သင်္ဘော

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အီတလီ မှ ရွက်အများအပြားပါသော သင်္ဘော အမေရီဂို ဗက်စပူချီကို နယူးယောက်ဆိပ်ကမ်းတွင် တွေ့ရပုံ (၁၉၇၆)

သင်္ဘောဆိုသည်မှာ ရေပေါ်တွင်ပေါ်နေနိုင်သော ကြီးမားသည့် ရေကြောင်းသွားယာဉ်တစ်မျိုးဖြစ်သည်။ သင်္ဘောကို လှေနှင့် ခွဲခြားရာတွင် အရွယ်အစားပေါ်မူတည်၍ ခွဲခြားကြသည်။ သင်္ဘောကို ကန်များ၊ ပင်လယ်များ နှင့် မြစ်များတွင် တွေ့ရနိုင်ပြီး လူများ နှင့် ကုန်စည်များကို သယ်ဆောင်ရန်၊ ငါးဖမ်းရန်၊ အပန်းဖြေရန်၊ ပြည်သူတို့၏ အန္တရာယ်ကင်းရှင်းရေး နှင့် စစ်ဘက်သုံး တိုက်ခိုက်ရန်အတွက် စသည့် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုကြသည်။

သင်္ဘောများနှင့် လှေများသည် လူတို့၏တိုးတက်ပြောင်းလဲမှုနှင့် အတူဖြစ်ပေါ်လာခဲ့သည်။ အရေးပါသော စစ်ပွဲများနှင့် နေ့စဉ်ဘဝတို့တွင် သုံးစွဲမှု တို့ကြောင့် ၄င်းတို့သည် ခေတ်သစ် စစ်ရေးနှင့် စီးပွားရေးစနစ်တို့၏ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော ငါးဖမ်းသမားတို့သည် ငါးဖမ်းလှေများကို အသုံးပြုကြသည်။ စစ်တပ်များသည် အလွန်ခေတ်မီသော ရေယာဉ်များကို သုံးစွဲ၍ ကမ်းပေါ်ရှိ စစ်အင်အားများကို ထောက်ပံ့ခြင်းနှင့် ပို့ဆောင်ခြင်းတို့ပြုလုပ်ကြသည်။ ၃၅၀⁠၀၀ နီးပါများရှိသော ကုန်သွယ်သင်္ဘောများသည် ၂၀⁠၀၇ ခုနှစ်တွင် ကုန်စည်ဘီလီယံပေါင်းများစွာကို သယ်ယူပို့ဆောင်ပေးခဲ့သည်။

ထိုရေယာဉ်များသည် ကြီးကျယ်သော စွန့်စားရှာဖွေမှုများနှင့် သိပ္ပံနှင့် နည်းပညာတိုးတက်မှု တို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြသည်။ ကျန်ဟီတို့ ကဲ့သို့သော ရေကြောင်းသွားလာသူတို့သည် သံလိုက်အိမ်မြှောင် နှင့် ယမ်းမှုန့်အစရှိသည့် တီထွင်မှု တို့ကို နေရာအနှံ့အပြား ပျံ့နှံ့စေခဲ့သည်။ တစ်ဖက်က ကြည့်လျှင် သင်္ဘောများကို ကိုလိုနီနယ်ချဲ့ခြင်း နှင့် ကျွန်ကုန်ကူးခြင်းတို့တွင် အသုံးပြုခဲ့ကြသည်။ အခြားတစ်ဖက်တွင်မူ ၄င်းတို့သည် သိပ္ပံဆိုင်ရာ၊ ယဉ်ကျေးမှု ဆိုင်ရာ နှင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြသည်။

သောဟေယာဒယ်မှ သူ၏ သေးငယ်သော လှေငယ် ကွန်တီကီဖြင့် သရုပ်ပြခဲ့သည့်ပမာပင် ရိုးစင်းသော သစ်သားဖောင်ကလေးတစ်ခုဖြင့်ပင် ကြီးကျယ်ခမ်းနားသော အရာများစွာကို လုပ်ကိုင်နိုင်သည်။ ကျောက်ခေတ်အလယ်ပိုင်း ကနူးလှေများမှ ယနေ့အသုံးပြုနေသော နျူးကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘောများအထိသည် လူတို့၏ သမိုင်းကို ပြောပြနေကြသည်။

အမည်မှည့်ခေါ်ပုံ[ပြင်​ဆင်​ရန်​]

Main parts of ship. 1: မီးခိုးခေါင်းတိုင်; 2: ပဲ့ပိုင်း; 3: ပန်ကာနှင့် တက်မ ; 4: လက်ဝဲဘက် Portside (လက်ယာဘက်ကို starboard ဟုခေါ်သည်။); 5: ကျောက်ဆူး; 6: ဘဲဥပုံ ဦးပိုင်း; 7: ဦးပိုင်း; 8: ကုန်းပတ်; 9: အပေါ်ထပ်

သင်္ဘောများသည် ၄င်းတို့၏ အရွယ်အစားနှင့် မိမိဘာသာ အချိန်ကာလကြာမြင့်စွာ မောင်းနှင်နိုင်မှုအပေါ်တွင် မူတည်၍ လှေမှ ကွဲပြားသွားသည်။ အများလက်ခံထားသော သတ်မှတ်ချက်မှာ အကယ်၍ ရေယာဉ်တစ်စီးမှ အခြားတစ်စီးကို သယ်ဆောင်နိုင်ပါက ကြီးသောရေယာဉ်သည် သင်္ဘောဖြစ်သည်ဟူ၍ ဖြစ်သည်။ သို့သော် ၃၅ပေ(၁⁠၁မီတာ) မျှရှည်လျားသော ရွက်လှေများသည်ပင် ဒင်ဂျီ(dinghies) ဟု ခေါ်သော လှေငယ်လေးများကို သယ်ဆောင်လေ့ရှိသဖြင့် ထိုသတ်မှတ်ချက်မှာ လုံးဝဥသုံ မှန်ကန်သည်ဟု မဆိုနိုင်ပေ။

ရေယာဉ်အများအပြားကို လှေဟုပင် ရည်ညွန်းခေါ်ဝေါ်ကြသည်။ ရေငုပ်သင်္ဘော ကို အင်္ဂလိပ်ဘာသာတွင် လှေဟူ၍ပင် ရည်ညွှန်းကြသည်။ အခြားလှေဟုခေါ်ဝေါ်ကြသော ရေယာဉ်များမှာ ကန်ကြီးများအတွင်း သွားလာကြသော ကုန်တင်သင်္ဘောများ၊ မြစ်တွင်းသွား ရေယာဉ်များနှင့် လွန်းပျံရေယာဉ်များ တို့ဖြစ်ကြသည်။ ထိုရေယာဉ်များမှာ မိမိတို့ဘာသာ လှေများနှင့် အကြီးစားကုန်စည်များကို သယ်ဆောင်နိုင်ကြသော်လည်း ဤရေယာဉ်များမှာ ကုန်းတွင်းရေကြောင်း နှင့် အကန့်အသတ်ရှိသော ကမ်းရိုးတန်းဝန်းကျင်တွင်သာ သွားလာလှုပ်ရှားနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ထားကြသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

သမိုင်းမတင်မီခေတ် နှင့် ရှေးခေတ်[ပြင်​ဆင်​ရန်​]

