ကျောက်ခေတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သမိုင်းမတင်မီခေတ်
သံခေတ်
  ကြေးဝါခေတ်နှောင်း  
  ​ကြေးဝါခေတ်လယ်
  ကြေးဝါခေတ်ဦး
ကြေးဝါခေတ်
    ကြေးနီခေတ်    
  ကျောက်ခေတ်သစ်
ကျောက်ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်နှောင်း  
    ကျောက်ခေတ်ဟောင်း ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်ဦး
  ကျောက်ခေတ်ဟောင်း
ကျောက်ခေတ်

ကျောက်ခေတ် ဆိုသည်မှာ ရှည်လျားသော သမိုင်းမတင်မီကာလတစ်ခုဖြစ်ပြီး လူသားတို့သည် လက်နက်ကိရိယာ တန်ဆာပလာများ ပြုလုပ်ရန်အတွက် ကျောက်ဆိုင်ကျောက်ခဲများ ကို အဓိကထား၍ အသုံးချသော အချိန်ကာလကိုခေါ်သည်။

ထိုခေတ်ထိုအခါက လူသားများသည် ကျောက်စရစ်ခဲ အမျိုးမျိုးကို အသုံးပြု၍ ကရိယာ တန်ဆာပလာများ ပြုလုပ်ကြသည်။ ဥပမာအားဖြင့် မီးခတ်ကျောက်နှင့် chert ကျောက်များကို ပုံဖော်၍ (ပုံထွင်း၍) ဖြတ်တောက်သော ကိရိယာများနှင့် လက်နက်များ ပြုလုပ်ကြပြီး မီးတောင်ချော်နက် နှင့် သဲကျောက်တို့ကို ကျောက်ဆုံအစရှိသည့် အောက်ခံကျောက်ကိရိယာများအဖြစ် ပြုလုပ်ကြသည်။ သစ်သား၊ အရိုးခရုခွံ၊ ချို နှင့် အခြားပစ္စည်းများကိုလည်း ကျယ်ပြန့်စွာ အသုံးပြုကြသည်။ နောက်ပိုင်းကျသော အချိန်ကာလများတွင် အနည်အနှစ်များ ( ရွှံ့နှင့်တူသော အရာများ) ကို သုံး၍ မြေထည်အိုးများပြုလုပ်ကြသည်။ သံသတ္တု နည်းပညာ နှင့် ပတ်သက်သော ဆက်တိုက်ဖြစ်သည့်တီထွင်မှုများသည် နောက်ပိုင်း ကြေးနီခေတ် (Chalcolithic) ၊ ကြေးခေတ် နှင့် သံခေတ်တို့၏ သွင်ပြင်လက္ခဏာများ ဖြစ်ကြသည်။

သဘာဝမှန်ဖြင့် ပြုလုပ်ထားသော ထိပ်ချွန်

ဤအချိန်ကာလသည် လူ၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုတွင် ပထမဆုံး နည်းပညာကို ကျယ်ပြန့်စွာ အသုံးပြုခြင်းများ နှင့် အရှေ့အာဖရိကရှိ ဆာဗားနားမှာ တကမ္ဘာလုံးသို့ လူသား တို့ပျံ့နှံ့သွားခြင်းတို့ ပါဝင်နေသည်။ ကျောက်ခေတ်သည် စိုက်ပျိုးမွေးမြူရေး တိုးတက်လာခြင်း ၊ အချို့သော သတ္တဝါများကို ယဉ်ပါးအောင် မွေးမြူလာခြင်း၊ ကြေးနီရိုင်းများကို အရည်ကျို၍ သံဖြစ်အောင် ပြုလုပ်ခြင်းတို့ဖြင့် ပြီးဆုံးခဲ့သည်။ ထိုကာလတွင် လူတို့ သည် ထုံးစံ သမိုင်းရေးသားခြင်း (သမိုင်းမှတ်တမ်းတင်ခြင်း) အမှု ကို မပြုကြသေးသဖြင့် သမိုင်းမတင်မီခေတ်ဟု ခေါ်သည်။

