ကျောက်မီးသွေး

ဝီကီပီးဒီးယား မှ

ကျောက်မီးသွေးကို ကမ္ဘာ့ ထင်းမီးဟု ခေါ်ဆိုနိုင်သည်။ ကမ္ဘာပေါ်တွင် ထင်းမီးအဖြစ်ဖြင့် အသုံးပြုလျက် ရှိကြသော ဝတ္ထုပစ္စည်းများတွင် ကျောက်မီးသွေးသည် လူသိအများဆုံး အထင်ရှားဆုံးဖြစ်သည်။ အပူဓာတ်ကို ပေးရာတွင် ကျောက်မီးသွေးသည် အင်အားကြီးမား၍ တန်ခိုးကြီး ပစ္စည်းတစ်ခုဖြစ်ပေသည်။

ကျောက်မီးသွေး

ရှေးပဝေသဏီကပင် လူများသည် ကျောက်မီးသွေးကို မတွေ့ကြသေး၊ ယင်း၏အသုံးဝင်ပုံကိုလည်း မသိကြသေးချေ။ ထိုနောက် အင်္ဂလန်နှင့် စကော့တလန်ပြည်ရှိ လူအချို့သည် ကျောက်မီးသွေးဟူ၍ မသိဘဲ "ကန့်ကျောက်" တစ်မျိုးဟု ခေါ်ဆိုကြပြီးလျှင် ကျောက်မီးသွေးကို မြေအောက်မှ တူးဖော်၍ ထင်းမီးအလို့ငှာ စတင်အသုံးပြုလာကြသည်။ ထိုမှ တစတစ ယင်း၏အသုံးဝင်ပုံကို သိ၍ လာကြပြီးလျှင် ကျောက်မီးသွေးမှာ ထင်ရှားလာခဲ့သည်။ အင်္ဂလန်၊ အမေရိကန်၊ ဂျာမနီ၊ ရုရှားနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အီတလီနိုင်ငံ၊ အိန္ဒိယ၊ ဂျပန်စသောအရှေ့ဘက် အနောက်ဘက်နိုင်ငံကြီးများရှိ စက်ရုံ၊ အလုပ်ရုံများလိုလို ကျောက်မီးသွေးကို အသုံးပြုခဲ့ကြသည်။ ယခုအခါ ရှားပါးလာသည်နှင့်အမျှ အခြားအစားထိုးလောင်စာ( ဓာတ်ဆီဒီဇယ် စသော )များကို တီထွင်အသုံးပြုနေကြပြီးဖြစ်သည်။

ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ရှေးပဝေသဏီက ကမ္ဘာကြီး၏ နေရာအနှံ့အပြားရှိ ရွံ့ညွန်ပျောင်းများနှင့် ရေတိမ်ရာ အရပ်များတ္ငင် အလွန်မြင့်မားသော သစ်တောကြီးများပေါက်ရောက် ဖုံးအုပ်လျက်ရှိခဲ့လေသည်။ အပင်ကြီးများသေ၍ လဲကျလျင် အပင်သစ်များ ထပ်မံပေါက်ပြန်၏။ ဤသို့ဖြင့် ပထမ လဲကျသွားသော အပင်တို့၏ အကြွင်းအကျန်များသည် ရေတွင်နစ်မြုပ်၍ ကာလကြာသော် သဘာဝအလျောက် ဓာတ်ပြောင်းလဲမှုများဖြစ်လာသည်။ လက်ဦးတွင် ထိုအကြွင်းအကျန်များသည် ရွံ့နွံထူထပ်သော စိမ့်မြေများတွင် တွေ့ရသော သစ်ဆွေး မီးသွေးများကဲ့သို့ ဖြစ်လာကြ၏။ ထို့နောက် မြေကြီးသည် အောက်သို့မြုပ်ဆင်းသွားပြီးသော် ရေအိုင်များ၊ တိမ်သော ပင်လယ်များ၏ အောက်ခင်းပြင်များ ဖြစ်လာသည်။ နှစ်ပရိစ္ဆေဒ အလွန်ကြာသောအခါ ထိုအောက်ခင်းပြင်ပေါ်၌ ရွံ့များ၊ သဲများအပြင် အချို့ဒေသများတွင် ခရုကမာကောင်သန္တာကောင်မှစ၍ အခွံမာသော ပင်လယ်သတ္တဝါ ကောင်တို့၏ အခွံများ စုပေါင်းဖုံးအုပ်၍ အပေါ်ယံ ကျောက်ထပ်ဖြစ်လာသည်။ ထိုကျောက်ကပ်သည် ပေပေါင်း ရာထောင်မက ထူ၏။ အဆိုပါ ရွံသဲများနှင့် ကျောက်များ၏ အလွန်လေးလံသော အလေးချိန်သည် ထိုသစ်ရွက်ဆွေး မြေပေါ်တွင် ကာလကြာရှည်စွာ ဖိနှိပ်ထားမှုကြောင့် သစ်ဆွေး မီးသွေး ဘဝမှ နောက်ဆုံး ကျောက်မီးသွေးဘဝ အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။ သို့သော် ကျောက်မီးသွေး ဖြစ်လာရသော လမ်းစဉ်သည် အလွန်နှေး၍ အလွန်ကြာ၏။ အကောင်းဆုံးကျောက်မီးသွေးကို ကျောက်မီးသွေးခေတ်က မြေလွှာများမှ ရရှိ၍၊ ထိုကျောက်မီးသွေး ခေတ်ကို ရှေးနှစ်သန်းပေါင်း ၂၀၀ မှ ၂၈၀ လောက်ခေတ်ကဟူ၍ ဘူမိဗေဒပါရဂူများက ယူဆကြလေသည်။