ဖောင်သည် လှေများတွင် အရိုးရှင်းဆုံး ပုံစံဖြစ်သည်။

လှေများ၏ သမိုင်းသည် လူတို့၏စွန့်စားခန်းများနှင့် အပြိုင်ဖြစ်ပေါ်ခဲ့သည်။ လေ့လာသိရှိရသမျှတွင် ပထမဆုံးသော လှေမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၀⁠၀၀⁠၀ ကျော် နီယိုလစ်သစ် ကာလမှပင် ဖြစ်သည်။ ထိုအစောပိုင်းလှေများမှာ ရေပေါ်တွင် သွားရုံမျှသာ အလုပ်လုပ်နိုင်ပြီး ထိုထက်ပို၍ ဘာမျှမလုပ်နိုင်ပေ။ ထိုလှေများကို အမဲလိုက်ရာနှင့် ငါးဖမ်းရာတွင် အသုံးပြုခဲ့ကြသည်။ ရှေးဟောင်းသုတေသနပညာရှင်တို့ ရှာဖွေတွေ့ရှိခဲ့သော ရှေးအကျဆုံး သစ်ထွင်းကနူးလှေမှာ ထင်းရူးပင်၏ သစ်တုံးများကို ဖြတ်၍ ရိုးရှင်းသော ကျောက်လက်နက်များဖြင့် တည်ဆောက်ထားကြောင်း တွေ့ရှိခဲ့ရသည်။

ဘီစီ ၃၀⁠၀၀ ခန့်ကပင် ရှေးဟောင်းအီဂျစ်လူမျိုးတို့သည် သစ်သားပျဉ်ချပ်များမှ သင်္ဘော၏ ကိုယ်ထည်ဖြစ်အောင် ဆောက်သည့်နည်းကို သိရှိခဲ့ကြပြီးဖြစ်သည်။ ကျစ်ထားသော ကြိုးများကို သုံး၍ ပျဉ်ပြားများကို အတူတကွ စုစည်းချည်နှောင်ခဲ့ကြသည်။ ကျူပင် နှင့် မြက်ပင်များကို သစ်သားပြားများကြားတွင်ထည့်ခြင်းဖြင့် ဆက်ကြောင်းများမှ ရေလုံအောင် တားဆီးနိုင်ခဲ့သည်။ ဂရိလူမျိုး သမိုင်းရေးသူ နှင့် မြေပုံဆွဲသူ အာဂါသာချီဒိစ် မှ ရှေးဟောင်းအီဂျစ်လူမျိုးတို့ကြား သင်္ဘောဖြင့် သယ်ယူပို့ဆောင်ခြင်းကို မှတ်တမ်းတင်ခဲ့ပုံမှာ " ဘီစီ ၃၀ ရာစု နှင့် ၂၅ ရာစုကြား အီဂျစ် တိုင်းနိုင်ငံတော်ဟောင်း (Old Kingdom)၏ ချမ်းသာကြွယ်ဝသော အချိန်များတွင် မြစ်ကြောင်းလမ်းများမှာ စနစ်တကျရှိနေသည်။ အီဂျစ်သင်္ဘောများသည် ပင်လယ်နီအတွင်း သစ်စေးမွှေး နိုင်ငံ (myrrh-country) သို့တိုင်အောင် ရွက်လွင့်ခဲ့ကြသည်။" ဟူ၍ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဒိန်းမတ် ရှိ ကွန်ဂန်လင်ဘီ (Kongens Lyngby) အနီးတွင် နေထိုင်သူများက အခန်းခွဲထားသော သင်္ဘောကိုယ်ထည်ကို တီထွင်ခဲ့ပြီး ထိုသို့တည်ဆောက်မှုကြောင့် လှေ၏ အရွယ်ပမာဏကို တဖြည်း⁠ဖြည်းချင်း တိုးချဲ့နိုင်သည်။ မကြာမီတွင် လှေများသည် ယနေ့ခေတ် အပျော်စီးလှေနှင့်တူသော မြစ်တွင်းသွား လှေများ(keel boats) အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။

ပထမဆုံးသော ရေကြောင်းသွားလာသူများသည် တိရိစ္ဆာန်တို့၏ အရေပြားများနှင့် ရက်လုပ်ထားသော အဝတ်စများကို ရွက်များအဖြစ်စတင် အသုံးပြုလာကြသည်။ လှေပေါ်တွင် မတ်⁠မတ်ထောင်ထားသော ရွက်တိုင်၏ ထိပ်တွင် ခိုင်မြဲစွာ တပ်ဆင်ခြင်းဖြင့် ဤရွက်များသည် အစောပိုင်းသင်္ဘောများကို အလွန်ဝေးကွာသော အကွာအဝေးအထိ သွားလာစေနိုင်ခဲ့သည်။ ဤသို့ သွားလာနိုင်ခဲ့ခြင်းကြောင့် လူတို့ကို ကျယ်ပြန့်စွာ စူးစမ်းရှာဖွေသွားလာစေနိုင်ခဲ့သည်။ ဥပမာအားဖြင့် အိုရှန်းနီးယားဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀⁠၀၀ ကျော်ကစ၍ အခြေချနေထိုင်နိုင်ခဲ့ခြင်း ကို ကြည့်နိုင်သည်။

ရှေးဟောင်းအီဂျစ်လူမျိုးတို့သည် အလွန်လွယ်ကူစွာ နှင့် ပြည့်စုံစွာ ရွက်သင်္ဘောများတည်ဆောက်နိုင်ခဲ့သည်။ သူတို့၏ သင်္ဘောတည်ဆောက်ခြင်း အတတ်ပညာမှ မှတ်သားလောက်ဖွယ် ကျွမ်းကျင်မှုမှာ ကူဖူးသင်္ဘောဖြစ်သည်။ ထို ၁၄၃ ပေ (၄၄ မီတာ) ရှည်သော သင်္ဘောကို ဘီစီ ၂၅၀၀ ခန့်က ဂိုင်ဇာမဟာပိရိမစ်ကြီး၏ အောက်ခြေတွင် ထည့်သွင်းမြှုပ်နှံခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် မပျက်မယွင်းဘဲ ပြန်လည်တွေ့ရှိခဲ့သည်။ ဟီရိုဒိုးတပ်၏ အဆိုအရ အီဂျစ်လူမျိုးတို့သည် ဘီစီ ၆၀၀ ခန့်တွင် အာဖရိကကိုပတ်၍ ပထမဆုံး ရွက်လွှင့်ခဲ့သည် ဟု သိရသည်။

ဖိုနီးရှန်းလူမျိုး နှင့် ဂရိလူမျိုးတို့သည် ပင်လယ်တွင်း၌ ထရိုင်ရင်းမ် (triremes) ခေါ်သော ရွက်နှင့် လှော်ခတ်သူ နှစ်မျိုးစလုံးပါသည့် လှေများကို သုံး၍ ရေကြောင်းသွားလာခြင်းတွင် တဖြည်းဖြည်း ကျွမ်းကျင်လာကြပြီး မြေထဲပင်လယ်ဒေသတွင် သင်္ဘောသုံး၍ စူးစမ်းရှာဖွေခြင်း နှင့် ကိုလိုနီနယ်ချဲ့ခြင်း တို့ကို ပြုလုပ်လာကြသည်။ ဘီစီ ၃၄၀ ခန့်တွင် ဂရိ ရေကြောင်းသွားလာသူ မာဆာလီးယားမှ ပိုင်သီးယာစ်သည် ဂရိမှနေ၍ အနောက်ဥရောပ နှင့် ဂရိတ်ဗြိတိန်တို့သို့ စွန့်စားသွားရောက်ခဲ့သည်။