ကျောက်ခေတ်ဆိုသည့် အသုံးအနှုန်းကို ရှေးဟောင်းသုတေသနပညာရှင်တို့က သတ္တုကို အသုံးမပြုမီ ရှည်လျားသော အချိန်ကာလကို ရည်ညွှန်းခေါ်ဆိုလေ့ရှိပြီး ထိုခေတ်အခါက ကျောက်ဖြင့် ပြုလုပ်သော ကိရိယာများမှာ အခြားနုသော ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကိရိယာများထက် ပို၍ များပြားစွာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုကာလသည် ခေတ်သုံးခေတ်ပိုင်းခြားထားသော အချိန်ကာလမှ ပထမဆုံးခေတ်ဖြစ်သည်။ ကျောက်ခေတ်ကို ကျောက်ခေတ်ဦးပိုင်း နှင့် ကျောက်ခေတ်နှောင်းပိုင်း ဟူ၍ ပိုင်းခြားခြင်းကို ၁၈၅၉ ခုနှစ်တွင် ဂျန် ဂျက်ကော့ဘ် ဝေါဆာ (Jens Jacob Worsaae) မှ သူ၏ ၁၈၅၁ ခုနှစ်တွင် စတင်ခဲ့သည့် ဒိန်းမတ်တို့နှင့် ဆိုင်သော လူတို့အခြေချနေထိုင်မှုနှင့်ပတ်သက်သည့်တွေ့ရှိချက်များကို အခြေခံ၍ တင်ပြခဲ့သည်။ ယနေ့တိုင် အသုံးပြုနေကြဆဲဖြစ်သော ကျောက်ခေတ်ဟောင်း (Palaeolithic)၊ ကျောက်ခေတ်လယ် (Mesolithic) နှင့် ကျောက်ခေတ်သစ် (Neolithic) ဟူ၍ ထပ်ဆင့်ပိုင်းခြားခြင်းကို ဂျွန်လပ်ဘောက် (John Lubbock) က ၁၈၆၅ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် သမိုင်းမတင်မီကာလ (Pre-historic Times) ဟူသော ဂန္တဝင်စာရင်းဝင် စာအုပ်တွင် စတင်ခဲ့သည်။ ထိုအချိန်ကာလ ၃ ခုကို ထပ်မံ၍ အစိတ်အပိုင်း ပိုင်းခြားကြသည်။ လက်တွေ့တွင်မူ ထိုသို့ခေတ်ကာလ ပြောင်းလဲမှုမှာ ဒေသ (ယဉ်ကျေးမှု) ပေါ်မူတည်၍ တနေရာနှင့် တနေရာ အကြီးအကျယ် ကွဲပြားခြားနားကြသည်။ လက်တွေ့တွင်မူ လူသားတို့သည် သံခေတ်များတွင်ပင် နေရာဒေသ အသစ်များသို့ ဆက်လက်၍ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် ကျောက်ခေတ်ကာလများ ဟု ရည်ညွှန်းခြင်းထက် ကျောက်ခေတ်ကာလတစ်ခုဟု ရည်ညွှန်းခြင်းက ပို၍ လျော်ကန်သင့်မြတ်သည်။ ယနေ့ခေတ်လူတို့ သုံးနှုန်းကြသည့် အသုံးအနှုန်းများအရ ကျောက်ခေတ်ဆိုသည့် စကားလုံးသည် အငြင်းပွားဖွယ်ရာ စကားလုံးပင်ဖြစ်သည်။ မနုဿဗေဒ ပညာရှင်များ အသင်းက ထိုအသုံးအနှုန်းကို အားမပေးပေ။

ရှေးဟောင်းသုတေသနပညာ မှ ကျောက်ခေတ်[ပြင်​ဆင်​ရန်​]

