ ပမာဏ ဖြစ်သည်။ အထက်ပါ နယူတန်၏ ဂရက်ဗစ်တီ ဆွဲအားစည်းသည် စကြာဝဠာတစ်ခုလုံးနှင့် သက်ဆိုင်လေသည်။ နေ၊ လ၊ ကမ္ဘာ၊ ကြယ်၊ ဂြိုဟ်အားလုံးသည် ထိုစည်းအရ ဆက်သွယ်ရွေ့ရှား လျက် ရှိကြသည်။ ဒြဗ်ဝတ္ထုအားလုံး နှင့် သက်ဆိုင်သော ဆွဲအားကို ယေဘုယျအားဖြင့် ဂရက်ဗစ်တီဆွဲအားဟုခေါ်၍ ကျွန်ုပ်တို့ ကမ္ဘာမြေတစ်ခု တည်းနှင့်သာ သက်ဆိုင်သော ဆွဲအားကိုမူ (ကမ္ဘာ)မြေဆွဲအားဟု ခေါ်လေ့ရှိသည်။ အမှန်မှာ ဂရက်ဗစ်တီဆွဲအားအကြောင်းကို နယူတန်မပေါ်မီ ရှေးနှစ်ပေါင်းများစွာကပင် ပညာရှိ အသီးအသီးက တွေးတောမှန်းဆခဲ့ကြလေသည်။ သို့သော် ထိုဆွဲအားနှင့် သက်ဆိုင်သည့် သေချာကျနသော အယူအဆမှာ နယူတန် လက်ထက်သို့ရောက်မှ ထွက်ပေါ်လာလေသည်။ ရှေးဂရိသိပ္ပံပညာရှင် အရစ္စတိုတယ်က လေးသော အရာဝတ္ထုတို့သည် ပေါ့သော အရာဝတ္ထုတို့ထက် အောက်သို့ အကျမြန်သည်ဟု ပြောခဲ့သည်။ ဤအယူအဆမှာ အရစ္စတိုတယ်၏ မှန်းဆထင်မြင်ချက်မျှသာ ဖြစ်လေသည်။ သို့သော် ရှေးကလူများသည် အထူးသဖြင့် အရစ္စတိုတယ်၏ ဟောပြောချက်ဟုဆိုလျှင် မည်သူမျှ စောဒကမတက်တော့ သည့်အတိုင်း နှစ်ပေါင်း နှစ်ထောင်တိုင်တိုင် အထက်ပါ အယူအဆကို ဧကန် အမှန်ဟူ၍ လက်ခံယုံကြည်လာခဲ့ကြရာ ဂယ်လီလီယို လက်ထက်ကျခါမှပင် တက်တက်စင် မှားနေ ကြောင်းကို သိရလေတော့သည်။

ဂယ်လီလီယိုသည် ပီစာမြို့ရှိ ယိုင်နေသော မျှော်စင်ကြီး ပေါ်သို့ တက်ပြီးနောက် မျှော်စင်အထက်ထပ်မှ နေ၍ အလေး ချိန်ချင်းမတူသော ပစ္စည်းနှစ်ခုကို အများပရိသတ်ရှေ့တွင် ပြိုင်တူချပြသည်။ ထိုအခါ ထိုပစ္စည်း နှစ်ခုစလုံး မြေကြီးပေါ် သို့ ပြိုင်တူကျရောက်သည့် အခြင်းအရာကို ကိုယ်တွေ့ ဒိဋ္ဌ တွေ့မြင်ကြရလေသည်။ ဂယ်လီလေအိုသည် ထိုမှတစ်ဆင့်တက် ၍ လက်တွေ့ စမ်းသပ်မှု အမြောက်အမြားကို ပြုလုပ်ရာတွင် အထက်မှ အောက်သို့ကျနေသော အရာဝတ္ထု၏ အသွားနှုန်း သည် တစ်ချိန်ထက်တစ်ချိန် ပိုမို လျင်မြန်လာသည်ကို တွေ့ရလေသည်။ ပုံပမာ-အရာဝတ္ထုတစ်ခုသည် ကျလျက်ရှိစဉ် တွင် ပထမစက္ကန့်၌ ၁၆ ပေ၊ ဒုတိယစက္ကန့်၌ ၄၈ ပေ၊ တတိယစက္ကန့်၌ ပေ ၈ဝ စသည်ဖြင့် အကျနှုန်းသည် တစ်စက္ကန့်ထက် တစ်စက္ကန့် ၃၂ ပေကျ တိုးတက်လျင် မြန်လာသည်ကို တွေ့ရလေသည်။ ဤအကျနှုန်းတို့ကို ကမ္ဘာမြေဆွဲအားကြောင့် ဖြစ်သော အကျ နှုန်းတိုးဟုခေါ်၍ ဤဂယ်လီလီယို၏ သဘာဝစည်းကို ကျနေသောပစ္စည်းများ စည်းဟု ခေါ်လေသည်။

အပိုလို ၁၅ အာကာသယာဉ်မှူး ဒေးဗစ် စကော့သည် ဂယ်လီလီယို၏ ဒြပ်ဆွဲအားကို စမ်းသပ်နေပုံ

ဤစည်းအရပင်လျှင် ကျွန်ုပ်တို့သည် ကုလားထိုင်စသော နိမ့်သည့်နေရာများမှ လိမ့်ကျခြင်းထက် အိမ်ခေါင်မိုးပြတင်း ပေါက်စသော အမြင့်က လိမ့်ကျခြင်းက ပိုမို၍ ထိခိုက်နာကျင်ခြင်း ဖြစ်စေသည်။ အလား တူပင် အမြင့်မှ ကျလာသော ကျောက်ခဲသည် အနိမ့်မှကျလာသော ကျောက်ခဲထက် လူကို ထိခိုက်သောအခါ ပိုမို နာကျင်စေသည်။ အရာဝတ္ထုတိုင်း၌ အလေးထုနှင့် အလေးချိန်ဟူ၍ သီးခြား ရှိသည့်အချက်ကို ပထမပြဆိုသူမှာ နယူတန်ပင် ဖြစ်သည်။ အလေးထုဆိုသည်မှာ အရာဝတ္ထုတွင်ရှိသော ဒြဗ်ပမာဏဖြစ်၍ အလေးချိန်ဆိုသည်မှာ ထိုအရာဝတ္ထု၌ သက်ရောက်သည့် ကမ္ဘာမြေ၏ ဆွဲအားပမာဏာပင် ဖြစ်သည်။ အရာဝတ္ထုတစ်ခု၏ ဒြဗ်ထုသည် မည်သည့်နေရာတွင်ပင် နေနေ အမြဲတမ်း ထိုအတိုင်းပင် ဖြစ်သည်။ သို့သော် အလေး ချိန်မှာမူ နေရာကိုလိုက်၍ ပြောင်းလဲတတ်လေသည်။ ကမ္ဘာမြေ ကြီးမှာ လုံးသည်ဟု ဆိုရသော်လည်း ပကတိ အလုံးမဟုတ်၊ ဝင်းရိုးစွန်းနေရာများ၌ အနည်းငယ် ပြားလျက်ရှိသည့်အတွက် ဝင်ရိုးစွန်း ဒေသသည် အခြားနေရာနှင့်စာလျှင် ကမ္ဘာလုံး၏ ဗဟိုချက်နှင့် ပို၍ နီးသည်။ ထို့ကြောင့်အရာဝတ္ထုတစ်ခုကို စပရင်ချိန်ခွင်နှင့် ဝင်ရိုးစွန်းဒေသ၌ ချိန်တွယ်ရရှိသည့် အလေး ချိန်သည် အီကွေတာ၌ ချိန်တွယ်ရရှိသည့် အလေးချိန်ထက် ပိုသည်ကို တွေ့ရလေသည်။ တစ်ဖန် ကမ္ဘာမြေမှ ဝေးကွာသွား သောအခါ ကမ္ဘာမြေကြီး၏ ဆွဲအားသည် လျော့သွားပြန်သည့် အတိုင်း ကမ္ဘာမြေမှ ဝေးကွာသွားသည်နှင့်အမျှ အရာဝတ္ထုတို့၏ အလေးချိန် သည်လည်း နည်းသွားရလေသည်။ လက်တွေ့စမ်း သပ်မှုများအရ အလေးချိန်တစ်ခုသည် မြေပြင်မှ အထက်သို့ နှစ်မိုင်မြင့်သွားတိုင်း မူလ အလေးချိန်၏ ၂ဝဝဝ ပုံ တစ်ပုံခန့် လျော့သွားသည်ကို တွေ့ရလေသည်။ ထိုပြင် နေ လ ကြယ် ဂြိုဟ်တို့သည် တစ်ခုနှင့်တစ်ခု အရွယ်လည်းမတူ၊ ပါဝင်သည့် ဒြဗ်ပမာဏာချင်းလည်း မညီမျှသည့်အတွက် ထို နေ၊ လ၊ ကြယ်၊ ဂြိုဟ် အသီးသီးတွင် ရှိသော ဂရက်ဗစ်တီဆွဲအားချင်းမှာ တစ်ခုနှင့်တစ်ခု မတူညီကြ ပေ။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်၌ ပေါင် ၁ဝဝ လေးသောသူ သည် လပေါ်၌ ၁၆ ပေါင်သာလေး၍၊ အင်္ဂါဂြိုဟ်ပေါ်၌ ၃၅ ပေါင်မှ ၅ဝ အတွင်းလေးမည်။ နေပေါ်၌ဆိုလျှင် ပေါင် ၆ဝဝ မှ ၈ဝဝ အထိပင် လေးမည်ဟု ခန့်မှန်းရလေသည်။ တစ်ဖန် ကမ္ဘာမြေကြီးပေါ်၌ လေးပေခန့်သာ အမြင့် ခုန်နိုင်သူ တစ်ဦး သည် အင်္ဂါဂြိုဟ်ပေါ်၌ ရှစ်ပေခန့် ခုန်နိုင်မည်ဆိုလျှင်ကား ကျွန်ုပ်တို့သည် နေ၏ဆွဲအားကြောင့် ခြေထောက်ကို ဠကွ ဖို့ရန်ပင် အတော်ခဲယဉ်းပေလိမ့်မည်။ အရာဝတ္ထုအသီးအသီးသည် မိမိတို့တွင် ပါဝင်သောဒြဗ် ပမာဏ အနည်းအများကိုလိုက်၍ တစ်ခုနှင့်တစ်ခု သိပ်သည်း ပုံချင်း မတူကြပေ။ ပုံပမာ- လေထက် ရေက ပိုမိုသိပ်သည်း၍၊ ရေထက်ဆိုလျှင် သစ်သား သံ စသည်တို့က တဆင့်ထက် တဆင့် ပိုပြီးသိပ်သည်းကြသည်။ ထို့ကြောင့် သိပ္ပံပညာတွင် အရာဝတ္ထုသိပ်သည်းဆကို ရှာလိုသော် အရာဝတ္ထု၏ အလေးချိန်ကို ထိုအရာဝတ္ထုနှင့်အရွယ်ထုချင်းတူညီသော ရေ၏ အလေးချိန်နှင့် စားရလေသည်။ သိပ်သည်းဆ တွက်ချက်နည်း ကို ပထမဦးစွာ ဂရိပညာရှိကြီး အာခီးမီးဒီးက စတင်တွေ့ရှိ ပြသခဲ့လေသည်။ အာခီးမီးဒီး၏ သဘာဝစည်းအရ အရာဝတ္ထု တစ်ခုသည် ရေထဲသို့ နစ်မြုပ်၍ လျော့သွား သော အလေးချိန် သည် ထိုအရာဝတ္ထုနှင့် အရွယ်ထုချင်းတူညီသော ရေထု၏ အလေးချိန်နှင့် ညီမျှသည်။ ထိုကြောင့် အရာဝတ္ထုတစ်ခုကို လေထဲ၌ ချိန်တွယ်ရရှိသော အလေးချိန်ကို