သံလိုက်အိမ်မြှောင်ကို အသုံးမပြုမီအချိန်က ကောင်းကင်ကိုကြည့်၍ သွားလာခြင်းသည်သာ ပင်လယ်ရေကြောင်းသွားလာရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ တရုတ်ပြည်တွင် သံလိုက်အိမ်မြှောင်၏ အစောပိုင်း ပုံစံကို တီထွင်ပြုလုပ်ခဲ့ကြပြီး ၁၀၄၀ ခုနှစ် နှ၍့် ၁⁠၁၁၇ ခုနှစ်အတွင်း ရေကြောင်းသွားလာရေးတွင် အသုံးပြုခဲ့ကြသည်။ ရေကြောင်းသွားသူတို့သုံးသော ခြောက်သွေ့နေသော သေတ္တာထဲတွင် လည်ပတ်နေသော အပ်ထည့်ထားသည့် သံလိုက်အိမ်မြှောင် ကို ဥရောပတွင် ၁၃၀၀ ခုနှစ် မတိုင်မီတွင် တီထွင်ခဲ့ကြသည်။

ယဉ်ကျေးမှု ပြန်လည်ဆန်းသစ်လာသောခေတ် တလျှောက်[ပြင်​ဆင်​ရန်​]

ခရစ်စတိုဖာ ကိုလံဘတ် ၏ carrack အမျိုးအစား ရွက်သင်္ဘော စန်တာမာရီယာ နှင့် ပုံစံတူ သင်္ဘော

ယဉ်ကျေးမှု ပြန်လည်ဆန်းသစ်လာသောခေတ်တိုင်အောင်ပင် ရေကြောင်းသွားလာရေးနည်းပညာများမှာ အခြားအရာများနှင့် နှိုင်းယှဉ်လျှင် အခြေခံအဆင့်သာ ရှိသည်။ သို့သော် ထိုသို့ လစ်ဟာနေသော နည်းပညာသည် အချို့ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများကို ပင်လယ်တွင် လွှမ်းမိုးမှုမှ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ ဥပမာအားဖြင့် ပြရလျှင် ရေကြောင်းဖြင့် ထွန်းကားသော ဂျီနိုဝါ နှင့် ဗင်းနစ် နိုင်ငံ နှင့် ဘိုင်ဇင်တိုင်း ရေတပ်တို့ဖြစ်သည်။ ဗိုက်ကင်းတို့သည် သူတို့၏ နား (knarrs) သင်္ဘောများကို အသုံးပြု၍ မြောက်အမေရိကသို့ သွားရောက်စူးစမ်းခဲ့ပြီး ဘောလတစ်ပင်လယ်တွင် ကုန်သွယ်ကြကာ အနောက်ဥရောပ၏ ကမ်းရိုးတန်းဒေသများတွင် လုယက်တိုက်ခိုက်ခဲ့ကြသည်။

၁၄ ရာစု ကုန်ပိုင်း လောက်အထိ တည်ဆောက်ခဲ့ကြသော ကာရက် ကဲ့သို့သော သင်္ဘောများ၏ ဦးပိုင်းနှင့်ပဲ့ပိုင်းတို့တွင် တာဝါများ ထည့်သွင်းတည်ဆောက်လာခဲ့သည်။ ထိုတာဝါများသည် ရေယာဉ်၏ တည်ငြိမ်အောင် ထိန်းနိုင်စွမ်းကို လျော့ကျစေသည်။ ၁၅ ရာစုသို့ ရောက်သောအခါတွင် ကာရာဗယ် သင်္ဘောများကို ပိုမို အသုံးပြုလာခဲ့ကြသည်။ တာဝါများကို ခရစ်စတိုဖာ ကိုလံဘတ်၏ စန်တာမာရီယာ ကာရက် သင်္ဘောတွင် တွေ့ရသည့် ဦးပိုင်းကပ်စတယ် နှင့် ပဲ့ပိုင်းကပ်စတယ်များဖြင့် အစားထိုးခဲ့ကြသည်။ ထို့သို့ နေရာပိုမို ကျယ်ဝန်းလာမှုကြောင့် သင်္ဘော၏ ညာဖက်ပိုင်းကို ရှင်းလင်းနိုင်ပြီး ထိုအပိုင်းနှင့် သက်ဆိုင်သော လက်နက်ကိရိယာများတွင် အသစ်တီထွင်မှု ကို ဖြစ်ပေါ်စေခဲ့သည်။

သင်္ဘော[ပြင်​ဆင်​ရန်​]

သင်္ဘောဟုဆိုရာ၌ ရေနက်တွင်သွားလာနိုင်သော ရေယာဉ်အကြီးစား များကိုဆိုလို၍ရှေးကပေါ်ခဲ့သောရွက်လှေကြီးများမှအစ ယခုခေတ်ပေါ်ရေနွေးစက်၊ သို့မဟုတ် မော်တော် စက်စသည်တို့ဖြင့်ခုတ်မောင်းသော ပင်လယ်ကူးသင်္ဘောကြီးများ အထိပါဝင်သည်။ လူတို့၏အသုံးလိုမှု ကိစ္စကိုလိုက်၍ လည်းကောင်း၊ လူတို့၏ပညာဗဟုသုတ တိုးတက်လိုမှုကိုလိုက်၍လည်းကောင်း လူတို့၏အသုံး အဆောင် ပရိဘောဂတို့သည်တစ်မျိုးထက် တစ်မျိုး တစ်ခေတ်ထက်တစ်ခေတ် သာလွန်ကောင်းမွန်လာမြဲဖြစ်သည့်အတိုင်း ရေနက်သွား ပင်လယ်ကူး သင်္ဘောများသည်လည်း ရှေးခေတ်မှစ၍ တဖြည်းဖြည်းထူးခြားတိုးတက်လာသည်ကိုတွေ့ရပေသည်။ သင်္ဘောများကိုအီဂျစ်လူမျိုးတို့က စတင်၍ဆောက်လုပ်ခဲ့ ကြသည်ဟုဆိုသည်။ လွန်ခဲ့သောနှစ် ပေါင်း၆ဝဝဝခန့်က အီဂျစ်လူမျိုးတို့တွင်ခရီးသည် ၅ဝခန့်တင်ဆောင်နိုင်သော သင်္ဘောများရှိခဲ့ဖူးသည်။ သို့သော် ထိုသင်္ဘောများမှာ သစ်သားဖြင့်တည်ဆောက်ထားသောရွက်သင်္ဘောများသာဖြစ်ကြ ၏။ ၁၉ ရာစုအစလောက်တွင်မှ ခေတ်မီသင်္ဘောသစ်များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်လေသည်။ ခေတ်မီသင်္ဘောများ တွင်လေကိုအားကိုးရသောရွက်များအစား ရေနွေးငွေ့နှင့် ခုတ်မောင်းသောစက်များကို တပ်ဆင်လာကြသည်။ သစ်သားနှင့်ဆောက်လုပ်ခဲ့ရာမှသံဖြင့်လည်းကောင်း၊ ထိုနောက် သံထက် ပို၍ခိုင်ခန့်သောသံမဏိဖြင့်လည်းကောင်း ဆောက်လုပ်လာကြလေသည်။