ကျောက်မီးသွေးအသုံးပြု စက်ရုံတစ်ရုံ
ကျောက်မီးသွေးအသုံးပြု စက်ရုံတစ်ရုံ

ယခင်က ကျောက်မီးသွေးအကြောင်းကို အနည်းငယ်မျှသာသိကြသေးသဖြင့် အနည်းငယ်မျှသာ တူးဖော်သုံးစွဲခဲ့ကြ၏။ သို့သော် စက်ကိရိယာများ ပေါ်ပေါက်ခေတ်စားသည့် ၁၈ ရာစုနှစ်မှစ၍ ကျောက်မီးသွေးများကို အကြီးအကျယ် တူးဖော်လုပ်ကိုင်လာခဲ့ကြလေသည်။ ကျောက်မီးသွေးမှာ စက်မှုလုပ်ငန်း အရပ်ရပ်၏ အသက်အသွေးခဲ ဖြစ်၍ ကျောက်မီးသွေးတူးဖော်သည့် လုပ်ငန်းမှာ ယခုခေတ်အခါတွင် ကမ္ဘာ့ထိပ်တန်း လုပ်ငန်းကြီး တစ်ရပ်အဖြစ်ရပ်တည်လျက်ရှိသည်။

ကျောက်မီးသွေးအများဆုံး တည်ရှိရာနေရာများ[ပြင်ဆင်ရန်]

တကမ္ဘာလုံးကို ခြုံကြည့်လျှင် ကျောက်မီးသွေးအမြောက်အမြား တည်ရှိသည့် ဒေသများမှာ အဓိကအားဖြင့် ဥရောပတိုက်အာရှတိုက်နှင့် မြောက်အမေရိကတိုက်တို့ ဖြစ်ကြသည်။ အာဖရိကတိုက်၊ နယူးဇီလန် ကျွန်းများနှင့်ဩစတေးလီးယားတိုက်များ၌လည်း ကျောက်မီးသွေးတွင်းများ ရှိလေသသည်။ ကမ္ဘာတွင် ကျောက်မီးသွေးအကြီးအကျယ်ထွက်သည့် တိုင်းနိုင်ငံများမှာ အမေရိကန်ပြည်ထောင်စုအင်္ဂလန်ဂျာမနီပြင်သစ်နိုင်ငံ၊ ဗဲလဂျီယမ် နှင့် ရုရှားနိုင်ငံတို့ ဖြစ်ကြသည်။

အမျိုးအစားများ[ပြင်ဆင်ရန်]