ရေထဲ၌ ချိန်တွယ်၍ တွေ့ရှိသော အလေးချိန် အလျော့နှင့်စားလျှင် ရလဒ်သည် ထိုအရာဝတ္ထု၏ သိပ်သည်းဆပင် ဖြစ်သည်။ ဤသဘောကို မူတည်၍ အာခီးမီးဒီးသည် ဘုရင့်သရဖူမှ ရွှေခိုးမှုပြဿနာကို ဖြေရှင်းပေးခဲ့သည်။ ဂရက်ဗက်တီ ဆွဲအားနှင့် သက်ဆိုင်သည့်ကိစ္စတွင် အစိုင် အခဲတို့၏ဟန်ချက်သည်လည်း အရေးကြီးပေသည်။ ဟန်ချက် ဆိုသည်မှာ အရာဝတ္ထုတစ်ခုခု၏ အလေးထု၊ သို့မဟုတ် အလေးချိန်၏ ဗဟိုချက်ဖြစ်သည်။ အရာဝတ္ထု တစ်ခုသည် အောက်ခြေမြဲပြီး ယိုင်လဲခြင်း မရှိပဲ နေရန်မှာ အရာဝတ္ထု အထက်ဘက်၌ တည်ရှိရန် လိုပေသည်။ ဟန်ချက်သည် အကယ်၍ အောက်ခံအခြေ၏ အပြင်ဘက်သို့ ရောက်သွားလျှင် အရာဝတ္ထုသည် ယိုင်လဲသွားသည်။ တစ်နေရာရာ၌ ချိတ်ဆွဲထားသော အရာဝတ္ထုတို့တွင် ဟန်ချက်သည် ထိုချိတ်ဆွဲထားရာ အမှတ်၏ အောက်တည့်တည့်၌ ရှိသည်။ ဟန်ချက်သည် မယိုင်လဲဘဲ တည်နေရမည့်ပစ္စည်း မှန်သမျှတွင် အတော်ပင် အရေးကြီးပေသည်။ ပီစာမြို့ရှိ မျှော်စင်ယိုင်ကြီးသည် ယိုပ်ပင် ယိုင်လျက်ရှိ သော်လည်း၊ ဟန်ချက်သည် အောက်ခြေ၏အပေါ် အတွင်းဘက်၌ရှိသောကြောင့်သာ လဲကျမသွားဘဲ ခြေမြဲ နေခြင်းဖြစ်သည်။ အကယ်၍သာ ထိုမျှော်စင်ယိုင်ကြီးကို ယခု ထက် တိုးမြှင့် ဆောက်လုပ်လိုက်မည်ဆိုပါက ဟန်ချက်သည် အောက်ခြေ၏ နယ်အတွင်းမှ လွတ်သွားသည်နှင့်တစ်ပြိုင်နက် အဆောက်အအုံကြီးလည်း ပြိုကျသွားမည်မှာ သေချာပေသည်။ မည်သည့်ပစ္စည်းမဆို အောက်ခံအခြေနယ်ကျဉ်းက၊ ယိုင်လဲ မသွားအောင် ထိန်းထားရန်မှာ ခဲယဉ်းမြဲဖြစ်သည်။ ဂရက်ဗစ်တီ ဆွဲအားသည် ကျွန်ုပ်တို့အား အဆိုးအကောင်း နှစ်မျိုးစလုံးသောအကျိုးကို ပေးလေသည်။ အမြင့်သို့တက်ရာ၌ မောပန်းရခြင်း၊ လေးလံသည့် အရာဝတ္ထုတို့ကို မရာ၌ မောပန်း ရခြင်းတို့မှာ အမှန်စစ်စစ် ကမ္ဘာမြေကြီး၏ ဆွဲအားကို ကျော်လွန်ရန် လုံးပန်းရသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် အကယ်၍ စက်ဘီးစီးနေစဉ် စက်ဘီးပေါ်မှာ ဟန်မထားနိုင်ပဲ လဲကျသွားလျှင် ကမ္ဘာမြေကြီး၏ဆွဲအားကိုသာ အပြစ်ဆိုကြ ရပေလိမ့်မည်။ သို့ရာတွင် ရေအားဖြင့်လည်သော ဒိုင်နမိုမှ လျှပ်စစ်ဓာတ် ရရှိပုံကို စဉ်းစားသောအခါ ထိုရေသည် ကမ္ဘာ မြေဆွဲအား ကြောင့် မြင့်ရာမှ နိမ့်ရာသို့ စီးရသည့်အချက်ကို သတိရကာ ကမ္ဘာမြေဆွဲအားကို ကျေးဇူးတင်ရပေ လိမ့်မည်။ အမေရိကန် နိုင်ငံတွင် အထပ်ငါးဆယ်၊ ခြောက်ဆယ်အမြင့်မှ စာအိတ် ကလေးကို ထိုအထပ်ရှိ အပေါက်ကလေးထဲသို့ ထည့်လိုက်ရုံမျှ နှင့် ထိုစာအိတ်သည် အောက်ဆုံးထပ်ရှိ စာအိတ်ပုံးထဲသို့ ချောမောစွာ ရောက်သွားနိုင်ခြင်းမှာလည်း ကမ္ဘာမြေဆွဲအား၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။ တိုင်ကပ်နာရီရှိ ချိန်သီး အချိန် မှန်မှန် လွှဲနေခြင်းမှာလည်း ကမ္ဘာမြေဆွဲအား၏ ကျေးဇူးကြောင့် ပင် ဖြစ်လေသည်။ သို့ရာတွင် ဂရက်ဗစ်တီဆွဲအားအကြောင်း နှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ သိရသော အချက်များမှာ လုံးဝ ပြည့်စုံပြီဟု မဆို နိုင်သေးချေ။ အာကာသလောကအတွင်းရှိ နေ၊ လ၊ ကြယ်၊ ဂြိုဟ်တို့သည် တစ်ခုကိုတစ်ခု မည်သို့ ဆွဲနိုင်ကြသနည်း၊ နေသည် မိုင်သန်းပေါင်းများစွာ ကျယ်သော လဟာပြင်ကြီးကို ကျော်ဖြတ်ကာ မိမိ၏ဆွဲအားကို ကျွန်ုပ်တို့ ကမ္ဘာပေါ်သို့ အဘယ်ပုံ သက်ရောက်စေနိုင်သနည်း ဟူသော မေးခွန်းများမှာ နယူတန်ကိုယ်တိုင် အဖြေမပေးနိုင်ခဲ့သော မေးခွန်းများ ဖြစ်လေသည်။ အထက်ပါ မေးခွန်းတို့အတွက် ကျေနပ်လောက်သော အဖြေ ကို ၁၉၁၃ ခုနှစ်သို့ ရောက်ခါမှ ကမ္ဘာကျော် သိပ္ပံနှင့် သင်္ချာ ပညာရှင်ကြီးကီးဖြစ်သူ အိုင်းစတိုင်းက သီအိုရီ အော့ ရေလေး တစ်ဗစ်တီးခေါ် အမှီသဟဲပြု ဝါဒဖြင့်ဖြေရှင်း ပြနိုင်လေ သည်။ သို့ရာတွင် အိုင်စတိုင်း၏ဝါဒမှ နယူတန် ၏ ဂရက်ဗစ်တီဆွဲအား၏ အခြေမှန်နှင့်စပ်လျဉ်း၍ အသစ်ဖြစ်သော သဘောအချက်အလက် အချို့တို့ကို ထပ်မံ ထုတ်ဖော်ပေးခြင်းသာ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)