ရှေးကရွက်သင်္ဘောများကို ကုန်များများတင် ဆောင်နိုင်ရေးအတွက်သာဂရုပြု၍ ဆောက်လုပ်ခဲ့ကြသဖြင့် အသွားနှေးကြသည်။ ထိုကြောင့်ခရီးဝေးမှ တင်ဆောင်လာသောကုန်စိမ်းများ မကြာခဏ ပင်ပုပ်သိုးသွားတတ်ကြ၏။ ထိုအတွက်အမြန်သွားလာနိုင်မည့် ရွက်သင်္ဘောများကိုတည်ဆောက်ရန်ကြံ စည်ရာမှကိုယ်လုံးသေး၍ အလျားရှည်ကာရွက်ပေါင်းများစွာတပ်ဆင်ပေးထားသော ရွက်သင်္ဘောများ ပေါ်လာကြပြန်သည်။ တစ်ဆဲ့ရှစ်ရာစုနှစ်ကုန်ခါနီး အချိန်သို့ ရောက်လာသောအခါ သင်္ဘောများကိုရွက်နှင့်လွှင့်မည့်အစား ရေနွေးငွေ့စက်ဖြင့်ခုတ်မောင်းနိုင်မည့်နည်းများကိုစမ်းသပ် လာကြလေသည်။ ထိုစမ်းသပ်ချက်များကား ရွက်သင်္ဘောခေတ်မှ မီးသင်္ဘောခေတ်သို့ ပြောင်းပေးမည့် ရှေ့ပြေး အရိပ်အယောင်ပင်ဖြစ်တော့၏။ ထိုသို့ စမ်းသပ်ခဲ့ရာမှ ၁၉ရာစုနှစ်သို့အဝင် ၁၈၁၉ခုနှစ်တွင် ရေနွေးငွေ့စက်ဖြင့်ခုတ်မောင်းသောသင်္ဘောတစ်စင်းသည် ပထမဦးစွာ အတ္တလန္တိတ်သမဒ္ဒရာကိုဖြတ်ကျော်နိုင်ခဲ့လေသည်။ ထိုသင်္ဘောမှာ အမေရိကန်နိုင်ငံတွင် ဆောက်လုပ်သော ဆာဗန်းနားဖြစ်၍ အမေရိကန်နိုင်ငံဆာဗန်းနားမြို့မှ အင်္ဂလန်နိုင်ငံလစ်ဗားပူးမြို့ အရောက် ၂၅ ရက်ဖြင့်ခုတ်မောင်းခဲ့၏။ ရေနွေးငွေ့စက် တပ်ဆင်ထားသော်လည်း စက်ကိုရံဖန်ရံခါသာ ဖွင့်၍ ရွက်ကိုသာအသုံးများခဲ့ပေသည်။ သို့ရာတွင် ရေနွေးငွေ့စက်ကိုသုံးရာ၌ ထင်းမီးအဆမတန်ကုန်၍စရိတ် ကြီးလေးသဖြင့် ထင်းမီးအကုန်နည်းမည့်နည်းလမ်းများကို ရှာကြံတီထွင်ရန် အမျိုးမျိုး စိတ်ကူး ကြရပြန်လေသည်။ ဤသို့ကြံစည်ရာမှထင်းမီးအကုန်သက်သာစွာနှင့် ခုတ်မောင်းနိုင်မည့်ရေနွေးငွေ့စက်ကို တီထွင်နိုင်လာလေရာ ၁၈၃၈ခုနှစ်တွင် လန်ဒန်မြို့မှထွက်ခွာလာသော ဆားရီးယပ် အမည်ရှိသင်္ဘောတစ်စင်းသည် နယူးယော့မြို့သို့ ၁ရ ရက်နှင့် ခုတ်မောင်းလာသဖြင့် လူတိုင်းကပင်အံ0x100သ၍မဆုံးဖြစ်ကြ ရလေသည်။ ထိုသင်္ဘောသည် တစ်လမ်းလုံးပင် ရေနွေးငွေ့စက်ဖြင့်သာခုတ်မောင်းခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ရေနွေး ငွေ့စက်ဖြင့်မောင်းနှင်သော သင်္ဘောများ တဖြည်းဖြည်းပေါ်ပေါက်များပြားလာရာ နှစ်ပေါင်းများစွာမကြာ မီပင်ကမ္ဘာအရပ်ရပ်ရှိ ပင်လယ်သမုဒ္ဒရာများ၌ ခေါက်တုံ့ ခေါက်ပြန် သွားလာခုတ်မောင်းနေကြသည့် သင်္ဘောအမျိုးမျိုးကို တွေ့မြင်လာကြရလေသည်။

ဆဲ့ရှစ်ရာစုနှစ်အကုန်လောက်တွင်ရွက်အစား ရေနွေးငွေ့စက်များကို သင်္ဘောများ၌တပ်ဆင်အသုံး ပြုရန်စမ်းသပ်ခဲ့ကြသည့်နည်းတူ၊ သင်္ဘောကိုယ်ထည်များကိုလည်း သစ်အစားသံနှင့်စမ်းသပ်ဆောက်လုပ်ခဲ့ကြ၏။ သို့ရာတွင် ၁၉ရာစုနှစ်အလယ်ပိုင်းသို့ရောက်မှ သစ်အစားသံကိုအသုံးများ လာကြ၍ ထိုရာစုနှစ်အကုန်လောက်တွင် သံအစားသံမဏိကိုအသုံးပြုလာကြသည်။ ဤသို့ ပြောင်းလဲအသုံးပြု လာခြင်းမှာအရွယ်ချင်းတူလျှင် သစ်သားနှင့်ဆောက်လုပ်ခြင်းထက် သံနှင့်ဆောက်လုပ်ခြင်းက လည်းကောင်း၊ သံ နျင့်ဆောက်လုပ်ခြင်းထက် သံမဏိနှင့်ဆောက်လုပ်ခြင်းကလည်းကောင်းပို၍ပေါ့ပြီးလျှင်ပို၍ လည်းခိုင်ခံ့သောကြောင့် ဖြစ်၏။ အရွယ်ချင်းတူလျှင် သံကိုယ်ထည်ကသစ်သားကိုယ်ထည်ထက် အလေးချိန်ရာခိုင်နှုန်း ၄ဝမျှ ပိုပေါ့၍သံမဏိကိုယ်ထည်ကသံကိုယ်ထည်ထက်အလေးချိန် ၁၅ ရာခိုုင်နှုန်းခန့်ပို၍ပေါ့သည်။ တစ်နည်းဆိုသော် အလေးချိန်ခြင်းတူလျှင် သစ်သားကိုယ်ထည်ထက် သံကိုယ်ထည်ကလည်းကောင်း၊ သံကိုယ်ထည်ထက် သံမဏိကိုယ်ထည်ကလည်းကောင်း ပို၍ကျယ်ဝန်းကြီးမားသဖြင့် ကုန်ချိန်ပိ်ု၍တင်နိုင်လေသည်။ ထိုအတွက် နောင်တွင်အလွန်ကြီး မားသောသင်္ဘောကြီးများကိုသံမဏိဖြင့်သာဆောက်လုပ်လာကြ တော့သည် ကိုတွေ့ ရလေသည်။ ရေနွေးငွေ့ဖြင့်မောင်းနှင်သောသင်္ဘောများပေါ်စက ဘေးခုတ်စက်ကဲ့သို့သော ရေယက်ဘီးကြီး များကိုသာတပ် ဆင်ခဲ့ကြ၍နောက်မှငမန်းစက်ဟုခေါ်ကြသော သင်္ဘောပဲ့ပိုင်းတွင် တပ်သည့် ဝက်အူရစ် ပန်ကာ (ဝက်အူကဲ့သို့လည်ယင်းနှင့်ရှေ့သို့တိုးသွားသောပန်ကာ) များပေါ်ပေါက်လာသည်။ ရေယက် ဘီးကြီးများ မှာရေပေါ်တွင်တစ်ဝက်ပေါ်နေ၍ အထူးသဖြင့် စစ်အတွင်း၌ရန်သူတို့က အလွယ်တကူပစ် ခတ်ဖျက်ဆီးနိုင်၏။ ငမန်းစက်ခေါ်ပန်ကာများမှာရေအောက်တွင်နစ်မြုပ်နေသည့် အတွက်ရန်သူ့ဘေးမှပို၍ဝေးလေသည်။ ငမန်းစက်ခေါ် ဝက်အူရစ်ပန်ကာဖြင့် ခုတ်မောင်းနိုင်သည့်နည်းကို ကာနယ် ဂျွန်စတီဗင်ဆိုသူအမေရိကန်လူမျိုးတစ်ဦးက ၁၉ ရာစုနှစ် အစလောက်တွင် ကြံစည်ခဲ့ဖူးသည်ဆို၏။ သို့ရာတွင် ထိုုပန်ကာမျိုးတပ်ဆင်ထားသော ပထမပင်လယ်ကူး သင်္ဘောများကိုအင်္ဂလန်ပြည်၌ ၁၈၃၆ ခုနှစ်နှင့် ၁၈၃၉ ခုနှစ်အတွင်းတွင် အင်္ဂလိပ်လူမျိုးစမစ်ဆိုသူနှင့် ဆွိလူမျိုးကပ္ပတိန် ဂျွန်အားရစ်ဆန် ဆိုသူတို့က ရှေးဦးစွာဆောက်လုပ်ခဲ့ကြပေသည်။ ဝက်အူရစ်ပန်ကာများကို သင်္ဘောများ၌ အကျိုးရှိစွာတပ်ဆင်အသုံးပြုခဲ့ရာမှ နောင်သော်ပန်ကာ တစ်ခုပျက်ကအခြားတစ်ခုကျန်စေရန်ပန်ကာနှစ်ခု တပ်သင်္ဘောများပေါ်လာပြန်သည်။ ယခုခေတ်ရှိအချို့ပင် လယ်ကူးသင်္ဘောများမှာဆိုလျှင် ပန်ကာသုံးခုမှလေးခု အထိပင်တပ်ဆင်ထားကြ၏။ တစ်ဖန်ရေနွေးငွေ့စက်ရိုးရိုးမှာ တာဗိုင်ရေနွေးငွေ့ဖြင့် လည်သည့် ရဟတ်စက်များပေါ်ပေါက်ပြီ့း နောက် ၁၈၉ရ ခုနှစ်တွင်ရှေးဦးစွာ တာဗိုင်ရဟတ်စက်ဖြင့်ခုတ်မောင်းသော တာဗင်နီးယားခေါ် သင်္ဘောပေါ်ပေါက်လာခဲ့သည်။ တာဗိုင်စက်ဖြင့်ခုတ်မောင်းသောအခါ ရိုးရိုးရေနွေးငွေ့ စက်များထက်ပိ်ုမို လျင်မြန်သည်ကိုတွေ့ရ၏။ ကွင်းမေရီအမည်ရှိသောကမ္ဘာကျော်ပင်လယ်ကူး သင်္ဘောကြီးတွင် တာဗိုင်စက်လေးခုတပ်ဆင်ထား၍ တစ်နာရီလျှင်ရေမိုင် ၃ဝ ကျော်နှုန်းဖြင့် အတ္တလန်န္တိတ် သမုဒ္ဒရာကို ကျော်ဖြတ်ခုတ်မောင်းနိုင်ခဲ့လေသည်။

ပင်လယ်ခရီးလွှင့်စဉ် သင်္ဘောများကို မြန်သည်ထက်မြန်အောင် ခုတ်မောင်းနိုင်ရန်လိုလားကြ သည်မှန်၏။ သို့သော်ရေနွေးငွေ့စက်နှင့်ဆိုလျှင် မြန်အောင်ခုတ်လေကျောက်မီးသွေး အကုန်အကျ များလေဖြစ်သဖြင့်သင်္ဘောအများပင်ခပ်မှန်မှန်သာခုတ်မောင်း ကြလေသည်။ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းသည် အမြန်ဆုံးခုတ်မောင်းလျှင် ၂၄နာရီအတွင်း ကျောက်မီးသွေး တန်ချိန် ၁ဝဝဝအထိပင် ကုန်နိုင်လေသည်။

ယခုခေတ်တွင် ကျောက်မီးသွေးအစား ရေနံဖြင့် မောင်းနှင်နိုင်သောဒီဇယ်အင်ဂျင်စက်တပ်ဆင်ထားသည့် သင်္ဘောများ ပေါ်ပေါက်လာပြန်သည်။ ထိုစက်မျိုးကို သုံးသောအခါ ရေနွေးငွေ့စက်များလောက် အလုပ်မများဘဲ စက်ထားရန်နေရာလည်းကျဉ်းသွားလေသည်။ သို့သော် သင်္ဘောတိုင်းတွင်ကား ဒီဇယ်မော်တော်စက်များကို တပ်ဆင်ခြင်းမရှိသေးချေ။ ယခုအခါ၌ ကူးသန်းသွားလာလျက်ရှိသော သင်္ဘောများကို (၁)ခရီးသည်သက်သက်တင် ဆောင်သောသင်္ဘောများ၊ (၂)ခရီးသည်နှင့်ကုန်များကို တင်ဆောင်သောသင်္ဘောများနှင့် (၃)ကုန်သက် သက်ကိုသာ တင်ဆောင်သောကုန်သင်္ဘောများဟူ၍သုံးမျိုးခွဲခြားနိုင်သည်။ ထိုသုံးမျိုးအနက်ခရီးသည် တင်ပင်လယ်ကူး သင်္ဘောများတွင်ကမ္ဘာ၌အကြီးဆုံး၊ အမြန်ဆုံးနှင့်အခမ်းနားဆုံး သင်္ဘောကြီးများပါဝင်လေသည်။ ပြင်သစ်နိုင်ငံမှ ပြင်သစ်(တန်ချိန် ၆၆၃၄၈)၊ ဗြိတိန်မှကွင်းအယ်လစ်ဗက် ၂ (တန်ချိန်၆၅၈၆၃)၊ ဣတလီနိုင်ငံမှရက်ဖာအယ်လို(တန်ချိန် ၄၅၉၃၃)တို့မှာပထမ၊ ဒုတိယနှင့် တတိယအကြီးဆုံးဖြစ် ကြသည်။

ခရီးသည်တင် ပင်လယ်ကူးသင်္ဘောကြီးများကို အလွန်ခမ်းနားလှပစွာ ဆောက်လုပ်ထားကြ၍ အတွင်း၌လည်းခရီးသည်များ မပျင်းမရိစေရန် လိုလေသေးမရှိအောင် ပြုလုပ်ခင်းကျင်းထားသဖြင့် ထိုသင်္ဘော ကြီးများကို ရေပေါ်နန်းတော် ဟူ၍ပင်ခေါ်စမှတ်ပြုကြရသည်။ အချို့သင်္ဘောကြီး များတွင်အထပ်ပေါင်း ၁၂ထပ်မျှရှိ၍ အိပ်ခန်း၊စာကြည့်တိုက်၊ ဘုရားရှိခိုးခန်း၊ ကစားခုန်စားခန်း၊ ရေကူးကန်၊ ရုပ်ရှင်ခန်း၊ တူရိယာဂီတခန်း၊ ဆေးလိပ်သောက်ခန်း၊ ဧည့်ခန်း၊ သီးသန့်ခန်း၊ ပျော်ပွဲ စားခန်း၊ ကုန်စုံဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ကလေးကစားခန်း၊ ဝိုင်ယာလက် ကြေးနန်းရုံး၊ ဓါတ်လှေကား စသည်ဖြင့်သူ့နေရာနှင့်သူ အမျိုးစုံအောင်ခွဲခြားစီစဉ်ထားရသောထိုသင်္ဘောမျိုးနှင့်ခရီးသွားရသူ သည် အဘယ်မှာလျှင်ပျင်းရိနိုင်ပါအံ့နည်း။ ထိုကြောင့်ပင် ငွေကြေးချမ်းသာလိုသူများသည် အားလပ်ချိန်များတွင် တစ်ခါတစ်ရံအဆိုပါရေပေါ်နန်းတော်ပေါ်၌ တမင်သက်သက်စီးနင်းလိုက်ပါကာ အချိန်ဖြုန်းကြသည်ကို အံ့0x100သဖို့မရှိပေ။ ဤသို့လူစီးသင်္ဘောနှင့်ကုန်တင်သင်္ဘောများကိုအမျိုးမျိုး တီထွင်ကြံဆဆောက်လုပ်ခဲ့ရာမှ ၁၉၅၉ ခုနှစ်ဇူလိုင်လ ၂၁ရက်နေ့တွင်အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ် ကမ္မဒင်မြို့၌ပထမဆုံး အနုမြူစွမ်းအင်သုံး ကုန်သင်္ဘောဖြစ်သော အင်(န)အက်(စ)ဆဗန်းနားကို ရေချနိုင်ခဲ့လေသည်။

လူစီးသင်္ဘောနှင့်ကုန်တင်သင်္ဘောများအပြင် တံတား မဆောက်နိုင်သောမြစ်နှင့်ရေလက်ကြား များတွင် တစ်ဖက်မှ တစ်ဖက်သို့ကူးတို့ကူးပေးသော ကူးတို့သင်္ဘောများလည်းရှိ၏။ ထိုသင်္ဘောများအနက်မီးရထားတွဲများကို တင်ဆောင်ကာ မီးရထားခရီးကိုဆက်ပေးသော သင်္ဘောမျိုးမှာအထူးဆုံးဖြစ်ရာ အဆိုပါကူးတို့မျိုးကို ၁၉၃၆ခုနှစ်ကစ၍ အင်္ဂလိပ် ရေလက်ကြားကိုဖြတ်လျက်ဒိုဗာနှင့်ဒန်းကတ်အကြား ၌လမ်းဖွင့်တီထွင်ခဲ့လေသည်။ ၁၉၆၈ ခုနှစ် စာရင်းအရ ဂျပန်နိုင်ငံပိုင် လူစီးနှင့်ကုန်တင်သင်္ဘောအရေအတွက်မှာ ၆၈ရရ ဖြစ်၍ တန်ချိန်စုစုပေါင်း ၁၉၅၈၆၉ဝ၂ ဖြင့်သင်္ဘောအရေအတွက်၌ ကမ္ဘာတွင်ပထမစွဲ၏။ ဆိုဗိီယက် ပြည်ထောင်စုတွင်သင်္ဘောပေါင်း ၄၂ဝ၆ရှိ၍တန်ချိန်စုစုပေါင်း ၁၂ဝ၆၁၈၃၃ ဖြင့်သင်္ဘောအရေ အတွက်၌ဒုတိယလိုက်၏။ ဗြိတိန်နိုင်ငံတွင်သင်္ဘောပေါင်း ၄ဝ၂ဝရှိ၍ တန်ချိန်စုစုပေါင်း ၂၁ ၉၂ဝ၉၈ဝဖြင့် သင်္ဘောအရေအတွက်၌တတိယလိုက်လေသည်။ တန်ချိန် စုစုပေါင်းအရည်အတွက်အရမူ လိုက်ဗီးရီးယားနိုင်ငံကတန်ချိန် ၂၅ရ၁၉၆၄၂ဖြင့် ပထမစွဲကာ၊ ဗြိတိန်နိုင်ငံကတန်ချိန် ၂၁၉၂ဝ၉၈ဝ ဖြင့်ဒုတိယစွဲပြီးလျှင်ဂျပန်နိုင်ငံကတန်ချိန် ၁၉၅၈၆၉ဝ၂ဖြင့်တတိယလိုက်လေသည်။

သင်္ဘောကြီး များတည်ဆောက်ပုံ။ ။သင်္ဘောတစ်စင်း ကိုမတည်ဆောက်မီ ပထမအရေးကြီး ဆုံးမှာ သင်္ဘောတစ်စင်းလုံးရှိဆိုင်ရာအစိတ်အပိုင်းအားလုံး၏ အတိုင်းအဆအချိုးအစားများကို အတိအကျ တွက်ချက် ရန်ဖြစ်သည်။ ထိုအတွက်တည်ဆောက်မည့်သင်္ဘော၏တန်ချိန်၊ မြန်ရှိန်နှင့်ထိုသင်္ဘောသွား လာဝင်ထွက်ရန်ကြံရွယ်ထားသည့် ဆိပ်ကမ်းများရှိရေအနက်စသည်တို့ကို သိထားရန်လိုပေသည်။ ထိုအချက်များကို ရသောအခါသင်္ဘောပုံစံရေးဆွဲသူသည် ရေထဲ၌နစ်မြုပ်မည့်သင်္ဘော၏ ရေစူးခေါ် ရေ အောက်သို့ နစ်မြုပ်မည့် စောက်အနက်ကိုတွက်ချက်ပြီးသော် သင်္ဘော၏ အလျား၊ ဗြက်နှင့်ဝမ်းစောက် တို့ကိုတစ်ဖန်တွက်ချက်ရပြန်သည်။ ထိုနောက်သင်္ဘောပုံစံကိုရေးဆွဲပြီး၍ တည်ဆောက်ရေးနှင့်အင်္ဂျင်နီ ယာဖက်ဆိုင်ရာပုံဆွဲဆရာများ လက်သို့လွှဲပေးလိုက်သောအခါ ပုံဆွဲဆရာများက အသေးစိတ်ပုံစံများကိုအတိအကျရေး ဆွဲကြရပြန်သည်။ ထိုပုံစံများကိုမူတည်ပြီးမှ သင်္ဘော တည်ဆောက်ရေးကိုစတင် ပြုလုပ်နိုင်လေသည်။