ကျောက်မီးသွေးအမျိုးမျိုးရှိရာတွင် ကာဗွန်ရာခိုင်နှုန်း ၉၃ မှ ၉၇ပါဝင်သော အန်သရာဆိုက်ကျောက်မီးသွေးသည် အမာဆုံးဖြစ်၍ အကောင်းဆုံးဖြစ်သည်။ အလတ်စားကျောက်မီးသွေး ဘီတူးမီးနက် တွင် ကာဗွန်ရာခိုင်နှုန်း ၉၀နီးပါး ပါဝင်၍ အပျော့စားခေါ် အသုံးအများဆုံး ကျောက်မီးသွေးတွင် ကာဗွန်ရာခိုင်နှုန်း ၈၀ အထိပါဝင်သည်။ ထို့ထက် တဆင့်လျော့သော အပျော့စား ဆပ်ဘီတူးမီးနက် ကျောက်မီးသွေးတွင်ကာဗွန် ရာခိုင်နှုန်း၆၇ မျှ ပါဝင်၍ သစ်ဆွေးမီးသွေးပိထ် peat တွင်မူ ကာဗွန်ရာခိုင်နှုန်း ၅၀ ခန့်သာ ပါဝင်သည်။

ကျောက်မီးသွေးတင် ရထားတစ်စီး

အသုံးပြုပုံ[ပြင်ဆင်ရန်]

ကျောက်မီးသွေးကို အိမ်များတွင် ထမင်းဟင်း ချက်ပြုတ်ရန်နှင့် မီးလှုံရန်အတွက် အသုံးပြုကြ၏။ စက်ရုံ အလုပ်ရုံကြီးများတွင် သတ္တုများ ကျိုရန်နှင့်ရေနွေးငွေ့အားသုံးအင်ဂျင် စက်များကို ခုတ်မောင်းရန် အတွက် အသုံးပြုကြ၏။ မီးရထားမီးသင်္ဘော စသောယာဉ်များတွင်လည်း ကျောက်မီးသွေး မပါလျှင် မဖြစ်ချေ။ ကျောက်မီးသွေး၏ အသုံးဝင်ပုံများကား များလှပေသည်။ အမှန်စင်စစ် ကျောက်မီးသွေးသာ မရှိပါက ကမ္ဘာပေါ်ရှိ အဆောက်အဦးများ၊ ယာဉ်ရထားနှင့် စက်မှုလုပ်ငန်း အရပ်ရပ်တို့သည် ယခုလောက် တိုးတက်ရန် လမ်းမရှိချေ။ ကျောက်မီးသွေးကို "စိန် နက်" သို့မဟုတ် " မြေအောင်းအလင်းရောင်" ဟူ၍လည်း ဥရောပတိုက်တွင် ခေါ်ကြ၏။ ကျောက်မီးသွေး တူးဖော်သည့်လုပ်ငန်းသည် စက်ကိရိယာ လူသူ အမြောက်မြားစွာနှင့် လုပ်ကိုင်ရသည့် လုပ်ငန်းကြီး ဖြစ်သည့်အတိုင်း ကျောက်မီးသွေးထွက်သည့် နေရာများသည် မကြာမီ မြို့ကြီးပြကြီးများ ဖြစ်လာကြလေသည်။ ကျောက်မီးသွေးကို ထင်းမီးအဖြစ်ဖြင့်သာ အသုံးပြုကြရသည်မဟုတ်၊ ကျောက်မီးသွေးမှ မီးထွန်းဓာတ်ငွေ့၊ ကုတ်မီးသွေးကျောက်မီးသွေး ကတ္တရာ စသော ပစ္စည်းများကိုလည်း ထုတ်ယူရရှိနိုင်သေးသည်။ ယခုအခါ ကျောက်မီးသွေးကို အခြေပြု၍ ဓာတ်ဆီကိုပင် ချက်လုပ်နိုင်ပြီးဖြစ်သည်။ ကျောက်မီးသွေး ကတ္တရာမှတဖန် ရာထောင်မကသော ဓာတ်ပစ္စည်းများ၊ ဆေးဖက်ဝင် ပစ္စည်းများကို ပြုလုပ်ထုတ်ယူနိုင်သည်။ မြန်မာနိုင်ငံ၌ ကျောက်မီးသွေးထွက်သော နေရာ အများအပြားရှိသော်လည်း အရည်အသွေးညံ့ခြင်း၊ ကျောက်မီးသွေးအထွက်မှာ အလွန်နည်းခြင်းကြောင့် သိသိသာသာ မတွင်ကျယ်ချေ။

ဆက်စပ်အကြောင်းအရာများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)