ဤအချိန်ကာလ နှင့် ပတ်သတ်သော အချိန်မှာ လေ့လာသော နေရာဒေသပေါ်မူတည်၍ မရေရာမသေခြာခြင်း၊ အငြင်းပွားဖွယ်ဖြစ်ခြင်း နှင့် ကွဲပြားခြားနားခြင်းတို့ရှိသည်။ လူ့သားတို့အားလုံးနှင့် သက်ဆိုင်သော ယေဘူယျ ကျောက်ခေတ်ဟူ၍ ပြောနိုင်သော်လည်း အချို့သော အစုအဖွဲ့များမှာ သံရည်ကျိုခြင်းနှင့် ဆိုင်သော နည်းပညာကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပဲ နည်းပညာအရ တိုးတက်သည့် အခြားယဉ်ကျေးမှုများနှင့် တွေ့ဆုံသည့်အချိန်အထိ ကျောက်ခေတ်တွင်ပင် ရှိနေခဲ့သည်။ သို့သော်လည်း ယေဘူယျအားဖြင့် ဤအချိန်ကာလသည် လွန်ခဲ့သော နှစ်ပေါင်း ၃သန်းကျော်ခန့်တွင် လူတို့နှင့် မျိုးနွယ်တူများ အာဖရိကတွင် ကိရိယာတန်ဆာပလာများ စတင်ပြုလုပ်ခြင်းမှ စတင်ခဲ့သည်ဟုယုံကြည်ကြသည်။ australopithecines ဟုခေါ်သော ရှေးဟောင်းလူအမျိုးအစားများမှာ ကျောက်ကိရိယာများကို အသုံးပြုလေ့မရှိပဲ Paranthropus robustus လူအမျိုးအစားများကသာ တီထွင်ခဲ့သည်ဟု ယူဆကြသည်။ သို့သော် သူတို့၏ ကျန်ရစ်ခဲ့သော အကြွင်းအကျန်များကိုလေ့လာခြင်းကို ထိုအချိန်ကာလကိုလေ့လာသည့် ရှေးဟောင်းသုတေသနပညာရှင်များက ဆက်၍ ပြုလုပ်ဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ကျောက်ခေတ်သမိုင်း[ပြင်​ဆင်​ရန်​]

ကျောက်ခေတ်နှင့်ပတ်သတ်၍ မြန်မာနိုင်ငံတွင် ၁၈၄၅ ခုနှစ်၌ ကျောက်လက်နက်များတွေ့ရှိခဲ့သည်။ ထိုအချိန်ကတွေ့ ရှိချက်များအရ လွန်ခဲ့သောနှစ်ပေါင်း ၁၁သန်းနှင့် ၂၅သန်းကြား မိုင်ယိုဆင်းယုဂ်ကပ်ကာလတွင် လူရှိနေမည်ဟုခန့်မှန်းခဲ့ကြသည်။ သို့သော် ၁၈၉၅ ခုနှစ်ရောက်မှ လွန်ခဲ့သော နှစ်ပေါင်း ၂ သန်းက ပလိုင်စတိုဆင်းယုဂ်ကပ် အတွင်းလူနေထိုင်ခဲ့မည်ဟု ပြတ်သားစွာ ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက်ဆက်လက်၍ သုတေသနပြုလုပ်ရန် မြန်မာနိုင်ငံအထက်အညာဒေသ များမှ ကျောက်လက်နက်များရရှိခဲ့သည်။ အစောပိုင်းရရှိခဲ့သော ကျောက်ခေတ်ကိရိယာများသည် စနစ်တကျတူးဖေါ်ရာမှ ရရှိလာခြင်းမဟုတ်ပဲ ဒေသခံများကလာပို့ခြင်း၊ ရေတိုက်စားခြင်းနှင့် စီမံကိန်းကြီးများအတွက်မြေတူးဖေါ်ရာမှ ရရှိခဲ့ခြင်းဖြစ်သည်။


တောင်ကြီးခရိုင် ရေငံမြို့နယ် ညောင်ကြတ်-ရေပုတ်သွားမြဲလမ်းဘေးရှိ ဗဒလင်းဂူ၌ ကျောက်ခေတ်လူသားများ၏ လက်ရာ နံရံပန်းချီများအား ၁၉၆ဝ တွင်တွေ့ရှိခဲ့သည်။ သို့သော် ၁၉၆၈ ခုနှစ်ရောက်မှ သွားရောက်လေ့လာနိုင်ခဲ့ကြသည်။ ပန်းချီဆွဲရာ၌ မြေနီကို ပန်းချီဆေးအဖြစ်အသုံးပြုခဲ့ကြသည်။ နံရံပန်းချီကားများမှာ လက်ဝါးနှစ်ဖက်ဟု ယူဆရသောပုံ၊ နေဟုယူဆထားသောပုံနှင့် တိရစ္ဆာန်ပုံများဖြစ်ကြသည်။ ထိုပုံများအားလုံးအား လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ဝ နှင့် ၁၀၀၀ဝ ကြားနေထိုင်သွားကြသော ကျောက်ခေတ်မုဆိုးများ၏ လက်ရာများ ဖြစ်မည်ဟု ခန့်မှန်းထားသည်။