အကြီးစား ပင်လယ်ကူးသင်္ဘောတစ်စင်း တည်ဆောက်နေသည့် သင်္ဘောကျင်းသို့သွားကြည့်မည်ဆို ပါက သင်္ဘောကျင်းမှာ ရွာတစ်ရွာတမျှကျယ်ဝန်း၍ ထိုသင်္ဘောကျင်းထဲ၌ သူ့နေရာနှင့်သူခွဲခြားထားသော အလုပ်ရုံ အသီးသီးတွင်ထောင်ပေါင်းများစွာသောအလုပ်သမားများ သူ့တာဝန်နှင့်သူမနေမနားအလုပ်လုပ်နေကြပုံကို ကောင်းစွာတွေ့မြင်ရပေမည်။ အလုပ်သမားများသည်သံရည်ကျို၊ သံဖြတ်၊ သံဖောက်၊ သံဂဟေဆက်၊ သံစို့တေစသည့် သံဘက်ဆိုင်ရာအလုပ်သမားများ၊ သစ်ဘက် ဆိုင်ရာအလုပ်သမားများ၊ စက်ဘက်ဆိုင်ရာအလုပ်သမားများ၊ လျှပ်စစ်ဓာတ်ဘက်ဆိုင်ရာအလုပ်သမားများ၊ ပုံဆွဲဆရာများ၊ ဆေး သုတ်သမား၊ အလုပ်သမားစသည်ဖြင့် လုပ်သား အမျိုးမျိုးရှိ၍သူ့အစုနှင့်သူဆိုင်ရာအလုပ်ကိုလုပ်ကြရ၏။ တစ်နေရာတွင်အတုံး၊အချောင်း၊အချပ်လိုက် စုပုံထားသောသံနှင့်သံမဏိပုံများကိုလည်းကောင်း၊ တစ်နေရာတွင်အချောင်း လိုက်အချပ်လိုက်စုပုံထားသော သစ်ပုံပျဉ်ပုံများကိုလည်းကောင်းတွေ့ရမည်ဖြစ်၏။ မော်တော်ကား၊ လက်တွန်းလှည်ဖြင့်တကွ သံလမ်းပေါ်၌သွားလာနေကြသော ကုန်တင်မီးရထားတွဲများက ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ လိုသလိုရွှေ့ပြောင်းလျက်ဝန်တင်မောင်းကြီး များက ကုန်ပစ္စည်းအမျိုးမျိုးကို တင်လိုက်ချလိုက် ပြုလုပ်နေသည်ကိုလည်း တွေ့ရပေမည်။ သင်္ဘောကျင်းရှိနေရာအနှံ့အပြားမှ ထွက်လာသောထုသံ၊ တေသံ၊ စက်ခုတ်သံများမှာ နားကွဲလုမတတ် ဆူညံလျက်ရှိသည်ကို လည်းကြားရပေမည်။

ရှေးကသင်္ဘောများကိုအောက်ခြေမှအစ၊ တစ်ဆင့်ပြီး တစ်ဆင့် တည်ဆောက်သွားလေ့ရှိကြ၏။ ယခုအခါ၌မူ သင်္ဘောကိုအကယ်မဆောက်မီပုံစံနှင့်အညီ သင်္ဘောနမူနာ အငယ်စားတစ်စင်းကို ပထမ ပြုလုပ်စမ်းသပ်ပြီးမှ ဆောက်လုပ်လေ့ရှိသဖြင့် ယခင်ကထက်သေချာကောင်းမွန်သော သင်္ဘောများ ကိုဆောက်လုပ်နိုင်ကြပေသည်။ စမ်းသပ်ရာတွင် ရေကန်ထဲရှိရေကို စက်တစ်မျိုးဖြင့်ပင်လယ်လှိုင်းနှင့် အချိုးညီအောင်လှိုင်းထစေပြီလျှင် ပဲ့နှင့်ပန်ကာတို့၏ အကျိုးအပြစ်တို့ကိုအလွန်သိမ်မွေ့သော ကရိယာများဖြင့် သတ်မှတ်ထားလေသည်။

သင်္ဘောကိုသစ်နှင့် ဆောက်လုပ်သည်ဖြစ်စေ၊ သံနှင့်ဆောက်လုပ်သည်ဖြစ်စေ ပုံစံပါအချိုး အတိုင်းဦးမှပဲ့အထိ ရှည်သောဧရာကိုပထမချပေးရ၏။ ထိုနောက်နံရိုးသဏ္ဍာန်ရှိသော တကူအခြင်တိုင် များကိုစိုက်ပေးရ၍ ထိုအခြင်များပေါ်တွင် သင်္ဘောဝမ်းဖြစ်လာအောင်ပျဉ်အထူကြီးများ၊ သို့မဟုတ်သံ၊ သံမဏိပြားကြီးများကိုကပ်ရိုက်ပေးရသည်။ ထိုသို့ ကပ်ရိုက်ပေးရာတွင်သစ်ကိုသုံးသည်ဖြစ်စေ၊ သံကို သုံးသည်ဖြစ်စေ ရေမဝင်နိုင်မည့်နည်းများဖြင့် ပြုလုပ်ပေးရလေသည်။ ယခုခေတ်သင်္ဘောများ တွင်သင်္ဘောကို နှစ်ထပ်ဆောက်လုပ်ထားလေ့ရှိကြသည်။ ထိုအခါ သင်္ဘောဝမ်းတစ်ထပ်ပေါက်သွားသည့် တိုင်အောင် ဒုတိယအထပ်က ရေမဝင်နိုင်စေရန် ကာကွယ်ထားသဖြင့် သင်္ဘောမှာနစ်မြုပ်နိုင်ခြင်း မရှိပေ။ တစ်ဖန် ထိုသင်္ဘောဝမ်း နှစ်ထပ်သည် အခန်းများကိုအကန့်လိုက် ဆောက်လုပ်ထားလေ့ရှိပြန်ရာ သင်္ဘောတစ်နေရာတွင်ပေါက်ပြဲသွားပါက သက်ဆိုင်ရာ တစ်ခန်းတည်းကိုသာ ပြင်ဆင်ရန်လိုပေ၏။ အထူးသဖြင့် သင်္ဘော၏ဦးပိုင်းကို အတိုက်အခိုက်ခံနိုင်ရည်ရှိစေရန် အထူးတလည် ခိုင်ခံ့စွာ ဆောက် လုပ်ကြရလေသည်။ ကိုယ်ထည်နှင့်တကွအပြင်ဘက် ကိစ္စအားလုံး ပြီးစီးသောအခါ သင်္ဘောကိုဖြည်းညှင်းစွာ ရေသို့ချတော့၏။ သင်္ဘောကိုရေသို့ချရာတွင်များသောအားဖြင့် အခမ်းအနားနှင့် ပဲ့ပိုင်းမှစ၍ရေသို့ချလေ့ရှိ၏။ သင်္ဘောကိုရေသို့ချသည့် အခမ်းအနားမှာ ထိုသင်္ဘောအတွက်ပဏာမအောင်ပွဲပင်ဖြစ်၍ ထိုအချိန်တွင် သင်္ဘောကိုပိုင်ဆိုင်သူများရော၊ ဆောက်လုပ်သူများပါ ပျော်၍မဆုံးကြတော့ပေ။ ထိုနောက်သင်္ဘောကို ကျောက်ချထားပြီးသော် စက်များကို နေရာတကျတပ်ဆင်ပေးခြင်း၊ ကုန်းပတ်နှင့်တကွအထပ်များကို ဆောက်လုပ်ခြင်း၊ အခန်းများဖွဲ့ပေးခြင်း၊ ပရိဘောဂ တပ်ဆင်ပေးခြင်း၊ မွမ်းမံပြင်ဆင်ပေးခြင်းစသော အတွင်းဘက် ဆိုင်ရာ အလုပ်များကိုဆက်လက်၍ပြုလုပ်ရပြန်သည်။ ယခုခေတ်သင်္ဘောကြီးများတွင်ခရီးသည် တင်ဆောင်နိ်ု်င်မှုကိုသာမဟုတ်၊ ခရီးသည်တို့၏သာယာ ပျော်ရွှင်မှုကိုပါအဓိကထားလာကြသည့်အတိုင်း သင်္ဘောကုမ္ပဏီ ကြီးများသည် မိမိတို့၏သင်္ဘော များကိုခမ်းနား ပြည့်စုံသည့်နေရာ၌ သူ့ထက်ငါသာအောင် အပြိုင်အဆိုင်ဆောက်လုပ်ကြ၏။ ထိုကြောင့် လည်းခေတ်ပေါ် သင်္ဘောကြီးများမှာ ရေပေါ်နန်းတော်ဟုခေါ်ဆိုရလောက်အောင် ခမ်းနားလှသည်ကို တွေ့ရလေသည်။ အဆိုပါသင်္ဘောကြီးများမှာ ယခုပင်ဤမျှကြီးကျယ်ခန်းနားလျှက်ရှိရာ၊ နောင်သော် မည်မျှဆန်းပြားလာဦးမည်ကိုကျွန်ုပ်တို့စောင့်ကြည့်ရပေဦးမည်။

သင်္ဘောမှတ်တမ်း။ ။သင်္ဘော၏ အသွားနှုန်း တိုင်းကရိယာကိုလော့ဟုခေါ်၍ သင်္ဘော ကက်ပတိန်၏မှတ်တမ်းစာအုပ်ကိုလည်း လော့ ဟုပင်ခေါ်ကြ သည်။ သင်္ဘောစီးဖူးသူများအနက် သင်္ဘောပဲ့ပိုင်း၌ သင်္ဘောသွားစဉ် မီတာဒိုင်ခွက်တစ်ခုမှရေထဲသို့ ကြိုး တစ်ချောင်းတန်းလန်းပစ်ထားသည်ကို အချို့တွေ့ဖူးကြပေမည်။ ထိုကရိယာမှာ လော့ ခေါ်သင်္ဘောအသွားနှုန်းတိုင်း ကရိယာပင်ဖြစ်၏။ ရှေးကျသောကရိယာမျိုးတွင် သစ်ပြားတစ်ခု၊ရစ်လုံတစ်လုံး၊ အရောင်စုံအဝတ်ထုံးများဖြင့် ညီညာစွာစိတ် ပိုင်းထားသောကြိုး တစ်ချောင်းနှင့်အချိန်ကိုမှတ်သည့်သဲနာရီတစ်လုံးပါဝင်သည်။ သစ်ပြားမှာလက်မဝက် ခန့်ထူ၍ အချင်းဝက် ငါးလက်မခြောက်လက်မခန့်ရှိသော စက်ဝိုင်း၏ လေးစိတ်တစိတ်ပုံသဏ္ဍာန်ရှိသည်။ သင်္ဘောသွားနေစဉ် ရေထဲသို့ပစ်ချထားခိုက် အခုံးဖက်ကရေထဲ၌နစ်၍ အချွန်ဘက်က ထောင်နေစေရန် အခုံးဘက်အနား တစ်လျှောက်တွင် ခဲတပ်ထားသည်။ သင်္ဘောသွားနေစဉ် သင်္ဘောသွားနှုန်းကို တိုင်းတာလို သောအခါထိုသစ်ပြားကိုပဲ့ပိုင်းမှနေ၍ လေတိုက်နေသည့်ဖက်သို ့လွှဲကာရေထဲသို့ ပစ်ချလိုက်ရသည်။ ထိုအခါသင်္ဘောသွားနေသည့်အတွက် ရစ်လုံးမှကြိုး သည်အလိုလိုပြေလိုက်သွားမည်။ ကန့်သတ်ထားသည့် အချိန်တွင်သစ်ပြားကိုဆယ်ယူ၍ကြိုးထုံးများကို ရေတွက်ခြင်းဖြင့်သင်္ဘော၏ အသွားနှုန်းကိုသိ နိုင်ပေသည်။ များသောအားဖြင့်ကြိုးတစ်ထုံးနှင့်တစ်ထုံးအကြားသည် ၄ရ့၃၃ပေရှိပြီးလျှင်ရေထဲသို့ပစ်ချထား သည်အချိန်မှာ ၂၈ စက္ကန့်ဖြစ်သည်။ကြိုးထုံးကိုအင်္ဂလိပ်လို 'နော့' ဟုခေါ်သဖြင့် သင်္ဘော၏အသွား နှုန်းကိုလည်း 'နော့' ဖြင့်ပင်ခေါ်ဆို တိုင်းတာလေ့ရှိကြလေသည်။ သို့သော်ထိုကရိယာမျိုးကို ယခု အခါအသုံးမပြုကြတော့ချေ။ ယခုအခါတွင်အသုံးပြုသော ကရိယာမျိုးကို တပ်ဖရေးလော့ ဟုခေါ်၍ထိုကရိယာတွင် သစ်ပြားအစား ရေထဲ၌ရေနှင့်တိုးမိသည့်အရှိန်ကြောင့် လည်ပြီးလိုက်ပါလာမည့် ရဟတ်တစ်ခုကိုတပ် ဆင်ထားသည်။ ထိုရဟတ်ကိုကြိုးနှင့် ဆက်ထား၍ ကြိုးကိုတစ်ဖန်သင်္ဘောကုန်းပတ်ပေါ်ရှိ အသွားနှုန်း ပြမီတာဒိုင်ခွက်တစ်ခုနှင့်ဆက်ထားပြန်သည်။ သင်္ဘောမြန်မြန်ခုတ်မောင်းလျှင် ရဟတ်အလည်မြန်၍ သင်္ဘော နှေးနှေးခုတ်လျှင်လည်းရဟတ်အလည်နည်းသည်။ ရဟတ် လည်သောအခါ ရဟတ်နှင့်ဆက် ထားသောကြိုးလည်း လည်ပြီးလျှင်ကြိုးလည်ပုံအနှေးအမြန်ကိုလိုက်၍ ဒိုင်ခွက်ကသင်္ဘော၏အသွားနှုန်း ကိုပြစေလေသည်။

သင်္ဘောတွင်ကက်ပတိန်၏မှတ်တမ်းစာအုပ်ကိုလည်း လော့ဗွတ်၊သို့မဟုတ်လော့ဟုပင်ခေါ်ကြောင်း အထက်တွင်ဖေါ်ပြခဲ့ပြီ။ ထိုစာအုပ်တွင် ကက်ပတိန်ကဖြစ်စေ၊ အလှည့်ကျတာဝန်ကျသူ တစ်ဦး ဦးကဖြစ်စေ သင်္ဘောသွားနေစဉ်အတွင်းဖြစ်ပျက်သမျှအဖြစ်အပျက်များကို အသေးစိတ်မှတ်တမ်း တင်ထားရသည်။ သင်္ဘောပျက်ခြင်း၊ သင်္ဘောခြင်းတိုက်မိခြင်း၊ လေမုန်တိုင်းမိခြင်း၊ ကုန်ပစ္စည်း ပျက်စီးဆုံးပါးခြင်း၊ လူသူသေပျောက်ခြင်း၊ ရာဇဝတ်မှု ဖြစ်ပွားခြင်း စသောအမှုကိစ္စ အဖြစ်အပျက် မှန်သမျှကိုတိုုတိုနှင့် လိုရင်းရောက်အောင် ထိုမှတ်တမ်းစာအုပ်၌ အသေးစိတ်ရေးမှတ်ထားရသည်။ သင်္ဘောတိုင်း၌ အဆိုပါစာအုပ်မျိုးထားရှိရန်ဥပဒေဖြင့်သတ်မှတ်ထားသည်။ တရားဝင်စာအုပ်ဖြစ်သည့် အတိုင်းကက်ပတိန်တို့သည် ထိုမှတ်တမ်းစာအုပ်များကို အသက်နှင့်လဲ၍ကာကွယ်ထိမ်းသိမ်းကြ ရ၏။ သင်္ဘောတစ်စင်းလုံးနစ် မြုပ်သွားသည့်တိုင်အောင် ထိုစာအုပ်များကိုကက်ပတိန်တို့သည် မိမိတို့နှင့် တပါတည်းအရယူဆောင်ကြဉ်းလေ့ရှိကြပေသည်။ လေယာဉ်ပျံများတွင်လည်း အလားတူမှတ်တမ်းစာ အုပ်များထားရှိရလေသည်။[၁]

သင်္ဘောအမျိုးမျိုး[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)