ကျောက်ခေတ်အပိုင်းအခြားများ[ပြင်​ဆင်​ရန်​]

လွန်ခဲ့သော နှစ်ပေါင်း ၆၀ဝ ဝ၀ဝ မှ ၁၂၀၀ဝ ကြားအား ကျောက်ဟောင်းခေတ် ကျောက်ခေတ်ဟောင်းဟုလည်းကောင်း၊ နှစ်ပေါင်း ၁၂၀၀ဝ မှ ၉၀၀ဝ ကြားအား ကျောက်လယ်ဟုလည်းကောင်း၊ နှစ်ပေါင်း ၉၀၀ဝ မှ ၅၀၀ဝကြားအား ကျောက်သစ်ခေတ်ကျောက်ခေတ်သစ်ဟုလည်းကောင်း ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။ သို့သော် ထိုအခေါ်အဝေါ်များမှာ အနောက် အာရှဒေသအတွက်သာဖြစ်၍ အခြားနေရာဒေသများအတွက်မူ သီးခြားနှစ်အပိုင်းအခြားများလည်း ရှိမည်ဟု ယူဆထားကြသည်။ မြန်မာနိုင်ငံအပါအဝင် အေ့ရှတောင်အာရှ နိုင်ငံများအတွက်မူ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀၀ဝ မှ ၄၂၀၀ဝ ထိအား ကျောက်ခေတ်ကာလဟ ုခေါ်သင့်၍ နှစ်ပေါင်း ၄၂၀၀ဝ မှ ၂၂၀၀ဝ ထိကာလာအား သစ်သား ကာလဟုခေါ်သင့်ကြောင်း သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းက ပြောခဲ့သည်။

ထိုသစ်သားကာလ၌ ရှေးကျောက်ခေတ် လူသားများသည် သစ်၊ဝါး နှင့် ကျောက်လက်နက်ကိရိယာများအား ပေါင်းစပ်၍ အသုံးပြုလာတတ်ကြသည်။ သို့သော်ရာသီဥတု တိုက်စားသောဒဏ်ကြောင့် သစ်နှင့်ပေါင်းစပ် ထားသော ကျောက်လက်နက် အနည်းငယ်မျှသာ အထောက်အထားဖြစ် ကျန်ရစ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၂၀၀ဝ မှ ၁၁၀၀ဝ ထိကာလအား ဒေသစွဲကာလဟုခေါ်သင့်ကြောင်းလည်း ဆရာကြီး ကပြောကြားခဲ့သည်။ ထိုခေတ်ကာလ၌ လူတို့သည် မိမိတို့၏ ဒေသအတွင်းတွင်သာနေ၍ အခြားမျိုးနွယ်စု များနှင့် အဆက်ဖြတ်ထားသောကြောင့်ဖြစ်သည်။ ထိုခေတ်ကာလတွင် လူတို့သည် စိုက်ပျိုးရေးလုပ်ငန်းအား အနည်းငယ်လုပ်ကိုင်လာကြသည်။ ကျောက်လက်နက်ကိရိယာများအားလည်း အနည်းငယ်ချောအောင် သွေးတတ်လာကြသည်။ အိုးများအားလည်း စတင်ပြုလုပ်လာကြသည်။ သို့သော်ဂူအတွင်း၌သာ ဆက်လက်နေထိုင်၍ အမဲလိုက်ခြင်း ကိုပင် ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ဝ လောက်မှစတင်ကာ မြေဩဇာကောင်းသော လွင်ပြင်များသို့ ကျောက်ခေတ် လူသားများ ဆင်းသက်လာကြသည်။ ထိုအချိန်မှစတင်၍ စိုက်ပျိုးရေးလုပ်ငန်းများအားကောင်းလာပြီး ရှေးဦး သမိုင်းကာလအထိ ယဉ်ကျေးမှုများတိုးတက်လာခဲ့သည်။ ဤသည်တို့မှာ မြန်မာနိုင်ငံ နှင့်သက်ဆိုင်ဆီလျော်သော ကျောက်ခေတ်ကာလ အပိုင်းအခြားများဖြစ်သည်။

အကိုးအကား[ပြင်​ဆင်​ရန်​]

[၁]english wiki အသစ်မြင်မြန်မာသမိုင်း ဒေါက်တာသန်းထွန်း

Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။